မြန်မာ့သမိုင်း၊ မြန်မာ့ရာဇဝင်ထဲက မင်းညီမင်းသားများ၊ မင်းမှုထမ်း မှူးမတ်များ အပိုင်စားခဲ့ရသော မြို့များ၏ ယနေ့ခေတ်တည်နေရာများ

မြန်မာ့သမိုင်း၊ မြန်မာ့ရာဇဝင်ထဲက မင်းညီမင်းသားများ၊ မင်းမှုထမ်း မှူးမတ်များ အပိုင်စားခဲ့ရသော မြို့များ၏ ယနေ့ခေတ် တည်နေရာများ

အပိုင်း (၁)

၁။ ကနောင်မြို့ကနောင်မြို့သည် ရာဇဝင် စာပေများတွင် အင်းဝခေတ်တည်းက မြို့အဆင့် တည်ရှိခဲ့သည့် အထောက်အထားများ တွေ့ရသည်။ ကနောင်မြို့သည် ပုဂံမင်းလက်ထက်က မင်းတုန်းမင်း၏ ညီတော် အိမ်ရှေ့စံ ကနောင်မင်းသားကြီး အပိုင်စားခဲ့ရသည့် မြို့ဖြစ်သည်။ ကနောင်မြို့သည် ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ်တွင် တည်ရှိသည်။

၂။ မင်းတုန်းမြို့မင်းတုန်းမြို့သည် ပထမပုဂံကိုထူထောင်သူ သမုဒ္ဒရာဇ်မင်း သရေခေတ္တရာမှ ပြေးလွှား ပုန်းအောင်သော အရပ်ဖြစ်သဖြင့် သမုဒ္ဒရာဇ်မင်းပုန်းအောင်းသည်ကိုအစွဲပြု၍ “မင်းပုန်း” တွင်ရာမှမင်းတုန်းဟုပြောင်းလဲလာသည်ဟုဆိုသည်။မင်းတုန်းမြို့သည်ပဉ္စမသင်္ဂါယနာ တင်မင်းတုန်းမင်းကြီး မင်းသားဘဝတွင် အပိုင်စားခဲ့ရသည့်မြို့ဖြစ်သည်။ မင်းတုန်းမြို့နယ်သည်မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်ရှိ မြို့နယ်တစ်ခုဖြစ်သည်။

၃။ ကျောက်မော်မြို့ကျောက်မော်မြို့သည် တောင်ငူခေတ် မင်းကြီးညိုလက်ထက်က တောင်ငူ ၅၂ မြို့စာရင်းဝင်ဖြစ်သည်။ ကျောက်မော်မြို့ကို ရှေးက သေလာဝတီဟုလည်း ခေါ်သည်။ ကျောက်မော်မြို့သည် မင်းတုန်းမင်း၊ ကနောင်မင်းသားကြီးတို့၏ မယ်တော် “သီရိသုစန္ဒာ မလ္လာမဟေ” ဘွဲ့ခံ သာယာဝတီမင်း၏ မိဖုရား အပိုင်စားခဲ့ရသည့်မြို့ဖြစ်သည်။

သာယာဝတီမင်း၊ ပုဂံမင်း၊ မင်းတုန်းမင်းတို့ လက်ထက်တွင် ထင်ရှားခဲ့သည့် မကွေးမင်းကြီးဦးကြာဥသည်လည်း ကျောက်မော်မြို့စား ဖြစ်ခဲ့သေးသည်။ ကျောက်မော်မြို့ဟောင်းသည် ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့ မြောက်ဘက် ရွှေကျင်မြို့ နှင့် ကျောက်ကြီးမြို့ အကြား တည်ရှိသည်။

၄။ မြဝတီမြို့မြဝတီမြို့ကို မင်းကြီးညိုသည် တောင်ငူကြီးတွင် တစ် နှစ် နန်းစံပြီးနောက် ပန်းဘဲချောင်းနှင့် ခပေါင်းချောင်းဆုံ ရာအရပ်တွင်တည်ကာ ငါးနှစ် ကြာ နန်းစိုက်ခဲ့သည်။ မြဝတီမြို့သည် ကုန်ဘောင်းခေတ်က လက်ရုံးရည် နှလုံးရည် နှင့် ပြည့်စုံသည့် မြဝတီမင်းကြီး ဦးစ အပိုင်စားခဲ့ရသည့် မြို့ဖြစ်သည်။ မြဝတီမြို့ဟောင်းသည် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် အုတ်တွင်းမြို့နယ်အတွင်းရှိ တောင်ငူကြီးမှ မြောက်ဘက်သို့ ၁ ဒသမ ၈ မိုင်နှင့် ရန်ကုန်-မန္တလေး အမြန် လမ်းမကြီးမှ အနောက်ဘက်သို့ တစ်မိုင် ကွာဝေးသည်။

