ရွှေဘိုသနပ်ခါး ခေါ် ရန်ကုန်သူ (အဆိုတော် ဒေါ်မန္တလာမြင့် )

ရွှေဘို သနပ်ခါးတုံးများ ရန်ကုန်သူလိမ်းဖို့ယူ …ဘယ်လိုအသားမည်းမည်း ဝါ၀ါ ညက်ညက် ဖြူ …ပုဇွန်တောင် ကြည့်မြင်တိုင် သူနဲ့ မန္တလေးမြို့ တော်သူ …ရွှေဘိုသနပ်ခါးလိမ်းကြ ရင်ဖြင့်စိမ်းစိမ်း ညက်ညက်ဖြူဖြူ …ကြံကြံဖန်ဖန် ရန်ကုန်သူ မန္တလာမြင့်တုိ့ရန်ကုန်သူ ….မန္တလေးသွားတော့ အသားမည်း ပြန်သတဲ့ဆူ ။…ဆိုတဲ့ရွှေဘိုသနပ်ခါး ( ရန်ကုန်သူ)သီချင်း ကိုကြားဖူးကြတဲ့သူတွေများမယ်ထင်ပါတယ် ။

အဲဒီလို စစ်ကြိုခေတ်ကပေါ် ပေါက်ခဲ့တဲ့သီချင်း တပုဒ် ကို ဒီ ဘက်ခေတ်လူငယ် နားထဲအထိ် စွဲအောင်သီ ဆိုနိုင်ခဲ့ တဲ့ အဆိုတော် ဒေါ်မန္တလာမြင့် ကိုရော တေးရေးဆရာနန်းတော်ရှေ့ ဆရာတင် ကိုပါချီးကျူးလေးစာမိပါတယ် ။ဒါပေမယ့် ကျတော်ခပ်ငယ်ငယ်က ခေတ်ဟောင်း သီချင်း စာအုပ်မှာပါတဲ့ ရွှေဘို သနပ်ခါးသီချင်းဆိုရှင် ဒ်ါမန္တလာမြင့် ရဲ့ (ကွယ်လွန်ခါနီး ပုံဖြစ်မယ်ထင်ပါတယ် ) ပုံကိုမြင်ရတာအတော်စိတ်မကောင်း ဖြစ်ခဲ့ ရပါတယ် ။

အဲဒီပုံထဲမှာအဆိုတော်ကြီးဟာ ကတုံးတုံးထား ပြီးမျက်မမြင်တယောက်ရဲ့လောကဒါဏ်အထုထောင်း ကို ကောင်းကောင်းကြီးခံထားရတဲ့ပုံပါ ။ အခုကျတော်တင်ထားတဲ့ ပုံကအများကြီးတော်ပါသေးတယ် ။ သူ့ရဲ နာမည်ရင်းကတော့ မလှငွေပါတဲ့ ။ ငယ်ငယ်ကသူငယ်နာရောဂါကြောင့် မျက်စိကွယ်ခဲ့ရတယ်လို့ ဆိုပါတယ် ။

အစ်ကို ဖြစ်သူကစောက်ရှောက်ထားပြီး မျက်စိမမြင်ပေမယ့် အဆိုကောင်း ၊အသံကောင်း တဲ့ မလှငွေ ကို မန္တလေးရှိုးတိုက်ခွဲမန်နေဂျာက ကိုလံဘီယာဓာတ်ပြားကုပ္ပဏီ ရဲ့ပင်တိုင် အဆိုရှင် အဖြစ် ရွေးချယ် ခေါ်ယူလို့ အဆိုတော် ဖြစ်ခဲ့ ပါတယ် ။ အဆိုတော်ဖြစ်တဲ့အချိန်မှာ မန္တလေးသူဖြစ်တဲ့မလှငွေကိုမန္တလာမြင့်လို့ အမည်ပေးခဲ့ပါတယ် ။

ဓာတ်ပြားသွင်းခဲ့တဲ့သီချင်းပေါင်း ၂၀ ကျော်တယ်လို့ ဆိုပါတယ် ။ အဲဒီထဲမှာမှဒီဘက်ခေတ်အထိလူသိများတဲ့ သီချင်းကတော့ အားလုံးသိကြတဲ့အတိုင်းရွှေဘိုသနပ်ခါး ခေါ် ရန်ကုန်သူသီချင်းပါ ။ အဆိုတော်မန္တလာမြင့် အကြောင်းရေးထားတဲ့ စာတွေဖတ်ရခဲပါတယ် ။ ကျတော်ဖတ်ခဲ့ရတဲ့ ဒေါ်မန္တလာမြင့်ကကြောင်းကတော့စိတ်မကောင်းစရာချည်းပါဘဲ ။

