” ရွှံ့ထဲကကြာ (သို့မဟုတ်) ပီမိုးနင်း “

ဆရာ ပီမိုးနင်းအကြောင်းရေးမည်ကြံလျှင်

ကျွန်တော့်စိတ်သည် ရွံ့ညွှန်ထဲမှပေါက်လာသော ကြာပင်တွင်ထွားထွားဝေဝေပွင့်နေသည့် ကြာပွင့်အတွင်းသို့ပြေးဝင်နားနေလေသည်။

အကြောင်းမူ ဆရာသည် မထင်ရှားသောတောရွာတစ်ရွာမှ မထင်ရှားသောအမျိုးတွင်မွေး၍ ဗမာပြည်ကိုလွှမ်းကာကျော်ကြားလျှက်ရှိ၏။သောက်စားမူး

ယစ် ညစ်ညစ်ပေပေအမြဲနေရာမှ အမျိုးသားအကျိုး ဆောင်ရွက်သောမူရင်းဓါတ်သည် အစဉ်ပေါ်နေလျှက်ရှိ၏။ ကတုံးဘိုကေကလေးနှင့် အင်္ကျီ လက်တို အပေါ်အအင်္ကျီပါ ရခိုင်လုံချည်အကွက်ကလေးကို ဝတ်ဆင်လေ့ရှိသည်၊ သူ၏တုတ်ခိုင်သောခါးတွင် လက်တစ်အုပ်ခန့်အပြားရှိသော ခါးပတ်စိမ်းကြီးမှာ ရေစည်သံပတ်ပြားကြီးကဲ့သို့ ထင်ရှားလှပေသည်။

ထိုအခါက သူ့ကို ဘယ်ကတရုတ်ကပြားကြီးပါလိမ့်ဟုသာ အံ့သြတွေးမိသည်။ပဲရော့ဦးဆန်နီက” ဒါဆရာ ပီမိုးနင်းပဲ” ဟုကျွန်တော့်ကိုသူနှင့်မိတ်ဆက်ပေးတော့ ငယ်ငယ်က ပုန်းကာခိုကာစွဲလန်းခဲ့ရသော”သဲမြညှာ”ဆရာကြီးဖြစ်ကြောင်းသိရလေတော့သည်။

ဆရာပီမိုးနင်းက မျက်နှာကိုမမော့ပဲ မျက်မှန်အောက်မှ မျက်ခွံနှင့်သူငယ်အိမ်ကို မြှင့်ပြီးကျွန်တော့်ကိုကြည့်ကာ ဟဲဟဲဟဲ ဟုပြုံးရယ်ကာအသိအမှတ်ပြုပြီးနောက် စာကိုပင်ဆက်ရေးနေလေသည်။စားပွဲပေါ်ကုလားထိုင် အရောင်များသည်လည်းကောင်း အခန်းကျောက်မှန်များ သည်လည်းကောင်း ဆရာပီမိုးနင်းကိုမဟပ်မိ သူသည်အမြင်အားဖြင့် မတောက်ပြောင်ဆုံးလူတစ်ယောက်ဖြစ်လေသည်။

ကျွန်တော်ဆရာပီမိုးနင်းကို ရင်းနှီးစွာမဆည်းကပ်ဘူးသော်လည်း မောင်ဂိုမာရီလမ်းတွင် တစ်ခန်းခြားကပ်နေဖူးသဖြင့် သူ့နေပုံထိုင်ပုံကိုအကဲခတ်ခွင့်ရပေသည်။ဆရာသည် ကျွန်တော်တို့အခန်းရှေ့အစုံသုတ်စား၍ တခါတရံညဆိုင်သိမ်းခါနီးမှစားလေ့ရှိသည်။ အိမ်တွင်ချက်ပြုတ်သောထမင်းဟင်းကိုမယ်မယ်ရရစားပုံမရပဲ တရုတ်ဆိုင်ကအစိမ်းကျော်ထမင်းများဝယ်လာလေ့ရှိသည်။

