ဗြိတိသျှခေတ် ကယားပြည်နယ်(ကရင်နီနယ်) အခြေအနေ ကယားပြည်နယ်ကို ယခင်က ကရင်နီနယ်ဟု ခေါ်ဆိုခဲ့ပါသည်။ ကရင်နီနယ်များကို အုပ်ချုပ်သော နယ်အကြီး အကဲများကို စောဖျာဟု လည်းကောင်း စော်ဘွားဟု လည်းကောင်း ခေါ်ခဲ့ကြသည်။ ထို့ပြင် မြန်မာမင်းလက်ထက်တွင် မြို့စား၊ နယ်အကြီးအကဲ ၊ ရွာအုပ် စသည်ဖြင့်ခေါ်ဝေါ် သုံးနှုန်းခဲ့ကြပါသည်။
ဗြိတိသျှတို့ မသိမ်းပိုက်မီကတည်းက ကရင်နီနယ်ကို အရှေ့ကရင်နီနယ်နှင့် အနောက်ကရင်နီနယ်ဟူ၍ ခွဲခြား ခေါ်ဝေါ်ခဲ့ပါသည်။ အရှေ့ကရင်နီနယ်ဆိုသည်မှာ ကန္တာရဝတီနယ်ကို ဆိုလိုပြီး အနောက်ကရင်နီနယ်တွင်မူ နယ်လေး နယ် ပါဝင်ပါသည်။ ၎င်းတို့မှာ ကြယ်ဘိုးကြီးနယ်၊ ဘော်လခဲနယ်၊ နောင်ပုလဲနယ်နှင့် နမ့်မယ်ခုံနယ် တို့ဖြစ်ကြပါသည်။
စုစုပေါင်းနယ် ၅ နယ်အနက် ကန္တာရဝတီနယ်သည် အကြီးဆုံးဖြစ်ပြီး ကျန်သော နယ်လေးနယ်ပေါင်းထက် ဧရိယာ ပိုကြီးမားပါသည်။ နယ်ငယ် လေးများဖြစ်သော နောင်ပုလဲနှင့် နမ့်မယ်ခုံတို့ကို နောက်ပိုင်းတွင် နယ်ကြီးများနှင့် ပေါင်း စည်းလိုက်ပါသည်။ ထို့ကြောင့် နယ်ကြီး သုံးနယ်သာ ကျန်ပါတော့သည်။ ယင်းတို့မှာ ကန္တာရဝတီနယ်၊ ဘော်လခဲနယ် နှင့် ကြယ် ဘိုးကြီးနယ်တို့ဖြစ်ပါသည်။
ဒုတိယ အင်္ဂလိပ်မြန်မာ စစ်ပွဲပြီးချိန်တွင် ဗြိတိသျှတို့သည် အနောက် ကရင်နီနယ်ကို ထိန်း ချုပ်လိုသဖြင့် ၁၈၇၅ ခုနှစ် မင်းတုန်းမင်းလက်ထက်တွင် အနောက်ကရင်နီနယ်သည် ဗြိတိသျှနှင့် မြန်မာဘုရင်တို့၏ သြဇာလွှမ်းမိုးမှုမှ ကင်းလွတ်သော နယ်ပယ်ဖြစ်ကြောင်း မြန်မာမင်းထံ ဖိအားပေးစာချုပ် ချုပ်ဆိုစေခဲ့ပါသည်။
ထိုဖြစ်ရပ်သည် အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲ မဖြစ်ခင် ရခိုင်နယ်စပ်ကို ပြဿနာရှာသကဲ့သို့ ဒုတိယစစ်ပွဲအပြီး ကျန်နေသော အထက်ဗမာပြည်ကို ထပ်မံတိုက်ခိုက် လိုသောကြောင့် ကရင်နီနယ်ကို အကြောင်းပြုကာ ဗြိတိသျှတို့ ပြဿနာရှာခဲ့ ခြင်းသာဖြစ်ပါသည်။ အကယ်၍ မင်းတုန်းမင်းသာ ထိုစာချုပ်ကို သဘောမတူခဲ့လျှင် တတိယ အင်္ဂလိပ်-မြန်မာစစ်သည် ထိုစဉ်ကတည်းက ဖြစ်ပွားခဲ့နိုင်ပါသည်။
