ဗုံကြီးသံ

ဗုံကြီးသံအကြောင်း နှောင်းလူတို့ သိကြစေရန် ဤနေရာမှ ရေးသားပါဦးမည်။ဗုံကြီးတီးဝိုင်းတွင် အခြားတီးဝိုင်းများကဲ့သို့ တူရိယာများများမပါချေ။ လင်းကွင်းတစ်စုံနှင့်ဗုံကြီး(၂)လုံးသာပါရှိ၏။ထို့ကြောင့် ဗုံကြီးဝိုင်းတစ်ခုတွင် လူအနည်းဆုံးသုံးယောက်ရှိလျင် ဗုံကြီးတီး၍ရပေပြီ။ သို့သော် ဗုံကြီးများမှာလည်ပင်း၌ လွယ်၍ တီးရသဖြင့် လေးလံလှသောကြောင့် လူစားလဲ၍ တီးရလေ၏။ဗုံကြီးဝိုင်းတစ်ခု၏ အဓိကပုဂ္ဂိုလ်မှာလင်ကွင်းတီးသည့်သူပင်ဖြစ်သည်။

သူ့ကိုဗုံမင်းသားဟုခေါ်သည်။ ဗုံမင်းသားမှာဗုံကြီးသီချင်းများကိုသီဆိုယင်းလင်ကွင်းနှစ်ချပ်ကိုစည်းချက်ကျကျ တီးခတ်ပေးရသည်။ သူ၏လင်ကွင်းသံဆုံးမှ ဗုံကြီးတီးသူနှစ်ဦးကဗုံကြီးကို ပြိုင်တူတီးခတ် ကြရသည်။ထိုသို့ပြိုင်တူတီးကြသောအခါလက်ကျညီရပြီးဗုံသံမှာလည်းတစ်သံတည်းသာထွက်ရသည်။ဗုံကြီးကိုယမနေသားဖြင့် ပြုလုပ်ကြသည်။ယမနေသားမှာခိုင်ခန့်ပေါ့ပါးသဖြင့် လည်ပင်းတွင်အချိန်အတော်ကြာလွယ်ပြီးတီခတ်နိုင်သည်။

ယမနေသားကိုသာအသုံးပြုကြကြောင်းကို ၄င်းတို့၏ ဗုံကြီးသံများတွင် ထည့်သွင်း၍ သီဆိုထားသည်ကိုတွေ့နိုင်သည်။ယမနေပင်ရွှေနှစ်ရယ်နဲ့ ထိုးလေးသစ် ကျုပ်တို့ဗုံကျုပ်တို့ဗုံတည်ကတည်းရယ်ကနတ်ခြောက်ရွာဝတိ ံထဲမိုးသံနဲ့တွဲ။ဗုံကြီးတစ်လုံးဆီတွင် အဖိုဘက် အမဘက်ဟူ၍ ရှိသည်။ ထိပ်ဝအနည်းငယ်ပို၍ ကျယ်သည့်ဘက်မှာအမဘက်ဖြစ်သည်။အဖိုဘက်မှာအဝအနည်းငယ်ကျဉ်းပြီးအတွင်းဘက်၌ အင်းကွက်များရေးထိုးထားသည်ကိုတွေ့ရသည်။ဗုံသားရေပြုလုပ်ရန်အတွက် နွားမတန်း နွားပျိုသားရေမှာအကောင်းဆုံးဟုဆိုသည်။

ထိုသားရေဖြင့် ထိပ်၀ကို ပိတ်ပြီးသားရေကြိုးများဖြင့် ဟိုဘက်ထိပ် သည်ဘက်ထိပ် ဆွဲ၍ချည်ရသည်။ ထိုသားရေကြိုးကိုဒရယ်ကြိုးဟုခေါ်သည်။ဗုံမင်းသား၏ လင်းကွင်းသံအဆုံး၌ ဗုံကြီးတီးသူနှစ်ယောက်သည် တစ်ဦးကိုတစ်ဦးအချက်ပေးသည့်အနေဖြင့် အဆိုပါဒရယ်ကြိုးကိုလက်ဖြင့်ဆွဲပြီးလွှတ်လိုက်ရသည်။ ထိုအခါ ဒရယ်ကြိုးမှာယမနေသားကိုရိုက်မိပြီး ဖြတ်ဟူ၍ အသံထွက်လာသည်။ပြီးမှ ဗုံကြီးကို ပြိုင်တူတီးကြရသည်။