တစ်ခါသူ့အိမ်ခန်းရောက်လျှင် ရင်လောက်မြင့်သောစင်ကလေးပေါ်ထမင်းပန်းကန်တင်ကာမတ်တပ်ရပ်၍ တူနှင့်ထမင်းစားနေသည်တွေ့ရလေသည်။ထမင်းတစ်လုပ်သွပ်လိုက် လမ်းလျှောက်ရင်းဝါးလိုက်စည်းစိမ်ခံလေ့ရှိသည်မှာ အကျင့်ဖြစ်နေပုံရသည်။

သူ့အခန်းမှာမှောင်နေလေ၏။ဖုံအမှိုက်တို့ဖြင့်ညစ်ပတ်ပေရေနေ၏။ဧည့်ခန်းတွင် မိန်းမဝတ်နှင့် ယောင်္ကျားဝတ်လုံချည်အိကျီ င်္များစုပုံလျှက်ရှုတ်နေလေသည်။အိမ်ရှေ့မှဓါတ်ရထားမောင်းသွားလျှင် ငလျှင်လှုပ်သလိုအိမ်မှာတုန်လှုပ်သွား၏ ဓါတ်ရထားဆူသံမစဲမီဘတ်စ်ကားပြေးသံကဆူညံစွာဆင့်တက်လာပြန်သည်။ထိုအခါကကျွန်တော်သည်ဆရာပီမိုးနင်း၏ဝတ္ထုတစ်ပုဒ်တွင်ပါသော ဇင်းကျိုက်တောင်အနီးရှိဥယျာဉ်အိမ်ကလေးကို ပြေးမြင်မိသည်။အိမ်ကလေးမှာ မှိုင်းညို့နေသောတောင်တန်းအခြေတွင်တည်ရှိကာ ပတ်ဝန်းကျင်တွင် စိမ်းစိုနေသောတောအုပ်တစ်ခုရှိသည်။

အိမ်ရှင်မကားအသားဖြူ ဖြူ တောင့်တောင့်ရုပ်ချောချော “မအံ”ဆိုသူအမျိုးသမီးတစ်ဦးဖြစ်ပြီး အိမ်ထောင်ရှိသော်လည်း အခြားတစ်ယောက်နှင့်ချစ်ကြိုက်နေသည်။”အင်း ဒီနေရာကနေ ဒီလိုဝတ္ထုတွေးနိုင်တာ အံ့ပါရဲ့”ဟုထိုစဉ်ကကျွန်တော်ချီးကျုးမိသည်။

ဝတ္ထုရေးဆရာတွေဟာ ငရဲကနေ နတ်ပြည်အကြောင်းလည်းရေးနိုင်ပါပေရဲ့ဟုတွေးနေဆဲ။သူ့မိန်းမအပြင်ထွက်လာသည်။ သူ့မိန်းမ(ထိုစဉ်ကမြဲနေသေးသောမိန်းမ)ကားအသက်လည်းအတော်ကြီးပြီးပိန်လည်းပိန်လှီလွန်းလှ၏။လက်ကလေးများမှာ ကျီးခြေထောက်ကလေးများလို အရိုးချည်းဖြစ်နေလေသည်။

“အဲငါသိပြီ ဆရာကတော်ကိုကြည့်လို့အားမရတိုင်း “မအံ”လို ဇာတ်လိုက်မင်းသမီးမျိုးကိုတွေးပြီးရေးတာနေမှာ”ဟုကျွန်တော်လည်းယူဆမိတော့သည်။တစ်နေ့သော် ဆရာပီမိုးနင်းနှင့်ဇနီး လန်ခြားစီးပြီး ဘုရားသွားကျောင်းတက်အတူတူဝါဒဖြင့် ပျော်ရွှင်စွာပြန်လာသည်ကို ကျွန်တော့်အခန်းရှေ့ကပြင်လေးမှ တွေ့မြင်လိုက်ရသည်။