ထိုစာချုပ်ချုပ်ဆိုဖို့ ဗြိတိသျှဖက်က ဦးဆောင်ပါဝင်ခဲ့သော ဟိုက်ဘရန့်သည် တတိယစစ်ပွဲအပြီးတွင် ရှမ်းပြည်နယ်ကို ဦးဆောင်သိမ်းပိုက်ခဲ့သော နိုင်ငံရေးအရာရှိဖြစ်လာပြီး နောက်ပိုင်းတွင် ရှမ်းပြည်နယ် ၏ပထဆုံးအုပ်ချုပ်ရေးအကြီးအကဲ ဖြစ်လာသူဖြစ်ပါသည်။
စင်စစ်အားဖြင့် မူလကတည်းကမြန်မာဘုရင့်အစိုးရကိုပြဿနာရှာရန် ရည်ရွယ်ပြီး အနောက်ကရင်နီနယ်ကို တဝက်တပျက်လွတ်လပ်သောနယ် (semi-independent States) ဖြစ်ကြောင်း စာချုပ် ချုပ်ဆိုခဲ့သော ဗြိတိသျှတို့သည် အထက်မြန်မာနိုင်ငံကို သိမ်းပိုက်ပြီးသည် နှင့် ကရင်နီနယ်ကို သူ့လက်အောက်သို့ သွပ်သွင်းဖို့ ကြိုးပမ်းပါတော့သည်။
ထိုသို့ ဗြိတိသျှနယ်ချဲ့တို့၏ မလိမ့်တပတ်လုပ်ခဲ့ပုံကို မြန်မာပြည်၏ ဒုတိယဘုရင်ခံဖြစ်ခဲ့ဖူးသော ဆာဟားဗတ် သာကယ်ဝှိုက်က သူကိုယ်တိုင်ရေးသားသော “မြန်မာပြည်မှ ပြည်သူ့ဝန်ထမ်းဘဝ” စာအုပ်တွင် အောက်ပါအတိုင်း ဖော်ပြရေးသားခဲ့ပါသည်။ “စင်စစ်အားဖြင့် တဝက်တပျက် လွတ်လပ်သော (semi-independent) နယ်မြေများမှာ ကရင်နီနယ်များပင် ဖြစ်ပါသည်။
သမိုင်းကြောင်းအရ ရှင်းပြရပါလျှင် ကျွပ်န်ုပ်တို့ အထက်ဗမာပြည်ကို မသိမ်းပိုက်မီက ကရင်နီနယ်သည် ဗမာဘုရင်၏ သြဇာခံနယ်မြေမဟုတ် ဟူသည့်အချက်ကို ကျွပ်န်ုပ်တို့(ဗြိတိသျှတို့) က ခိုင်ခိုင်မာမာ စွဲကိုင်ထိန်းသိမ်း ထားပါသည်။ ကျွန်ုပ်တို့က (အထက်ဗမာပြည်ကိုသိမ်းပိုက်ပြီး) ဘုရင်မင်းမြတ်၏ (အုပ်ချုပ်မှု) အခွင့်အာဏာများကို ဆက်ခံလိုက် သောအခါတွင် ယခင်က ဆိုခဲ့သည်နှင့် ဆန့်ကျင်ပြီး (ကရင်နီနယ်) ကို ရပိုင်ခွင့် (သိမ်းပိုက်နိုင်ခွင့်) မရှိပါ။
