မင်းဖြူမှန်မှန်ပြော နက္ခတ်လျှို့ဝှက်ချက်နှင့် ကျိန်စာ သင့် ဘိလပ်ပြန်ခေါင်းလောင်း

မင်းဖြူမှန်မှန်ပြော နက္ခတ်လျှို့ဝှက်ချက်နှင့် ကျိန်စာသင့် ဘိလပ်ပြန်ခေါင်းလောင်း

မင်းဖြူမှန်မှန်ပြောလို့ ရွတ်ဆိုလိုက်ကတည်းက မြန်မာကျော်၊ ကမ္ဘာကျော်မင်းကွန်းခေါင်းလောင်းကြီးကို ရည်ညွှန်းပြောဆိုကြောင်း အားလုံးသိကြမယ် ထင်ပါတယ်။ စစ်ကိုင်းဘုရားဖူးသွားကြတဲ့သူတိုင်း မင်းကွန်းပုထိုးတော်ကြီးနဲ့ မင်းကွန်းခေါင်းလောင်းကြီးဆီ ရောက်ဖူးကြမှာ အမှန်ပါပဲ။ မင်းကွန်း ခေါင်းလောင်းကြီးဟာ ကမ္ဘာ့တတိယအကြီးဆုံး ခေါင်းလောင်းတော်ကြီး ဖြစ်ပါတယ်။

အသံမြည်ပြီး လူတိုင်းထိုးလို့ရပါတယ်။ ဘိုးတော်ဘုရားလက်ထက် မြန်မာသက္ကရာဇ် ၁၁၇၀ ပြည့်နှစ်မှာ စတင်သွန်းလုပ်ခဲ့တာပါ။ ဒီရက်ပိုင်းအတွင်းမှာပဲ ပညာရှင် ဦးကိုကိုပြောပြတဲ့ ခေါင်းလောင်းကြီးနဲ့ ပတ်သက်တဲ့ ဗီဒီယိုဖိုင်လေးတစ်ခု ထွက်လာခဲ့ပါတယ်။ ဗီဒီယို ဖိုင်ကို နားထောင်ကြည့်လိုက်တော့ ကိုယ်မသိသေးတဲ့ အချက်တွေကိုလေ့လာမှတ်သားဖြစ်ပါတယ်။ ဒါကြောင့်ပဲ စာဖတ်သူတွေကို မျှဝေပေးလိုက်တာပါ။ မင်းဖြူမှန်မှန်ပြောဆိုတာက မင်းကွန်းခေါင်းလောင်းကြီးရဲ့ ကြေးပိဿာချိန် ၅၅၅၅၅ ပဲ ဖြစ်ပါတယ်။

မင်းကွန်းခေါင်းလောင်းကြီးဟာထူးခြားသလို လျှို့ဝှက်ဆန်းကြယ်မှုတွေ အစီရင်တွေလည်း ပြည့် နှက်နေတာကို ကြားဖူးပါတယ်။ ဘိုးတော်ဘုရားဟာ တနင်္လာသားပါ။ သူ့ရဲ့ဓာတ်ဖက် ကြာသပတေးဖြစ် အောင် မင်းဖြူမှန်မှန်ပြောလို့ တွင်ကျန်ရစ်အောင် ပြုခဲ့ပါတယ်။

ဒီနေရာမှာ စိတ်ဝင်စားစရာ ကောင်းတာကတော့ ကြေးပိဿာချိန်ပေါင်း ၅ သောင်းကျော် ခြောက်သောင်းနီးပါးကိုဘယ်က ရသလဲဆိုတဲ့ ကိစ္စပါပဲ။ ဦးကိုကိုရဲ့ ပြောပြချက်တွေ အရတော့ အင်္ဂလိပ်သံ ကာနယ်ဆိုင်းရာ ဘိုးတော်ဘုရားရှိတဲ့ အမရပူရ နန်းတော်ဆီ အခစားဝင်ဖို့ ရောက်ခဲ့တဲ့အခါ စုပုံထားတဲ့ ကြေးအမြောက်လက်နက်တွေကို ရှောင်ခွင်းခဲ့ရပါတယ်။

