မြန်မာ့တပ်မတော်ရဲ့ ပထမဆုံးစစ်ဦးစီးချုပ် ဗိုလ်ချုပ်စမစ်ဒွန်း-

မြန်မာတပ်မတော်ရဲ့ ပထမဆုံး ကာကွယ်ရေးဦးစီးချုပ် ဖြစ်ခဲ့တဲ့ ဗိုလ်ချုပ် စမစ်ဒွန်း ကွယ်လွန်တာ ၄၂ နှစ် ရှိပြီဖြစ်ပြီး၊ စစ်ဦးစီးချုပ် အဖြစ်ကနေ အနားပေးခံရပြီးတဲ့ နောက်ပိုင်း ကလောမြို့မှာ အခြေချရင်း ၁၉၇၉ ခုနှစ်မှာ ကွယ်လွန်ခဲ့ပါတယ်။သူ့ဟာ လွတ်လပ်ရေးရပြီး ပြန်လည်ဖွဲ့စည်းခဲ့တဲ့ မြန်မာ့တပ်မတော်မှာ ၁၉ ၄၈ခု ဇန်နဝါရီ ၄ရက််မှ ၁၉ ၄၉ ခု ဖေဖေါ်ဝါရီ ၁ရက်အထိ စစ်ဦးစီးချုပ်(တပ်မတော် ကာကွယ်ရေးဦးစီးချုပ်) အဖြစ် တာဝန်ထမ်း ဆောင်ခဲ့ပါတယ်။

ဒါပေမယ့် လွတ်လပ်ရေးရပြီး ဖြစ်ပေါ်လာတဲ့ ကရင်အမျိုးသားရေး လှုပ်ရှားမှုတွေ အားကောင်းလာခဲ့ပြီး တပ်မတော်မှာ ရှိတဲ့ ကရင်တပ်ရင်းတွေ တောခိုတဲ့အခါမှာတော့ ကရင်အမျိုးသားတဦးဖြစ်တဲ့ ဗိုလ်ချုပ်စမစ်ဒွန်းလည်း တာဝန်ကနေ အနားယူခဲ့ရပါတယ်။

တပ်မတော်ကနေ လူမျိုးရေး၊ နိုင်ငံရေး ဝါဒစွဲ ရှိသူတွေ (ကရင်သေနတ်ကိုင်တပ်ရင်း၊ ဗမာ့သေနတ်ကိုင်တပ်ရင်း)တချို့အသီးသီး မိမိတို့ သန်ရာသန်ရာ တောခိုခဲ့ပေမယ့်၊ စစ်ဦးစီးချုပ်ဖြစ်တဲ့ ဗိုလ်ချုပ်စမစ်ဒွန်းဟာ မိမိ လိုက်နာရမယ့် သစ္စာရှိရမယ့် တိုင်းပြည်နဲ့ တပ်မတော်အပေါ်မှာ သစ္စာရှိခဲ့ပြီး၊ နောက်ဆုံး အချိန်တွေကို ကလောမြို့မှာပဲ အေးဆေးစွာ ခေါင်းချပြီး နေထိုင်ခဲ့ပါတယ်။

အရပ်အမောင်း ပုသေးသေးနဲ့ အရပ် ၄ ပေသာသာသာ ရှိတဲ့အတွက် “ဗိုလ်မှူးကြီး လေးပေ ”လို့လည်း လူသိများတဲ့ ဗိုလ်ချုပ် စမစ်ဒွန်းကို ၁၉၀၆ ခုနှစ် နိုဝင်ဘာ ၁၁ ရက်နေ့မှာ ဧရာဝတီတိုင်း ပုသိမ်မြို့မှာ မွေးဖွားခဲ့ပါတယ်။ကရင်အမျိုးသား ဗိုလ်ချုပ် စမစ်ဒွန်းဟာ အိန္ဒိယနိုင်ငံ ဒယ်ရဒွန်း စစ်တက္ကသိုလ်ရဲ့ ပထမဆုံးအပတ်စဉ် ကျောင်းသားတဦးဖြစ်ခဲ့ပြီး သင်တန်းမှာ အတော်ဆုံးကျောင်းသားလို့ အသိအမှတ်ပြု ခံရသူပါ။

ဒုတိယ ကမ္ဘာစစ်အတွင်း ဂျပန်သိမ်းပိုက်ထားတဲ့ မြစ်ဝကျွန်းပေါ်ဒေသကို လေထီးနဲ့ ခုန်ဆင်းပြီး ဒေသခံ ကရင်ပြောက်ကျားတပ်ဖွဲ့တွေကို ဦးဆောင်ခဲ့ပါတယ်။ဗိုလ်မှူးကြီး စမစ်ဒွန်းဟာ မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှု အစောပိုင်းကာလမှာ အဓိကအခန်းက ပါဝင်ခဲ့တဲ့အတွက် အသစ်ပြန်လည် ဖွဲ့စည်းတဲ့ မြန်မာတပ်မတော်မှာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်အဖြစ် ခန့်အပ်ခဲ့ပြီး ဗိုလ်ချုပ်အဆင့် ရာထူးတိုးမြှင့် ခန့်ထားခဲ့တယ်။