၅။ ရွှေတောင်မြို့ရွှေတောင်မြို့သည် ဒွတ္တပေါင်မင်းကြီးလက်ထက် ဗိဿနိုး မိဖုရားက ကာသိကရာဇ်တိုင်း ဗာရာဏသီပြည်ကို မြင်လိုသည့် ချင်ခြင်း ဖြစ်သည့်အခါ ရွှေတောင်မြို့ကိုပင် ဗာရာဏသီပြည် အဖြစ် ပြသရကြောင်းဖြင့် အဆိုရှိသည်။ ထို့ကြောင့် ရွှေတောင်မြို့၏ သက်တမ်းသည် နှစ်ပေါင်း ၂၀၀၀ ကျော်ခဲ့ပြီဟု မှတ်ယူနိုင်သည်။ ရွှေတောင်မြို့သည် ဘိုးတော်ဘုရား၏ သားတော်အကြီး အိမ်ရှေ့ဥပရာဇာ သတိုးဓမ္မရာဇာ ဦးပေါ် အပိုင်းစားခဲ့ရသည့် မြို့ဖြစ်သည်။

ထို့ပြင် ရွှေတောင်မြို့သည် စာပေဂန္ထဝင်တွင် ထင်ရှားသော “ဇိနတ္ထပကာသနီကျမ်း” နှင့် “စွယ်စုံကျော်ထင်ကျမ်း” ပြုစုသူ ကျီးသဲလေးထပ်ဆရာတော်၊ မင်းတုန်းမင်း လက်ထက်ကျော်စောသော ဗန်းမော်ဆရာတော် နှင့် ဆရာကြီး သခင်ကိုယ်တော်မှိုင်းတို့ မွေးဖွားရာ ဇာတိဖြစ်သည်။ ရွှေတောင်မြို့မှ ရွှေတောင်ခေါက်ဆွဲ နှင့် တပင်တိုင်မုန့်ဟင်းခါးသည် မြန်မာနိုင်ငံတွင် ထင်ရှားသည်။ ရွှေတောင်မြို့သည် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်ရှိ မြို့နယ်တစ်ခု ဖြစ်သည်။

၆။ ဒလမြို့ဒလမြို့သည် ရှေးမြန်မာမင်းများ လက်ထက်က မြန်မာနိုင်ငံ၏ တောင်ဘက်စွန်း ခံတပ်မြို့များထဲမှ တစ်မြို့ ဖြစ်သည်။ ဒလမြို့သည် ပုဂံခေတ်တည်းက မြို့အဖြစ် တည်ရှိခဲ့သည်။ ပုဂံခေတ် နရသီဟပတေ့မင်း၏ သားတော်တစ်ပါးဖြစ်သူ ကျော်စွာသည် မင်းသားဘဝက ဒလမြို့စားခဲ့ရသည်။ ထို့ပြင် ဘိုးတော်ဘုရားလက်ထက်က စစ်ကဲ မောင်ထော်လေးသည် ဒလမြို့စား ဖြစ်ခဲ့သည်။ ဒလမြို့သည် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်ရှိ မြို့နယ် တစ်ခုဖြစ်သည်။

၇။ ကောင်းတုံမြို့ကောင်းတုံမြို့သည် အနော်ရထာမင်းကြီး တည်ထောင်ခဲ့သည့် ကင်းမြို့ ၄၃ မြို့အနက်မှ တစ်မြို့ဖြစ်သည်။ ဆင်ဖြူရှင်‌ မြေဒူးမင်းလက်ထက်တွင် တရုတ်နှင့် မြန်မာတို့ ၄ ကြိမ် စစ်ဖြစ်ကြရာ ကောင်းတုံမြို့နေရာတွင် တိုက်ပွဲများ အကြိမ်ကြိမ် ဖြစ်ပွားခဲ့သည်။

၄ ကြိမ်စလုံး မြန်မာတို့နိုင်ခဲ့ပြီး တရုတ် – မြန်မာ စတုတ္ထစစ်ပွဲတွင် တရုတ်တို့ဘက်မှ စစ်ပြေငြိမ်းရေးစာချုပ် “ကောင်းတုံစာချုပ်” ချုပ်ဆိုခဲ့သည်။ ထိုစစ်ပွဲများတွင် ပါဝင်တိုက်ခိုက်ခဲ့သူတစ်ဦးမှာ ရဲကျော်သူရ၊ ဗလမင်းထင် ဘွဲ့များ ရရှိသူ ကောင်းတုံမြို့စား ဦးလွင် ဖြစ်သည်။ ကောင်းတုံမြို့သည် တချိန်က စည်ပင်ဝပြောခဲ့သည့် မြို့ဖြစ်ခဲ့သော်လည်း ယခုအခါ ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် ရွှေကူမြို့နယ်ရှိ ကျေးရွာတစ်ရွာမျှတာ ဖြစ်‌တော့သည်။