သူတို့အိမ်ခန်းပေါ်တက်သွားပြီးမကြာမှီအသက်ငယ်ငယ် ဖြူ ဖြူ ဝဝမိန်းမတစ်ယောက်က အောက်ကနေ”ဆရာကျော်…ဆရာကျော်”ဟုလှမ်းခေါ်လေသည်။ပီမိုးနင်းကို အများကဆရာကျော်ဟုခေါ်ကြသည်။မကြာမှီဆရာကြီးသည် ခါးပတ်စိမ်းကြီးပတ်ကာဆင်းလာပြီးထိုမိန်းမနှင့် ရယ်ကာပြုံးကာပြောဆိုပြီး လန်ခြားနှင့် ထွက်ခွာသွားလေသည်။ ကျွန်တော်လည်းအိမ်ခန်းအတွင်းဝင်ကာစာဖတ်၍ နေလေသည်။

ညကိုးနာရီတိုင်သော်

တစ်ဖက်အခန်းမှ ဆူသံပူသံကြားရလေသည်။ “မလာခဲ့နဲ့ ရှင့်မယားငယ်နဲ့သွားနေ” “ဟေ့ကောင်မ တိတ် သိပ်စကားမများနဲ့”“မတော်ဘူး မသာကောင်ကြီး တဏှာရူးကြီးမတော်ဘူး သွား မလာခဲ့နဲ့”ယောင်္ကျားသံမှာ ဆရာပီမိုးနင်း၏အသံဖြစ်သောကြောင့် ကျွန်တော်အပြင်ထွက်ကာသူတို့အခန်းဘက်ထွက်ကြည့်နေမိသည်။

ဆရာ့အသံကားမူမမှန်မူးသံကြီးပါလျှက်ရှိသည်။“ရှင့်မယားငယ် ကမြင်းမတွေနဲ့သွားနေချည်ဖာတွေနဲ့သာ ရှင်နဲ့တော်တယ်”“ကဲ ဗျာ” ခွပ်ခွပ်နှင့် အသံကြားရ၏။ဆရာကြီးသည် ဝုန်းဒိုင်းကြဲကာ ဆောင့်အောင့်ဆင်းလာသည်။နောက်လန်ခြားတစ်စင်းပေါ်တက်၏။

အိမ်ပေါ်မှမိန်းမကားငိုလျှက်နောက်ကရန်ထောင်ဆဲဆိုအော်ဟစ်နေသည်။ဂျာနယ်တိုက်တစ်တိုက်တွင် ရက်များစွာသွားနေသည်။ထိုတိုက်တွင်စားပွဲပေါ်အိပ်စားပွဲပေါ်စားစားပွဲပေါ်စာရေးကာဖြစ်သလိုနေထိုင်ရင်းစာပေရေးသားနေလေ့ရှိသည်။ဤသို့ ရှုတ်ထွေးသောအိမ်တွင်းရေးနေရေးထိုင်ရေးပွေလီလွန်းသည့်ကြားက (ဝါ)ရွံ့ညွံတွင်းမှနေ၍ရှင်းပေ့လင်းပေ့ဆိုသည့် စာများရေးထုတ်နိုင်သည်။

မြန်မာစာကို စာဖတ်သူရှင်းလင်းနားလည်အောင်ရေးနိုင်စွမ်းကို လူတိုင်းကချီးမွမ်းရ၏။နက်နဲသောစိတ်ပညာကို လူအများနားလည်အောင် ရှင်းလင်းပြတ်သားစွာရေးနိုင်သူလည်းသူ့တစ်ယောက်သာရှိသေးသည်။ စီးပွားရေး ပညာရေး တိုင်းပြည်ရေး ဘာကိုပင်ရေးရေးဖတ်သူတိုင်းနားဝင်လွယ်လှသည်။

ရေးခဲ့သမျှမှာလည်း အကြောင်းအရာ ဘာသာရပ်အမျိုးအမည်အလွန်စုံလင်လွန်းလှသလို မျက်စေ့တွင်း ထင်းကနဲလင်းကနဲမြင်လောက်အောင်ရေးနိုင်သလောက် ရှင်းလင်းပြတ်သားသော စာသည် ချိုသာညီညွတ်သောအသွားဖြင့် လှပကောင်းမွန်သော အဓိပ္ပါယ်အမြဲဆောင်နိုင်လေသည်။

