ကမ္ဘာ့ နန်းသက်အရှည်ဆုံး ဘုရင် ၁၀ ပါး

အရင်နေ့က ကမ္ဘာပေါ်မှာ နန်းသက်အတိုဆုံး ဘုရင် ၊ ဘုရင်မ တွေအကြောင်းကို တင်ခဲ့ပြီးပြီဖြစ်တဲ့အတွက် ဒီတခါတော့ နန်းသက်အရှည်ဆုံး ဘုရင် ၊ ဘုရင်မတွေ အကြောင်းကို သုတဇုန်မိတ်ဆွေများအတွက် ထပ်မံဝေမျှလိုက်ပါတယ်။

၁၀။ Victoria

ယူနိုက်တက်ကင်းဒမ်းရဲ့ ဘုရင်မဖြစ်ပြီး မြန်မာသမိုင်းမှာတော့ ဝိတိုရိယဘုရင်မကြီးဆိုပြီး သိကြပါတယ်။ ယူနိုက်တက်ကင်းဒမ်းအား သူမ မတိုင်မီကာလထက် အဆပေါင်းများစွာ တိုးတက် ဘုန်းတန်ခိုးကြီးစေခဲ့သလို ဝိတိုရိယခေတ်ကို ထူထောင်နိုင်ခဲ့သူလည်းဖြစ်သည်။ ဘုရင်မကြီးသည် ၁၈၃၇ ခုနှစ်မှ ၁၉၀၁ ခုနှစ်ထိ နိုင်ငံအား အုပ်ချုပ်ခဲ့ပြီး စုစုပေါင်း နန်းစံချိန်မှာ ၆၃နှစ် နှင့် ၂၁၆ ရက်ဖြစ်သည်။

၉။ Ferdinand III

တတိယဖာဒီနန်သည် ၁၇ ရာစုအလယ်ပိုင်း စစ္စလီဘုရင့်နိုင်ငံ နှင့် နေပယ်ဘုရင့်နိုင်ငံ ၂ခုလုံး၏ ဘုရင်ဖြစ်သည်။ ထိုနှစ်ခုလုံးကို ပေါင်းစပ်ကာ စစ္စလီနှစ်နိုင်ငံ၏ ဘုရင်ဟုလည်း ခေါ်ကြသည်။ ထိုနိုင်ငံသည် ထိုအချိန်က အီတလီဒေသတခုလုံးတွင် အကြီးဆုံးနိုင်ငံလည်း ဖြစ်သည်။ ဖာဒီနန်သည် ၈နှစ်သားအရွယ်ကတည်းက ဘုရင်ဖြစ်ခဲ့ပြီး နိုင်ငံအား ဆယ်စုနှစ်ပေါင်းများစွာ အုပ်ချုပ်ခဲ့သည်။ ၁၇၅၉ ခုနှစ်မှ ၁၈၂၅ ခုနှစ်အထိဖြစ်သဖြင့် သူ၏ နန်းစံချိန်မှာ ၆၅နှစ် နှင့် ရက်ပေါင်း ၉၀ ဖြစ်သည်။

၈။ Basil II

ဒုတိယဘေဆယ်လ် သည် ၁၀ ရာစုနှင့် ၁၁ ရာစုကြားကာလတွင် ဘိုင်ဇန်တိုင်းအင်ပါယာအား အုပ်စိုးခဲ့သော ဘုရင်ဖြစ်သည်။ သူ၏ အင်ပါယာအား ဘော်လ်ကန်ဒေသထိတိုင်အောင် ချဲ့ထွင်နိုင်ခဲ့သူဖြစ်သည်။ အေဒီ ၉၆၀ မှ အေဒီ ၁၀၂၅ ခုနှစ်ထိ ဘိုင်ဇန်တိုင်း ဧကရာဇ်ဖြစ်ခဲ့ကာ စုစုပေါင်း နန်းစံချိန်မှာ ၆၅ နှစ် နှင့် ၂၃၇ ရက် ဖြစ်သည်။

