စိတ်နောက်သွားတဲ့ ကုန်းဘောင်မင်း

ကုန်းဘောင်မင်းဆက် ၈ ဆက်မြောက်မင်းဖြစ်သူ သာယာဝတီမင်း (ခေါ်)ကုန်းဘောင်မင်း (ခေါ်) ရွှေဘိုမင်း မှာ စိတ်နောက်သွားသောမင်းအဖြစ်ထင်ရှားသည်။ ငယ်မည်မှာ မောင်ခင်ဖြစ်သည်။ နောင်တော်ဘကြီးတော်မင်းကို ပုန်ကန်ပြီး ထီးနန်းရယူခဲ့ခြင်းဖြစ်သည်။ ပုန်ကန်ရခြင်းမှာ နောင်တော်သည် စိတ်မကျန်းမမာဖြစ်နေသည် က တစ်ကြောင်း ၊ နန်းတွင်းတွင် နန်းမတော်မယ်နု နှင့် မင်းသားကြီးမောင်အိုတို့က ချယ်လှယ်ခြင်သလိုချယ်လှယ်နေကြသည် က တစ်ကြောင်းကြောင့် ဖြစ်သည်။

သာယာဝတီမင်း၏ ပုန်ကန်မှုကိုဘကြီးတော်ကတပ်များစေလွှတ်၍ နှိမ်နှင်းစေခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ နောက်ဆုံးတွင် ဘကြီးတော်သည်ညီဖြစ်သူ သာယာဝတီမင်းအား ထီးနန်းလွှဲပေးလိုက်ရတော့သည်။ နောင်တော်အား ခမည်းတော်အရင်းကဲ့သို့ စောင့်ရှောက်ကာ စိတ်ချမ်းသာစွာနေစေသည်။

နန်းမတော်မယ်နုတို့ကိုလည်း မကွပ်မျက်ပဲအကျယ်ချုပ်နှင့်နေစေခဲ့သလို တူတော်ညောင်ရမ်းမင်းသား(စြင်္ကာမင်းသား) ကိုလည်းသားတော်ကြီးများနှင့် တန်းတူမင်းသားကြီးအဆင့်ပေးခဲ့သော်လည်း တစ်နှစ်ခန့်အကြာတွင် ပုန်ကန်ရန်ကြံစည်သည်ဟုဆိုကာ ရေချကွပ်မျက်သည်။

သုံးနှစ်ခန့်အကြာတွင် မယ်နုက ထောင်တွင်းမှ အစ်ကိုဖြစ်သူ၏ အပေါင်းအပါများနှင့် နန်းလုရန်ရည်ရွယ်ချက်ဖြင့် ကြံစည်ဆက်သွယ်သဖြင့် မယ်နုအား ရေချပြီး မောင်အိုနှင့် အပေါင်းအပါများကို ထောင်တွင်းတွင်ပင် ကွပ်မျက်ခဲ့သည်။ ထိုအထဲတွင် အစပထမက မြဝတီမင်းကြီးဦးစလည်း ပါခဲ့ပြီး ဘုန်းတော်ဘွဲ့အရေးကောင်း၍သာ လွတ်မြောက်ခဲ့ခြင်းဖြစ်သည်။ နေပြည်တော်ကိုလည်း အမရပူရသို့ ပြောင်းရွှေ့ခဲ့သည်။

နန်းတက်စတွင် တိုင်းပြည်အားတည်ငြိမ်အောင် အုပ်ချုပ်နိုင်ခဲ့သူဖြစ်သည်။ အင်္ဂလိပ်တို့ကိုလည်း ပြင်းပြင်းထန်ထန်တုန့်ပြန်တတ်သည်။ သို့သော်နောက်ပိုင်းတွင် စိတ်မမှန်တော့။ ၁၈၄၄ခုနှစ်မှ စ၍ သွေးပျက်သလိုဖြစ်လာသည်။ အိပ်တတ်၍မပျော် ၊ ပွဲတော်တည်ပြီးလျှင် လက်ဆေးရန် မေ့လျော့လာသည်။ အစားအသောက်နည်းလာသည် ။ အမြဲပြုံးယောင်ပြုနေတတ်ပြီး လှံတိုတစ်ချောင်းကိုင်ကာ အဆောင်များကူးနေတတ်သည်။

လူတွေ့လျှင် ဟဲ့ မောက်လုံးလား ၊ မောက်ပြားလား ဟု မေးတတ်သည်။ ရိုသေစွာ ဒူးတုပ်၍ အလိုက်သင့်ဖြေရသည်။ ပြေးပေါက်ကိုလည်း ကြိုရှာထားရသည်။ ဆေးဝါး မန္တရားဆောင်ထား၍ ရှိန်းဆာယာပိုမောက်လျှက် ကိုယ်ပျောက်နေပြီဟု ကြွားပြောတတ်သည်။ တောင်ရှည်ဝတ်လဲတော်ကို ခေါင်းမြီးခြုံပြီးတိုင်ကွယ်တွင် ဝင်ပုန်းနေသော သာယာဝတီမင်းကို မိဖုရားမမြလေးက ကိုယ်ပျောက်နေ၍ မမြင်ရပါဟု ညာပြောရသည်။

လမ်းသွားလျှင် ဖြောင့်ဖြောင့် မကြွ ၊ ခုန်သည် ၊ ပျံသည် ၊ လွှားသည်။ ထီးတော်မိုးမှာ နေလုံအောင် ဖြောင့်ဖြောင့်မမိုးနိုင် ။ နေလုံအောင်မမိုးရကောင်းလားဟု အပြစ်တင်ကာ ထီးတော်မိုးတစ်ယောက်ကို ကိုယ်တိုင်ကွပ်မျက်ခဲ့သည်။ နောက်ထီးတော်မိုးများမှာ မင်းတရားကြီးကိုယ်ပျောက်နေသည် ဟု ဆိုကာ ရှာဖွေနေသည့်ပုံ ပြရသည်။

ထိုအခါမှ သာယာဝတီမင်းက ‘မြင်စေ’ ဟု ဆိုမှ ထီးကိုနေသားတကျ ပြန်ဆောင်းရသည်။ တစ်ခါတွင် အိမ်သာသို့သွားခိုက် မိန်းမစိုး နှစ်ယောက်ကို ကိုယ်တိုင်ဓားဖြင့် မွှန်းသတ်သည်။ သေဟန်ဆောင်၍တစ်ဦးလွတ်မြောက်သွားသည်။

မင်းတရားကြီး သွက်သွက်လည်နေအောင် စိတ်နောက်နေပြီဖြစ်ကြောင်း ‘တောင်အင်းစား’ ဆိုသူက လွှတ်တော်ဝန်ကြီးများအား သတင်းပေးသည့်အခါ လွှတ်တော်မတက်ဝံ့တော့သော ဝန်ကြီးများက သားတော် ပုဂံမင်းလက်သို့ အုပ်ချုပ်ရေးအာဏာကို လွှဲပေးလိုက်ရတော့သည်။

ကိုးကား : မြန်မာ့သမိုင်းထဲက အထင်ကရ ဇာတ်ကောင်များ – မောင်ကြည်သန့်

မြန်မာ့စွယ်စုံကျမ်း

Likes:
0 0
Views:
802
Article Tags:
Article Categories:
HistoryKNOWLEDGE

Leave a Reply

Your email address will not be published. Required fields are marked *