အလောင်းမင်းတရား လက်ထက်ကနေ ဘိုးတော်ဘုရားလက်ထက်တိုင် စစ်ပွဲရဲ့ ပြယုဂ်တွေ ဖြစ်တဲ့ အမြှောက်ဆန်တွေ ကြေးအမြှောက်တွေကို နန်းရင်ပြင်မှာ စုပုံထားပါသတဲ့။ ကာနယ်ဆိုင်းက ဒီလိုစုပုံမထားဘဲ သေသေချာချာ စနစ်တကျ လုပ်သင့်တယ်လို့ ပြောပါတယ်။ ဘိုးတော်ဘုရားကလည်း ကြေးအမြောက်တွေကို ဘာလုပ်ရမှန်းမသိ ဖြစ်နေတဲ့အချိန်ပါ။

ဗုဒ္ဓဘာသာနဲ့ ပတ်သက်ပြီး အများကောင်းမှုနဲ့ ခေါင်းလောင်းသွန်းဖို့ ကာနယ်ဆိုင်းက အကြံပေးပါသတဲ့။ ဒါကတော့ သမိုင်းနဲ့ဆိုင်တဲ့ အချက်ပဲဖြစ်ပါတယ်။ ခေါင်းလောင်းကြီးကို သွန်းလုပ်ပြီးတဲ့အခါ နှုတ်ခမ်းသား ဝိတ်မညီမျှမှုကြောင့်ပဲ ကျောက်တုံးနဲ့ ခုထားရလို့ ခေါင်းလောင်းထိုးခွင့်မရခဲ့ပါဘူး။ တိုင်မှာချိတ်ဆွဲသည့်တိုင်အောင်ကျောက်တုံးခုထားရတုန်းပါပဲ။ ဝေလမင်းသား မြန်မာပြည်လာခိုက်မှာပဲ ခေါင်းလောင်းကို ထိုးလို့ရအောင် အကြံပေးခဲ့ပါတယ်။

The Mingun Bell located in Mingun, Sagaing Region, Myanmar. This early photograph was taken prior to the bell being re-hung in 1896. It fell from its support following earthquake damage. Date: circa 1894

ဒါကြောင့်ပဲ အင်္ဂလိပ်နဲ့ မြန်မာ ပညာရှင်များပေါင်းပြီး ခေါင်းလောင်းရဲ့ အတွင်းသား တွေကို ဖဲ့ယူပြီး ဝိတ်ညီအောင်လုပ်ခဲ့ကြပါတယ်။ ဒီအခါကျမှသာခေါင်းလောင်းကြီးကို ကျောက်တုံးခု စရာမလိုဘဲ အများသူငါထိုးလို့ရခဲ့တာ ဖြစ်ပါတယ်။ ဦးကိုကိုရဲ့ ပြောကြားချက်အရဆိုရင်တော့ခေါင်းလောင်းကြီးတကယ်အသံစမြည်ခြင်းဟာ ၂၀၂၀ ပြည့်နှစ်မှာ နှစ်တစ်ရာပြည့်ပြီလို့သိရပါတယ်။ ခေါင်းလောင်းကြီးမှာ နက္ခတ် ၂၇ လုံး ထည့်သွင်း စီရင်ထားခဲ့ပါတယ်။

ခေါင်းလောင်းကြီးရဲ့ အနားဝန်းကနေလက်ထောက်လိုက်ရင် လက်တစ်တောင်နဲ့ လက်လေးလုံးမှာ နက္ခတ် ၂၇ လုံးကို ထည့်သွင်း စီရင်ထားခဲ့တယ်လို့ ဆိုပါတယ်။ ကိုယ်လိုချင်တဲ့ အရာတွေအတွက် အရပ်မျက်နှာ လေးခုကနေပြီး ဆုတောင်းခေါင်းလောင်းထိုးနိုင်တဲ့ သဘောပါပဲ။ ၂၀၂၀ ပြည့်နှစ်ထဲမှာတော့မင်းကွန်းခေါင်းလောင်းကြီးဆီ အရောက်သွားဖို့ စိတ်ကူးရှိပါတယ်။ အရှေ့၊ အနောက်၊ တောင်၊ မြောက် အရပ်လေးထောင့်ကနေပြီးအဓိဋ္ဌာန်ဆုတောင်းခေါင်းလောင်းထိုးဖို့ပါပဲ။

အသံမြည်ခြင်း နှစ်တစ်ရာပြည့် မင်းကွန်း ခေါင်းလောင်းတော်ကြီးရဲ့ မြည်ဟီးသံနှင့်အတူ မြန်မာပြည်ကြီး ငြိမ်းအေးတော့မယ့် အတိတ်နိမိတ်ဖြစ်ပါကြောင်း တင်ပြအပ်ပါတယ်။

