နှစ်ပေါင်း ၁၅၀ ကျော်သွားပြီဖြစ်တဲ့ မန္တလေးမြို့မှ ရတနာပုံခေတ်လက်ရာ

သုဓမ္မာဇရပ်များသုဓမ္မာ ဇရပ်များသည် မန္တလေးတိုင်း ဒေသကြီး၊ မန္တလေးမြို့တွင် တည်ရှိသည်။ ရတနာပုံ မြို့တည်၊ နန်းတည် မင်းတုန်းမင်းကြီး၏ ကောင်းမှုဖြစ်သည်။ မန္တလေးတောင်၏တောင်ဘက် အောင်မြေသာစံမြို့နယ်တွင် တည်ရှိသည်။ အရှေ့ဘက်တွင် ၆၅ လမ်းနှင့် စန္ဒာမုနိစေတီ၊ အနောက်ဘက်တွင် ရတနာပုံ တိရစ္ဆာန် ဥယျာဉ်နှင့် မဟာ ဇောတိကာရာမ (စံကျောင်းတိုက်) ၊ တောင်ဘက်တွင် ၁၂လမ်းနှင့် ကျုံးမြို့ရိုး၊ မြောက်ဘက်တွင် မန္တလေးတောင် တည်ရှိသည်။ရတနာပုံခေတ် လက်ရာ သစ်သားအဆောက် အအုံများ ဖြစ်သည်။

ထုပ်စွပ်လျောက်စွပ်ဖြင့် တည်ဆောက်ထားသည်။ ရတနာပုံခေတ် သာသနာရေးဆိုင်ရာ စာပြန်ပွဲများကျင်းပရာ အဆောက်အအုံများဖြစ်သည်။သုဓမ္မာဇရပ်များ ပေါ်ပေါက်လာပုံကျမ်းဂန်အဆိုအရ သုဓမ္မာသဘင်သည် နတ်ပြည် ဗြဟ္မာပြည်တိုင်း ၌ရှိ၏။ သုဓမ္မာဟူသော အမည်တွင်ရခြင်းကား သိကြားမင်း မာဃလုလင်ဘဝ၌ ဇရပ်ဆောက်လုပ် လှူဒါန်း၏။

ထိုတွင် အထွဋ်ထုပိကာ ပြုလုပ်ရန် သစ်သားလိုနေသဖြင့် မာဃလုလင်၏မယားဖြစ်သူ မယ်သုဓမ္မာက တစ်တောင်အတိုင်းအရှည်ရှိသော သစ်သားကိုပေးလှူ၍ ဇရပ်ကို ပြီးစေ၏။ ထိုကြောင့် အထွဋ်ထုပိကာ၌ မယ်သုဓမ္မာကောင်းမှုဟူသော စာတမ်းဖြင့် ပေါ်လွင်၏။သုဓမ္မာဇရပ်ဟု အမည်တွင်၏ ကျော်ကြားလေ၏။

ထိုကောင်းမှုကြောင့် တာဝတိံသာ နတ်သဘင် စည်းဝေးရာ ရတနာဇရပ်ပြာသာဒ်ကြီးကိုလည် းသုဓမ္မာ (သဘာ) ဟု ခေါ်တွင်လေ၏။ဤကား တာဝတိံသာ နတ်ပြည်၌ ရှိသော သုဓမ္မာ ရတနာဇရပ်ပြဿဒ်ကြီး၏ သုဓမ္မာ အမည်ရှိပုံတည်းဟု “မဟာသုတဒီပနီအတွဲ” က ကျမ်းအညွန်း နှင့်တကွ ရေးသားထားလေ၏။