သူသည်အိမ်တွင်ဘာဖြစ်ဖြစ် သူ့ကိုယ်ရေးဘယ်လိုနေနေဂရုမစိုက် စာရေးဖို့သာသူဂရုစိုက်သည်။တစ်နေ့တွင် တိုးတက်ရေးဦးစိန်ကသူ့အိမ်သို့စာရေးဆရာများကိုထမင်းဖိတ်ကျွေးသောနေ့တွင် ကျွန်တော်အပါအဝင်စာပေနယ်မှ စာရေးဆရာပေါက်စများ နာမည်ကျော်ဝတ္ထုရေးဆရာကြီးများ ရှေးစာရေးဆရာကြီးများအစုံအလင်တက်ရောက်လာကြသည်။ ကျွန်တော်သည်ဆရာကြီးသခင်ကိုယ်တော်မှိုင်းနှင့် ဆရာပီမိုးနင်းတို့အနားတွင်ထိုင်ခွင့်ရပါသည်။ ဤသို့ဖြင့်စာရေးဆရာများ စားသောက်အပြီး အေးဆေးစွာ စကားပြောဆိုနေကြစဉ် ဆရာကြီးသခင်ကိုယ်တော်မှိုင်းက ကွမ်းစားရင်း ဆရာပီမိုးနင်းကိုကြည့်ပြီး”ကိုယ့်လူမလဲ အရက်အဆီတွေလား အမွဲအဆီတွေလား တက်နေလို့ထင်ပါ့

ဝလိုက်တာဖီးလို့ တစ်နေ့တစ်ခြားဝနေပါကလား”ဟုဂရုဏာဒေါသောနှင့်ပြောလိုက်၏။ဆရာပီမိုးနင်းက အရက်ဆီဟုဆိုသည်ကိုကားဘာမျှမပြောပဲ အမွဲဆီပြောသည်ကိုကားပြန်ချေ၏။”မွဲတာတော့ မပြောပါနဲ့ဆရာကြီးရယ် လူအများတွေဘယ်လိုလုပ်ချမ်းသာကြပါ့မလဲဆိုတာပဲ အချိန်တိုင်းတွေးရင်းစဉ်းစားစဉ်းစားတိုင်းစာရေးနေရလို့ ကိုယ်တိုင်ချမ်းသာဖို့အတွက် စဉ်းစားချိန်လည်းမရှိ လုပ်ချိန်လည်းမရဘူး”ဟုပြန်ဖြေလေရာ ဆရာကြီးသခင်ကိုယ်တော်မှိုင်းမှာ ကွမ်းသွေးတွေထွေးပြီး တဟားဟားရယ်မောနေလေသည်။သူကိုယ်တိုင်လည်းတွေးမိဟန်ရှိ၏။

ပီမိုးနင်းသည် သည်ဝါဒကိုဘယ်ခါမှမစွန့်သူသည်တိုင်းပြည်ကို လိမ်လည်လှည့်ဖျားသောစာဘယ်ခါမှမရေးခဲ့ ဗြိတိသျှအင်ပီယီရယ်လစ်အစိုးရကို ဘယ်တုံးကမှ မထောက်ခံမချီးမွမ်းခဲ့။သူ့အယ်ဒီတာဘဝတစ်လလျှင် ၃၅၀ိကျော်ရစဉ်ကလည်းအမျိုးသားများအတွက်အလင်းပြရာရေးခဲ့သည်။တစ်လ သုံးဆယ်သာရခဲ့သော်လည်း အများပြည်သူဘက်မှသာရေးခဲ့သည်။

