ဗိုလ်မှူးကြီးစောမြင့်( မြန်မာ့တပ်မတော် ) ၏ ၁၉၈၂ ခုနှစ် သြဂုတ်လထုတ် ပေဖူးလွှာ မဂ္ဂဇင်းပါ ” ယိမ်းနွဲ့ပါး ” ဆောင်းပါးမှ တန်ခိုးထွားခဲ့သော ခန္တီးများ

မြန်မာနိုင်ငံတော်၏မြောက်ဘက်စွန်းပိုင်းရှိ အရေးပါလှသော ခန္တီးလောင်းနယ်မြေကြီးကို စတင်တွေ့ရှိပြီးပြည်နယ်တစ်ရပ်အနေအထားရောက်အောင် ပြုစုပျိုးထောင် ခဲ့သူများမှာခန္တီးရှမ်းများပင်ဖြစ်သည်။ ခန္တီးတို့ ကားတစ်ခေတ်တစ်ခါကလျှမ်းလျှမ်း တောက်တန်ခိုးထွားခဲ့ကြသူများ ဖြစ်သည်။ ခန္တီးခေါင်းဆောင်များသည်ဆင်မြင်းဗိုလ်ပါအလုံးအရင်းကိုကွပ်ကဲကာ မြစ်ချောင်းတွ့လျှင်တံတားဆောက်ဖောင်ဖွဲ့၍ကူး တောင်တွေ့လျှင်လမ်းဖောက် စသည်ဖြင့်မရောက်ဖူးသည့်ဒေသသစ်များသို့ ခရီးရှည်ချီတက်ခဲ့ကြသည်။

ရေကြည်ရာမြက်နုရာကို အပင်ပန်းခံရှာဖွေသည်။ နေရာကောင်းတွေ့လျှင်ထွန်ယက်စိုက်ပျိုးနိုင်သည့် လယ်ယာမြေအဖြစ် ဖော်ထုတ်သည်။ လူနေအိမ်ခြေများဆောက်၍ ရွာတည်သည်။ မြို့တည်သည်။ သည့်အပြင် ထိပါးတိုက်ခိုက်လာမည့် ဘေးရန်အန္တရာယ် အပေါင်းကိုတင်ကြို ကာကွယ်ရန်အတွက်အမြဲတမ်းတပ်မတော်ကို အမြုတေပြုကာ နေရာသစ်ဝယ်ခံကတုတ်များဆောက် ပြည်သူ့စစ်ဖွဲ့စည်းစသည်ဖြင့် အခိုင်အမာတိုင်းပြည်ထူထောင်ခဲ့သူများဖြစ်ကြောင်း သိရှိရ လေသည်။

တနည်းအားဖြင့်ဆိုရလျှင် ပကတိတောရိုင်းမြေဖြစ်သောအနောက်ဘက်တစ်ခွင် ကို မြို့ကြီးပြကြီး များဖြစ်လာအောင် ပျိုးထောင်ခဲ့ကြကုန်သော အမေရိ ကန်လူမျိုးများနှင့်သဏ္ဌာန်တူနေပေလိမ့်မည်။ ” ခန္တီးလောင်း ” ဆိုသောစကားမှာရှမ်းစကား(ခမ်းတီလုန်)ပင်ဖြစ်၏။* ခန်း *သည်မြန်မာ လို * ရွှေ *။ *တီး* သည် *ဒေသ* သို့မဟုတ်* မြေ *။ *လောင်း* သည်ကြီးခြင်းဟုအဓိပ္ပါယ်ရရာ ရွှေထွက်ရာဒေသတနည်းအားဖြင့် သုဝဏ္ဏဘူမိ ဟုဆိုရ ချိမ့်မည်။ ဖြစ်လည်းဖြစ်နိုင်စရာရှိပါ၏။

အဘယ်ကြောင့်ဆို သော် ခန္တီးလောင်းလွင် ပြင်ကြီးကို ဖြတ်သန်းစီးဆင်း လျှက်ရှိသည့် မလိခမြစ် (နမ့်ဂျို ) နှင့်သူ၏လက်တက် များဖြစ်ကြသောနမ့်လန်းနမ့်ယတ်စသည့် မြစ်များတွင် ယနေ့ထိရွှေကျင်ရရှိ နေသော ကြောင့်တည်း။ မြန်မာနိုင်ငံတွင်းသို့ ခန္တီးရှမ်းများမည်သည့်အချိန်လောက်ကစတင်ဝင်ရောက်ခဲ့သည် ကိုမူ သေချာခိုင်မာသော အထောက်အထား မတွေ့ရှိရသေးချေ။ သို့သော် ပုဂံခေတ်ကျောက်စာများတွင်ခန္တီးဟူသောစကားလုံးပါရှိသည်။

