“စွယ်စုံအနုပညာရှင် လူရွှင်တော်ကြီးဦးကြင်ခဲ”

မြန်မာစကားတွင် “ဘမျိုးဘိုးတူ”၊”ငှက်ပျောပင်စိုက်မိလိုက်ဘပါ” ဟူသောဆိုရိုးများအတိုင်း ဝါသနာဗီဇမှာ အမျိုးအနွယ်ကို လိုက်တတ်သည်ဟု ဆိုလိုပါသည်။ရုပ်လက္ခဏာ အားဖြင့်လည်းကောင်း၊ ဥာဏ်ပညာအားဖြင့်လည်းကောင်း မိဘဘိုးဘေးဘီဘင် အစဉ်ကိုလိုက်တတ်သည်ဟု အယူအဆရှိ၏။ဤ အဆိုသည် ယေဘူယျအားဖြင့် မှန်ကန်တတ်သည်

။ထိုစကားနှင့်ပက်သက်၍ခိုင်လုံသော သာဓကတစ်ခုကိုပြရလျှင် မင်းတုန်းမင်းနှင့်သီပေါမင်းလက်ထက် နန်းတွင်းအဆိုတော်ကြီး ဆရာလန်းက လူရွှင်တော်၊တေးရေးဆရာ၊အသံတုနှင့်ဇာတ်သဘင်စွယ်စုံပညာရှင် ဦးကြင်ခဲကိုမွေးဖွားခဲ့ပါသည်။ ဦးကြင်ခဲမှစစ်ကြိုခေတ်နှင့်စစ်ပြီးခေတ် အလွန်ထင်ရှားသည့်တေးပြုစာဆိုကြီး ရွှေတိုင်ညွန့်ကို ဖွားမြင်ခဲ့ပြီး ရွှေတိုင်ညွန့်၏ သမီးမှာ ရေဒီယိုနှင့်ဓါတ်ပြားခေတ်အဆိုတော် ထားဖြစ်သည်။

ထားမှမွေးဖွားသည့် သားနှစ်ယောက်မှာ နိုင်ငံကျော် ရော့ခ်တေးသံရှင် ဇော်ဝင်းထွဋ်နှင့် ဇော်မျိုးထွဋ်(အင်ပါယာတေးဂီတအဖွဲ့နှင့်အဆိုတော်)တို့ဖြစ်ကြကာဇော်ဝင်းထွဋ် ၏ ရင်သွေး အီတိုးမှာလည်း အဆိုတော်တစ်ဦးပင်ဖြစ်သောကြောင့် အနုပညာမျိုးရိုးဟူ၍ ထင်ရှားလှသည့် သာဓကပင်ဖြစ်ပါတော့သည်။

ဆရာလန်းသည် မင်းတုန်းမင်းနှင့်သီပေါမင်းတို့လက်ထက်ကို မီလိုက်၍ သီချင်းကြီး သီချင်းခန့်များကိုစနစ်တကျ သင်ယူကာနန်းတွင်းအဆိုတော်ကြီးအဖြစ်အမှု့ထမ်းခဲ့ပါသည်။အနုပညာဘက်တွင် ထူးချွန်အောင်ကြိုးစားဆောင်ရွက်ရင်း သီပေါမင်းပါတော်မူခဲ့သဖြင့်ဆရာလန်းသည် အညာမှအောက်ပြည်သို့ စုန်ဆင်းလာရာ ရင်းနှီးရာဇာတ်သဘင်နှင့်စာပေပညာရှင်များရှိရာပြည်မြိ်ု့သို့ရောက်ရှိလာခဲ့သည်။

၁၈၈၆ခုနှစ် တွင် ပြည်မြို့၌နေထိုင်စဉ်အတွင် ဇနီးဖြစ်သူ ဒေါ်သာမှသားယောင်္ကျားလေးတစ်ယောက် ဖွားမြင်ခဲ့ပါသည်။မိဘများက မောင်ငယ်ဟုအမည်ပေးခဲ့သော်လည်း အဒေါ်ဖြစ်သူက မှည့်ခေါ်သော မောင်ကြင်ခဲအမည်သာလျှင် တွင်ခဲ့၏။ ဆရာလန်းသည်အမြော်အမြင်ကြီးမားသူတစ်ဦးဖြစ်သည့်အလျှောက် ရတနာပုံမင်းနေပြည်တော်ကြီးပျက်စီးပြီးနောက် မိမိတို့လိုအနုပညာရှင်များဘဝတိုးတက်ရေးအတွက် အကောင်းဆုံးခိုလှုံရန်မှာ ရန်ကုန်မြို့သာဖြစ်သည်ဟု သဘောပေါက်လေသည်။