၈။ စမ္ပာယ်နဂိုရ်မြို့စမ္ပာယ်နဂိုရ်မြို့သည် အနော်ရထာမင်းကြီး တည်ထားခဲ့သည့် ကင်းမြို့ ၄၃ မြို့အထဲမှ တစ်မြို့အပါအဝင်ဖြစ်သည်။ ကုန်းဘောင်ခေတ် ကနောင်မင်းသားကြီး၏ အချစ်ဆုံးသမီးတော်တစ်ပါးဖြစ်သည့် စမ္ပယ်နဂိုရ်မင်းသမီး သီရိအာသာဒေဝီ (နောက် သုသီရိကဉ္စနဒေဝီ) အပိုင်စားရခဲ့သည့် မြို့ဖြစ်သည်။ စမ္ပာယ်နဂိုရ်မြို့သည်ကိုလိုနီခေတ်ဦးအထိ မြို့ပိုင်အုပ်ချုပ်သော မြို့တစ်မြို့ ဖြစ်ခဲ့သည်။ ယခုအခါ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်ရှိကျေးရွာတစ်ရွာမျှသာ ဖြစ်တော့သည်။

၉။ ဟင်္ဂမော်မြို့သည်ဟင်္ဂမော်မြို့သည် အနော်ရထာမင်းကြီး ထူထောင်ခဲ့သည့် ကင်းမြို့ ၄၃ မြို့မှ တစ်မြို့အပါအဝင်ဖြစ်သည်။ ဟင်္ဂမော်မြို့သည် မင်းတုန်းမင်း နှင့် လှိုင်ကျွန်း မိဖုရားတို့၏ သမီးတော် အမျိုးသမီးစာဆိုရှင် ဟင်္ဂမော်ထိပ်ခေါင်တင် အပိုင်စားခဲ့ရသည့်မြို့ ဖြစ်သည်။ ဟင်္ဂမော်မြို့ဟောင်းသည် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်တွင် တည်ရှိသည်။

၁၀။ ကြံညှပ်မြို့ကြံညှပ်မြို့သည် အနော်ရထာမင်းကြီး ထူထောင်ခဲ့သည့် ကင်းမြို့ ၄၃ မြို့အနက်မှ တစ်မြို့ဖြစ်သည်။ ကြံညှပ်မြို့သည် ဘိုးတော်ဘုရားလက်ထက်တွင် ထင်ရှားခဲ့သည့် အမျိုးသမီးစာဆိုတော်တစ်ဦး ဖြစ်သည့် မက္ခရာမင်းသား မဟာသီရိသုဓမ္မရာဇာ၏ ကြင်ယာတော် အပိုင်စားခဲ့ရသည့် မြို့ဖြစ်သည်။ မင်းတုန်းမင်း နှင့် ဒုတိယ မြောက်ဆောင်တော် မိဖုရား၏ သမီးတော် ကြံညှပ်မင်းသမီးလည်း စားခဲ့ရသည်။ ကြံညှပ်မြို့သည် ယခုအခါ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်ရှိ ကျေးရွာတစ်ရွာမျှသာ ဖြစ်တော့သည်။

၁၁။ သီပေါမြို့သီပေါမြို့သည် ရာဇဝင်စာပေများတွင် အုန်းဘောင်ပြည်အဖြစ်ထင်ရှားခဲ့ပြီး အုန်းဘောင်ပြည်သည် တကောင်းခေတ်တည်းက တည်ရှိခဲ့သည်။ သီပေါနယ်(အုန်းဘောင်)သည် တစ်ချိန်က ရှမ်းပြည်မြောက်ပိုင်း၏ နယ်ကြီးတစ်နယ်ဖြစ်သည်။ သီပေါမြို့သည် ကုန်းဘောင်မင်းဆက် နောက်ဆုံးမင်း သီပေါမင်း မင်းသားဘဝက အပိုင်စားခဲ့ရသည့် မြို့ဖြစ်သည်။ သီပေါမင်း၏ မယ်တော် လောင်းရှည်မိဖုရား၏ ခမည်းတော် ဦးမှေးသည်လည်း သီပေါမြို့ကို စားခဲ့ရသည်။ သီပေါမြို့သည် ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲခရိုင် အတွင်းရှိ မြို့နယ်တစ်ခု ဖြစ်သည်။

