” ၁၈၈၀ ခုနှစ်ဝန်းကျင်က သင်္ကြန်ပွဲတော် “

” ၁၈၈၀ ခုနှစ်ဝန်းကျင်က သင်္ကြန်ပွဲတော် “

( ၁၈၈၂ခုနှစ်တွင်ပုံနှိပ်ထုတ်ဝေသော ဆာဂျော့စကော့ (မြန်မာအမည် -ရွှေရ်ိုး)ရေးသားသည့် မြန်မာ့ရိုးရာနှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်အကြောင်းကို Burma စာအုပ်မှ ကောက်နှုတ်ဖော်ပြပါသည်။) မြန်မာတို့၏ ပျော်ရွှင်စရာအကောင်းဆုံးနှစ်သစ်ကူးပွဲတော်ကို အင်္ဂလိပ်လူမျိုးများအပါအဝင် မည်သည့်လူမျိုးမဆို မေ့လျော့မထားနိုင်အောင် ပျော်ရွှင်နှစ်သက်စရာပွဲတော်အဖြစ် တစ်သက်တာထူးခြားမှတ်သားစရာကောင်းလှပေသည်။

နှစ်စဉ် မြန်မာတို့၏ ပထမဆုံးလဖြစ်သည့်တန်ခူးလမှာ ဧပြီလနှင့်တိုက်ဆိုင်တတ်လေသည်။နှစ်သစ်ကူးမည့်ရက်ကို မန္တလေးရှိ ဘုရင့်နက္ခတ်ပညာရှင်များက သတ်မှတ်ပေးကြပြီးယင်းရက်ကို အင်္ဂလိပ်ပိုင် အောက်မြန်မာနိုင်ငံတွင် ဆက်လက်ကျင်းပပေးနိုင်ရန် ပြည်နယ်အစိုးရ အတွင်းဝန်များကိုတာဝန်ပေးထားသည်။(ထိုအချိန်တွင် အထက်မြန်မာနိုင်ငံမန္တလေးရတနာပုံနေပြည်တော်ကို သီပေါမင်းအုပ်ချုပ်လျှက်ရှိပြီး အောက်မြန်မာနိုင်ငံကို အင်္ဂလိပ်တို့သိမ်းပိုက် အုပ်ချုပ်နေချိန်ဖြစ်၏။)

နှစ်သစ်ဆန်းတိုင်း သိကြားမင်းလူ့ပြည်ဆင်းသည်ဟုအယူအဆရှိ၍ ယင်းနှင့်သက်ဆိုင်သော သင်္ကြန်စာကို ပုဏ္ဏားများဗေဒင်ဆရာများက ရေးသားကြသည်။လာမည့်နှစ်အတွက် မည်သို့ဖြစ်မည်ပျက်မည် မည်သည်ကိုဆောင်ရမည် ရှောင်ရမည်ဟု ထည့်သွင်းရေးသားကြသလို သိကြားမင်းကိုင်ဆောင်လာသောအရာကိုမူတည်၍ ရေအိုးကိုင်ဆောင်လာပါက မိုးကောင်းမည်သီးနှံအထွက်တိုးမည် ဟုလည်းကောင်း လှံစင်္ကြာကိုင်ဆောင်လာပါက ဘေးအန္တရာယ်ပေါများမည် ဟုလည်းကောင်းအဆိုးအကောင်းခန့်မှန်းသည်။

ထိုသို့လူ့ပြည်ဆင်းရာတွင် သိကြားမင်းစီးလာသော တိရိစ္ဆာန်ကိုလည်း နဂါးစီးလာလျှင် မိုးကောင်းမည် ဂဠုန်စီးလာလျှင် အခြေအနေ လှုပ်လှုပ်ရှာရှားရှိမည် စသဖြင့်ဗေဒင်ဆရာများနှင့်ပုဏ္ဏားများက ဟောကိန်းထုတ်ကြသေးသည်။ ထိုသို့ဖြင့် ပညာရှိများက သိကြားမင်းလူ့ပြည်ဆင်းသည့်အချိန်ရောက်ပြီဟု သတ်မှတ်သည့် အခါတွင်နန်းတော်အတွင်းမှ အမြှောက်ပစ်ဖောက်လေ့ရှိသည်။ထိုအခါ ရေအိုးများကိုင်ဆောင်ထားသော အများပြည်သူတို့သည် နေအိမ်အတွင်းမှ ထွက်လာကြလေသည်။