စာရေးသူအားလုံးကတော့ဆိုတော်ကြီးရဲ့ အကြောင်း ကိုစကားလုံးလှလှလေးတွေနဲ့ ချောအောင်ရေးတတ်ကြပါတယ် ။သူတို့ရေခဲ့သမျှစာတွေကိုရိုးရိုးရှင်းရှင်းခံစားကြည့်ရင် …အဆိုတော်ကြီးဟာ စစ်ကြီးဖြစ်တော့ မန္တလေး ကို ပြန်လာခဲ့ရပြီးတူမတွေနဲ့အတူနေ၇တယ် ။ တူမတွေကစီးပွားရေးအဆင်မပြေတော့သူကိုယ်တိုင်၀မ်းရေး အတွက် သူ့ပင်ကိုယ် အသံကိုအရင်းပြုပြီးကြေးစည်တလက်နဲ့ မန္တလေးမြို့ လေးပြင်လေးရပ်ကိုလှည့်ပတ်ဘုရားစာရွတ်ပြီးအလှူခံထွက်တယ် ။

အဲဒီလိုလှည့်လည်သွားလာနေတာ အသက် 60 ကျော်အထိဘဲတဲ့ ။ နောက်ဆုံးအဲဒီလို လှည့်ပတ်ပြီး ပိုက်ဆံမရှာနိုင်တဲ့အချိန်မှာတော့မဟာမုနိဘုရားကြီး မှာအတည်တကျ အဖြစ်နဲ့အလှူခံနေခဲ့တာ သူ့ဘ၀နောက်ဆုံးအချိန်ထိဘဲ .လို့ ကိုယ်တွေ့မြင်ခဲ့ရသူများရဲ့ပြောပြချက်အရသိရှိရပါတယ် ။

တချိန်ကနာမည်ကြီး အဆိုတော် တစ်ယောက်ဖြစ်ပြီး ၀မ်းစာရေးအတွက် မြို့ပတ် လှည့်လည်သွားလာနေရတဲ့ မျက်မမြင်အဘွားကြီးတယောက်ရဲ့ ဘ၀အကြောင်းကိုကျတော်ဖြင့်သူ့ရဲ့ ရွှေဘိုသနပ်ခါးသီချင်း ကိုကြားရတဲ့ အခါတိုင်းမှာစိတ်မကောင်းဖြစ်မိတာရော ၊ ယူကျုံးမရ ဖြစ်မိတာရောပြန်ပြန်ခံစားရပါတယ် ။

လူတုဦလှရဲ့ထောင်တွင်းမှ ဇနီးနဲ့သားသမီးများထံပေးစာများ စာအုပ်မှာတော့ …တေးရေးဆရာ ကြီးမြို့မငြိမ်းကွယ်လွန်တာကို ထောင်ထဲ မှ ကြားသိရလို့ စိတ်မကောင်းဖြစ်ရတဲ့အကြောင်းနဲ့ မြန်မာလူမျိုးတွေ ရဲ့ အကျင့်ဟာ အသက်ရှင်နေတဲ့အချိန်မှာ အလေးထားရမှန်းမသိဘဲ သေသွားလို့ရှိရင်တော့ တသသလွမ်းနေတတ်တာတွေ အားမလိုအားမရဖြစ်မိတဲ့ အကြောင်းဇနီးသည်လူထုဒေါ်အမာဆီရေးထားတာဖတ်ခဲ့ ရဖူးပါတယ် ။

ဒါပေမယ့်လူထုဒေါ်အမာရေး တဲ့ မန္တလေးသူ မန္တလေးသားများ စာအုပ်မှာတော့ဒေါ်မန္တလာမြင့် အကြောင်းရေးထားတာကျတော်တို့ မဖတ်ခဲ့ရပါဘူး ။ဆရာမကြီးအနေနဲ့ စာမတတ်တဲ့ မျက်မမြင်နာမည်ကြီး အဆိုတော်တစ်ယောက်ကိုထူးခြားတဲ့ မန္တလေး သူတယောက်အဖြစ်ဂုဏ်ပြုသင့်တယ်လို့မယူဆခဲ့တာလား .. ရယ်လို့ ..ကျတော့ အနေနဲ့ အားမလိုအားမရဖြစ်နေမိတော့ တယ် ။

ကျွန်တော်စာဖတ်နဲတာလည်းဖြစ်ကောင်းဖြစ်နိုင်ပါတယ် ။ နောက်ပိုင်းမန္တလေး ကကျတော့်သူငယ်ချင်းတစ်ယောက် ပြောပြချက် အရဆို ရင် …တချို့မန်းလေးမြို့ပေါ် ကသူတွေတောင်မှ အဲဒီလို မြို့ ပတ် အလှူခံခဲ့တဲ့မလှငွေကိုမန္တလာမြင့် မှန်းတောင် မသိခဲ့ကြဘူးလို့ ၀မ်းနည်း စွာ ကြားသိခဲ့ရပါတယ် ။

Crd : : ကိုရန်​နောင်စိုး – ရ​နောင်(ဒွယ်)

Likes:
0 0
Views:
613
Article Tags:
Article Categories:
HistoryKNOWLEDGE

Leave a Reply

Your email address will not be published. Required fields are marked *