ယင်းသည် ခန္တီး နှင့်အတူတူဆိုပါက ခန္တီးတို့သည် ပုဂံခေတ် လောက်ကပင် ရောက်ရှိနေပြီလောဟု တွေးတော ဖွယ်ရှိကြောင်းမင်မင်းဆက် တရုတ်သမိုင်းများအရမူ ရှမ်းကြီးဟုခေါ်သော ရှမ်းတို့သည် ယူနန်နယ် အနောက် တာင်ဘက်ပိုင်းကို ဝင်ရောက် တိုက်ခိုက်သိမ်းပိုက်သောကြာင့် ဝမ်ချီ ဟူသော စစ်သူကြီးသည် ခရစ်နှစ် ၁၄၄၅ ခုနှစ်နှင့် ၁၄၅၀ စပ်ကြားတွင် မောစော်ဘွား စုဂျန်ဖ( သိုငန်ဘွား ) နှင့်သားစုချီဖ (သိုချီဘွား) တို့ကို တိုက်ခိုက်နှိမ်နှင်း မောရှမ်းများသည် ဧရာဝတီမြစ်အနောက်ဖက်သို့ဆုတ်ခွာရွှေ့ပြောင်းခဲ့သည်ဟု တွေ့ ရှိရလေသည်။

ဝမ်ချီ ၏နောက်ဆုံးတိုက်ပွဲတို့တွင်မင်စစ်တပ်များသည် ဧရာဝတီမြစ်ကိုကျော်၍ မိုးညှင်းနယ်အတွင်းသို့ရောက်ခဲ့၏။ ဤအချိန် လောက်မှစ၍ အနောက်ဖက် ရှမ်းနယ်များ ဖြစ်သော ခန္တီးလုံ နှင့် အာဟုမ်တို့ပေါ် ပေါက်လာခဲ့သည်ဟုယူဆရကြောင်းကို မြန်မာ့ စွယ်စုံကြမ်း အတွဲ – ၂ စာမျက်နှာ ၃၂၄ -၃၂၅ တို့တွင် ဖော်ပြထားလေသည်။

အခြားမူကွဲအထောက်အထားတစ်ရပ်မှာ လွန်ခဲ့သောနှစ်ပေါင်း ၇၀၀ခန့် ၁၃ ရာစုနှစ် အချိန် ရှမ်းလူမျိုးများတန်ခိုးကြီးမားစဉ် အခါက စတင်၍ ခန္တီးလောင်းဟူသော ပူတာ အိုလွင်ပြင်ဒေသမှာ ရှမ်းများစိုးမိုးအုပ်ချုပ်ရာ နယ်တစ်ခုဖြစ်ခဲ့လေသည်။ ထိုစဉ်အခါက ခန္တီးရှမ်းတို့၏ကြည်းတပ် ဆင်တပ်မြင်းတပ် တို့ သည် အိန္ဒိယပြည်အာသံနယ်အတွင်း တိုင်အောင် တိုက်ခိုက်သိမ်းပိုက် နယ်ချဲ့ခဲ့ဖူးသည်။

သို့ရာတွင် နောက်ပိုင်း ၁၇၆၆ ခုနှစ်တွင်မူ ခန္တီးလောင်းဒေသ၌ ခန္တီးရှမ်းတို့၏စိုးမိုးမှုမှာ မြန်မာတို့၏တိုက်စစ် ဆင်မှုကြောင့် ကြွေကျပျက်ပြုန်းခဲ့ရလေ သည်။ ထိုအချိန်မှစ၍ ခန္တီးရှမ်းစော်ဘွားများ သည် မြန်မာဘုရင်များ၏ လက်အောက်သို့ ရောက်ရှိသွားကြပြီး မြန်မာ့တံခွန်သည် ခန္တီးလောင်းတစ်ဝန်းလုံး၌ လွှင့်ထူနိုင်ခဲ့သည်။