ရေအိုးများထဲတွင် သပြေရွက်များနှင့်အခြာစိမ်းလန်းသောသစ်ရွက်များကို အိုးပြည့်မခန်းထည့်ထားကြ၏။သက်ကြီးရွယ်အို တစ်ဦးက ဆုတောင်းမေတ္တာပို့သပေးပြီးသည့်နောက်တွင် ရေများကို မြေပြင်ပေါ်သို့သွန်ချလိုက်လေတော့သည်။ အားလုံးစိတ်ထဲတွင်ပျော်ရွှင်ချမ်းမြေ့ခြင်း ဖြစ်ပေါ်နေလေသည်။ နံနက်စောစောပင် အားလုံးလိုလို ကြည်လင်သန့်စင်သောရေကို အိုးအပြည့်ထည့်ကာ ဘုန်းကြီးကျောင်းများသို့သွားကြပြီး ရေကပ်လှူ ကြကာ ဘေးအန္တရာယ်ကင်းဝေးစေကြောင်း ဆုတောင်းကြသည်။

ထို့နောက် ဘုရားသို့သွားကာ ဗုဒ္ဓရုပ်ပွားတော်များအား ရေသန့်စင်ဆေးကြောကြသည်။ ရေသပ္ပါယ်ရသောအကျိုးကား များပြားလှပေသည်။ရေသပ္ပါယ်ပြီးနောက် အိမ်အပြန်လမ်းတွင် အချင်းချင်းရေလောင်းရေပက်ဖြန်းကြလေသည်။ဆုတောင်းမေတ္တာများလည်းပို့သကြ၏။နံနက်စာမစားမီ လူတိုင်းမှာရေများဖြင့်စိုရွှဲကုန်ကြတော့သည်။ သို့သော်လည်းမည်သူမှ အဝတ်အစားမလဲကြပေ။ပူသောရာသီဖြစ်သည်က တစ်ကြောင်း ထပ်မံ၍ရေစိုဦးမည်ကတကြောင်းကြောင့်ဖြစ်၏။

ရိုသေလေးစားစွာတစ်ဦးနှင့်တစ်ဦးရေလောင်းတတ်ကြပြီး လူတိုင်းပင်ရေစိုနေကြသည်။ မိန်းကလေးတို့မှာ အများဆုံးရေလောင်းခံရသူများဖြစ်သည်။၃ရက်တာ ကာလအတွင်းရေမစိုသူဟူ၍ မရှိ လူတိုင်းပင်ရေလောင်းခံကြရသလိုချမ်းမြေ့ခြင်းအမှတ်အသားအဖြစ် ရေလောင်းခံရသည်ကိုလူတိုင်းကလည်း လိုလားသည်။စာရေးကြီးတစ်ဦးက သူ၏ အကြီးအကဲထံလာရောက်ပြီး ငွေဖလားထဲတွင်ရေထည့်ကာ ဦးစွာရှိခိုးကန်တော့၏။ထိုနောက်ရေကန်တော့မည်ဆိုကာ ကျောကုန်းပေါ်သို့ရေများလောင်းချတော့သည်။

သိမ်မွေ့စွာဆိုက ရေလောင်းသည်ဟုဆို၍ ပွင့်လင်းစွာဆိုက ရေပက်သည်ဟုပြောရမည်ဖြစ်သည်။ ညစ်ပတ်မသန့်စင်သောရေကို မည်သူမျှမည်သည့်နေရာမှ မပက်ကြပေ။ စိတ်ရွှင်လန်းရန် အချင်းချင်းနောက်ပြောင်ကျီစယ်မှု့မှန်သမျှ ကိုလည်း မည်သူမျှစိတ်မဆိုးကြသလိုမည်သည့်နိုင်ငံခြားသားတို့ကလည်း ရေပက်ခြင်းကိုမကန့်ကွက်ကြပေ။စီးပွားရေးဆန်သောတရုတ်လူမျိုးတို့ကမူ ရေပက်ခြင်းကို စီးပွားရေးအမြင်ဖြင့်စိတ်ဝင်တစားရှိတတ်သည်။

