တောင်စဉ်ခုနှစ်ထပ် ကြားထဲမှ သီတာခုနှစ်တန်

နတ်ပြည် ၆ ထပ်ကိုအလည်သွားမယ်ဆိုရင်မြင်းမိုရ်တောင်ကိုမသိလို့မရဘူးဗျ။ ဘာလို့လဲဆိုတော့နတ်ပြည်တွေရဲ့ Location က မြင်းမိုရ်တောင်ကို အခြေပြုပြီး ဆွဲထားတာမလို့။ သူကအဓိက landmark ပေါ့ဗျာ။ ဆိုတော့ မြင်းမိုရ်တောင် ဘယ်မှာရှိလဲစပြောရမယ်။သူက မဟာသမုဒ္ဒရာကြီးရဲ့ အလယ်တည့်တည့်မှာရှိတယ်။

မဟာသမုဒ္ဒရာကြီးရဲ့အလယ်သမုဒ္ဒရာကြမ်းပြင်ကနေယူဇနာ ၁၆၈၀၀၀ အမြင့်ထိထိုးထွက်နေတဲ့တောင်ကြီးပေါ့ဗျာ။ (၁ ယူဇနာကို ၈မိုင် (သို့ ) ၁၂မိုင် လောက် ရှိလိမ့်မယ်)ဆိုတော့ မဟာသမုဒ္ဒရာကြီးက ၄ ပိုင်းကွဲသွားမယ်။မြင်းမိုရ်တောင်ရဲ့အရှေ့မှာသမုဒ္ဒရာ တစ်ခု၊အနောက်မှာ သမုဒ္ဒရာ တစ်ခု၊ တောင်နဲ့မြောက်မှာလည်းသမုဒ္ဒရာ တစ်ခုစီပေါ့။

သမုဒ္ဒရာကြီး ၄ စင်းဆိုတာဒါကိုပြောတာ။ အဲတော့မြင်းမိုရ်တောင်ကြီးက ပင်လယ်ရေမျက်နှာပြင်အောက်မှာယူဇနာ ၈၄၀၀၀ နဲ့ ပင်လယ်ရေမျက်နှာပြင်အထက်မှာယူဇနာ ၈၄၀၀၀ ရှိနေတဲ့သဘော‌ပေါ့။တကယ်တော့ မြင်းမိုရ်တောင်ကြီးက သမုဒ္ဒရာကြမ်းပြင်နဲ့အလုံးစုံထိစပ်နေတာတော့မဟုတ်ဘူး။ သူ့မှာ footing ၃ခုရှိတယ်။အဲဒီဖိုခနောင့်ဆိုင် ပုံစံ footing ၃ခု ပေါ်မှာတောင်ကြီးကဖြစ်တည်နေတဲ့သဘော။ ဆိုတော့တောင်အောက်မှာလှိုင်ခေါင်းကြီးလိုဖြစ်နေတာပေါ့။

အဲဒီ လှိုင်ခေါင်းကြီးထဲမှာ အသုရာနတ်တွေနေတယ်။အသုရာနတ်ဆိုတာဟိုးမြင်းမိုရ်တောင်ထိပ်က တာဝတိံသာ နတ်တွေနဲ့ အတူတူပဲတဲ့။ ကျမ်းဂန်အလိုအရ‌‌တော့ အသုရာနတ်တွေကတောင် တာဝတိံသာကိုအရင်ရောက်ခဲ့တာဆိုပဲ။ သူတို့ကရှကီဘဲတွေ ပေါ့ဗျာ။ တချိန်လုံး သောက်စားနေတာပေါ့။ တနေ့မှာသိကြားမင်းဦးဆောင်တဲ့ နတ် ၃၃ပါး ပါတဲ့အဖွဲ့တစ်ဖွဲ့ ကတာဝတိံသာကိုရောက်လာတယ်တဲ့။

အဲဒီမှာ ကိုယ်တော်ချောတွေက ရှကီသမားတို့ထုံးစံအတိုင်းသိကြားမင်းနဲ့ အဖွဲ့ကို ရေမီးအစုံနဲ့ လေထီးခုန်ပြီး ဧည့်ခံတာပေါ့ဗျာ။ဒါပေမယ့် သိကြားမင်းကဘုရားတရားသမား။ဆိုတော့ သူတို့အဖွဲ့ကတကယ်မသောက်ပဲသောက်ချင်ယောင် ဆောင်ကြတယ်တဲ့။ အဲဒီမှာ အသူရာ နတ်‌တွေ မူးပြဲကွဲပြီ ဆိုတော့မှ သူတို့ကိုမြင်းမိုရ်တောင်ထိပ်ကနေတောင်အောက်ကို ပစ်ချကြတယ် ဆိုပဲ။