မန်နေ လုတ်ခွန် မန်စေ စသော ခန္တီးစော် ဘွားကြီးများထံ၌ ယနေ့တိုင်ပင် မြန်မာဘုရင် များပေးအပ်ထားခဲ့သည့်ဘွဲ့တံဆိပ်နှင့် စာချွန်တော်များ ရှိနေသေးသည်ကို တွေ့ရ ကြောင်းဖြင့် အုပ်ချုပ်ရေးစာရွက်စာတမ်း များ၌ ဖော်ပြထားလေသည်။ ယနေ့ခေတ်ပူတာအိုတွင် အသက်ထင် ရှား ရှိနေကြသော ခန္တီးရှမ်းစော်ဘွားကြီးများ ၏ အဆက်အနွယ်များ သက်ကြီးဝါကြီး များထံ ချဉ်းကပ် မေးမြန်းသဖြင့် ဌင်းတို့ထံမှ ခန္တီးရာဇဝင်ကိုလည်း သိရှိမှတ်သားရပေသည်။

သို့သော် ယင်းပုဂ္ဂိုလ် များထံမှသိရှိ သည့်အချက်အလက်များမှာ ပါးစပ် ရာဇဝင်သာ ဖြစ်သောကြောင့် သက်သေခံ အထောက်အထား ပေစာ ကျောက်စာ စာရွက် စာတမ်းစသည်ဖြင့် တစ်စုံတစ်ရာ ကိုးကား ရန်မရရှိခဲ့ချေ။ ဒဏ္ဌာရီပုံပြင်သဖွယ် မှတ်ယူလိုက မှတ်ယူနိုင်ပါ၏။ သို့ပါသော်လည်း ထိုပုဂ္ဂိုလ်ကြီး များသည် သက်ကြီး စကား သက်ငယ် ကြား အစီအစဉ်ဖြင့် ဘိုးဘွားဘီဘင်လက်ထက် ကတည်းက အဆက်ဆက် မှတ်သားနာယူလာသည်ဖြစ်ရာ အားလုံးကိုသိမ်းကျုံ းပစ်ပယ်ရန်လည်း မသင့်ပေ။

အဘယ်ကြောင့်ဆိုသော် ယနေ့ ထပ်မံ တွေ့ရှိရသော သမိုင်းအထောက် အထားများနှင့် အချို့နေရာများ၌ ကိုက်ညီ မှန်ကန်နေပြန်ကြောင်း သတိပြုမိပါသည်။ လုတ်ခွန်စော်ဘွားကြီး စဝ်ဖမန်း ခန္တီးခေါင်းဆောင် ဦးအောင်ဘ စောနွဲ့အိုက်လုံ တို့ နှင့်ဆွှေးနွေးချက်မှာ မိုးညှင်းမင်းတရားကြီး၏ညီတော်နှစ်ပါး အနက် ညီတော်အကြီးက အာသံပြည်ကို ချီတက် သိမ်းပိုက်ပြီး လောင်းပွတ်စော်ဘွား ကြီးအဖြစ် ခန္တီးရှမ်းဆက် ဟိုမှစခဲ့ပါတယ်။

ညီတော်အငယ် မျက်စိသုံးလုံးနှင့်ဘုရင် လို့အဓိပ္ပါယ်ရတဲ့ ရှမ်းလို အခေါ် စဝ့်ဆမ်တာ က ကျွန်တော်တို့ရဲ့ ဘေးလောင်းတော် ဘိုးလောင်းတော်ပေါ့။ အဲဒီပုဂ္ဂိုလ်ကြီးဟာ ခု ခန္တီးလောင်းလို့ခေါ်တဲ့ ပူတာအိုနယ်မြေကြီး ကို ပထမဆုံးတွေ့ရှိ ထူထောင်ခဲ့သူဖြစ်ပါ တယ်။ရောက်ရောက်ခြင်းပြည်တည်တဲ့စခန်းသစ်က နွိုင်ဝိန်း တဲ့။ နောက် ဒုတိယ က ခုပူတာအိုဖြစ်လာမည့် နွယ်ဟန်ဝိန်းပါ။ ပြီးတော့ ဒီကနေခြောက်မိုင်လောက်မှာ မန်စေ စခန်းသစ်ဆက်တည်တယ်။

မန်စေ မှာ အုပ်ချုပ်ဖို့စော်ဘွား သတ်သတ် လည်း ခန့်လိုက်တယ်။မန်စေ စော်ဘွားဆက်ဟာ အဲဒီက စခဲ့တာပါ့။ နောက်မန်စေ အနောက် ဘက် နွယ်ဆီတ တောင်တန်းပေါ်မှာလည်း မန်စေခွန် စခန်းသစ်ဆောက်ပြီး ရွာထပ် တည်တယ်။ ပြီးမှ နွယ် ဟန်ဝိန်းကို တပ်ပြန်ခေါက်လာတာပါ။ ဒါထက် စကားမစပ်မေးရအုံးမယ်။

