ကျောက်မဲအကျဉ်းသား

၁၉၆၇ ခုနှစ်က ကျောက်မဲ၊ သီပေါတို့မှ ဒေသခံတိုင်းရင်းသားများ အထူးပါဝင်ကူညီခဲ့ကြသည့် စန္ဒာရုပ်ရှင်မှ ဝင်းဦးစီစဉ်ရိုက်ကူးသော ကျောက်မဲအကျဉ်းသား အမည်ရှိ အဖြူအမည်း အသံထွက်ရုပ်ရှင်ကားကြီးကို နောင်ချို၊ ကျောက်မဲ၊ သီပေါနယ်တစ်ဝိုက် အခြေခံ၍ လာရောက်ရိုက်ကူးခဲ့သည်။

ဤ ကျောက်မဲအကျဉ်းသားရုပ်ရှင်ကားကြီးတွင် မင်းသားဝင်းဦး (၂) ကိုယ်ခွဲ၊ မင်းသမီး ခင်သန်းနု၊ အောင်လွင်၊ ဖိုးပါကြီး၊ ဦးကျော်ဖေ၊ ခင်လေးဆွေ၊ စန်းစန်းဝင်းတို့ သရုပ်ဆောင်များစွာအပြင် ဒေသခံများစွာလည်း ဇာတ်ဝင်ခန်းများ၌ ပါဝင်ခဲ့ကြရသည်။စင်စစ်အားဖြင့် ကျောက်မဲအကျဉ်းသား ဇာတ်လမ်းမှာ စာရေးဆရာ ကြီးအန်ထော်နီဟုပ်၏ ဂန္ထဝင်မြောက်လက်ရာ ဇင်းဒါးအကျဉ်းသားဇာတ်လမ်းကို မှီငြမ်းပြုတုခဲ့ခြင်း ဖြစ်သည်။

ကျောက်မဲအကျဉ်းသားအပြင် ၁၉၂၅ ခုနှစ်တွင် ဒါရိုက်တာ ဦးတုတ် ကြီးက မင်းသားဘတင့်၊ မင်းသမီး ခင်ခင်နုတို့ ပါဝင်သော”မောင့်ဒေဝီ” အမည်ဖြင့် အဖြူအမည်း အသံတိတ်ရုပ်ရှင်ကိုလည်းကောင်း၊ ၁၉၄၁ ခုနှစ်တွင် ဗြိတိသျှဘားမားရုပ်ရှင်မှ ဒါရိုက်တာဆရာခန့်က ကျော်ညွန့်၊ ခင်ခင်တင့်၊ ချစ်တင်တို့ပါဝင်၍ “ဖူးစာနှစ်ခိုင်”အမည်ဖြင့် အဖြူအမည်းအသံတိတ်ရုပ်ရှင်ကိုလည်းကောင်း၊ ၁၉၅၆ ခုနှစ်တွင် ဗြိတိသျှဘားမားရုပ်ရှင်မှပင် ဒါရိုက်တာလှဦးက ကျော်ဆွေ၊ မေသစ်တို့ပါဝင်၍ “ဖူးဇာနှစ်ခိုင်”အမည်ဖြင့်ပင် ဖြူမည်းအသံထွက်ရုပ်ရှင်ကားကိုလည်းကောင်း ရိုက်ကူးခဲ့ကြသည်

။၁၉၆၉ ခုနှစ်တွင် စန္ဒာရုပ်ရှင်မှ ဒါရိုက်တာဝင်းဦးက ဝင်းဦး၊ ခင်သန်း နု၊ အောင်လွင်၊ ဖိုးပါကြီး၊ ဦးကျော်ဖေ၊ ခင်လေးဆွေ၊ စန်းစန်းဝင်းနှင့် သရုပ်ဆောင်များစွာ ပါဝင်သော ယခုကျောက်မဲအကျဉ်းသားအမည် ဖြင့် အဖြူအမည်းအသံထွက် ညရုပ်ရှင်ကားကိုလည်းကောင်း၊၁၉၈၃ ခုနှစ်တွင် ဒါရိုက်တာမောင်လှမျိုးက ညွန့်ဝင်း၊ ဆွေဇင်ထိုက်တို့ ပါဝင် သော ကျွန်တော့်မျက်နှာနှင့်လူအမည်ဖြင့် အဖြူအမည်းအသံထွက် ရုပ်ရှင်ဇာတ်ကားအဖြစ်လည်းကောင်း အသီးသီးရိုက်ကူးပြသခဲ့ကြသည်။

ထိုဇာတ်ကားအားလုံးမှာ အန်ထော်နီဟုပ်၏ ဂန္ထဝင်မြောက်လက်ရာဖြစ်သော ဇင်းဒါးအကျဉ်းသားဝတ္ထုကြီးမှ မြစ်ဖျားခံ၍ မှီငြမ်း ပြုတု ရိုက်ကူးခဲ့ကြောင်း သိရသည်။ယခု ကျောက်မဲအကျဉ်းသားရုပ်ရှင်ကားကြီးမှာမူ တမူထူးခြားစွာရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် ဇာတ်အိမ်တည်၍ ငွေကြေးနှင့်သရုပ် ဆောင်ပေါင်းများစွာသုံးပြီး ရိုက်ကူးခဲ့ခြင်းဖြစ်သည်။ နောင်ချိုမြို့နယ်မှ ကမ္ဘာကျော် ဂုတ်ထိပ် မီးရထားသံလမ်းတံတားလည်း ပါဝင်ခဲ့၏။