တာဝတိံသာ နတ်ပြည်တွင် သိကြားမင်းသည် သုဓမ္မာ ဇရပ်တော်၌ မှုခင်းများကို စီစဉ်ဆုံးဖြတ်လေ့ ရှိသည်။ ဤအစဉ် အလာအရ မြန်မာ ဘုရင်များ လက်ထက်တော်က သာသနာရေးဆိုင်ရာ မှုခင်းများကို ဆရာတော်ကြီးများ စုဝေးဆုံးဖြတ်ရာ၌ ထိုနေရာဌာနကို ” သုဓမ္မာ ” ဟု ခေါ်သည်။သက္ကရာဇ် ၁၂၂၁ ခုနှစ်တွင် မန္တလေးတောင်ခြေ၊ ရွှေမြို့တော် အရှေ့မြောက် အရပ် ယခု ကျောက်တော်ကြီးဘုရား တောင်ဘက်တွင် ပဋ္ဌာန်းဟော သိမ်များကို မင်းတုန်းမင်းတရားကြီးက ရတနာပုံရွှေမြို့နှင့် တစ်ပြိုင်နက်တည်း ဆောက်လုပ်လှူဒါန်းတော်မူခဲ့သည်။

တစ်ဖန် ၁၂၂၆ ခုနှစ်တွင် မှူးမတ်များအား ငွေတော် ထုတ်ပေး၍ သုဓမ္မာဇရပ်ပေါင်း ၃၃ ဆောင်ကို ဆောက်လုပ်စေတော်မူခဲ့သည်။ယင်းဇရပ်များကို “ သုဓမ္မာဇရပ်တန်း ” ဟုခေါ်သည်။ အဆိုပါ သုဓမ္မာ ဇရပ်များသည် ပဉ္စမသင်္ဂါယနာတင် ဘဝရှင် မင်းတုန်းကြီးလက်ထက်၌ တစ်နှစ်တစ်ကြိမ် သာသနာ့ အာဇာနည်လောင်းများ ရွေးချယ်သည့် သုဓမ္မာစာပြန်ပွဲများကျင်းပရာ မြင့်မြတ်သော ဘူမိနက်သန်နေရာလည်းဖြစ်သည်။ဇရပ်များကို သစ်သား တိုင်လုံးများဖြင့် တည်ဆောက်ထားသော အမိုးနှစ်ထပ် လည်ပေါ်တစ်ဆင့်ခံ ထားဝယ်ဆောင်ပုံစံ အဆောက်အအုံမျိုးဖြစ်သည်။

အဆောက်အအုံကို ထုပ်စွပ်လျောက်စွပ် စနစ်ဖြင့် တည်ဆောက်ထားသည်။ ယခင်ကအမွှမ်းပန်းများ အမိုးအကာများ ရှိခဲ့သော်လည်း ယခုအခါ၌ မရှိတော့ပါ။သုဓမ္မာဂိုဏ်းတာဝတိံသာ နတ်ပြည်၌ သိကြားမင်းသည် သုဓမ္မာဇရပ်တော်၌ မှုခင်းများကို စီရင်ဆုံးဖြတ်သည်။ ဤအစဉ် အလာ အရ မြန်မာဘုရင်များလက်ထက်တော်က သာသနာရေးဆိုင်ရာ မှုခင်းများကို ဆရာတော်ကြီးများ စုဝေးဆုံးဖြတ်ရာဌာနကို သုဓမ္မာဟုခေါ်၏။ ယင်းအစည်းအဝေးသို့ တက်ရောက်ခွင့်ရသော ဆရာတော်များကို “ သုဓမ္မာဂိုဏ်း ” ဟုခေါ်သည်။