ဘာဖြစ်လို့ရွာတွေ ဟိုမှာသည်မှာ ခွဲတည်ရ တာတုန်း? တစ်နေရာထဲမှာလုပ်ကိုင် စား သောက်ဖို့မြေနေရာမရှိလို့လား ? မဟုတ်ပါဘူး။ ဒီနေရာဟာ ခုတော့ မြေပြန့် ကြီးဖြစ်သော်လည်း ဟိုတုန်းကတော့ တကယ့် တောရိုင်းကြီးပါ့။ပတ်ပတ်လည်မှာ တောင် တွေက လည်း ဝိုင်းရံနေတယ်။ တောင်တွေရဲ့တစ်ဖက် မှာ ဘာရှိတယ်ဆိုတာ လည်းမသိရဘူး မဟုတ်လား။ ဒီတော့ နယ်မြေတစ်ခုလုံးရဲ့လုံခြုံရေးကို အဓိကထားပြီး အချက်အခြာနေရာတွေမှာ ရွာတည် တယ်။ ခံကတုတ်ဆောက်တယ်လေ။

နွယ်ဟန်ဝိန်း စခန်းမှာ ဆိုရင် နွယ်ဟန်ဝိန်း အပြင် ဟူးခန်းစခန်းရယ်လို့ ရှိသေးတယ်။ မြန်မာပြန်လိုက်ရင် နွယ်ဟန်ဝိန်း ကတောင်မ ကြီး၏ မြောက်ဘက်အစွန်က ရွာဟူးခန်း က ကန့်လန့်တူးထားသော မြေကတုတ်စခန်းလို့ အဓိပ္ပါယ်ရ တယ်။ ရွာတည်ရတဲ့ရည်ရွယ် ချက် သိနိုင်တာပေါ့လေ။ ဒီလိုတော့လည်း ဟုတ်သားဘဲ။

နောက်ပြီးတော့ ဘာဖြစ်သေးတုန်း ? ဆက်ပါဦး စော်ဘွားကြီး ? စဝ့်ဆမ်တာ ဟာ အလွန်ဘုန်းကြီးတဲ့နေဝင် ဘုရင်တစ်ဆူပါ။ ရှမ်းအမျိုးသားတွေအတွက် ခုတွေ့ရှိထားတဲ့ ခန္တီးလောင်းလွင်ပြင်နှင့် မကျေနပ်သေးဘဲ နေရာသစ်ထပ်ရှာဖို့ကြိုးစား ပြန်ပါတယ်။ ဟောဒီကနေ အနောက်ဘက်စူးစူးကို ကြည့်လိုက်ရင် ဆီးနှင်းရေခဲဖုံး နေတဲ့ တောင်တန်း အထပ်ထပ်ကို မြင်ရမယ်။ အဲဒီတောင်တွေရဲ့ ဟိုဘက်မှာက ခုတော့ အိန္ဒိယနိုင်ငံပါ့။ ဟိုတုန်းကတော့ ဝေသာ လီ(အာသံပြည်)ခေါ်တယ်။

တနေ့တော့ ဆင်တပ်မြင်းတပ်တွေပါတဲ့ ခန္တီးစစ်သည် တော်တွေဟာ ခက်ခဲတဲ့ တောင်အထပ်ထပ်ကို ချောက်ကန်တောင်ကြားလမ်း ကကျော်ပြီး ဝေသာလီပြည်ကိုစစ်ချီတော့တာပါ့။ချီတက်လို့ သိပ်မကြာသေးဘူး လမ်းခံမောင်း စခန်း အရောက်မှာ နောက်ကနေ ဆက်သားလိုက် လာတာက တိဘက်ပြည်က တိဘက်စစ်သည် တွေဟာ နွယ်ခိုမါ့ လို့ခေါ်တဲ့ကျောက်တံခါးလမ်းဝက ဝင်လာကုန်ပြီ။ ခု နွယ်ဟန်ဝိန်း စခန်းနားတောင်ရောက်နေလို့ အမြန်ပြန်တပ် ဆုတ်ခဲ့ပါသတဲ့။