ဗုံကြီးတစ်လုံးတွင် ဒရယ်ကြိုးကိုးဆယ်ထိပါရှိကြောင်းကိုလည်းဗုံမင်းသားကသူ၏ဗုံကြီးသီချင်းထဲတွင် ထည့်၍ ဆိုပြထားသေးသည်။ကိုးဆယ်ကျော်ဗျာဒရယ်ကြိုးတွေနဲ့မိုးထိအောင် မြည်ပါလှတယ်ဗျာနန်းမြေထိမွှေး။ဗုံကြီး၏ အရွယ်အစားမှာအဖိုဘက်တွင် ထိပ်ဝလုံးပါတ် ၄၄လက်မရှိပြီး အချင်း ၁၄လက်မ၊ အရှည်၄၅လက်မ ရှိသည်။ အမဘက်တွင် လုံးပါတ် ၄၇လက်မ၊အချင်း၁၅လက်မ၊ အရှည်၄၅လက်မ အသီးသီးရှိသည်။

(ဇီးပေါက်ရွာမှ ဗုံကြီး၏အတိုင်းအတာဖြစ်သည်)။အထူမှာလက်မဝက်ခန့်ထူသည်။ဗုံကြီးကိုတီးလိုလျင် အိုးစည်ပတ်မများကဲ့သို့ဗုံစာကပ် ရသည်။ ဗုံကြီးနှစ်လုံးစာအတွက် ဆန် ၂ ပြည် တစ်ခွက်ချက် ကုန်သည်ဟုဆိုသည်။ ထမင်းကျက်လျင် ဖျာပေါ်၌ ပုံ၍ ဖုန်သဲမပါသော ပြာတစ်စိတ်နှင့် ထည့်၍ နယ်ရသည်။ညက်နေအောင် နယ်ပြီးပါကဗုံကြီး၏ အမဘက်ကိုအပြည့်ကပ်ရသည်။ ဗုံစာ၏ အထူမှာထိုအမမျက်နှာပြင်တွင် သုံးလေးလက်မကျော် ထူအောင်ကပ်ရသည်။

တုန်ခါမှု အားကောင်းပြီးဗုံသံကိုအဝေးသို့ ဟိန်းသွားစေရန် ဖြစ်သည်။ကျွန်ုပ်တို့ န၀မတန်း မြန်မာကဗျာစာအုပ်တွင် ပါရှိသည့်မောင့်ဗုံသံအစာကောင်းလို့ မောင်းသံလိုဟီဟူသောကဗျာမှာဤဗုံစာကိုရည်ညွှန်းခြင်းပင်။ ဤကဲ့သို့ အစာကောင်းပါကဗုံကြီးသံမှာလေးငါးမိုင်အကွာမှ တီးသံကိုမည်သည့်အသံချဲ့စက်၊မိုက်ခရိုဖုန်းမပါပဲ ကြည်လင်ပြတ်သားစွာ ကြားနိုင်ပေသည်။အဖိုဘက်ကားဗုံကြီးတီးသည့်ဘက်ဖြစ်သည်။ အဆိုပါ အဖိုဘက်တွင်ကားအိုးစည်ပတ်မများကဲ့သို့ ဗုံစာကိုအလယ်ခေါင်တွင်သာကပ်ရသည်။

