မြန်မာတိုင်းရင်းသားဘာသာစကားများတွင် မြန်မာဘာသာနှင့် အနီးစပ်ဆုံးမှာ ရခိုင်ဘာသာစကားဖြစ်သည်။ဘာသာဗေဒပညာရှင်များက ရခိုင်ဘာသာစကားကို သီခြားဘာသာစကားအဖြစ် မသတ်မှတ်ဘဲ မြန်မာစကား၏ ဒေသိယစကားတစ်ခုအဖြစ်သတ်မှတ်သည်။ရခိုင်ဘာသာစကားတွင် ရှေးသုံးမြန်မာဝေါဟာရအများအပြားရှိနေသည့်အတွက် ရခိုင်ဘာသာစကားကို ရှေးမြန်မာစကားဖြစ်နိုင်သည်ဟုလည်း ယူဆကြသည်။
မြန်မာဒေသိယစကားများ တောင်ရိုး၊အင်းသား၊မြိတ်၊ရခိုင်၊ဓနု၊ထားဝယ်စကားတို့သည် မြန်မာဘာသာစကား၏ဒေသိယစကားများဖြစ်ကြသည်။ဒေသိယစကားများကို လေ့လာခြင်းအားဖြင့် မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်လျက်ရှိသော တိုင်းရင်းသားလူမျိုးစုများသည် တစ်သွေးတည်း၊တစ်သားတည်း၊တစ်မိတည်း၊တစ်ဖတည်းမှဆင်းသက်လာသော ညီအစ်ကိုသွေးချင်းများသာဖြစ်ကြောင်းသိရှိလာနိုင်သည်။
ထို့ပြင် တိုင်းရင်းသားမိဘဘိုးဘွားတို့၏ ဘာသာစကားနှင့်စာပေယဉ်ကျေးမှုအမွေအနှစ်ကို ထိန်းသိမ်းစောင့်ရှောက်ရာရောက်ကြောင်း တွေ့နိုင်ပါသည်။အထူးသဖြင့် တိုင်းရင်းသားလူမျိုးများသည် ဘာသာစကားအားဖြင့် တစ်မျိုးတစ်နွယ်တည်းဖြစ်ပုံ၊ဆက်နွှယ်နေပုံတို့ကို ဒေသိယစကားလေ့လာခြင်းဖြင့် တွေ့မြင်နိုင်၍ တိုင်းရင်းသားချစ်ခင်စည်းလုံးမှု၊ညီညွတ်မှုစိတ်ဓာတ်များရှင်သန်တိုးပွားစေနိုင်ကြောင်းတွေ့ရှိရသည်။ဒေသိယစကားသည် ဘာသာစကားလေ့လာမှုနယ်ပယ်၌ အလွန်ထင်ရှားသောအစိတ်အပိုင်းဖြစ်သည်။
ဘာသာစကားတစ်ခုကို စနစ်တကျလေ့လာမည်ဆိုလျှင် ထိုဘာသာစကားနှင့်သမိုင်းကြောင်းအရရော၊ဘာသာစကားမျိုးရိုးအရရော၊ဘာသာ စကားဖွဲ့စည်းပုံအရပါ ဆက်နွှယ်နေရသော ဒေသိယစကားများကိုပါ မလွဲမသွေထည့်သွင်းလေ့လာရမည် ဖြစ်ပါသည်။ဘာသာစကားတစ်ခုတွင် ဒေသိယစကားအမြောက်အမြားရှိနိုင်သည်။
ယေဘုယျအားဖြင့် ဘာသာစကားတစ်ခု၌ အသံထွက်၊ဝေါဟာရကွဲပြားချက်များအပေါ်အကြောင်းခံ၍ ဒေသိယအစုကြီးများ၊ဒေသိယအစုငယ်များ၊ထိုမှ တစ်ဦးချင်းပြောဟန်များအထိ ခွဲခြားလေ့လာနိုင်သည်ဖြစ်ရာ ဒေသိယစကားများသည် လူမှုဆက်ဆံရေးနယ်ပယ်တွင် မည်မျှကျယ်ပြန့်စွာ နေရာယူထားနိုင်ကြောင်း တွေ့မြင်သုံးသပ်နိုင်ပေသည်။
အထူးသဖြင့် လူ့အဖွဲ့အစည်းနှင့် ဘာသာစကားကို ဒွန်တွဲလေ့လာရာတွင် ဒေသိယစကားလေ့လာမှုသည် အထူးအရေးပါသည်။ဒေသိယစကားလေ့လာခြင်းဖြင့် ဒေသလိုက်ကွဲပြားသော ဘာသာစကားများ၏သဘောသဘာ၀ကို သိမြင်နိုင်ရုံသာမက နိုင်ငံတွင်းရှိ ဒေသအလိုက်ကွဲပြားနေသော ပတ်၀န်ကျင်အနေအထား၊ဓလေ့ထုံးစံ၊အယူအဆ၊လူနေမှုဘ၀တို့ကိုပါ နားလည်ခွင့်ရစေသည်။
မြို့ပြနှင့်ဝေးကွာလေလေ၊ကျေးလက်ဒေသရှိ ဘာသာစကားတို့သည် ပိုမိုထူးခြားမှုရှိလေလေ ဖြစ်တတ်ပုံကို လေ့လာခြင်းဖြင့် ထိုပုဂ္ဂိုလ်၏နေရပ်ဒေသကို ယေဘုယျအားဖြင့် ခန့်မှန်းနိုင်သည်။ထိုဒေသ၏ ပထဝီ၀င်အနေအထားနှင့် ဒေသခံတို့၏ လူမှုပတ်၀န်းကျင်ကိုပါ ဒေသိယစကားက ထင်ဟပ်ပေးနိုင်သည်။
တစ်ဖန် ဒေသိယစကားတို့သည် တစ်ချိန်က တစ်မိတည်းသော ဘာသာစကားမျိုးရိုးကြီးမှ ဆင်းသက်ခဲ့ကြောင်းကို အထောက်အထားပြနိုင်သည်။သာဓကအားဖြင့် ပုဂံကျောက်စာများတွင်တွေ့ရသော လဆွဲသံတို့ကို မြန်မာနိုင်ငံမြောက်ဖျားရှိ လော်ဝေါ်တိုင်းရင်းသား ဒေသိယစကားနှင့် တောင်ဖျားရှိ ထား၀ယ်၊မြိတ်ဒေသိယစကားတို့တွင် မျက်မှောက်ခေတ်အထိ သုံးစွဲဆဲဖြစ်ကြောင်း နှိုင်းယှဉ်လေ့လာခြင်းဖြင့် အဆိုပါ လော်ဝေါ်၊ဗမာ၊ထား၀ယ်၊မြိတ်တို့သည် တစ်ပါးတည်းသော ဘာသာစကားမှဆင်းသက်လာကြောင်း သာဓကပြနိုင်သည်။
ဤသို့အားဖြင့် ဒေသိယစကားလေ့လာခြင်းသည် အထွေထွေဘာသာစကားဆိုင်ရာ အချက်အလက်များကိုစုစည်းပေးနိုင်ပြီး မြို့ရွာအချင်းချင်း၊လူမျိုးစုအချင်းချင်းစည်းလုံးချစ်ကြည်နိုင်ခြင်း စသောအကျိုးကျေးဇူးများကို ရရှိနိုင်သည်။
#ကိုးကား တက္ကသိုလ်ပထမနှစ်သင်ရိုး#မြန်မာ့ရေးရာစာအုပ်မှ#ရန်ကုန်တက္ကသိုလ်မြန်မာစာဌာန၏မူပိုင်ဖြစ်သည်။