ဤသို့ သီအိုရီအရ ရှင်းရှင်းလင်းလင်း ရှိနေပါသော်လည်း လက်တွေ့တွင်မူ ကရင်နီနယ်သည် ရှမ်းပြည်နယ်ကဲ့သို့ပင် (ဗြိတိသျှ) ထိမ်းချုပ်မှုအောက်သို့ ရောက်ခဲ့ရပါသည်။” ထို့ကြောင့်လည်း ၁၈၈၈ ခုနှစ်တွင် ဗြိတိသျှတပ်များ ကရင်နီနယ်ကို ဝင်ရောက်သိမ်းပိုက်သောအခါ ကန္တရဝတီ စော်ဘွားကြီး စောလဖော်က ခုခံတိုက်ခိုက်ခဲ့ခြင်း ဖြစ်ပါသည်။ သို့သော်လည်း အင်အားမမျှသဖြင့် ရှုံးနိမ့်ခဲ့ရပါသည်။
ကရင်နီနယ်ကို အုပ်ချုပ်သည့် စော်ဘွားနှင့် အကြီးအကဲများကို လွိုင်ကော်တွင် အခြေစိုက်သည့် ဗြိတိသျှ လက်ထောက် အုပ်ချုပ်ရေး အကြီးအကဲ (Assistant Superintendent)က ကြီးကြပ်အုပ်ချုပ်သည်။ ကရင်နီပြည်နယ်၏လက်ထောက် အုပ်ချုပ်ရေးမှူးသည် ရှမ်းပြည်နယ် အုပ်ချုပ်ရေးမှူး(Superintendent) ၏ လက်အောက်တွင် ရှိပါသည်။
ဗြိတိသျှစိုးမိုးမှုအောက်တွင် ကရင် နီနယ်မှ အကြီးအကဲများသည် ရှမ်းပြည်နယ်မှစော်ဘွားများနည်းတူ နယ်၏ တရားဝင် အကြီးအကဲဖြစ်ဖို့ ဗြိတိသျှ အစိုးရ ကပေးအပ်သော ဆာနာ့ဒ်(sanad) ခေါ် တရားဝင် ခန့်အပ်လွှာ (order of appointment) ရရှိဖို့ လိုအပ်ပါသည်။ ဆာနာ့ဒ်တွင် အကြီးအကဲများ လိုက်နာရန် သတ်မှတ်ထားသော စည်းကမ်းချက်များ ပါရှိပြီး အထူးသဖြင့် ဗြိတိသျှ အစိုးရကခန့်အပ်သော အုပ်ချုပ်ရေးမှူး၏ လမ်းညွှန်မှုကို လိုက်နာဖို့ လိုအပ်ပါသည်။
လိုက်နာမှု မရှိပါက နယ်ရှင် အကြီးအကဲ အဖြစ်မှပင် ဖယ်ရှားခြင်း ခံရနိုင်ပါသည်။၁၈၉၀-၉၁ အစီရင်ခံစာတွင် အောက်ပါ အတိုင်းဖော်ပြထားပါသည်။ “ကရင်နီနယ်တွင် အတော်လေး ငြိမ်သက်နေသည်။ သို့သော် စောလဝီကို သံလွင်မြစ်ကမ်းအလွန်(အရှေ့ကရင် နီနယ်) မှ သစ်တော များကို ပိုင်ဆိုင်ခွင့်မပေးသေးပါ။ အကျိုးဆက်အားဖြင့် သူသည် ပေးသွင်းရမည့် ဘဏ္ဍာငွေကို မပေးနိုင်သွင်း နိုင်ပါ။ အနောက် ကရင်နီနယ်တွင် အငြင်းပွားမှုများ ဆက်ဖြစ်နေသည်။
