“အင်းစိန်ဂျီတီအိုင်ကျောင်းဝင်းအတွင်း လေယာဉ်ပျံဆင်းခဲ့သည့် ဗြိတိသျအမျိုးသမီးလေသူရဲအေမီဂျွန်ဆင်”.

ကိုလိုနီခေတ် ၁၉၃၀ ခုနှစ်၊ မေလ (၁၃)ရက်နေ့တွင် နိုင်ငံကျော်ခဲ့သောဖြစ်ရပ်တစ်ခုဖြစ်ပေါ်ခဲ့ပါသည်။ ထိုဖြစ်ရပ်ကတော့ ဗြိတိသျအမျိုးသမီးလေသူရဲအေမီဂျွန်ဆင်ဆိုသူသည် တစ်ယောက်စီးလေယာဉ်ငယ်ဖြင့် အင်္ဂလန်မှဂျပန်သို့ပျံသန်းလာစဉ် မြန်မာနိုင်ငံအတွင်းရောက်ရှိစဉ် စက်ချို့ယွင်းသွားသဖြင့် အင်းစိန်ဂျီတီအိုင်ကျောင်းဝင်းအတွင်း အရေးပေါ်ဆင်းသက်ခဲ့ရသည့်ဖြစ်ရပ်ပင်ဖြစ်ပါသည်။.

ဗြိတိသျလူမျိုး အမျိုးသမီးလေသူရဲအေမီဂျွန်ဆင်သည် အင်္ဂလန်မှသြစတြေးလျသို့ပထမဆုံးပျံသန်းသည့် အမျိုးသမီးလေသူရဲတစ်ဦးဖြစ်ပါသည်။ အေမီဂျွန်ဆင်သည် ထိုစဉ်ကအသက်(၂၂)နှစ်အရွယ်သာရှိသေးပြီး၊ အင်ဂျင်နီယာတစ်ဦးလည်းဖြစ်ပါသည်။ သူ့အရင်မြန်မာပြည်သို့ပျံသန်းဖူးသည့်အမျိုးသားလေသူရဲ ဘတ်ဟင်းကလား၊ အလန်ကော့ဘမ်းတို့ကိုအားကျပြီး တစ်ယောက်စီး ဂတ်(GAAH)အမျိုးအစားလေယာဉ်ငယ်ဖြင့်ပျံသန်းလာခဲ့ခြင်းဖြစ်သည်။ .

အေမီဂျွန်ဆင်သည် လန်ဒန်မှ ၁၉၃၀ ခုနှစ်၊ မေလ (၅)ရက်နေ့တွင်စတင်ထွက်ခွာလာခဲ့ပါသည်။ ကာလကတားမှတိုကျိုသို့အသွားရန်ကုန်တွင် ခရီးတစ်ထောက်နားခိုရန် အစီအစဉ်ပါရှိခဲ့သည်။ သို့ဖြင့် ကျိုက္ကဆံကွင်းအတွင်းလေယာဉ်ဆင်းသက်ရန်ခွင့်ပြုချက်ရရှိခဲ့ပြီး၊ ထိုမှတဆင့်ခရီးဆက်လက်ထွက်ခွာရန်ကြိုတင်စီစဉ်ထားပါသည်။ ထိုအချိန်က ကျိုက္ကဆံကွင်းမှာမြင်းပြိုင်ကွင်းအဖြစ်အသုံးပြုလျက်ရှိပါသည်။.

ရိုက်တာသတင်းဌာနမှ သတင်းထောက် ချက်တာဂျီနှင့် ဗင်ဝိုက်ဆိုသူတို့က ကြိုတင်သတင်းရရှိချက်အရ ကျိုက္ကဆံကွင်းအတွင်းကြိုတင်စောင့်ဆိုင်းနေကြသည်။ သို့သော်အေမီဂျွန်ဆင်မှာရောက်ရှိမလာပဲ အင်းစိန်ဂျီတီအိုင်ကျောင်းဝင်းအတွင်းအရေးပေါ်ဆင်းသက်ခဲ့ရကြောင်းသတင်းကြားသိရသဖြင့် အင်းစိန်သို့သွားကြရတော့သည်။ ၎င်းတို့နှစ်ဦးအင်းစိန်ဂျီတီအိုင်ကျောင်းဝင်းအတွင်းရောက်ရှိသွားချိန်တွင် လေယာဉ်မှာဘော့လုံးကွင်းအနီးရှိတွင်းထဲသို့တစ်ပိုင်းကျလျက်ရှိနေပြီး၊ လက်ဝဲဘက်အတောင်ပံအနည်းငယ်ပျက်စီးသွားသည်။

အေမီဂျွန်ဆင်မှာစိတ်ပျက်လက်ပျက်ဖြင့်လေယာဉ်အနီးတွင်ရပ်ကြည့်နေကြောင်းသူတို့တွေ့လိုက်ရတော့သည်။ ညနေ နေဝင်လုနီးအချိန်ဖြစ်သည့်အပြင် ကျိုက္ကဆံကွင်းကိုရှာမတွေ့သည့်အချိန်စက်ချို့ယွင်းသွားသဖြင့် နီးစပ်ရာကျောင်းဝင်းအတွင်းရှိဘော့လုံးကွင်းထဲသို့ဆင်းသက်လိုက်ရကြောင်းပြောပြသည်။.