ထို့ကြောင့်မောင်ကြင်ခဲ အသက်၁၂နှစ်သားအရွယ်တွင် ဆရာလန်းတို့မိသားစုသည် ပြည်မြို့မှ ရန်ကုန်သို့စုန်ဆင်းလာခဲ့ပြီး ကြည့်မြင်တိုင် ထီးတန်းရပ်တွင်နေထိုင်ကြလေသည်။ရန်ကုန်သည် သင်္ဘောဆိပ်မြို့ဖြစ်သည့်အလျှောက်ခေတ်မီတိုးတက်ကာ အနုပညာရှင်များလည်း မြို့ကြီးကိုမှီမှကြီးပွားတိုးတက်ရာသည်။သို့ကြောင့် ဆရာလန်းသည်ရန်ကုန်မြို့ကိုမှီ၍ ဇာတ်သဘင် အငြိမ့်အဖွဲ့တည်ထောင်ကာ အသက်မွေးဝမ်းကျောင်းပြုတော့သည်။

မောင်ကြင်ခဲသည်လည်း ဖခင်၏ ဇာတ်အဖွဲ့၌ စတင်ပညာသင်ယူရင်း ဒေါပုံအုန်းစိန်အဖွဲ့၊မစိန်ချစ်အဖွဲ့၊အလုံမစိန်တင်အဖွဲ့၊မစိန်ပုကြီးအဖွဲ့စသော ရန်ကုန်မြို့ပေါ်အငြိမ့်အဖွဲ့များတွင်လည်း လူရွှင်တော်အဖြစ်လိုက်ပါဆောင်ရွက်ခဲ့သည်။အသက်၁၇နှစ် အရွယ်ခန့်တွင် ကြည့်မြင်တိုင်သူ မအေးမျှင်နှင့်အိမ်ထောင်ကျခဲ့၏။အိမ်ထောင်သက်၉နှစ်အကြာတွင် မအေးမျှင်ကွယ်လွန်အနိစ္စရောက်ခဲ့ရာသားကြီးမောင်အုံးလှိုင်နှင့် သားငယ်မောင်အုန်းဆိုင်တို့ကျန်ရစ်ခဲ့ကြသည်။

မောင်အုံးလှိုင်မှာ မင်းသားကျော်အုံးလှိုင်ဖြစ်လာပြီး မောင်အုံးဆိုင်မှာ ဂီတစာဆိုရွှေတိုင်ညွန့်ဖြစ်လာခဲ့လေသည်။ အသက်အရွယ်ပညာဥာဏ် ရင့်ကျက်လာသောအခါမောင်ကြင်ခဲမှ ဦးကြင်ခဲအဖြစ်သို့ ဇာတ်သဘင်ပညာသာမက စာပေဗဟုသုတို့ကိုလည်း လေ့လာလိုက်စားလျှက်စာရေးဆရာ သီချင်းရေးဆရာအဖြစ်လည်း ကျော်ကြားလာခဲ့ပါသည်။ အငြိမ့်သီချင်းများ၊ဇာတ်ထုပ်သီချင်းများအများအပြားရေးသားခဲ့သည့်အပြင် မူလဝါသနာပါခဲ့ဖူးသော ပန်းချီဆွဲခြင်း ပန်းထုထုခြင်းများကိုလည်း အချိန်အားတိုင်း ပြုလုပ်လေ့ရှိသည်။

သို့သော် ဇာတ်အငြိမ့်လောက၌ ကျင်လည်ကျတ်စားရသဖြင့် ထိုအလုပ်များကို ထိရောက်အောင်မဆောင်ရွက်နိုင်ခဲ့ပေ။အတီးအမှုတ်ဘက်တွင် ပုလွေနှင့်နှဲကိုကောင်းမွန်ကျွမ်းကျင်စွာ တီးမှုတ်နိုင်ခဲ့သူဖြစ်သည်။လူရွှင်တော်အလုပ်နှင့်စာရေးခြင်းတို့ဖြင့်လည်းမအားလပ်နိုင်အောင် ရှိပေသည်။ ပထမဇနီးသည်ကွယ်လွန်ခဲ့ပြီးနောက် စန္ဒယားမမြရီနှင့် ဆက်လက်အိမ်ထောင်ပြုခဲ့၏။