သူတို့အချင်းချင်းကြားမှာ သော် လည်းကောင်း ရှမ်းများနှင့်လည်း ကောင်း အရှေ့ကရင်နီနယ်နှင့်လည်းကောင်း အငြင်းပွားမှုများ ဖြစ်နေကြပါသည်။ အနောက်ကရင်နီနယ်တွင် အငြင်းပွားမှုများကို ထိန်းသိမ်းနိုင်ဖို့ အစောင့်အရှောက် အနည်းငယ်ပါသော လက်ထောက် ကော်မရှင်နာမင်းကြီး ခန့်အပ်ဖို့ ထိုစဉ်ကတည်းက လိုအပ်နေခဲ့ပါသည်။
နယ်၏ အကြီးအကဲ အများအပြားကို ယခုအခါ တွင် ထုံးစံအရ အသိအမှတ်ပြု ထားပြီး ဆာနာ့ဒ်(Sanad) ခေါ် အသိအမှတ်ပြု ခန့်အပ်လွှာကို ပေးအပ်ထားပါသည်။ အကြီးအကဲများသည် ပုံမှန်အခွန် များကို ပေးဆောင်ဖို့နှင့် ဗြိတိသျှ အုပ်ချုပ်ရေးမှူး (Superintendent) ၏ အမိန့် ညွှန်ကြားချက်နှင့် အညီ အုပ်ချုပ်ဖို့ လိုအပ်ပါ သည်။
“ကန္တာရဝတီ (အရှေ့ကရင်နီ) နယ်၏ ယခင်စော်ဘွား စောလဖော်သည် ဗြိတိသျှတို့ကို ခုခံတိုက်ခိုက်ခဲ့သဖြင့် သူ့ကိုဆက်ခံသော စောလဝီလက်ထက်တွင် သံလွင်မြစ် အရှေ့ဘက်ကမ်းမှ သစ်တောများကို ချက်ခြင်းပြန်မပေးခဲ့ပါ။ နောက်ပိုင်းမှသာ သူ၏အုပ်ချုပ်မှုကို အပြည့်အဝ ပြန်လည်အသိအမှတ်ပြုခဲ့ပါသည်။
၁၈၉၃- ၉၄ အစီရင်ခံစာတွင် ဗြိတိသျှ အရာရှိတို့သည် တောင်ငူနှင့် ကရင်နီနယ်ကြား (မိုးဗြဲနယ်) တွင် နေထိုင်ကြသော ဘရဲနှင့် ပဒေါင်တို့၏ နယ် မြေသို့ အလည်အပတ် ရောက်ခဲ့ကြောင်းနှင့် သံလွင်မြစ် အလွန်ဒေသများ အပါအဝင်ဖြစ်သည့် အရှေ့ကရင်နီနယ်ကို စောလဝီက အေးချမ်းစွာ အုပ်ချုပ်လျက်ရှိကြောင်း ဖော်ပြထားပါသည်။
အရှေ့ ကရင်နီနယ် (ကန္တာရဝတီ) ဟုဆိုရာတွင် လက်ရှိ ကယားပြည်နယ် မြောက်ပိုင်းတွင် ရှိသော ဗြိတိသျှတို့ အုပ်ချုပ်ရေးမြို့ဖြစ် သည့် လွိုင်ကော်နှင့် တဆက်တည်း ရှိနေသော နယ်မြေများလည်းပါဝင်ပါသည်။ ကရင်နီနယ်သည် ယခင်က သစ်ထုတ်လုပ်ရောင်းချခြင်း အပေါ်မှာသာ အကြီးအကျယ် မှီခိုအားထားနေခဲ့ပြီး သစ်ကုန်သွယ်ရေး ကျဆင်းသွားသောအခါ အခက်အခဲ ကြုံခဲ့ကြရသည်။