အေမီဂျွန်ဆင်လေယာဉ်ထိုးဆင်းလိုက်ရကြောင်းသိရသည်နှင့်အင်းစိန်ဂျီတီအိုင်ကျောင်းအုပ်ဆရာကြီး မစ္စတာရှောနှင့်သူ့တပည့်ကျောင်းသားလေးများရောက်ရှိလာကြပြီး လေယာဉ်ကိုပြန်ဆွဲတင်ပေးခဲ့ကြပါသည်။ ထိုစဉ်သတင်းထောက်နှစ်ဦးမှာ အေမီဂျွန်ဆင်အား မေးခွန်းအချို့မေးကြလေရာ ကျောင်းအုပ်ကြီးကဟန့်တားလေတော့သည်။

သတင်းထောက်များမှ လန်ဒန်မှတိုကျိုသို့ပျံသန်းသည့်ပထမဦးဆုံးအမျိုးသမီးလေသူရဲဖြစ်ကြောင်း၊ သူ၏ပျံသန်းမှုအောင်မြင်ပါက ကက်စ်ထရိုကုမဏီက ပေါင်တစ်သောင်းဆုရရှိမည်ဖြစ်ကြောင်းကျောင်းအုပ်ကြီးအားပြန်လည်ရှင်းပြရပါသည်။

အေမီဂျွန်ဆင်မှာနုတ်ပိတ်နေလေရာ သတင်းထောက်များက တစ်စုံတစ်ရာဖြေကြားခြင်းမရှိပါကမည်သို့မျအကူအညီပေးနိုင်မည်မဟုတ်ကြောင်းပြောကြားခဲ့သည်။

ထိုမှအေမီဂျွန်ဆင်က သူ့အနေနဲ့ခရီးစဉ်ကိုရပ်ဆိုင်းပစ်မည်မဟုတ်ကြောင်း၊ လေယာဉ်အတောင်ပံအနည်းငယ်ပျက်စီးသွားသဖြင့် ၂ ရက် ၃ ရက်ခန့်နောက်ကျမည်ဖြစ်ကြောင်းလန်ဒန်ထုတ်သတင်းစာများတွင်ပါစေလိုကြောင်းပြောပါသည်။ .ထိုညတွင်းချင်းပင်လန်ဒန်ရှိအေမီဂျွန်ဆင်၏မိဘများနှင့်အခြားအသိမိတ်ဆွေများထံမှပါ ကြေးနန်းများ ရန်ကုန်ရှိရိုက်တာသတင်းဌာနသို့ရောက်ရှိလာခဲ့သည်။

အေမီဂျွန်ဆင်မှလည်း မိဘများအားမစိုးရိမ်ပါရန်ပြန်လည်အကြောင်းကြားခဲ့သည်။ ထို့အပြင်အေမီဂျွန်ဆင်က သတင်းထောက်ချက်တာဂျီအား ယခုကဲ့သို့အရေးပေါ်ကြုံတွေ့ရသဖြင့်သုံးစွဲရန်ငွေကြေးအလုံအလောက်သူ့တွင်ပါမလာပါကြောင်းပွင့်ပွင့်လင်းလင်းပြောလိုက်ပါသည်။ ထိုအခါ ချက်တာဂျီက ဗြိတိသျကုန်သည်ကြီးများအသင်းအတွင်းရေးမှူးနှင့်မိမိခင်မင်ရင်းနှီးပါကြောင်း၊ ငွေရေးကြေးရေးအတွက်စိတ်ပူရန်မလိုပါကြောင်းပြန်လည်နှစ်သိမ့်ခဲ့သည်။

ဗြိတိသျကုန်သည်ကြီးများအသင်းအတွင်းရေးမှူးထံအကျိုးအကြောင်းပြောကာ ရန်ပုံငွေကောက်ခံပြီး အေမီဂျွန်ဆင်အားပေးအပ်လိုက်လေသည်။.အေမီဂျွန်ဆင်၏လေယာဉ်ကလေးကိုလည်း အင်းစိန်ဂျီတီအိုင်ကျောင်းသားများကဝိုင်းဝန်းပြင်ဆင်ပေးခဲ့ကြပြီး ကျိုက္ကဆံကွင်း သို့ပြောင်းရွှေ့ပေးခဲ့ကြသည်။

ထို့နောက်အေမီဂျွန်ဆင်သည် သတင်းထောက်ချက်တာဂျီနှင့်ကျောင်းအုပ်ကြီးတို့ကိုအထူးကျေးဇူးတင်ပါကြောင်းပြောကြားကာ ရန်ကုန်မှခရီးဆက်လက်ထွက်ခွာသွားလေတော့သည်။..

မှီငြမ်းကိုးကား။- ကျွန်တော်သတင်းထောက်(လူထုဦးလှ)-

မြန်မာ့သတင်းစာများထဲမှသမိုင်းဆိုင်ရာဆောင်းပါးများ(တင်နိုင်တိုး)

Crd

Likes:
0 0
Views:
1293
Article Categories:
Uncategorized

Leave a Reply

Your email address will not be published. Required fields are marked *