မြန်မာ့သမိုင်းအတွက် သင်ခန်းစာယူစရာ မှတ်တမ်းဓာတ်ပုံ

မြန်မာ့သမိုင်းအတွက် သင်ခန်းစာယူစရာ မှတ်တမ်းဓာတ်ပုံ တစ်ပုံ

၁၈၈၅ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်နေ့တွင် မြန်မာဘုရင် သီပေါမင်းကို ဗြိတိသျှတို့ ဖမ်းဆီးသွားပြီးနောက် မန္တလေးမြို့သို့ ချီတက်ရောက်ရှှိလာသောဗြိတိသျှတပ်ဖွဲ့ အချို့သည် နန်းမြို့ရိုး၏ အနောက် မြောက်ဘက်တွင် တည်ရှှိနေသော ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းများတွင် စခန်းချခဲ့ကြသည်။ဤပုံသည် ၁၈၈၅ ခု၊ ဒီဇင်ဘာလ ၂၅ ရက်နေ့၊ ခရစ်စမတ် နေ့တွင် ရိုက်ကူးခဲ့သောဓာတ်ပုံဖြစ်ပါသည်။

သီပေါမင်း၏ မိဖုရားခေါင်ကြီးဖြစ်သော စုဘုရားလတ်လှူဒါန်းခဲ့သည့် အရှေ့မှန်ကျောင်း၏ အနောက်ဘက် ဘောဂဆောင်အနီးတွင် ဟမ့်ပ်ရှိုင်းယားတပ်ရင်းမှ ဗြိတိသျှစစ်သည်များ ခရစ်စမတ်နေ့ ဝတ်ပြုဆုတောင်းပွဲ ကျင်းပနေ သည်ကို ရိုက်ကူးထားသော ဓာတ်ပုံဖြစ်ပါသည်။

ဤဓာတ်ပုံကို ရိုက်ကူးခဲ့သော ဓာတ်ပုံဆရာ Willoughby Wallace Hooper ကဓာတ်ပုံမှတ်တမ်းနှင့် ပါတ် သက်၍ အောက်ပါအတိုင်း မှတ်ချက်ပြုရေးသား မှတ်တမ်းတင်ခဲ့ပါသည်။”ဤတပ်ရင်းသည်နန်းမြို့ရိုး၏အရှေ့မြောက်ဘက်ရှိ များပြားစွာသော ဘုန်းကြီးကျောင်းများ အနက်မှအချို့တွင်စခန်းချနေကြသည်။

ဤအဆောက်အအုံများသည် စစ်သည်များအတွက် အဓိက စစ်တန်းလျားများ ဖြစ်နေသည်။ ဗြိတိ သျှစစ်သည်များအနေဖြင့်မှန်များစီခြယ်ပြီး ရွှေပိန်းချထားခြင်းကြောင့် တညီးညီး ဝင်းထိန်နေသော ဤကဲ့သို့သော အဆောက်အအုံများတွင် စခန်းချဖူးမည်မဟုတ်ပေ။ ယနေ့ဝတ်ပြု ဆုတောင်းပွဲကို အခြားတနင်္ဂနွေ နံနက်ခင်း ဆုတောင်းဝတ်ပြုပွဲများကဲ့သို့ပင်ဤအဆောက်အအုံများ၏အပြင်ဘက် လဟာပြင်တွင် ကျင်းပသည်။

မည်သည့် အချိန်တွင် တပ်လှန့် အချက်ပေးသံကြားရမည်ကို မသိနိုင်သည့်အတွက် လက်နက်အပြည့်အစုံ တပ်ဆင် ကိုင်စွဲလျက် ပင် ကျင်းပကြသည်။ ဤအဆောက်အအုံများကိုကုသိုလ်ရရန် ရည်ရွယ်လျက် တည်ဆောက်ထားခြင်း ဖြစ်သည်။ တည်ဆောက် (လှူဒါန်း) ခဲ့သူများအနေဖြင့်တစ်နေ့နေ့၌ ဤနေရာများတွင်ဗြိတိသျှ စစ်သည်များက ခရစ် စမတ် ဓမ္မတေးများ သီဆိုကြလိမ့်မည်ဟု နည်းနည်းမှ တွေးမိခဲ့ကြမည်မဟုတ်ပေ။”