ကန္တာရဝတီစော်ဘွား၏ စီမံခန့်ခွဲမှု အားနည်း သဖြင့် ဗြိတိသျှ အရာရှိ ခေါင်းဆောင်သော ကန္တာရဝတီ ကောင်စီ (the Council of the State of Kantarawadi) ကို ဖွဲ့စည်းခဲ့ပါသည်။ ကောင်စီသည် စိုက်ပျိုးမြေများ တို့ချဲ့ဖို့ကို ကြိုးပမ်း ဆောင်ရွက်ခဲ့ပါသည်။ ထို့ကြောင့် ကရင်နီနယ်၏ စီးပွားရေး အခြေအနေနှင့် ပတ်သက်၍ ၁၉၁၀-၁၁ ခုနှစ် အစီရင်ခံစာတွင် ဖော်ပြ ထားသည် မှာ ” ဤနှစ်သည် ကန္တာရဝတီကို စီမံအုပ်ချုပ်သော ကောင်စီ၏ ကြိုးပမ်းအားထုတ်မှုများ အောင်မြင်ခဲ့ သောကြောင့် ထူးခြားသည့်နှစ် ဖြစ်ပါ သည်။
ကောင်စီသည် ဘဏ္ဍာငွေကို ကောင်းစွာ စီမံခန့်ခွဲနိုင်ခဲ့သည့် အပြင် ကရင် နီနယ် လူထု၏ ဘဝရှင်သန်ရေး အတွက် နည်းလမ်းသစ်ဖြစ်သော စိုက်ပျိုးမြေ ဧရိယာကို တိုးချဲ့နိုင်ခဲ့ပါသည်။ ယခင်က ဆိုလျှင် ဒေသ၏ လူဦးရေအများစုသည် သစ်ထုတ်လုပ်မှု ကုန်သွယ်ရေး အပေါ်မှာသာ အမှီပြုခဲ့ကြရပါသည်။ ” ဟူ၍ ဖြစ်ပါသည်။
ကရင်နီနယ်သည် ယိုးဒယားနိုင်ငံနှင့် နယ်နိမိတ် ဆက်စပ်နေပါသည်။ ဗြိတိသျှတို့ မြန်မာပြည်ကို သိမ်းပြီးစ ကာလတွင် ယိုးဒယားတို့သည် သံလွင်မြစ်အရှေ့ပိုင်းမှ ကရင်နီဒေသကို သူတို့ပိုင်ဆိုင်ကြောင်း ဗြိတိသျှတို့ထံ အရေး ဆိုခဲ့ပါသေးသည်။ နောက်ပိုင်းတွင် ဗြိတိသျှတို့ တိုင်းတာ သတ်မှတ်ပေးသော နယ်စပ်မျဉ်းကို လက်ခံခဲ့ပါသည်။ ၁၉၁၄-၁၅ ခုနှစ်တွင် ပထမကမ္ဘာစစ်ပွဲ စတင်ဖြစ်လာသဖြင့် စီးပွားရေးတုန့်ဆိုင်းမှုများသည် ကရင်နီဒေသမှာလည်း ဖြစ်ပေါ်ခဲ့ပါသည်။ အထူးသဖြင့် ကရင်နီနယ်၏ အဓိကထုတ်ကုန်ဖြစ်သော သစ်ထုတ်လုပ်ရေးကို ထိခိုက်ခဲ့ရကြောင်း ၁၉၁၄-၁၅ အစီရင်ခံစာတွင် အောက်ပါအတိုင်း ဖော်ပြထားပါသည်။
“ဤနှစ်အတွင်း ကရင်နီနယ်အတွင်း စီမံအုပ်ချုပ်မှုမှာ ကျေနပ်ဖွယ် ကောင်းပါသည်။ ယိုးဒယား-ကရင်နီ နယ် စပ်တွင် အေးချမ်းနေပါသည်။ ယိုးဒယားအရာရှိများနှင့် ဆက်ဆံရေး ကောင်းမွန်ပါ သည်။ သို့သော် ပထမကမ္ဘာစစ် ဖြစ်ပွားလာခြင်းကြောင့် ကရင်နီနယ်များက မှီခိုနေသည့် သစ်ထုတ်လုပ် ရောင်းဝယ်ရေးလုပ်ငန်းများ ပျက်စီးခဲ့ရသည်။ လွန်ခဲ့သည့် ၂ နှစ်က စျေးကောင်းရသဖြင့် သစ်လုံးများကို အမြောက်အများ ထုတ်လုပ်ထားခဲ့ ခြင်းသည် လက်ရှိ အခြေ အနေကို ပိုမိုဆိုးဝါး စေခဲ့ပါသည်။