အဲဒါဟာ လူမျိုးပေါင်းစုံပါဝင်တဲ့ အနာဂတ်ပြည်ထောင်စု မြန်မာနိုင်ငံမှာ တိုင်းရင်းသား လူမျိုးစုတွေနဲ့ ဗမာတွေအကြား ယုံကြည်မှု တည်ဆောက်တဲ့ ခြေလှမ်းတခု ဖြစ်ပါတယ်။ဗိုလ်ချုပ် အောင်ဆန်းရဲ့ ယုံကြည်ရဆုံးပုဂ္ဂိုလ် ကာကွယ်ရေးဝန်ကြီး ဗိုလ်လကျာ်ကိုယ်တိုင် ဗိုလ်ချုပ် စမစ်ဒွန်း၊ ဗိုလ်မှူးချုပ် စောကြာဒိုး စတဲ့ တိုင်းရင်းသား ကရင်အမျိုးသား တပ်မတော်ခေါင်းဆောင်တွေရဲ့ သစ္စာရှိမှုကို အသိအမှတ် ပြုခဲ့ပါတယ်။

၁၉၄၉ ခုနှစ် ကရင်လူမျိုးတွေ ကိုယ်ပိုင်လွတ်လပ်ရေးအတွက် စတင် တိုက်ခိုက်ကြတဲ့အခါမှာတော့ အဲဒီ ယုံကြည်မှု ယိမ်းယိုင်ခဲ့ရတယ်။ ဗိုလ်ချုပ် စမစ်ဒွန်းကို သူ့ရဲ့ ကရင်တပ်ဖွဲ့တွေနဲ့အတူ တပ်မတော်ရာထူးတွေက ရပ်ဆိုင်းပစ်ခဲ့ကြတယ်။စမစ်ဒွန်းဟာ ကရင်အမျိုးသားရေး စိတ်ဓာတ်ပြင်းပြသူတယောက် ဖြစ်ပေမယ့် ဗမာ့တပ်မတော်အပေါ် အမြဲတမ်းသစ္စာရှိပြီး စစ်သားကောင်းပီသတဲ့ ခေါင်းဆောင်တယောက် ဖြစ်ပါတယ်။

တပ်မတော်ဦးစီးချုပ်တယောက် အနေနဲ့ စမစ်ဒွန်းဟာ ကရင် တပ်ဖွဲ့တွေကို ထက်မြက်ပြီး စစ်စည်းကမ်းပြည့်ဝအောင် လုပ်ဆောင်ခဲ့တယ်။တပ်မတော်ကနေ ထုတ်ပယ်ခံရပြီး နောက်ပိုင်းမှာလည်း အစိုးရက သူ့အပေါ် သံသယထားခဲ့တယ်။ ၁၉၇၉ ခုနှစ် ကွယ်လွန် ချိန်အထိ စောင့်ကြည့်ခံခဲ့ရတယ်။ဗိုလ်ချုပ် စမစ်ဒွန်းဟာ ဘဝရဲ့ နောက်ဆုံးနှစ်တွေကို ရှမ်းပြည်နယ် ကလောမြို့မှာ နေထိုင်ရင်း ဥယျာဉ်စိုက်ပျိုးပြီး စာရေး စာဖတ်တဲ့ အလုပ်နဲ့ပဲ ဖြတ်သန်းခဲ့တယ်။

သူမ ကွယ်လွန်ခင် သူ့ရဲ့ ကိုယ်ရေးအတ္ထုပ္ပတ္တိ စာအုပ်ဖြစ်တဲ့ “Memoirs of the Four-foot Colonel” ဟာ ရေးသားပြီးစီးခဲ့ပြီး သူကွယ်လွန်ပြီးလို့ တနှစ်အကြာမှာ Cornell University ရဲ့ အရှေ့တောင်အာရှ အစီအစဉ်က ထုတ်ဝေဖြန့်ချိခဲ့ပါတယ်။

သူ၏ စာအုပ်တွင် တပ်မတော်မှ အငြိမ်းစားပေးခံရသည့် အဖြစ်အပျက်နှင့် ပတ်သက်၍ ထိုစဉ်တိုင်းပြည် အခြေအနေအရ သူမည်သို့မှ မတတ်နိုင်သည့် အကြောင်းနှင့် ကရင်တိုင်းရင်းသားတို့ ပုန်ကန်မှုနှင့် ကရင်နှင့် ဗမာအကြား အဖြစ်အပျက်များကို အရှိကို အရှိအတိုင်း မျှတစွာ ရေးသားထားသည်ကို တွေ့ရပါတယ်။

နောက်ပိုင်းတွင် ဗိုလ်ချုပ် စမစ်ဒွန်းအား နိုင်ငံတော်မှနေ၍ သတိုးမဟာ သရေစည်သူဘွဲ့ ချိးမြှင့်ခဲ့ပါတယ်။

ကိုးကား – (၁၆.၂.၂၀၂၀)နေ့ထုတ်၊

ဧရာဝတီဂျာနယ်#ကရင်လူမျိုးများသမိုင်း

#myanmarbooks

Likes:
0 0
Views:
565
Article Categories:
HistoryKNOWLEDGE

Leave a Reply

Your email address will not be published. Required fields are marked *