ထိုခေတ်က အလွန်ခေတ်မီသော စန္ဒယားကို ကောင်းစွာတီးနိုင်ဆိုနိုင်သော အမျိုးသမီးအနုပညာရှင်တစ်ဦးဖြစ်သည်နှင့်အညီဦးကြင်ခဲနှင့် များစွာလိုက်ဖက်လေတော့သည်။ သီချင်းရေးခြင်း၊ဓါတ်ပြားသွင်းခြင်း အလုပ်တို့ကို ပိုမိုတွင်ကျယ်စွာ ဆောင်ရွက်ခွင့်ရခဲ့၏။စန္ဒယားမမြရီသီဆိုနိုင်ရန် သီချင်းများ၊အငြိမ့်မင်းသမီးများအတွက် သီချင်းများ၊ဇာတ်ထုပ်များ၊ဟဒယရယ်ရွှင်ဖွယ် ပြက်လုံးများကို တီထွင်ရေးသား ဓါတ်ပြားသွင်းနိုင်ခဲ့သည်။

ဦးကြင်ခဲသည် မြန်မာအက ယိုဒယားအကများကိုကောင်းစွာကပြနိုင်ပြီး ပတ်ဝိုင်း၊ပတ္တလား၊ဘာဂျာတို့ကိုလည်း အတော်အသင့်တီးန်ိုင်သည်။၁၉၁၄ခုနှစ်တွင် ဒေါင်းယာဉ်ပျံအငြိမ့်အဖွဲ့နှင့်အတူ အန္ဒိယနိုင်ငံသို့ သွားရောက်ကပြခဲ့ရဖူးသည်။ဦးကြင်ခဲကိုယ်တိုင်ရေးဆိုသော ပဲပြုတ်သည်သီချင်းသည် ပထမဆုံးဓါတ်ပြားသွင်းခဲ့သည့်သီချင်းဖြစ်ပြီး ဓါတ်ပြားပေါင်း၁၀၀ကျော် သွင်းခဲ့ရာ ဦးရှင်ကြီး၊ဗျတ်ဝိဗျတ္တ၊ ဗုဒ္ဓဝင်၊ မောင်မစ္စက၊ရေနံချောင်းကဖေကံကောင်းဇာတ်ထုပ်များမှာ ထင်ရှားသည်။

ထိုစဉ်အလွန်လူကြိုက်များကျော်ကြားသည့် လူရွှင်တော်ဓါတ်ဆီ ဓါတ်ဆံ တို့၏ဟာဒရရွှင်ဆေးဓါတ်ပြားများအတွက်ပြက်လုံးများရေးသားပေးခဲ့သူမှာ ဦးကြင်ခဲပင်ဖြစ်သည်။ မင်းသားများအတွက်လည်း သီချင်းများရေးသားပေးခဲ့ရာ ဂရိတ်ဦးဘိုးစိန်သီဆိုသော”အချစ်ဆုံး”၊ “နိဗ္ဗာန်ကူးမယ့်စိန်”သီချင်းတို့မှာကျော်ကြားသည်။

စန္ဒယားမမြရီနှင့်စုံတွဲသီချင်းဓါတ်ပြားများလည်း ရှိသေးသည်။ဦးကြင်ခဲ၏ ပြက်လုံးများမှာ ဟာသဥာဏ်အလွန်ထက်မြက်ပြီး ရင့်သီးရိုင်းပြသော စကားများမပါဝင်ပဲ လူတို့ဟာဒယနှလုံးကို ရွှင်ပြုံးလာအောင် စွမ်းဆောင်နိုင်စွမ်းရှိသည်။ထူးချွန်၍ ခေတ်မီသော ဟာသပညာရှင်တစ်ဦးဖြစ်၏။ပရိသတ်အကြိုက်မည်သို့ပင် လိုက်လျောပြောစေကာမူအပြင်တွင် အလွန်တည်ငြိမ်ဣနြေ္ဒကြီးသူဖြစ်ပြီး အပြောအဆိုနူးညံ့ သိမ်မွေ့၏။သော်တာဟူသော ကလောင်အမည်ဖြင့် စာရေးသားသော်လည်း ဦးကြင်ခဲအမည်ဖြင့်သာပိုမို တွင်ကျယ်ခဲ့သည်။

ဦးကြင်ခဲသည် မြန်မာသက္ကရာဇ် ၁၃၀၀ပြည့်နှစ်(ခရစ်-၁၉၃၈ခုနှစ်)တွင် မင်းညီနောင်ဇာတ်ထုပ်ကို ဓါတ်ပြားသွင်းနေဆဲ အသက်၅၂နှစ်အရွယ်၌ ကွယ်လွန်အနိစ္စရောက်ခဲ့ပါသည်။ဓါတ်လုံးခေတ် ဓါတ်ပြားခေတ်ကိုရှေးဦးဆုံး သိမီလိုက်သည့် ပညာရှင်ဖြစ်၏။ဓါတ်ပြားကုမ္ပဏီများပေါ်ပေါက်စကပင် ခွေးတံဆိပ်ဓါတ်ပြား၊ ကိုလံဘီယာဓါတ်ပြားတိုက်တို့၌ စတင်အလုပ်လုပ်ကိုင်ခဲ့ဖူးသည်။