၁၉၁၄ ခု၊ စက်တင်ဘာလကတည်းက သစ်လုံးအနည်းငယ် သာရောင်းချခဲ့ရပြီး သစ်လုံး ၅၀,၀၀၀(ငါးသောင်း) ခန့်သည် မရောင်းချရဘဲ စုပုံကျန်နေပါသည်။ ” “ရဲတပ်ဖွဲ့၏ ခွင့်ပြုအင်အားကို ဆက်လက်ထိန်းသိမ်းထားသည်။ ပြည်နယ်ရဲ (စော်ဘွားရဲအဖွဲ့) ၏ လုပ်ဆောင် ချက်များ တိုးတက်လာသည်။ ဆိုးဝါးသော ရာဇဝတ်မှု ၄ မှုရှိပြီး ကျွဲနွားခိုးယူမှု ၄၆ မှုမှ ၃၂ မှုသို့ ကျဆင်းသွားပါသည်။
သို့သော် အမှုများစွာသည် အစီရင်ခံချက်တွင် မပါရှိဟု ယူဆရပါသည်။ ” “ဘော်လခဲတွင် ကောက်ပဲသီးနှံများ ကောင်းမွန်စွာ ဖြစ်ထွန်းသော်လည်း အခြားနယ်များတွင် မကောင်းမွန်ပါ။ ယေဘုယျအားဖြင့် အစားအသောက်အတွက် အိမ်နီးချင်းနယ်များ အပေါ်မှာ မှီခိုနေရပါသည်။
ငွေတောင်-လွိုင်ကော် တူးမြောင်းက အထောက်အပံ့ ပေးထားသော စိုက်ပျိုးမြေများသည် ၁၈၈၆ ဧကမှ ၆၉၇ ဧက သို့ကျဆင်းခဲ့ပါသည်။ ” “စစ်ပွဲကြောင့် မော်ချီး သံဖြူနှင့် ဝူဖရန် သတ္တုထုတ်လုပ်ရေး ကုမ္ပဏီ ဆိုးဆိုးဝါးဝါး ထိခိုက်ခဲ့ရပါသည်။ ကန္တာရ ဝတီနယ်၏ စုစုပေါင်း ဝင်ငွေသည် ယခင်နှစ်က ရူပီး ၁.၃၆ သိန်းရှိခဲ့သော်လည်း ယခုနှစ်တွင် ရူပီး ၈၇,၁၀၈ သို့ ကျဆင်း ခဲ့ပါသည်။
အသုံးစရိတ်မှာလည်း ယခင်နှစ်က ရူပီး ၁.၁၈ သိန်းရှိရာမှ ရူပီး ၈၉,၃၉၉ အထိကျဆင်းခဲ့ပါသည်။ ” ၁၉၁၈-၁၉ ခုနှစ် အစီရင်ခံစာတွင် ကရင်နီပြည်နယ်မှ နယ်တစ်နယ်ဖြစ်သော နောင်ပုလဲတွင် ဆက်ခံသူ ကွယ် လွန်ခဲ့သဖြင့် နောက်ထပ် ရွေးချယ်ဖို့ ပြဿနာများဖြစ်ရပုံနှင့် တောင်ကြီးမှ လွိုင်ကော်သို့ ပထမဆုံး မော်တော်ကားလမ်း ဖောက်လုပ်နိုင်ခဲ့ပုံ တို့ကို ဖော်ပြထားပါသည်။