သတင်းစာအမျိုးမျိုး အယ်ဒီတာဘဝဖြင့် တိုင်းပြည်လူမျိုးအတွက်သာရေးခဲ့၏နေရေးထိုင်ရေးအမျိုးမျိုးပြောင်း၏ ပိုက်ဆံကြီး လေပွေကြီးစသည့်ကလောင်အမည်အမျိုးမျိုးပြောင်း၏။သူ့စိတ်သူ့အာဘော် သူ့ဝါဒကားမပြောင်း။သူ မူးသည် သောက်သည်သူသောက်သဖြင့်တိုင်းပြည်အကျိုးမယုတ် သူ့တာဝန်မတိမ်း သူပျော်သည်သူပွေသည်ရှုတ်သည် သူထင်သလိုနေ၏။သူနေချင်သလိုနေသဖြင့် သူ့မှာသာ အကျိုးယုတ်ချင်ယုတ်မည်။အကုသိုလ်ပွားချင်ပွားမည် သို့သော် အများ

အကျိုးတိုင်းပြည်အကျိုးရှိစေသောစာကောင်းပေမွန်များသာ သူရေးသားနိုင်ခဲ့သည်။ဆရာပီမိုးနင်းသည် မဖုံးမကွယ်သူပျော်သလိုနေပြီးသူ့ပင်မရည်ရွယ်ချက်ကိုဖြည့်ဆည်းနေသည်ကိုထောက်သဖြင့်လည်းကောင်း သူ့အရေးအသားကိုဖတ်ကြည့်၍လည်းကောင်းပုလင်းကိုထောင်ကာမိန်းမတွေကြားထဲ ပျော်ပါးနေချင်နေမည်အများအကျိုးအလင်းပြလမ်းညွှန်လိုသော ရိုးသားဖြောင့်မတ်သည့်စိတ်ထားနှင့်ယုံကြည်ချက်ကိုထင်ရှားစွာမြင်နိုင်လေသည်။

တစ်ခါကကျွန်တော်ခင်မင်လေးစားရသူမိတ်ဆွေတစ်ဦးကကျွန်တော့်ကိုသွေးကြီးသည်မာနကြီးသည်ဟုဝေဖန်ပြစ်တင်ခံရသဖြင့်ဆရာပီမိုးနင်းထံဆုံးဖြတ်ချက်တောင်းခံရာ ဆရာကပထမစာနှစ်စောင်ကိုမြန်မာလိုရေးပေးပြီး ကျန်တစ်စောင်ကိုအင်္ဂလိပ်လိုရေးသားပေးသည်။

“So long as one’s conscience is

clear there is nothing to worry about.”

“ကိုယ်ကောင်းခေါင်းဘယ်မရွေ့သဘောထား

ပြီးဘာမှ ဂရုမစိုက်ပါနဲ့”ဟုစာအစဆုံးတွင်

အကြံပေးလေသည်။သူကိုယ်တိုင်လည်းသူ့

အကြံအတိုင်းနေထိုင်ဟန်ရှိသည်အဆုံးတွင်

“An honest man must not

pretend to be a saint or rogue.He

must proclaim to the world that he

is honest and then become an

example for other.”

“ရိုးသားသူတစ်ယောက်ဟာ သူတော်စင်လိုလို သူယုတ်မာလိုလို အယောင်မဆောင်ဘူးသူရိုးကြောင်း ကမ္ဘာကိုကြော်ငြာပြီးအများရဲ့စံသတ်မှတ်ချက်ဖြစ်လာမှာပဲ”ဟုဆိုလေသည်။

ဤသို့ သူ့ယုံကြည်ချက်အတိုင်း ဆရာပီမိုးနင်းအကြောင်း ရေးမည်ကြံလျှင် ကျွန်တော့်စိတ်သည်ရွံ့ညွှန်ထဲမှ ပေါက်သောကြာပင်တွင်ထွားထွားဝေဝေပွင့်နေသည့် ကြာပွင့်အတွင်းသို့ ပြေးဝင်နားနေလျှက်ပင်ရှိလေသတည်း။

ပီမိုးနင်း – မိန်းမစိတ်ကျမ် pdf File

ပီမိုးနင်း-အပျိုလမ်းညွှန် PDF File Download

Likes:
0 0
Views:
732
Article Tags:
Article Categories:
BooksKNOWLEDGE

Leave a Reply

Your email address will not be published. Required fields are marked *