နေပါဦး စော်ဘွားကြီးရဲ့ ဒီလောက် မြင့်မားတဲ့တောင်ပေါ်မှာ ဆင်တွေသုံးလို့ရ ပါ့မလား ?ပြီးတော့မိုးညှင်း မိုးကောင်းက ချီ တက်ပြီး ပူတာအိုသိမ်းကတည်းက ဆင်တွေ ပါလာတာလား။ ဒါမှမဟုတ်ပူတာအို ရာက်မှ တောထဲက ဖမ်းယူတာလား ? ရေခဲဖုံးတယ်ဆိုရင်ဘဲ ဒီကတောင် တွဟာ ပေတစ်သောင်းကျော် ထက်မနည်း မြင့်လို့ပါ့။ အဲဒီတောင်ပေါ်ကျော်ဖို့ကတော့ ဆင်တပ်တွေ အဖို့မလွယ်ဘူး။ ဒါပေမယ့် စစ်ချီတာက ချောက်ကန် တောင်ကြားလမ်း အတိုင်းဆိုတော့ ဆင်မြင်းနွားဝန်တင်တွေ သွားလို့ရပါတယ်။

ခုလည်း အိန္ဒိယကို ဒီလမ်းအတိုင်းသွားနေတာပါ့။ မိုးညှင်းက ချီတက်ကတည်းက ဆင်တပ်တွေပါလာ တယ်လို့ ထင်ပါတယ်။ ဒါမှမဟုတ် ဟောဒီ ခန္တီးလောင်း တောအုပ်ကလည်း ဆင်တွေ ကျက်စားတဲ့နေရာမို့ ဒီရောက်မှဖမ်းယူတာလည်းဖြစ်နိုင်ပါတယ်။ ဘယ်လိုဘဲဖြစ်ဖြစ် ကျွန်တော်တို့ရှမ်းတွေဟာ ဆင်အတတ်မှာတော့ ရှေးရှေးကတည်းကအထူးကျွမ်းကျင် လာခဲ့တာ ခုထိရိုးရာမပျက် ထိန်းသိမ်းလျက် ပါခင်ဗျာ။ ဟုတ်လောက်စရာရှိပါသည်။

အဘယ်ကြောင့်ဆိုသော် ယနေ့ ပူတာအို လွင်ပြင်၌ ခန္တီးရှမ်းများသည် လယ်လုပ်ရာ ၌ပင် ဆင်များကို အသုံးပြုလျက်ရှိသည်ကို ကျွန်တော်တို့ကိုယ်တိုင် မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ရလေသည်။ ဆင်ကိုသစ်ထုတ် လုပ်ရေးလုပ်ငန်း၌ဌင်း သယ်ယူပို့ဆောင်ရေး လုပ်ငန်း၌ဌင်း လူတို့ အသုံးပြုကြသည်ကို အခြားဒေသများ၌လည်းတွေ့မြင်ဖူးကြပြီ။ သို့သော် ဆင်ကိုအိမ်မှာမွေးထားသည့် ကျွဲနွားသဖွယ် ထွန်ယက်ရာ၌ နိုင်နိုင်နှင်းနှင်းစေခိုင်းနိုင်သည်မှာ ဤပူတာအို တစ်နယ် တည်း ၌သာရှိပေလိမ့်မည်။

အံ့ဖွယ်ကောင်း လေစွ။ အတိုချံ ုးပြောရရင် စဝ့်ဆမ်တာ ဟာ တိဘက် တွေကို အခက်အခဲမရှိမောင်းထုတ် ပစ်နိုင်ပါတယ်။ ဒါပေမယ့် နောက်ထပ်ရန်သူ တွေ ဒီလမ်းကဝင်မလာနိုင်အောင် ရှေ့စစ်ချီ တက်နေတုန်းကလည်း နောက်ပိုင်းစိတ်ချရ အောင် စဝ့်ဆမ်တာဟာ ဤခန္တီးလောင်းနယ်မြေသည် ကျွန်ုပ်အုပ်ချုပ်ရမည့်ဒေသ ဟုတ်မှန်ပါက တိဘက်တွေဝင်လာခဲ့သည့် နွယ်ခိုမါ့လမ်း၌ အခုအခံ ကျောက်တောင်ကြီး အလိုလိုပေါက်၍ပိတ်ပါစေသားဟု အဓိဌာန် ပြုလိုက်ပါတယ်။

အံ့သြစရာပါဘဲ ခင်ဗျား ကျောက်တံခါးလမ်းနေရာမှာ မြင်း၏ လည် ကုတ်ပုံသဏ္ဌာန်ရှိတဲ့ တောင်တစ်လုံးဟာ ရုတ်တရက်ပေါ်လာပြီး လမ်းကိုလုံးဝပိတ်ဆို့ သွားပါလေရော။ ဒါကြောင့်အဲဒီပေါ်လာတဲ့တောင်ကို မြင်းလည်ဆံလို့ အဓိပ္ပါယ်ရတဲ့ နွယ်ခိုးမါ့ တောင်လို့ခေါ်ခဲ့တာ ခုချိန်ထိပါ့။ နွယ်ခိုးမါ့ တောင်ကိုရာသီဥတုသာယာတဲ့ အခါမှာ ပူတာအိုကနေ မြောက်ဘက် လှမ်း ကြည့်လိုက်ရင် အတိုင်းသားမြင်နိုင်တယ်ေလ။ ဒီတော့ အိန္ဒိယကို စစ်မချီ ဖြစ်တော့ဘူးလား ? ဟာ ဘာရမလဲ။