အစီရင်ခံစာ ဖော်ပြချက်မှာ ” ယခင်နောင်ပုလဲ မြို့စား၏ နယ်ပယ်ကို ဆက်ခံခွင့်ရှိသော သားဖြစ်သူ ခွန်မောင်ရို့ ကွယ်လွန်ခဲ့ခြင်းကြောင့် သူ့နေရာကို ဆက်ခံမှုနှင့် ပါတ်သက်ပြီး အငြင်းပွားမှုများ ဖြစ်ပေါ်ခဲ့ပါသည်။ ရှမ်းများက ခွန်မောင်ရို့၏ ညီခွန်ခမ်းလျမ် ကို ဆက်ခံစေချင်သော်လည်း နယ်အတွင်းမှ ကရင်များက ခါးခါး သီးသီး ဆန့်ကျင်ကြ ပါသည်။
သူတို့က ဗျားဒူ(Bya Du) အမည်ရှိအမျိုးသမီးတစ်ဦးကို ဆက်ခံစေလိုသည်။ ” “ထိုအယူအဆကွဲပြားမှုသည် လူမျိုးရေးနှင့် ဘာသာရေးအငြင်းပွားမှုဆီ ဦးတည်နေပြီး မည့်သည့်ဖက်ကမှ အလျှော့ပေးမည့်ပုံ မရှိသဖြင့် နောက်ဆုံးတွင် ရှမ်းများနေထိုင်သော အပိုင်းကို ကန္တာရဝတီစော်ဘွား လက်အောက်သို့ ထားရန်နှင့် ကရင်များနေသော အပိုင်းကို ဘော်လခဲမြို့စား၏ လက်အောက်တွင် ထားရန် ဆုံးဖြတ်ခဲ့ပါသည်။
ဤဆုံး ဖြတ်ချက်မှာ ယေဘုယျလက်ခံနိုင်သည့် အဖြေမရောက်ခင် ယာယီအစီအစဉ် ဖြစ်ပါသည်။ ” “လမ်းဖောက်လုပ်ခြင်းကို ကောင်းစွာဆောင်ရွက်နိုင်ခဲ့ပြီး ပထမဆုံးအကြိမ် အဖြစ် တောင်ကြီးမှ လွိုင်ကော်သို့ မော်တာ်ကားဖြင့် သွားနိုင်သည့်လမ်းကို ဖောက်လုပ်နိုင်ခဲ့ပါသည်။ ကန္တာရဝတီ စော်ဘွား နေထိုင်မည့် ဟော်နန်းကို ဆောက်လုပ် ပြီးစီးခဲ့ပါသည်။ လွိုင်ကော် ပြည်သူ့ဆေးရုံတွင် ပြင်ပလူနာ ၅,၄၇၆ ဦးနှင့် အတွင်းလူနာ ၁၅၇ ဦးကို ကုသ ပေးခဲ့ပါသည်။
” ၁၉၂၀-၂၁ အစီရင်ခံစာတွင် လွန်ခဲ့သော ၂ နှစ်က ဖြစ်ပွားခဲ့သော နောင်ပုလဲနယ်၏ ဆက်ခံသူနှင့် ပါတ်သက် သည့်ပြဿနာကို အိန္ဒိယ အစိုးရက ဆုံးဖြတ်ပေးခဲ့ရကြောင်း ဖော်ပြထားပါသည်။ ထို့ပြင် မကြာမီ ဖွဲ့စည်းမည့် ရှမ်းပြည် ပဒေသရာဇ်ကောင်စီတွင် ပါဝင်ဖို့ကမ်းလှမ်းချက်ကို ကရင်နီနယ်ရှင်များ ငြင်းပယ်ခဲ့ကြောင်းလည်း ဖော်ပြ ထားပါသည်။ အစီရင်ခံစာဖော်ပြချက်မှာ ” နောင်ပုလဲနယ် စီမံအုပ်ချုပ်ရေးနှင့် ပါတ်သက်သော အိန္ဒိယအစိုးရ၏ နောက်ဆုံး အမိန့်ကို ယခုနှစ်အတွင်း လက်ခံရရှိခဲ့သည်။