ဗြိတိသျှဓာတ်ပုံဆရာ၏ ပုံစာအညွှန်းကို သေချာစဉ်းစားကြည့်လျှင် သင်ခန်းစာယူစရာတွေအများကြီးတွေ့ မြင်နိုင်ပါသည်။ဗုဒ္ဓဘာသာ သံဃာတော်များသီတင်းသုံးနိုင်ရန် ရည်မှန်းလှူဒါန်းခဲ့သော အလှူရှင် မိဖုရားကြီး စုဖုရားလတ်သည်ကား ထိုအချိန်တွင်အိန္ဒိယပြည်မဒရပ်မြို့သို့ ရောက်ရှိနေပြီဖြစ်ပါသည်။

ထိုအချိန်တွင် ကိုယ်ဝန်အရင့် အမာဖြစ်နေသော မိဖုရားကြီးသည်ကား လတ်တလော အကျဉ်းစံဘဝရောက်နေသော အခြေအနေမှာ သူလှူဒါန်းခဲ့ သော ဘုန်းတော်ကြီးကျောင်းများ အကြောင်းကိုလည်း စဉ်းစားမိမည်လည်း မဟုတ်ပါပေ။ သူလှူဒါန်းခဲ့သောဤကျောင်းတော်ကြီးတွင်သူရွံ့မုန်းသောနယ်ချဲ့ရန်သူတပ်များ တစ်နေ့နေ့မှာတပ်စွဲလာမည် ဆိုသည်ကိုလည်း အလှူရှင်မိဖုရား ဘယ်တုန်းကမှစဉ်းစားခဲ့ဖူးမည် မဟုတ်ပါပေ။

လက်နက်ကိုင် အသင့်အနေအထားဖြင့် ဝတ်ပြုဆုတောင်းကြရသော ဗြိတိသျှစစ်သားများ၏ ဟန်ပန်တို့သည် လည်း ကျူးကျော်လာသည့် ကိုလိုနီနယ်ချဲ့တို့ကို တွန်းလှန်တိုက်ခိုက်နေသည့် မြန်မာ့တော်လှန်ရေး၏ အရှိန်အဟုန် မြင့်မားလာနေပုံကို ဖော်ညွှန်းလျက် ရှိနေပါသည်။ ဤကျောင်းတော်ကြီးသည် လက်ရှိိချိန်အထိ မန္တလေးမြို့ သာသနာ့ တက္ကသိုလ်ဝင်းကြီးထဲတွင် တည်ရှိနေ သည်ဟု သိရပါသည်။

စာရေးသူကတော့ မန္တလေးသို့ အကြိမ်ကြိမ်ရောက်ဖူးသော်လည်း ဤရှေးဟောင်း ကျောင်းတော်ကြီးရှိနေသေးသည်ကို ထိုစဉ်တုန်းက မသိသဖြင့် မရောက်ဖူးသေးပါသည်။

စုဖုရားလတ်၏ ဒုတိယကုသိုလ်ဖြစ်သော ရွှေကျောင်းတော်ကြီးသည်ကားဒုတိယကမ္ဘာစစ်အတွင်း တရုတ်တပ်များ မီးရှို့ဖျက်ဆီးခဲ့သဖြင့် ပျက်စီးဆုံးရှုံးသွားသော်လည်း ပထမကုသိုလ်ဖြစ်သည့် ဤမှန်ကျောင်းတော်ကြီးသည် ယခုထိ တည်ရှိနေသေးသဖြင့် မြန်မာ့ရှေးဟောင်းအမွေအနှစ်အဖြစ် ဂုဏ်ယူဖွယ်ကောင်းလှပါသည်။

ခင်မောင်တင့်(ကလော)၂၀၂၁ ခု၊ နိုဝင်ဘာလ(၄) ရက်

Likes:
0 0
Views:
985
Article Tags:
Article Categories:
HistoryKNOWLEDGE

Leave a Reply

Your email address will not be published. Required fields are marked *