တိဘက်အရေး အခင်းပြီးလို့ နွယ်ခိုးမါ့ပေါ်လာပြီး မကြာခင် စဝ့်ဆမ်တာ ဟာတပ်မတော်ကို ကိုယ်တိုင် အုပ်ချုပ်ပြီးဆက်လက် ချီ တက်တာပါ့။ ဝေသာလီရောက်တော့ နောင်တော်အလတ် လောင်းပွတ်စော်ဘွားနှင့်တွေ့ဆုံပူးပေါင်းပြီးညီနောင်နှစ်ဖော်ရဲ့ ခန္တီးစစ်သည်တော်တွေဟာ အာသံပြည် ဗြမ္မာပုတ္တရမြစ်ဝှမ်း တစ်ကြော လုံးကို တိုက်ခိုက်သိမ်းပိုက်အောင်နိုင်ခဲ့ပါ တယ်။ ဒီဘက်က စဝ့်ဆမ်တာနှင့်ပါသွားသည့် စစ်သည်တော် တွေအနက်တော်တော်များ များဟာဟိုမှာကျန်ရစ်ပြီးအိမ်ထောင်ကျ မြို့ရွာထူထောင်ကြပြန်တယ်လေ။

ပူတာအိုလွင်ပြင်မှရှေ့မီနောက်မီ ခန္တီးပညာရှိကြီးများ ပြောကြားလိုက်သည့် ပါးစပ်သမိုင်းကိုအခြေပြုကာ ကျန်တော်သည် အထောက်အ ထားများ တွ့လိုတွေ့ငြား ရှာဖွေကြည့်ရှုမိလေသည်။ အိန္ဒိယနိုင်ငံ သို့ပြောင်းရွှေ့ရောက်ရှိသွားကြသော အာဟုမ် ရှမ်း များ၏ ဗူရန်ဂျီသမိုင်း ဆိုရမည့် တွန်ခူဂီယဗူရန်ဂျီ နှင့်မြန်မာ့စွယ်စုံကြမ်းအတွဲ – ၂ တို့၌ ယင်းအကြောင်းအရာ နှင့်တွေ့ရှိ ချက် ကို ကောက်နုတ်ဖော်ပြရသော် အာသံပြည်ဘက်တွင် ဖြစ်ပျက်ခဲ့ သော ခန္တီးတို့၏နောက်ပိုင်းသမိုင်းကိုထောက် ရှု့ခြင်းအားဖြင့် ခန္တီးတို့မှာ တိုက်ရေးခိုက်ရေးတွင်စွမ်းလွန်းတမံ ရှိခြင်း ရဲရင့်ဖြတ် လတ်ခြင်း လှုပ်ရှားတက်ကြွခြင်းနှင့် ပြည့်စုံသူများဖြစ်ကြောင်းသိရပေသည်။

စွာဂဒေအိုဂေါရိနတ်ဆင်ဂါမင်း လက်ထက် (၁၇၈၀ – ၁၇၉၅ )တွင် ခန္တီးတို့သည်ဆာဒိယနယ်တွင် ဗူရဟရာဇာ နှင့် ဒေလရာဇာမည်သောအကြီးအကဲနှစ်ဦးတို့ကအုပ်ချုပ်လျက်ရှိကြောင်း ဗူရဟရာဇာနှင့်နောက်လိုက် ခန္တီးတို့သည် အာသံအရှေ့မြောက်ပိုင်း ချိုကီဟတ်၌မိုအာမရိယာ လူမျိုးများပုန်ကန်ထကြွသည်ကို အခွင့်ကောင်းယူ၍ မိမိတို့ဒေသမှဆင်းသက်တိုက်ခိုက်ကြရာတွင်အရေးနှိမ့်သဖြင့်ဗူရဟရာဇာပင်လျှင် အာသံဘုရင် လက်တွင်းသို့ ကျဆင်းခဲ့ရကြောင်းနောက်လိုက်ခန္တီးတို့မှာတိုကိုလိုင်သစ်တောတွင် အခြေစိုက်ရန်