ပြည်မြို့က ရွှေဆံတော်ဘုရားပေါ်မှာတော့ ကျိန်စာသင့်နေတဲ့ ဘိလပ်ပြန် ခေါင်းလောင်းတစ်လုံး ရှိနေပါတယ်။ ရွှေရောင် ခေါင်းလောင်းပေါ်မှာဘိလပ်ပြန်ခေါင်းလောင်းလို့ ထင်ရှားစွာ ရေးထိုးထားပါတယ်။ ရွှေဆံတော်ပေါ်ကိုဓာတ်လှေကားနဲ့တက်ရင် ခေါင်းလောင်းကိုတွေ့ရမှာပါ။

မင်းတုန်းမင်းလက်ထက်မှာ အင်္ဂလိပ်နဲ့ ယာယီစစ်ပြေငြိမ်းခဲ့ပါတယ်။ မြန်မာပြည်အောက်ပိုင်းဟာ အင်္ဂလိပ်လက်ထဲကျ ရောက်ခဲ့ပါတယ်။ ထုံးစံအတိုင်း တန်ဖိုးရှိတဲ့ ပစ္စည်းတွေကို ယူငင်ရင်း အင်္ဂလိပ်စစ်သားများက ဗိုလ်ချုပ်ကြီးထံ ရွှေရောင်ခေါင်းလောင်းကို မျက်နှာလုပ် ဆက်သကြပါတယ်။

အင်္ဂလိပ် ဗိုလ်ချုပ်ကြီး ဂေါ်ဒဝင်ဟာ ဘိလပ်ပြန်တဲ့အခါ ခေါင်းလောင်းကိုပါ ယူဆောင် သွားပြီး မြတ်မြတ်နိုးနိုးထားခဲ့ပါတယ်။ အဲဒီဗိုလ်ချုပ်ကြီးရဲ့ မြေးဖြစ်သူလက်ထက်မှာတော့ခေါင်းလောင်းလေးကို မူလနေရာမှာ ပြန်ထားပေးဖို့ ဖြစ်ပေါ်လာပါတယ်။ အဘိုးဖြစ်သူရဲ့ ဒိုင်ယာရီကိုဖတ်ပြီးမြေးဖြစ်သူကပြန်ပို့ပေးခဲ့တာပါ။ အတိုချုံးပြောရရင်တော့ ဘိလပ်ကိုခေါင်းလောင်းလေးရောက်လာကတည်းကသူ့အဘိုး မိသားစု တစ်ခုပြီးတစ်ခု ပြဿနာတွေနဲ့ ကြုံရပါတယ်။ ခိုက်တဲ့သဘောပါပဲ။ ခေါင်းလောင်းကိုဖျက်ဆီးပစ်ဖို့ ကြိုးစားကြပေမယ့် မအောင်မြင်ခဲ့ပါဘူး။

နောက်ဆုံးမှာတော့ ခေါင်းလောင်းလေးကိုရေမှာမြှုပ်နှံဖို့ ကြိုးစားကြပါတယ်။ အဲဒီအခါမှာတော့ ရေထဲမြှုပ်ခဲ့ရင် ဆွေစဉ်မျိုးဆက် ရေနစ်သေလိမ့်မယ်ဆိုတဲ့အိပ်မက်ကိုအခါခါအိပ်မက်ပေးခဲ့ပါတယ်။ ဒါကြောင့်ပဲ အင်္ဂလန်ကနေ ထင်းရှူးသေတ္တာတစ်လုံး ထဲထည့်ပြီး ရန်ကုန်မြို့ဆီ ပြန်ရောက်လာခဲ့ပါတယ်။

ဘိလပ်ပြန် ခေါင်းလောင်းလေးကို အဆောင်အယောင်နဲ့ ပင့်ဆောင်ပြီး ရွှေဆံတော်ကုန်းတော်ပေါ်မှာ ပြန်လည်ထားခဲ့တာ ဖြစ်ပါတယ်။ ပြည်ရွှေဆံတော်ရောက်ခဲ့ရင်လည်းဘိလပ်ပြန်ခေါင်းလောင်းအား (၉) ချက်တိတိထိုးကာ ဆုတောင်းမေတ္တာပို့ကြပါလို့တိုက်တွန်းချင်ပါတယ်။

နေလရောင်

#myanmarbooks

Likes:
0 0
Views:
1471
Article Tags:
Article Categories:
HistoryKNOWLEDGE

Leave a Reply

Your email address will not be published. Required fields are marked *