၁၂။ မိုးနဲမြို့မိုးနဲမြို့သည် ရှေးဘုရင်များလက်ထက်က ထင်ရှားခဲ့သည် ရှမ်းပြည်တောင်ပိုင်း၏ အရှေ့ဘက်ရှိ နယ်ကြီးတစ်နယ်ဖြစ်သည်။ သီပေါမင်း၏ မယ်တော် လောင်းရှည်မိဖုရား၏ ခမည်းတော် ဦးမှေးသည် မင်းတုန်းမင်းလက်ထက်က မိုးနဲဗိုလ်မှူးဖြစ်သည်။ ထိုခေတ်က မိုးနဲဆိုသည်မှာ ရှမ်းပြည်နယ် တလွှားကို တာဝန်ယူရသော ရှမ်းပြည်နယ် ဘုရင်ခံဖြစ်သည်။ မိုးနဲမြို့သည် ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးခရိုင်ရှိ မြို့နယ်တစ်ခု ဖြစ်သည်။

၁၃။ လောင်းရှည်မြို့လောင်းရှည်မြို့သည် ပုဂံခေတ်တည်းက မြို့အဖြစ် တည်ရှိခဲ့ကြောင်း မြန်မာ့ရာဇဝင်များတွင်လာသည်။ ကုန်းဘောင် ခေတ် နောက်ဆုံးမင်း သီပေါမင်း၏ မယ်တော် လောင်းရှည်မိဖုရား အပိုင်စားခဲ့ရသည့်မြို့ဖြစ်သည်။ လောင်းရှည်မိဖုရားသည် မင်းတုန်းမင်းကြီး၏ မိဖုရားဖြစ်ပြီး သီပေါမင်း၏မယ်တော်ဖြစ်သည်။ လောင်းရှည်မိဖုရားသည် ရှမ်းမျိုးနွယ်ဖြစ်၍ သီပေါမြို့စား ဦးမှေး နှင့် “သီရိသူဇာ”ဘွဲ့ခံ နန်းမွေးခန်းတို့၏ သမီးတော်ဖြစ်သည်။ လောင်းရှည်မြို့သည် ယခုအခါ မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်ရှိ ကျေးရွာ တစ်ရွာမျှတာ ဖြစ်တော့သည်။

၁၄။ စဉ့်ကူးမြို့စဉ့်ကူးမြို့သည် ပုဂံခေတ် အနော်ရထာမင်းကြီး ထူထောင်ခဲ့သည့် ကင်းတပ်မြို့ ၄၃ မြို့အနက်မှ တစ်ခုဖြစ်သည်။ စဉ့်ကူးမြို့သည် ရှင်ဖြူရှင်မြေဒူးမင်း နှင့် မိဖုရားခေါင်တို့မှ ဖွားမြင်သော ကုန်းဘောင်မင်းဆက်၏ စတုတ္ထမင်း စဉ့်ကူးမင်း မင်းသားဘဝက အပိုင်စားခဲ့ရသည့် မြို့ဖြစ်သည်။

ယခင်မြို့အမည်မှာ ငစဉ့်ကူးမြို့ဖြစ်ပြီး စဉ့်ကူးမင်းလက်ထက်တွင် မြို့ရိုး၊ ပြအိုး၊ ကျုံး၊ စံနန်းတို့ဖြင့် စနစ်တကျတည်ဆောက်ခဲ့သော ရှေးဟောင်းမြို့ဖြစ်သည်။ ထို့ပြင် စဉ့်ကူးမြို့သည် ‌ပါမောက္ခချုပ်ဆရာတော်ကြီး ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ၏ မွေးဖွားရာ ဇာတိလည်း ဖြစ်သည်။ စဉ့်ကူးမြို့သည် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်တွင် ပါဝင်သည့် မြို့တစ်မြို့ဖြစ်သည်။

၁၅။ မတ္တရာမြို့မတ္တရာမြို့သည် အနော်ရထာမင်းကြီး ထူထောင်ခဲ့သည့် ကင်းမြို့ ၄၃ မြို့ထဲမှ တစ်မြို့အပါအဝင်ဖြစ်သည်။ ဘိုးတော်ဘုရား၏ မိဖုရားတစ်ပါးဖြစ်သူ “သီရိရတနာမဟေသီ” ဘွဲ့ခံ ရှင်မင်းလှ အပိုင်စားခဲ့ရသည့် မြို့ဖြစ်သည်။ ထို့ပြင် မတ္တရာမြို့သည် မစိုးရိမ်တိုက်သစ်များကို တည်ထောင်ခဲ့သူ ဆဌသင်္ဂါယနာ ဘာရနိတ္ထာရက ဝန်ဆောင်သံဃအဖွဲ့ ဥက္ကဌ မစိုးရိမ်ဆရာတော်ကြီး ဖွားမြင်ခဲ့ရာ ဇာတိဖြစ်သည်။ မတ္တရာမြို့သည် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်ရှိ မြို့နယ် တစ်မြို့ ဖြစ်သည်။

အပိုင်း (၂) ဆက်ရန်

SitNyeinLu

Likes:
0 0
Views:
1369
Article Tags:
Article Categories:
HistoryKNOWLEDGE

Leave a Reply

Your email address will not be published. Required fields are marked *