ဗုံနှစ်လုံးအသံမတူစေရန် တစ်လုံးကိုဗုံစာမန်ကျည်းစေ့ခန့် လျှော့၍ ကပ်ရသည်။အဖိုသံနှင့်အမသံထွက်စေရန်ဖြစ်သည်။ များသောအားဖြင့် ဗုံစာကပ်သူမှာဗုံကြီးတစ်လုံးကိုတစ်ဦးထဲသာကပ်လေ့ရှိသည်။ အမဘက်တွင် ကပ်ထားသောဗုံစာအထူအပါးပေါ် မူတည်၍ အဖိုဘက်ကဗုံစာကိုညှိရသည်ဟုဆိုသည်။ ဗုံစာကပ်၍ပြီးလျင်ကားဗုံကြီးတီးရန် အသင့်ဖြစ်ပေသည်။ ဗုံကြီးတီးသူသည် ဗုံကြီးကိုလည်ဂုတ်ပေါ်တွင် ချိတ်ဆွဲပြီးဗုံကြီးကိုရင်ပတ်ရှေ၌ ဒိုးပတ်ကဲ့သို့ ထားရသည်။

ဒိုးပတ်မှာ နှစ်ဖက်စလုံးတီးရသော်လည်းဗုံကြီးမှာအဖိုဘက်တစ်ဖက် ထဲကိုသာတီးရသည်။ ဤကဲ့သို့ ဗုံကြီးကိုလွယ်၍ တီးရကြောင်ကိုလည်းဗုံမင်းသားကဤသို့ ဆိုပြန်သေးသည်။ဗုံရှည်ကိုကွယ် လွယ်ကာတီးပါလို့ချွေယိုစီးပေါ့ မင်းတို့မောင်မမောခင်ကွယ် ရေကြည်ကိုသာဆက်လှည့်ပါကွယ့်မပန်းခင်ကွယ် ရေကြည်ကိုသာဆက်လှည့်ပါကွယ့်ကညာပျို သူဇာအလှရယ် မင်းရှက်သလားဟုချစ်သူရည်းစားကိုရေကြည်တိုက်ဖို့ ရှက်နေသယောင် ရေးဖွဲ့သီကုံးထားသေးသည်။

ဗုံကြီးတီး၍ အချိန်ကြာလျှင် ဗုံစာခြောက်သွား၍ အသံပြောင်းသွားတတ်သည်။ ထိုအခါ ရေဖလားထဲသို့လက်နှိုက်၍ ဗုံစာပေါ်ကိုရေစွတ်လိုက်လျင် အသံမှာမူရင်းအသံသို့ ပြန်ရောက်လာသည်။ ဤသည်ကိုပတ်စာရေစာလိုက်သည်ဟုခေါ်ကြသည်။ဗုံမင်းသားမှာဗုံကြီးသီချင်းကိုသာမကဇာတ်ထုတ်ဇာတ်လမ်းများကိုလည်းခင်းကြသေးသည်။ ဗုံမင်းသားမှ တစ်ယောက်တည်းစာဟောဆရာကဲ့သို့ ပြောနေခြင်းသာ။ဗုံတီးသူများကရံဖန်ရံခါ လိုက်ထောက်ပေးရုံသာ။

မင်္ဂလာရွှေဗုံကြီးကိုတဲ့တီးရရယ်တဲ့ချေတော့မယ်လက်ဆယ်ဖြာပဏာသဦးချလျက်ပါတီးလေတော့မယ်ဗျ အိမ်ကြီးရှင်ရယ် နားဆင်ပါ့လေးနားဆင်ရင် ဘဝင်ခိုက်အောင် တီးလိုက်မယ်လေး။မင်္ဂလာအိမ်တော်တွင်းရယ်ကတီးရင်းရယ်နဲ့ဗုံကြီးသံ ကြားပြန်ရသေး။မင်္ဂလာမြို့တော်တရိုးအုပ်စိုးပါတဲ့ဘိုးတော်အရှင်နတ်နန်းရယ်စင်တော်က ကျုပ်တို့ဗုံ သည်တနေ့ကိုဗျာ ဝိုင်းစောင်မပါ။ဤကားဗုံကြီးစတီးလျင် သီဆိုလေ့ရှိသောဗုံသီချင်းများပင်။ ဗုံကြီးတီးနေချိန်တွင် ဗုံမင်းသားရောဗုံတီးသူတို့ပါ တစ်နေရာထဲတွင် ရပ်၍ မနေကြပေ။