ဦးကြင်ခဲ၏ အကျော်ကြားဆုံး ဓါတ်ပြားသီချင်းမှာထဲ၌ဥသြဘသောင် သီဆိုခဲ့သော “နွားကျောင်းသား”နှင့်”ဘဲကျောင်းသား”သီချင်းတို့မှာ အလွန်ထင်ရှားလူကြိုက်များခဲ့ပါသည်။ထိုသီချင်းများကို ရေးသားရုံသာမကသီချင်းများထဲတွင် ပါဝင်သော “ဘဲ၊ကြက်၊ကြောင်၊ခွေး၊နွား၊ကျွဲ၊ဖား၊ကြက်တူရွေး၊ဥသြ၊တောက်တဲ့”စသောတိရစ္ဆာန်တို့ အော်မြည်သံကိုလည်း ကိုယ်တိုင်ပင် အသံတုထုတ်၍ အသံသွင်းခဲ့သည်။

ထိုသီချင်းများကို အဆိုတော်ကြီးဥသြဘသောင်က သီဆိုခဲ့ပြီး ဦးကြင်ခဲရေးသားကာ ကိုယ်တိုင်အသံတုဖြင့် သရုပ်ဆောင်ပေးခဲ့သော မြန်မာ့ဂီတသမိုင်းတွင် မှတ်တမ်းတင်ရမည့် ဂန္ထဝင်ဓါတ်ပြားသီချင်းများပင် ဖြစ်ပါတော့သည်။ဦးကြင်ခဲသည် ဒုတိယဇနီးစန္ဒယားမမြရီနှင့် မရင်မေ မောင်လှမောင် မခင်မေ မောင်ခင်မောင် ဟူသောသားသမီးလေးယောက်ထွန်းကားခဲ့သည်။

ထိုအထဲမှ မောင်လှမောင်မှာ “စာရေးဆရာရွှေတိုင်မြင့်”အမည်ဖြင့်ဇာတ်သဘင်လော၌ ကျင်လည်ကျတ်စားကာ မျိုးရိုးအမွေဆက်ခံခဲ့ပါသေးသည်။

” ဘဲကျောင်းသား “

ရေး-ဦးကြင်ခဲ ဆို-ဥသြဘသောင် ဘဲကျောင်းသား ပျော်ပါးပါတဲ့နေရာ ရွှံ့ဗွက်ရေအိုင်တွေကြားကို တိုးဝင်ရတာ (မနက်ခြေကြက်တွေကြောင့်အလုပ်များ)၂ ဆန်ဆန်ကွဲရယ်နှင့် ဘဲဥတွေရာထောင်သောင်းကို ရောင်းဝယ်လို့စား။ ဝက်တွေကဆူတာ ကြက်တူရွေးကိုသာ ခွေးမကိုက်အောင်နေပါ သူ့အလိုက်ဘာသာမြူးထူးကာ ငန်းတွေအော်ကြရှာ ခြံထဲသွင်းဖို့ အားလုံးမောင်းလို့လာဆူညံကြပေတာ… တောင်ပံခါ နှစ်ကောင်ရံလာ မန်ဒါလီတွေနဲ့သာဝမ်းဘဲဝမ်းဘဲတွေအော်ရှာ အိမ်ကြိုအိမ်ကြားမှာဝက်တွေရွှံ့ပေလို့သာ တောကြီးကန်းကြီးက တကယ်ပင်အော်ဟစ်ရှာ…ဧည့်သည်လာတတ်တာ။

ခွေးနဲ့ကြောင်ကသာ အလကားဆူညံစွာ ပူစီအင်မတန်မိုက်တာ အရိုက်ခံထိဖို့နင်အော်တာ…သကြားချိချိုနှောက်ကာ နွားနို့ကိုသောက်ပါ ငါ့အနားကိုလာဘယ်ကိုများသွားမယ်ကြံတာ ခွေးပါပီလာစမ်းကွာမကြားဘူးလား ငါခေါ်တာ…ကဲလည်းကဲပေတာ…။ ( ကြောင်ကလေးပူစီ…ခွေးကလေးပါပီ…