မော်လမြိုင်တွင် ကျွန်တော်တာဝန်ယူစဉ်က တရုတ်ကုန်သည်ကြီးတစ်ဦးသည် မင်းလမ်းမကြီးရှိ သူ၏ အိမ်ရှေ့တွင်ရေစုပ်စက်များချထားကာ ခြံဝန်းထဲမှ ရေတွင်းနှင့်ဆက်သွယ်ထားသောလမ်းဘေးရှိ တိုင်ကီများကို ရေစုပ်ထည့်ပေးလေသည်။လူတိုင်းကိုလည်း တိုင်ကီထဲရှိရေများကို စိတ်ကြိုက်ရေပက်ကစားစေ၏။ ထိုအချိန်တွင် သူ၏ရေစုပ်များမည်မျှ အစွမ်းထက်ကြောင်း ကောင်းကြောင်းကို တရုတ်ကုန်သည်ကြီး ဘွန်တိုက်က အကျယ်တဝံ့ကြော်ငြာခြင်း ပြုလေတော့သည်။

လွန်ခဲ့သောနှစ်အနည်းငယ်က ပြည်မြို့တွင်အင်္ဂလိပ်အရာရှိလူငယ်တစ်ဦး သူ့မိတ်ဆွေနှစ်ဦးနှင့်အတူ ထမင်းစားနေခဲ့သည်။ထိုစဉ်အိမ်နီးချင်းတစ်ဦးက သူ့ထံသို့တစ်လမ်းကျော်မှ မိန်းကလေးများရေပက်ရန်လာလိမ့်မည်ဟု သတင်းပေးသည်။ထို့ကြောင့်သူတို့သည် ဝရံတာပေါ်သို့ ရေတိုင်ကီများထုတ်၍ ရေပက်ရန်အဆင်သင့်စောင့်ဆိုင်းရင်း စားလက်စအစားအသောက်များဆက်စားနေ၏။စားသောက်နေစဉ်မှာပင်သူတို့ကိုယ်ပေါ်သို့ရေစက်များကျရောက်လာသောအခါမှ မိန်းကလေးများရောက်လာကြောင်းသိကြလေရာ သူတို့လည်း ရေပြန်ပက်ရန် ရေတိုင်ကီများထားရာသို့ အပြေးထသွားကြသည်။သို့သော်သူတို့နောက်ကျလေပြီ။

ရေတိုင်ကီများကို မိန်းကလေးများကနေရာယူကာ ခွက်များဖြင့် လောင်းပက်ခြင်းခံရ၍အင်္ဂလိပ်သုံးဦးလုံး စိုရွှဲသွားကြလေတော့သည်။ သို့သော်အရာရှိငယ်မှာ စိတ်မလျှော့ နီးရာမိန်းကလေးတစ်ဦးကို လှမ်းဆွဲကာရေထဲသို့နှစ်လိုက်လေတော့သည်။သူ့အပြုအမူကြောင့် မိန်းကလေးများမှာအံ့သြထိတ်လန့်ကာ ထွက်ပြေးကုန်ကြသည်။

မိန်းကလေးအားလုံးမှာ မြို့ပေါ်ရှိ လူကြီးလူကောင်းတို့၏သမီးများဖြစ်ကြသည်။မြန်မာတို့၏ ထုံးစံမှာ သင်္ကြန်အခါတွင်း နောက်ပြောင်သည်ပင်ဖြစ်စေ အပျိုအရွယ်တို့ကို ယောင်္ကျားလေးများက လက်ဖျားနှင့်မထိကြရပေ။ရေထဲဆွဲနှစ်၍ တစ်ကိုယ်လုံးသာမက ဆံပင်များပါ ရေစိုစေခြင်းကား ဆိုဘွယ်ရာမရှိတော့ချေ။