အဲတာနဲ့ အသူရာနတ် တွေက မြင်းမိုရ်တောင်ရဲ့ footing ကျင်းထဲရောက်သွားတယ်ဆိုပါတော့။ထားတော့။ သူ‌တို့အကြောင်း နောက်မှ ဆက်ပြောမယ်။အဲတော့ မြင်းမိုရ်တောင်ကြီးက သူ့ချည်း ထီးထီးကြီး ရှိနေတာတော့မဟုတ်ဘူး။သူ့ဘေးမှာတောင်ခုနစ်လုံး ခြံရံထားတယ်။ အနီးဆုံး တောင်က ယုဂန္ဓုရ်တောင်။ သူ့နောက်မှာ ဤသရတောင်။

ပြီးတော့ကရဝိကတောင်၊ သုဒဿနတောင်၊ နေမိန္ဓရတောင်၊ဝိနတကတောင်၊ အသကဏ္ဏတောင်ဆိုပြီးအစဉ်လိုက် တောင်၇လုံး ခြံရံထားတယ်။ကျိုက်ထီးရိုးတောင်မကြီးကိုရောက်ဖို့တောင်တွေတစ်လုံးပြီး တစ်လုံးပတ်တက်ရသလိုပဲ‌‌ပေါ့။ ဒါပေမယ့်သူတို့ကမြင်းမိုရ်တောင်နဲ့ ကုန်းမြေချင်းထိစပ်နေကြတာ‌တော့မဟုတ်ဘူး။ အလယ်မှာမြစ်ကြီးတွေခြားနေတယ်တဲ့။အဲဒီ မြစ်တွေကို သီဒါလို့ခေါ်တယ်။ တောင်ခုနစ်လုံး ဆိုတော့သီဒါမြစ်လည်းခုနစ်စင်းပေါ့။

သီဒါ‌ရေခြား‌နေပါ‌စေဘာညာနဲ့သီချင်းတောင် ရှိတယ်လေ။ အဲတော့မြင်းမိုရ်တောင်ကို တက်ဖို့က ကုန်းလမ်းချည်းပဲ မဟုတ်တော့ဘူး။ အဝေးဆုံးအသကဏ္ဏ တောင်ကို အရင်သွား။သီဒါရေပြင်ကြီးကိုဖြတ်။ဝနတကတောင်ကို ရောက်။ သီဒါကိုထပ်ဖြတ်။ နေမိန္ဓရတောင်ကို ရောက်။ အဲလိုနဲ့တစ်တောင်ပြီး တစ်တောင်၊သီဒါတစ်စင်းပြီးတစင်းဖြတ်ပြီးမှ မြင်းမိုရ်တောင်တဝက်ကိုရောက်မယ်။ အနီးဆုံးယုဂန္ဓုရ်‌တောင်ကမြင်းမိုရ်တောင်ရဲ့တဝက်အမြင့်ရှိတာကိုး။

နောက်တစ်ခု ပြောရမှာက မြင်းမိုရ်တောင်မှာအာလိန် ၅ဆင့် ဆိုတာ ရှိတယ်။ စော်ဘွားကြီးကုန်းက အာလိန်ငါးဆင့်ကို ပြောတာမဟုတ်ဘူးနော်။ မြင့်မိုရ်တောင်ရဲ့ အာလိန်ငါးဆင့်။တောင်ပတ်လမ်းမှာရှိနေတဲ့ ဂိတ် ၅ခု ပေါ့ဗျာ။ ဟိုးအစမှာ ပြောခဲ့တဲ့တောင်အောက်ကို တွန်းချ ခံခဲ့ရတဲ့ အသုရာ နတ်တွေ ရှိတယ်မလား။ သူတို့ကဒီတိုင်း ငြိမ်နေတာမဟုတ်ဘူးဗျ။

အခွင့်အရေးရတိုင်းတာဝတိံသာကိုတက်ပြီးသိကြားမင်းနဲ့ စစ်ဖြစ်နေကြတာ။ ငါတို့အရက်သမားတွေရဲ့ သစ္စာကိုလှည့်ဖျားပြီးငါတို့နယ်ကို အပိုင်သိမ်းထားတဲ့သိကြားမင်း ဆိုပြီးတော့ပေါ့။သူတို့လည်းခုထိ ငြိမ်းချမ်းရေးမရသေးဘူး။အဲတာကြောင့်သိကြားမင်းကအသုရာ‌တွေ တာဝတိံသာတက်လာရင်ခုခံဖို့ဆိုပြီး အာလိန် ၅ဆင့် ဆိုတဲ့ဂိတ် ၅ခုကိုတောင်ပတ်လမ်းမှာအစောင့် သဘောမျိုးချထားတာ။အာလိန် ၅ဆင့်ရဲ့ အောက်ဆုံးအဆင့်က sea level မှာပဲ ရှိတယ်။