ဂုတ်ထိပ်တံတားကြီးပေါ်တွင် ဝင်းဦးနှင့် အောင်လွင်တို့၏ ဖိုက်တင်ချခန်း၊ မီးရထား ခုတ်မောင်းဖြတ်သန်းသွားခန်း၊ ဂုတ်ထိပ်ရထားလိုဏ်ဂူခန်းများ ပါဝင်သည်။ ကျောက်မဲမြို့အဝင်နှင့်မြို့တွင်းအလှအပများလည်း ပါဝင်ကြသည်။ ဦးအောင်လွင် လုယက်မောင်းနှင်ပြေးသွားသော ဝင်းဦး၏အမိုးဖွင့် ပြိုင်ကားအနီလေးပေါ်သို့ ဝင်းဦးက ကုန်ရထားတွဲခေါင်မိုးပေါ်မှ ခုန်ချ ၍ ပြန်ယူသည့် ဇာတ်ဝင်ခန်းရိုက်ကူးခဲ့ရာ သီပေါမြို့သို့မရောက်မီ မန္တလေး-လားရှိုး လမ်းမပေါ်မှ ပုံဖမ်းတံတား၊ ထိုပုံဖမ်းတံတား၏ အပေါ်က မန္တလေး-လားရှိုး အစုန်၊ အဆန်ရထားများဖြတ်သန်းပြီး အောက်မှ မော်တော်ယာဉ်များက အစုန်အဆန် ဖြတ်သန်းမောင်းနှင်သွားလာလျက် ရှိခဲ့ကြသည်။

၎င်းတံတားပေါ်မှ ခုတ်မောင်း ဖြတ်သန်းနေသည့် ကုန်ရထားခေါင်မိုးကနေ လိုက်ပါလာသော မင်းသားဝင်းဦးက တံတားအောက်မှ သူ့ကားပေါ်သို့ ခုန်ချခန်းရိုက်ကူးပြသခဲ့သည့်အတွက် ကားလောက ၌ နောင်အခါ ဝင်းဦးတံတားဟု အမည်တွင် သွားခဲ့လေသည်။ကျောက်မဲအကျဉ်းသား ရုပ်ရှင်ကားကြီးကို သီပေါမြို့နယ်မှ သမိုင်းဝင် ဘော်ကြိုဘုရား၊ သီပေါဟော်၊ စော်ဘွားလိမ္မော်ခြံ၊ ဒုဌဝတီမြစ်၊ နောင်ကော်ကြီးရေကန်နှင့် ဘိုတဲများတွင်လည်း ရိုက်ကူးခဲ့ကြသည်။

ရိုက်ကွင်းရိုက်ကွက်များမှာ ခိုင်ခံ့လှပပြီး ရှမ်းရိုးရာသီချင်းနှင့် သိုင်းအကလေးများလည်း ပါဝင်ခဲ့သည်။ နောင်ချို၊ ကျောက်မဲ၊ သီပေါမြို့နယ်တို့မှ သဘာဝတောတောင်ရှုခင်းအလှများ၊ သဘာဝစိမ့်စမ်း၊ မြစ်ချောင်းများနှင့် လိမ္မော်ခြံများကိုလည်း စုံလင်စွာ ထည့်သွင်းရိုက်ကူးနိုင်ခဲ့သည်။ ဒေသခံသရုပ်ဆောင်များအတွက် ကုမ္ပဏီက နေ့တွက်နှင့် စားစရာပေးသော်လည်း အများစုကား စေတနာဖြင့် ပါဝင်ကူညီကြခြင်းသာ ဖြစ်ကြသည်။

ရိုးသားပြီး ရုပ်ရှင်ဝါသနာလည်းပါကြသည့် တိုင်းရင်းသားများဖြစ်၍ ဒေသအလှအပများနှင့် ရှမ်းပြည်နောက်ခံ ဇာတ်လမ်းမို့ ပိုမိုစိတ်အားထက်သန်စွာ ကူညီပံ့ပိုးပေးခဲ့ကြသည်။၁၉၆၉ ခုနှစ်တွင် ရုံတင်ပြသသောအခါ အထူးအောင်မြင်သည့် ရုပ်ရှင်ကားကြီးတစ်ကား ဖြစ်ခဲ့သည်။ တောင်ပေါ်မြေပြန့်ရုပ်ရှင်ပရိသတ်များ နှစ်ခြိုက်စွာလက်ခံအားပေးမှုရရှိခဲ့သော ရှမ်းပြည်နယ်(မြောက်ပိုင်း)၏ ယဉ်ကျေးမှု အလှအပတို့ ထုံမွမ်း ထားသည့် ကျောက်မဲအကျဉ်းသား ရုပ်ရှင်ကားကြီး အကြောင်း တစေ့တစောင်းပြန်ပြောင်း၍ ဖော်ပြရေးသားလိုက်ရပါသည်။Ref :ကြေးမုံသတင်းစာပါ_သီပေါကိုလတ်ရေးသားသည့်_ကျောက်မဲအကျဉ်းသား_ဝင်းဦးတံတား ဆောင်းပါးမှ ကူးယူကောက်နုတ်ဖော်ပြပါသည်။

ကျောက်မဲအကျဉ်းသား ရုပ်ရှင်ဇာတ်ကားကြီး Video

#winhlaingoo

by ZayarMinKhaing

Likes:
0 0
Views:
813
Article Tags:
Article Categories:
HistoryKNOWLEDGE

Leave a Reply

Your email address will not be published. Required fields are marked *