၇။ Constantine VIII

အဌမ ကွန်စတန်တိုင်းသည်လည်း ဘိုင်ဇန်တိုင်းအင်ပါယာ၏ ဘုရင်ပင်ဖြစ်ကာ သူ၏ညီအစ်ကိုတော်စပ်သူ ဒုတိယဘေဆယ်လ် နှင့် ယှဉ်တွဲအုပ်ချုပ်ခဲ့ရသူဖြစ်သည်။ ကွန်စတန်တိုင်းသည် နိုင်ငံရေး စစ်ရေးကိစ္စများကို စိတ်မဝင်စားသဖြင့် ဒုတိယဘေဆယ်လ်ကသာ အဓိကအုပ်ချုပ်သွားခဲ့သည်။ ၁၀၂၅ ခုနှစ် ဘေဆယ်လ် ကွယ်လွန်သည့်အခါ အင်ပါယာတခုလုံးသည် သူ့လက်ထဲသို့ ရောက်ရှိခဲ့သည်။ အေဒီ ၉၆၂ မှ ၁၀၂၈ ခုနှစ်ထိတိုင်အောင် အုပ်ချုပ်ခဲ့ရသည်ဖြစ်သဖြင့် သူ၏ စုစုပေါင်း နန်းစံချိန်မှာ ၆၆နှစ် နှင့် ၂၂၆ ရက်ဖြစ်သည်။

၆။ Franz Joseph I

ပထမဂျိုးဆက်သည် သြစတြီးယား၏ ဧကရာဇ်ဖြစ်သလို ဟန်ဂေရီ ၊ ခရိုအေးရှား နှင့် ဘိုဟီးမီးယားတို့၏ ဘုရင်လည်းဖြစ်သည်။ သြစထရို-ဟန်ဂေရီးယန်း အင်ပါယာဖြစ်လာသောအခါလည်း သူပင် ဘုရင်ဖြစ်ခဲ့သည်။ သူ အသက် ၁၈ နှစ် အရွယ်တွင် ဦးရီးတော် သြစတြီးယားဖာဒီနန်ဘုရင် နန်းစွန့်သွားသဖြင့် ဘုရင်ဖြစ်ခဲ့သည်။

၁၈၆၆ ခုနှစ်ထိ ဂျာမန်ဖက်ဒရေးရှင်း၏ သမ္မတလည်း ဖြစ်ခဲ့သည်။ ပထမ ကမ္ဘာစစ်ကို စတင်ဖြစ်ပွားသည့် အကြောင်းရင်းတရပ်ဖြစ်သာ သြစတြီးယားအိမ်ရှေ့မင်းသား ဖာဒီနန်သည် သူ၏ တူတော် ဖြစ်သည်။ ၁၉၁၆ ခုနှစ် အသက် ၈၆ နှစ်တိုင်အောင် နိုင်ငံအား အုပ်စိုးသွားခဲ့ပြီး စုစုပေါင်း နန်းစံချိန်မှာ ၆၇နှစ် နှင့် ၃၅၅ ရက် ဖြစ်သည်။

၅။ Kʼinich Janaabʼ Pakal I

ကင်နစ်ဂျနာဘ်ပါကယ် သည် ၇ ရာစု ပါလင်ဂေ Palenque နိုင်ငံ၏ ဘုရင်ဖြစ်ပြီး မဟာပါကယ် Pacal the Great ဟုလည်း ခေါ်ကြသည်။ ပါလင်ဂေနိုင်ငံသည် ယခုမက္ကဆီကိုတောင်ပိုင်းဒေသတွင် ပေါ်ထွန်းခဲ့သော မာယာတို့၏ မြို့ပြနိုင်ငံတခုဖြစ်သည်။

ယခုတိုင်အောင် မြို့ဟောင်းတွင် သူနှင့်စပ်ဆိုင်သော အထိမ်းအမှတ်အဆောက်အဦးများစွာကို မြင်နိုင်သေးသည်။ မာယာမြို့ပြနိုင်ငံအား အေဒီ ၆၁၅ မှ အေဒီ ၆၈၃ ခုနှစ်ထိ အုပ်ချုပ်ခဲ့သဖြင့် သူ၏နန်းသက်မှာ ၆၈နှစ် နှင့် ၃၃ ရက် ဖြစ်သည်။