နှစ်သစ်ကူးချိန် တလျှောက်လုံး ထိုအင်္ဂလိပ်အရာရှိငယ်အားမည်သူကမှ အရောတဝင် ရေပက်ခြင်းမပြုလုပ်ကြတော့။ မန္တလေးရတနာပုံနေပြည်တော်၏နှစ်သစ်ကူးပွဲတော် အထူးသရုပ်မှာ “သင်္ကြန်တော်ကြီး”ဟု ခေါ်သော ဘုရင်မင်းမြတ်ခေါင်းဆေးခြင်းမင်္ဂလာပြုခြင်းဖြစ်၏။ အခြားအချိန်များတွင်ခေါင်းလျော်ခြင်းကိုခေါင်းဆေးခြင်းမင်္ဂလာပြုသည်ခေါ်ပြီး သင်္ကြန်ကဲ့သို့နှစ်သစ်ကိုဖွင့်လှစ်ပေးသည့်အနေဖြင့် အခမ်းအနားဖြင့်ကျင်းပလေ့ရှိသည်။

ယခင်ကမူ မော်လမြိုင်တစ်ဘက်ကမ်း ကျောက်တောင်များပေါသော ခေါင်းဆေးကျွန်းမှ ရေကိုတကူးတကသယ်ယူလာပြီး သင်္ကြန်တော်ကြီးကျင်းပကြောင်းသိရသည်။သို့သော် ၁၈၂၆စစ်ပွဲပြီးစက အင်္ဂလိပ်တို့ တနင်္သာရီနယ်များနှင့်သံလွင်မြစ်ဝအထိ သိမ်းပိုက်ပြီးချိန်မှစ၍ ခေါင်းဆေးကျွန်းမှ ရေကိုမသယ်ယူတော့ပဲ ဧရာဝတီမြစ်ရေဖြင့်သာ အစားထိုးခဲ့သည်။

မြန်မာတို့၏ နှစ်သစ်ကူးချိန်အခါ အခြားလိုလားဖွယ်ရာ အကြောင်းအရာများစွာအနက် သင်္ကြန်တွင်းအလှူ အတန်းပေးခြင်းလည်း အပါအဝင်ဖြစ်သည်။ကျေးလက်တောရွာများတွင် သူတို့အိမ်မျကို ဟာလာဟင်းလင်း ဖွင့်ထားခဲ့ကြပြီး လမ်းပေါ်လျှောက်သွားသမျှ လူများကို ရိုးရာ အစားအသောက်မျိုးစုံတည်ခင်းဧည့်ခံကျွေးမွေးကာ စတုဒီသာအလှူ ပေးကြလေ့ရှိ၏။

နှစ်သစ်ကူးပွဲတော်နောက်ဆုံးနေ့ မွန်းတည့်ချိန်တွင်သိကြားမင်း လူ့ပြည်မှနတ်ဘုံသို့ ပြန်တက်ခြင်း အထိမ်းအမှတ်အဖြစ် နန်းတော်တွင်းမှ အမြှောက်ပစ်ဖေါက်သည်နှင့် တပြိုင်နက် ရေပွဲသဘင်မှာလည်းပြီးဆုံးခြင်းရောက်လေသည်။

ရေပြွတ်ရေခွက်တို့ကိုနောက်နှစ်အတွက်သိမ်းကာ အဝတ်စိုများခြောက်သွေ့ရန်နေပူလှမ်းကြသည်။ ထိုနောက်မှ လာမည့်နှစ်အတွင်း ပုဏ္ဏားတို့ဟောကိန်းထုတ်ထာသည်များ မှန်မမှန်ကို စောင့်ကြည့်နေကြရန်သာ ရှိလေတော့သည်။

စာကိုး။

Sir Jame Gorge Scott’ ‘BURMA’ တင်ထွေးမြန်မာပြန် ” ရွှေရိုး၏ ဗမာ”စာအုပ်မှ ကောက် နှုတ်ဖော်ပြပါသည်။ Phoe K

CRDဆရာကိုဖိုးကျော်#နော်ဂဲလယ်ထူး(စာပေပရဟိတ)

#MyanmarBooks

Likes:
0 0
Views:
591
Article Tags:
Article Categories:
HistoryKNOWLEDGE

Leave a Reply

Your email address will not be published. Required fields are marked *