သံဃာဂိုဏ်းများ မကွဲမပြား တစ်စည်း တစ်လုံးတည်းရှိစဉ်က မြန်မာနိုင်ငံတွင် သံဃာအားလုံးသည် သုဓမ္မာဝင်ဆရာတော်ကြီးများ၏ အုပ်ချုပ်မှုအောက်တွင် ရှိခဲ့ကြသည်။မင်းတုန်းမင်းကြီးလက်ထက်တွင် “ ရွှေကျင်ဂိုဏ်း ” ခွဲထွက်သွား သောအခါ ရွှေကျင်ဂိုဏ်းဝင် မဟုတ်သော သံဃာများကို သုဓမ္မာဂိုဏ်းဝင်အဖြစ် ခေါ်ဆိုကြသည်။ ယခုအခါတွင်ဂိုဏ်း (၉) ဂိုဏ်းအနက် အခြားဂိုဏ်း(၈) ဂိုဏ်းဝင်မဟုတ်သည့် သံဃာများကို သုဓမ္မာဂိုဏ်းဝင် ဟု ခေါ်ဆိုကြပါသည်။

( အခြား ဂိုဏ်းများ- ဓမ္မာနုဓမ္မ မဟာဒွါရနိကာယဂိုဏ်း၊ ဓမ္မဝိနယာနုလောမ မူလဒွါရဂိုဏ်း၊ အနောက်ချောင်းဒွါရဂိုဏ်း၊ ဝေဠုဝန်နိကာယဂိုဏ်း၊ စတုဘုမ္မိက မဟာသတိပဋ္ဌာန် ငှက်တွင်းဂိုဏ်း၊ ဂဏဝိမုတ် ကူးတို့ဂိုဏ်း၊ ဓမ္မယုတ္တိနိကာယ မဟာရင်ဂိုဏ်း )သုဓမ္မာဂိုဏ်းဝင် လက်ရှိ ဂဏာဓိပတိ၊

ဂိုဏ်းအကြီးအကဲ (ဂိုဏ်းချုပ်) ဆရာတော်မှာ ဗန်းမော်ဆရာတော် ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ ဆရာတော်ဘုရားကြီး ဖြစ်ပါသည်။ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော်ဖြစ်၍ အဘိဓဇမဟာရဋ္ဌဂုရုဘွဲ့နှင့် အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘွဲ့တံဆိပ်တော်များကို ကပ်လှူခံရပြီး၊ မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့၊ ဗန်းမော်ကျောင်းတိုက်တွင် သီတင်းသုံးတော်မူပါသည်။

သုဓမ္မာဇရပ်များ လက်ရှိအခြေအနေအဆောက်အအုံ၏ အဖြူထည်ပိုင်းများကို မူလလက်ရာမပျက်တွေ့ နိုင်ပါသည်။ သို့သော် အမွှမ်းပန်းများနှင့် အကာ အရံများကိုမူ နှစ်ကာလ ရှည်ကြာမှုကြောင့် မတွေ့ရတော့ပါ။ ခံ့ညားတောင့်တင်းသော တိုင်လုံးကြီးများနှင့် ထုပ်စွပ်လျောက်စွပ် တည်ဆောက်ခဲ့သော မြန်မာ့ဗိသုကာ နမူနာပြ အဆောက်အအုံများ ဖြစ်ပါသည်။

ယခင်က သုဓမ္မာဇရပ်ပေါင်း ၃၃ ဆောင် ရှိခဲ့သော်လည်း ယခုအခါ နှစ်ကာလကြာမြင့်မှု၊ မီးလောင်မှု၊သဘာဝဘေးဒဏ်ကြောင့် ပျက်စီးကုန်ခဲ့ရာ ၁၈ ဆောင်မျှသာကျန်ရှိ၍ နိုင်ငံတော်အစိုးရ၊ ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာနက ပြင်ဆင်ထိန်းသိမ်းထားလျက်ရှိသည်။

Ref;ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာန (ဖေဖော်ဝါရီ ၂၀၁၁)။

မန္တလေးဒေသ ရှေးဟောင်းအဆောက်အအုံများမှတ်တမ်း။ အမှတ် (၁) (ဒုကြိမ် ed.)။

Source – Wikipedia

Likes:
0 0
Views:
868
Article Tags:
Article Categories:
HistoryKNOWLEDGE

Leave a Reply

Your email address will not be published. Required fields are marked *