ဆိတ်ကလေးနာနီ…ဧည့်သည်လာရင်မဆော့နဲ့ရိုက်မှာငြိမ်ငြိမ်ကလေးနေပါ) တရေးလည်းမပျော်ပါ ခွေးနဲ့ဆိတ်အော်တာ အားလုံးပဲမဆော့နဲ့ငြိမ်ငြိမ်နေပါ အစာကျွေးတော့မယ်လာ နာမည်ပေးလို့ ကျွေးမွေးထားတာ လိမ္မာရေးခြား သနားဖို့ရာ လူစကားကိုသာ သင်ကြားသမျှသူသိတာ။ (ကြောင်ကလေးပူစီ……ငြိမ်ငြိမ်ကလေးနေပါ)သေသေချာချာအ်ိပ်ယာဘေးမှာ ဆိတ်မကလေးကိုကျွေးဖို့ညောင်ရွက်ပါ ဆူဆူညံညံသိပ်ကန်ဆိုးတာ တိရစ္ဆာန်မျိုးဟာ စိတ်ဆိုးငါရိုက်မှာ တွေ့ကရာတွေအကုန်စားအားအားလည်းမနေချင်ပါ ကဲလည်းကဲပေတာ။

” နွားကျောင်းသား ”

ရေး-ဦးကြင်ခဲ ဆို-ဥသြဘသောင် နွားကျောင်းသားပျော်ပါးပါတဲ့သိုက်မြုံ ကျည်းသားတွင်းရယ်နဲ့ ကန်သင်းမှာဓားစာဝပ်တယ်ကွယ် မီးပွတ်တဲ့ခုံ၊ နဘူးရုံဆူးခြုံနဲ့နွယ်တန်း တဘူးဘူးတဘယ်ဘယ်နဲ့ နွားသူငယ်မိခင်ပျောက်ရှာရော့ ဆင်းရေသောက်လမ်း…။ လယ်ပြင်ယာစောင်းမှာ တစ်ယောက်တည်းနွားကျောင်းနေတာ ပုလွေတစ်စင်းနဲ့အပျင်းဖြေရတာ နွားကျားနှစ်ကောင်ဟာ တခြားရှောင်ကာ နွားမတွေဟာ အဖော်ကွဲလို့တဲထဲဝင်နေတာ၊ နွားလေးနှစ်ကောင်မိခင်ပျောက်လို့ တကောက်ကောက်လိုက်လို့ရှာ၊ကျွဲတွေကရွှံ့ထဲမှာပျော်နေပြန်တာ အစာစားဖို့ကျုပ်နွားတွေကလာမြက်တွေကိုသာ နွားများစားကြရှာ…။

( ဖားလတက်ကလေးတွေပါ အသက်မွေးနေရှာသူတို့ဘာသာအချင်းချင်းနှုတ်ဆက်ရှာ…) ဥသြတွန်သံသာ မြည်ရှာတဲ့ဖား ပျော်မြူးလို့နေပြန်တာ (တူနွှဲကာ)၂အဖော်မပါလို့(ပျော်စရာရွှင်စရာ)၂ပါ ထူးတဲ့ဝနာ(လင်းပြာက)၂ပျော်မြူးကြပြန်တာ။ ညောင်ပင်ပေါ်မှာသူအမြဲနေတာ ဘာကောင်လဲလို့မေးပြန်ကြတာ တစ်ထွာလောက်နဲ့ခေါင်းငေါက်တောက်ပါ(တောက်တဲ့)၃အော်ရှာ။

မိုးသံလေသံဂျုန်းဂျုန်းဂျိမ့်ဂျိမ့်ညံ ပျော်စရာရွှေပြည်စိုးအမျိုးမျိုးအော်ကြတောကြက်ပါရောယှက်နေကြ (အောက်အီးအီး)ကြက်လွမ်းဖို့အဟုတ်ကောင်းတာ။

(ဖားလက်တက်ကလေးတွေပါ….နှုတ်ဆက်ရှာ)စာကိုး။ နန်းညွန့်ဆွေ “မြန်မာ့ဂီတပညာရှင်များ” စန္ဒယားလှထွဋ်”မြန်မာဂီတရေစီးကြောင်း” မြန်မာစွယ်စုံကျမ်း(အတွဲ-၁၁ ယူး,လာ) Phoe K ကိုဖိုးကျော်#CRDဆရာကိုဖိုးကျော်#နော်ဂဲလယ်ထူး(စာပေပရဟိတ)

Likes:
0 0
Views:
641
Article Categories:
BooksHistoryKNOWLEDGE

Leave a Reply

Your email address will not be published. Required fields are marked *