တီးနေယင်းလှည့်ပတ်နေကြသည်။ ဗုံတီးသူနှစ်ယောက်မှာလည်းမင်းသားများကဲ့သို့ ခြေထိုး၍ ဗုံကြီးကိုဘယ်ညာရမ်းကာတီးယင်းကနေကြသည်မှာကြည့်၍ကောင်းလှပေသည်။ဗုံကြီးနှင့်ကောက်စိုက်သူမတို့မှာလည်းခွဲခြး၍မဖြစ်နိုင်ပေ။ကောက်စိုက်သူမတို့ကလယ်ထဲကောက်စိုက် နေလျင် ဗုံကြီးအဖွဲ့ကကန်စင်ရိုးသို့မဟုတ် အရိပ်ကောင်းရာမှ ဗုံကြီးတီး၍ ဖျော်ဖြေရသည်။ ကောက်စိုက်သူမတို့မှာလည်းကောက်စိုက်တေးကိုသံပြိုင်သီဆိုကြသည်။ တစ်ခါတစ်ရံတစ်ဖက်လယ်တောမှ ဗုံအဖွဲ့နှင့် အပြိုင် တီးကြရသည်။

ယနေ့အချိန်ထိ မြကန်သာရွာ၏ အနောက်မြောက်နားတွင် ဗုံသာတော၊ ဗုံရှုံးတောဟူ၍ အမည်တွင်၍ ကျန်နေသည့်တောများမှာအဆိုပါ ဗုံကြီးအပြိုင်တီးရာမှ နိုင်သည့်တောကိုဗုံသာတော ၊ရှုံးသည့်တောကို ဗုံရှုံးတောဟူ၍ ဘိုးစဉ်ဘောင်ဆက် ခေါ်လာခဲ့ကြခြင်းဖြစ်ကြောင်းသိရသည်။

ညနေကောက်စိုက်ရာမှ အပြန်တွင် ဗုံကြီးအဖွဲ့မှာရွာအဝင်ဝ၌ ဗုံစမ်းယင်းစောင့်နေခဲ့ရသည်။ ကောက်စိုက်သူမတို့မှာအိမ်ပြန် ရေချိုးထမင်းစားပြီးလျင် ဗုံအဖွဲ့စောင့်နေရာသို့ ပြန်လာပြီးကောက်စိုက်သူမတို့ကကောက်စိုက်သီးချင်းကိုဆိုပြီးဗုံအဖွဲ့ကဗုံကြီးသီချင်းကိုဆိုတီးယင်းလယ်ကြီးရှင်၏ အိမ်သို့ သွားကာအိမ်တက်ပွဲကျင်းပကြသည်။

ထိုအခါ လယ်ကြီးရှင်မှ ကွမ်း ၊ဆေးလိပ် ၊လက်ဘက် ၊မီးခြစ်ဘူးစသဖြင့် လက်ဆောင်များပေးသည်။ ပြီးလျင် ဗုံကြီးအဖွဲ့ ထမင်းစားနားသည်။ပြီးလျင် ည၁၁နာရီခန့်ထိလယ်ကြီးရှင်အိမ်၌ ဗုံကြီးကိုဆက်လက်သီဆိုတီးခတ်ကြသည်။ဗုံကြီသီချင်းများတွင် မိမိတို့၏ ရွာအမည်များကိုထည့်သွင်း၍ သီဆိုကြသေးသည်။ဗုံကြီးသည်ရယ်ဗျာဘယ်မြို့သားရယ်လို့အကိုများရယ်ကမေးကြတယ် ကုက္ကားပင်ကွယ်ဝေစီစီနဲ့ ရွှေမြို့တင် အမှီပြုတယ်ကွယ် မန်းရွှေမိသား။