အဲတာနဂါးပြည်။ ဒုတိယ တဆင့်ကဂဠုန်တိုင်းပြည်။ တတိယ အဆင့်ကကုမ္ဘဏ်တိုင်းပြည်။ စတုတ္ထ အဆင့်က နတ်ဘီလူး တိုင်းပြည်။ ပဉ္စမအဆင့်က စတုမဟာရာဇ်နတ်မင်းကြီး ၄ပါးအုပ်စိုးတဲ့စတုမဟာရာဇ်နတ်ပြည်။အသူရာတွေစစ်ချီလာရင် နဂါး၊ ဂဠုန်၊ ကုမ္ဘဏ်၊ ယက္ခ၊ စတုမဟာရာဇ်နတ်တွေကိုအရင် ဖြတ်ပြီးမှတာဝတိံသာကိုရောက်နိုင်မယ်။ သိကြားမင်း မှာလည်းစစ်ရေး ဗြူဟာအပြည့်ရှိတယ်နော်။ကဲ မြင်းမိုရ်တောင်ကြီးတော့မျက်လုံးထဲနည်းနည်းပေါ်‌နေလောက်ပါပြီ။

အဲတော့ကျတော်တို့လူတွေကရောဘယ်နားမှာ နေနေကြတာလဲ လို့ မေးစရာရှိတယ်။ မြင်းမိုရ်တောင်ကြီးရဲ့ အရှေ့၊ အနောက်၊ တောင်၊ မြောက်မှာ သမုဒ္ဒရာ ၄စင်း ရှိတာသိတယ်နော်။ အပေါ်မှာ ပြောပြီးပြီ။ အဲဒီ သမုဒ္ဒရာတစ်စင်းစီမှာ ကျွန်းကြီးတစ်ခုစီရှိကြတယ်။ အရှေ့ကျွန်း၊ အနောက်ကျွန်း၊တောင်ကျွန်း၊ မြောက်ကျွန်းတဲ့။ကျတော်တို့က တောင်ကျွန်းမှာ ‌နေကြတာ။

အရှေ့ကျွန်းမှာလည်းလူတွေ ရှိသေးတယ်တဲ့။ သူတို့မျက်နှာကလထက်ဝက်ခြမ်းပုံ ရှိကြတယ်ဆိုပဲ။ကောင်းရောင်း ကောင်းဝယ် လုပ်စားပြီးအသက်မွေးကြတယ်တဲ့။ အနောက်ကျွန်းသား တွေရဲ့ မျက်နှာကအဝိုင်းပုံစံတဲ့။ သူတို့ကနွားလှည်းနဲ့ သွားလာ နေထိုင်ကြတဲ့လူမျိုးတွေတဲ့။ မြောက်ကျွန်းသူ၊ မြောက်ကျွန်းသားတွေကတော့ မျက်နှာကလေးထောင့် ပုံစံတဲ့။ သူတို့ဆီမှာ အလိုရှိရာ ရနိုင်တဲ့ပဒေသာပင်တွေ ပေါက်နေကြတယ်တဲ့။

မြောက်ကျွန်းသူတွေအရမ်းချောတယ်လို့တော့ ကြားဖူးတာပဲ။ ကျတော်တို့တောင်ကျွန်းကလူတွေကတော့မျက်နှာ သွယ်ကြတယ် တဲ့။ကဲ မြင်းမိုရ်တောင်ကြီးရဲ့ location ကိုတော့ပြောပြီးပြီ။ တကယ်ရှိလား၊ မရှိလားတော့ကိုယ့်ဘာသာကိုယ်သာ စဉ်းစားကြပေတော့။ သူက parallel universe မှာရှိနေတာလည်းဖြစ်နိုင်တာပဲ။

ဆိုတော့ နတ်ပြည် ၆ထပ် ထဲကအောက်ဆုံး စတုမဟာရာဇ်နတ်ပြည်က မြင်းမိုရ်တောင်ခြေ ကနေ မြင်းမိုရ်တောင်ရဲ့ တဝက်၊ ယုဂန္ဓိုရ်တောင်နဲ့ တတန်းထဲ အမြင့်အထိ ကျယ်ပြန့်တယ်။တာဝတိံသာ က မြင်းမိုရ်တောင်ထိပ်မှာ ရှိတယ်။

ကျန်တဲ့ နတ်ပြည် ၄ထပ်က မြင်းမိုရ်တောင်ရဲ့ အထက်လေထုထဲမှာ တစ်ထပ်ပြီးတစ်ထပ် အကွာအဝေးတစ်ခုစီခြားပြီးတည်ရှိနေကြတယ် တဲ့။ နောက်ရက်မှ တစ်ထပ်ချင်းစီ အလည်သွားကြတာပေါ့။ အပေါ်မှာတော့ မြင်းမိုရ်တောင်ကြီး ကိုမျက်လုံးထဲပေါ်လာသလို မြေပုံ ဆွဲထားတယ်။ နောက်မှ ဂူးဂဲလ်မြေပုံ ထဲ ထည့်ပေးတော့မယ်။

crd : Thura Kyaw

#myanmarbooks

Likes:
0 0
Views:
931
Article Tags:
Article Categories:
KNOWLEDGE

Leave a Reply

Your email address will not be published. Required fields are marked *