နေရာချထားခြင်းကို ခံရ ကြောင်း ထို့နောက်သော် ဘူရဂိုဟိန်း ၏အဖွဲ့အစည်းနှင့်တွဲဖက်ထား ကြောင်း ကမလေစွာဆင်ဂါ ဘုရင်လက်ထက် ၁၈၀၆ ခုနှစ်တွင် အာသံအရှေ့မြောက်ပိုင်းဒေသကို တိုက်ခိုက်သိမ်းပိုက်ရာ၌ ခန္တီးတို့ထကြွတိုက်ခိုက်ပြန်ကြောင်း အာဟုမ်ဘုရင်တပ် များ သည်အဗောနှင့်မိရိ လူမျိုးများကို တိုက်ခိုက်နှိမ်နှင်းနိုင်ခဲ့သော်လည်း ခန္တီးတို့၏ တိုက်ခိုက်မှုကိုမူပရိယာယ်ဖြင့် ငြိမ်းချမ်းစေ ခဲ့ကြောင်း ဖော်ပြထားလေသည်။

စစ်စိတ်စစ်သွေးတက်ကြွလျက်ရှိသော ခန္တီးစစ်သည်တို့သည် ဗမာပြည်ဘက်မှတဆင့် အိန္ဒိယဘက်သို့ချီတက်ရောက်ရှိပြီး နယ်ချဲ့ခဲ့ ကြကြောင်း ဗြမ္မာဗုတ္တရမြစ်ဝှမ်းနှင့် အထူး သဖြင့် မြစ်၏မြောက်ပိုင်းရှိ ဆာဒိယနယ်တစ်ခုလုံးကို သိမ်းပိုက်ကာ မိမိတို့၏ ကိုယ်ပိုင်အုပ်ချုပ်ရေး ကိုယ်ပိုင်စော်ဘွားဖြင့် တထီးတနန်းစိုးစံခဲ့ ကြကြောင်းကို ဗြိတိသျှ တို့၏မှတ်တမ်းများ၌လည်း တွေ့ရှိရပြန်လေသည်။

အိန္ဒိယနိုင်ငံအား ဗြိတိသျှတို့ သိမ်းပိုက်ပြီးစလောက်ကဖြစ်သည် ဘင်္ဂလားပြည်နယ်၌ သီးခြား အစိုးရအဖွဲ့ ဟုရှိပြီး ” လက်ဖတင်နင်ဂါဗနာ ” လက်ထောက်ဘုရင်ခံ ဆာဝေလီယန်ဂရေး ကတိုက်ရိုက်အုပ်ချ ုပ်ထားသည်။ မြန်မာနိုက်ငံ၌ မြန်မာဘုရင်များအုပ်စိုးဆဲ ဖြစ်သည်။ ထို့ကြောင့် ဘင်္ဂလားအစိုးရ သည်မြန်မာနိုင်ငံနှင့်နယ်ခြားပြဿ နာများကို အများဆုံးတွေ့ထိဖြေရှှင်းရသူ ဖြစ်ရာ ဌင်း၏ လက်အောက်၌ အရှေ့ မြောက်ဖက် နယ်ခြားအုပ်ချုပ်ရေးဟူ၍ သီးခြားဖွင့်လှစ်ထားရှိခဲ့လေသည်။

အရှေ့မြောက်နယ်ခြားဒေသတွင် အမှုထမ်းရွက်ကြရသော မျက်နှာဖြူ နယ်ခြားအရာရှိများနှင့် ဘင်္ဂလားအစိုးရ တို့စပ်ကြား ဆက်သွယ်ပေးပို့ သည့်စာများကို နိုင်ငံရေးရာဌာနက တာဝန်ယူရသည်။ ၁၈၆၆ခုနှစ်မှ ၁၈၇၃ ခုနှစ်အတွင်း ယင်းနိုင်ငံ ရေးရာဌာနကို အုပ်ချုပ်သည့်တာဝန်ခံက အစိုးရဖိုင်တွဲမှ စာရွက်စာတမ်းများကို အခြေခံပြီးနယ်ခြားလက်စွဲစာအုပ်အဖြစ်၁၈၈၄ – ခုနှစ် ဇန္နဝါရီလ ၂၆ ရက်နေ့တွင် ထုတ်ဝေခဲ့သည်။ အလွန်ရှားပါး၍ အဖိုးတန် သော စာအုပ်တည်း။