ဤကားမရမ္မိဗုံကြီးသံပင်။သိုဆိုသော် တချိန်ကဆွမ်းလောင်းပွဲ ၊ ကောက်စိုက်ပွဲတို့တွင် မပါမဖြစ် ရှေ့တန်းမှ ပါဝင်ခဲ့သောဤဗုံကြီးသံသည်လည်းပျောက်ကွယ်သွားချေပြီ။ ယနေ့လူငယ်တိုမှာလည်းခေတ်ရေစီးဝယ် မျောပါကုန်သဖြင့် ဗုံကြီးသံကိုစိတ်မဝင်စားကြတော့ချေ။ ခေတ်ပေါ်ဂီတသံစဉ်များကြားဝယ် ဗုံကြီးသံသည်လည်းတိုးနိုင်ဖွယ်မရှိတော့ချေ။ မန္တလေးတွင်ကားဒေါ်မမနိုင် အစရှိသောသူများကြောင့် တိမ်မြုတ်နေသောရုပ်သေးကို ပြန်လည် အသက်သွင်းနိုင်ခဲ့ကြပြီ။

ကျွန်ုပ်တို့လည်းမိမိတို့ဒေသ၏ အမှတ်သညာတစ်ခုဖြစ်သောဗုံကြီးသံကိုရှေးဘိုးဘတို့၏ အမွေအနှစ်ကိုထိန်းသိမ်းသည့်အနေဖြင့်ပြန်လည်ရှင်သန်လာအောင် ကြိုးစာသင့်ပါကြောင်း။ဗုံညိုကိုကွယ် လွယ်ကာတီးမင်းမောင်ကြီးရယ်တဲ့မောလှပြီကျောလယ်မှာကွယ် ချွေးတွေလည်းကျပါပေါ့ဗုံညိုကိုအသာချတယ်ကွယ် နားကြစို့လေး။မောင့်ဗုံသံအစာကောင်းလို့မောင်းသံလိုဟီ ကိုးတန်းကဗျာတွင် ဗုံပွဲ ကဗျာသင်ရသည်။ “အစာ” ဆိုသော စကားလုံးပါသည်။ အမှန်တော့ ပတ်စာ ဖြစ်သည်။ ဗုံ၊ ပတ်လုံးတို့ကို အစာကျွေးသလို ပေးရလို့ ပတ်စာဟု ခေါ်ခြင်းဖြစ်သည်။ ပတ်စာရေစာ ဆိုတာ ရှိသေးသည်။

ပတ်စာ ကပ်ထားပြီး တော်တော်ကြာသည့်အခါ၊ လေအတိုက်များလို့၊ အပူရှိန်ရှိလို့ ပတ်စာ ခြောက်သွေ့လာသော အခါတွင် ရေဆွတ်ပေးရသည်။ ထိုဟာကို ရေစာဟုခေါ်သည်။ ဗုံခေါ်တဲ့ ပတ်လုံးလေးတွေကို နွားရေနဲ့ ပြုလုပ်ထားပြီး မျက်နှာပြင်းကို တင်းနေအောင် ကျက်ကာ အသံလှလှလေး မြည်ဖို့ ပြုလုပ်ရသည်။ သစ်စေးကို ပတ်လုံး၏ နှုတ်ခမ်းပေါ်လပတ်ပတ်လည် သုတ်ရသည်။ အလယ်မှာတော့ သစ်စေးကို ဝကွက်ပြီး သုတ်ထားသည်။