ရှမ်းလူမျိုးများနေသောအပိုင်းသည် ကန္တာရဝတီနယ် လက်အောက်တွင် လည်းကောင်း ကရင်လူမျိုးများ နေထိုင်သော အပိုင်းသည် ဘော်လခဲနယ် လက်အောက်တွင်လည်းကောင်း ဆက်လက် ရှိနေပါသည်။ လက်ရှိ လက်အောက်ခံ အကြီးအကဲများ ကွယ်လွန်ချိန်တွင် နောင်ပုလဲနယ် တစ်ခုလုံးသည် ကန္တာရဝတီ နယ်ထဲ ပေါင်းစည်းသွားရပါမည်။ “
“အဆိုပြုထားသော ရှမ်းပဒေသရာဇ် ကောင်စီတွင်ပါဝင်ဖို့ ကရင်နီနယ်များ၏ အကြီးအကဲများက ငြင်းပယ် လိုက်ပါသည်။ သို့သော် ကရင်နီနယ်ရှင်များ၏ အဆင့်အတန်းသည် သူတို့ မူလရပိုင်ခွင့်အတိုင်း ဆက်လက်တည်ရှိ နေမည်ဟု ဒေသဆိုင်ရာ အစိုးရက ဆုံးဖြတ်ခဲ့ပါသည်။ ဒေသဆိုင်ရာ အစိုးရသည် လက်ရှိရရှိနေသော ကျန်းမာရေးနှင့် ပညာရေးဆိုင်ရာ အထောက်အပံ့များကို နောင် ၁၀ နှစ်အထိ ဆက်လက်ရရှိနေပါမည်။”
၁၉၂၁- ၂၂ အစီရင်ခံတွင် နမ့်မယ်ခုံနယ်၏ အကြီးအကဲကွယ်လွန်ပြီးနောက် ထိုနယ်ကို ဘော်လခဲ နယ်ထဲသို့ ပေါင်းစည်းခဲ့ကြောင်း ဖော်ပြထားပါသည်။ အစီရင်ခံစာဖော်ပြချက်မှာ ” ၁၉၂၁ ခု၊ နိုဝင်ဘာလတွင် ကရင်နီနယ်တစ်ခု ဖြစ်သော နမ့်မယ်ခုံ အကြီးအကဲ ကွယ်လွန်ခဲ့ပါသည်။ ခဏတာ အချိန်ကာလအတွင်း၌ သူ၏ဖခင်ဖြစ်သော ယခင် အကြီးအကဲက နယ်ကို ခေတ္တအုပ်ချုပ်ခဲ့သည်။ ထို့နောက် နယ်ကို ဘော်လခဲနယ်ထဲသို့ ပေါင်းစည်းလိုက်ပါသည်။ ၁၉၂၁ ခု၊ စက်တင်ဘာလတွင် ပလိပ်ရောဂါ ခဏတဖြုတ် ဖြစ်ပွားခဲ့ပါသေးသည်။
သို့သော် သေဆုံးမှု မများပြားခဲ့ပါ။”ယခုဖော်ပြခဲ့သော အစီရင်ခံစာများမှ ဗြိတိသျှခေတ်အတွင်းရှိ ကရင်နီနယ်၏ အခြေအနေကို တစေ့တစောင်း လေ့လာမှတ်သားခွင့် ရနိုင်မည်ဖြစ်ပြီး သမိုင်းဆိုင်ရာ အသိတစ်ခုခု ရရှိနိုင်လိမ့်မည်ဟု မျှော်လင့်မိပါသည်။
ပုံ(၁)နောက်တန်း ဘောလခဲနယ်၊ ကန္တာရဝတီနယ်နှင့် ကြယ်ဘိုးကြီးနယ် အကြီးအကဲများ (၁၉၀၃ ခု ဒေလီဒါဘာပွဲ)ပုံ (၂) ၁၉၂၂ ခု လွိုင်ကော်မြို့ ခင်မောင်တင့်(ကလော)၂၀၂၁ ခု၊