ယင်းစာအုပ်၏အဖွင့်စာမျက်နှာ အမှတ် ၂ တွင် ခရစ်တော်ပေါ်ပြီးနောက် ရှစ်ရာစုနှစ်ကြာသောအခါ စစ်စိတ်ပြင်း ထန် ပြီး တိုက်ရေးခိုက်ရေးလိုလားနှစ်သက်လေ့ ရှိသော မြန်မာနိုင်ငံမှ ရှမ်းအနွယ်များသည်နယ်စပ်ကိုကျော်၍ အိန္ဒိယနိုင်ငံအတွင်းသို့ချဉ်းနှင်းဝင်ရောက်ခဲ့ကြ၏။ ထိုအချိန်က ဗြမ္မာပုတ္တရ မြစ်ဝှမ်းကိုအုပ်စိုးထားသော ဟိန္ဒူ ဘုရင်များနှင့် ပြင်းထန်သောတိုက်ပွဲ များ ဖြစ်ပွားကြပြီးရှမ်းများက အနိုင်ရကာ မိမိတို့၏ လွတ်လပ်သော ရှမ်းနိုင်ငံကို ထူထောင်နိုင်ခဲ့လေသည်။

ထို့နောက်ရှမ်းတို့သည် မိမိတို့လူမျိုးကို အာဟုမ်ဟူသောဘွဲ့ဖြင့် ပြောင်းလဲခံယူ လိုက်ကြလေ၏။ တုပြိုင်ဖက်ကင်းသူများဟုအဓိပ္ပါယ်ရ သည်။ အချို့သမိုင်းသုသေသီများကအာဟုမ်ဟူသောအမည်မှတဆင့် ဌင်းတို့အုပ်ချုပ်သည့်နိုင်ငံသည်လည်းအာသံ ဖြစ်လာသည်ဟု ကောက်ချက်ချကြလေ သည်။

တဖန်ယင်းစာအုပ်၏ စာမျက်နှာ ၅၇ အခန်း ၉ တွင်ဆာဒိယရှိ ခန္တီးအမျိုး အနွယ်များ ဟူသော ခေါင်းစဉ်အောက်၌ ခန္တီးရှမ်းများ မည်သို့မည်ပုံ အိန္ဒိယဘက်ရောက်ရှိလာပုံဌင်းတို့၏ ယဉ်ကျေး မှုနှင့် လှုပ်ရှားမှုသမိုင်း စသည်များကို ထပ် လောင်း၍ အသေးစိတ်ဖောြ်ပထားလေ သည်။ ခန္တီးတိုင်းရင်းသားများသည်ဘင်္ဂလားပြည်နယ် အရှေ့မြောက် နယ်ခြား ဒေသတောင်တန်းတွင် မူလကရှိနေကြသည့်တိုင်းရင်းသားများနှင့်များစွာ ကွာခြားသည်။

သူတို့သည် မြန်မာခန္တီးမှ ဆင်းသက်လာကြပြီး ဗုဒ္ဓဘာသာကို ကိုးကွယ်သည်။ အာသံနယ်၌ ဂိုဝါဆင်းဘုရင် အုပ်စိုးစဉ်ဝင်ရောက်လာကြပြီး ပထမဦးဆုံး ၁၇၉၄ ခုနှစ်၌ တင်ဂါပန်နီ တွင်အခြေစိုက်ကြကြောင်း မကြာခင်အင်အားကြီးမားသောခန္တီးစစ်သည်များသည် ဗြမ္မာပုတ္တရမြစ်ကြီးကို ဖြတ်ကျော်ကာမြောက်ဘက်ဆာဒိယနယ်တစ်ခွင်လုံးကို သိမ်းပိုက်အောင်ပွဲခံနိုင်ခဲ့သဖြင့် ခန္တီးစော်ဘွားသည် မိမိကိုယ်ကိုမိမိ အာသံဘုရင်ခံ သို့မဟုတ် ခိုဝါဂိုဟိန်းဟူ သောဘွဲ့အမည်ကိုခံယူလိုက်ကြောင်း ထင်ထင်ရှားရှားဖော်ပြထားလေသည်။

ခန္တီးများသည် တစ်ချိန်သောအခါကတန်ခိုးအလွန်ထွားခဲ့သောသူများပေတကား။ ယိမ်းနွဲ့ပါးမူလစာရေးဆရာဗိုလ်မှူးကြီးစောမြင့် ၏ အာဘော်စကားလုံးများအတိုင်း ရေးကူးဖော်ပြပါသည်။

credit : စောနွဲ့ရန်ကင်း

Likes:
0 0
Views:
686
Article Categories:
HistoryKNOWLEDGE

Leave a Reply

Your email address will not be published. Required fields are marked *