ထိုအပေါ်တွင် ပတ်စာကပ်ရသည်။ ပတ်စာကောင်းသောအခါတွင် ဗုံသံက မောင်းသံလို အသံထွက်ပေါ်လာတတ်သည်။ ဒါ့ကြောင့် “မောင့်ဗုံသံ အစာကောင်းလို့ မောင်းသံလို့ ဟီ” ဟု ဆိုခြင်းဖြစ်သည်။ ပတ်စာသည် ပတ်လုံးအတွက် မရှိမဖြစ် အလွန်အရေးကြီးသည်။ ပတ်လုံးကို အသံကောင်းစေသည်။ သံစဉ်များကို လိုအပ်သလို ညှိပေးနိုင်သည်။

ပတ်စာဖြစ်ရန် ပစ္စည်းတို့မှာ ထမင်းနှင့် ပြာ ဖြစ်သည်။ ထမင်းနှင့်ပြာကို ရောပြီး ကြိတ်တာ၊ နယ်တာ၊ ထိုးတာကို ပတ်စာထိုးတယ်ဟု ခေါ်သည်။ ထမင်း ဆိုရာတွင် ဆန်သစ်တို့၊ ဆန်စေးတို့ မရပေ။ ပတ်စာတော့ဖြစ်သည်။ သို့သော် ပတ်လုံးပေါ်ကပ်လို့မရပေ။

သိုးနေသော ထမင်းလည်းမရပေ။ ထမင်းသိုးဖြင့် ပတ်စာနယ်လျှင် ဗွက်ပေါက်သည်။ ထမင်းပူကိုလည်း ပတ်စာထိုးပါက ပတ်စာထန်နေတတ်သည်။ ငစိန်ဆန်ကတော့ ပတ်စာထိုးလို့ကောင်းသည်။ သို့သော် သိပ်ဟောင်းလွန်းရင် အစေးမရှိတော့၍ ပတ်စာမကောင်းနိုင်ပေ။ ပတ်စာထိုးဖို့ ပြာကိုလည်း ညောင်ပြာ၊ သန်းဒဟတ်ပြာ၊ မန်ကျည်းပြာ၊ ကောက်ရိုးပြာ တို့ကိုသုံးကြသည်။ ထိုပြာတို့ကို ရေမထိရပေ။ မီးဖိုကို ရေဖြင့်ငြိမ်းပြီး ရသောပြာဖြင့် ပတ်စာထိုးလို့မရပေ။

အကောင်းဆုံးပြာကတော့ မန်ကျည်းပွေးကို အိုးထဲထည့်ဖုတ်ပြီး ရလာသောပြာသည် အလွန်ကောင်းသော ပြာဖြစ်သည်။ ရလာသောပြာကို နေပူလှန်းပြီး ဒိုင်း(အမှုန့်ချသည့် ဆန်ခါတမျိုး)ဖြင့် ၂ခါ ၃ ခါ ဆင့်ယူရသည်။ ပေါင်ဒါမှုန့်လို နူးညံ့သောပြာကို ပတ်စာအဖြစ်သုံးသည်။ ပြာထဲတွင် သဲပါလို့မရပေ။ ကောက်ရိုးပြာကတော့ အရေးပေါ်ပြာဖြစ်သည်။

ပတ်စာထိုးရန် ပြာမကောင်းလျှင် ကောက်ရိုးကိုပြာချ ချက်ချင်းပတ်စာထိုးလို့ရသည်။ ယခုအခါတွင်တော့ ပတ်စာအတွက် ထမင်းနှင့်ပြာ နယ်စရာ မလိုတော့ပေ။ နိုင်လွန်ပတ်စာ ပေါ်လာပြီဖြစ်သည်။

ကိုးကား ရွာစားစိန်တင်ဟန်၏ မြန်မာတို့ဇာတ်ပွဲ#

CRDကိုနေမင်းငြိမ်းချမ်း(ဗိုလ်ချုပ်ရွာ)#

နော်ဂဲလယ်ထူး(စာပေပရဟိတ)

#Myanmarbooks

Likes:
0 0
Views:
434
Article Tags:
Article Categories:
HistoryKNOWLEDGE

Leave a Reply

Your email address will not be published. Required fields are marked *