၄။ Elizabeth II

ဒုတိယ အဲလိဇဘက်ဘုရင်မကြီးသည် ယူနိုက်တက်ကင်းဒမ်း၏ ဘုရင်မ ဖြစ်ပြီး ယခုစာရင်းတွင် ၁ယောက်တည်းသော ရှိနေသေးသူဖြစ်သည်။ ယူကေတနိုင်ငံတည်းသာမက ကနေဒါ ၊ သြစတြေးလျ ၊ နယူးဇီလန် နှင့် အခြား ဓနသဟာယနိုင်ငံများ၏ အကြီးအကဲ ၊ ဘုရင်မ လည်းဖြစ်သည်။ ၁၉၅၂ ခုနှစ်ကတည်းက ထီးနန်းကိုဆက်ခံခဲ့ရာ ယခုအချိန်တွင် သက်တော် ၉၅ နှစ်ရှိသွားပြီဖြစ်သည်။ ယခုအချိန်ထိ ဆိုလျှင် ဘုရင်မကြီး၏ နန်းသက်မှာ ၆၉နှစ် နှင့် ၁၈၇ ရက် ရှိသွားပြီ ဖြစ်သည်။

၃။ Johann II

ဒုတိယ ဂျိုဟန်သည် ဥရောပရှိ လင့်တန်စတိုင်း Liechtenstein ၏ မင်းသား (ထိုနိုင်ငံသည် မင်းသား Prince အုပ်ချုပ်သောနိုင်ငံဖြစ်သည်) ဖြစ်သည်။ ဥရောပ၏ သမိုင်းတလျှောက် ဒုတိယ နန်းသက်အရှည်ဆုံး ဘုရင်ဖြစ်ပြီး အသက် ၁၈နှစ်ပြည့်ပြီးကတည်းက ထီးနန်းကို ရရှိခဲ့သူဖြစ်သည်။ ၁၈၅၈ ခုနှစ်မှ ၁၉၂၉ ခုနှစ်အထိ နိုင်ငံအား အုပ်ချုပ်ခဲ့သဖြင့် သူ၏ နန်းသက်မှာ ၇၀နှစ် နှင့် ၉၁ ရက် ဖြစ်သည်။

၂။ Bhumibol Adulyadej

Bhumibol Adulyadej သည် ထိုင်းနိုင်ငံ၏ ဘုရင်ဖြစ်ပြီး မြန်မာနိုင်ငံတွင် ဘုရင်ကြီး ဘူမိဘော ဟု လူသိများသည်။ အစ်ကိုဖြစ်သူထံမှ ထီးနန်းကို ဆက်ခံချိန်တွင် အသက် ၂၀ ပင် မပြည့်သေးချေ။ စိတ်နှလုံးအထူးကောင်းမွန်သော ဘုရင်ကြီးသည် ထိုင်းနိုင်ငံအား အဘက်ဘက်မှတိုးတက်အောင် စွမ်းဆောင်ခဲ့ပြီး ပြည်သူပြည်သားများ၏ အချစ်တော်လည်း ဖြစ်ခဲ့သည်။ ကမ္ဘာပေါ်တွင် ဒုတိယနန်းသက်အရှည်ဆုံး ဘုရင်ဖြစ်ကာ သူ၏သက်တမ်းတလျှောက်တွင် ဝန်ကြီးချုပ်ပေါင်း အယောက် ၃၀ နှင့် ကြုံဆုံခဲ့ရသည်။ ၂၀၁၆ ခုနှစ် သက်တော် ၈၈ နှစ်အရွယ်တွင် နတ်ရွာစံခဲ့ပြီး သူ၏ စုစုပေါင်းနန်းသက်မှာ ၇၀နှစ် နှင့် ၁၂၆ ရက် ဖြစ်သည်။

၁။ Louis XIV

ကမ္ဘာပေါ်တွင် နန်းသက်အရှည်ဆုံးဘုရင်အဖြစ် သတ်မှတ်ခံထားရသူမှာ လူဝီ ၁၄ ဘုရင် ဖြစ်သည်။ ၁၇ ရာစု နှင့် ၁၈ ရာစု အစောပိုင်းကြားကာလ ပြင်သစ်နိုင်ငံ၏ ဘုရင်လည်း ဖြစ်ကာ မဟာလူဝီ ဟုလည်း ကျော်စောသည်။ ဖခင်နတ်ရွာစံပြီးနောက် သူ အသက် ၅ နှစ်သားအရွယ်မှာပင် ထီးနန်းကို ရရှိခဲ့သူဖြစ်သည်။ ကာဒီနယ်မာဇာရင် နှင့် ကိုးဘတ်လို ဝန်ကြီး များ၏ ဦးဆောင်အုပ်ချုပ်မှုကြောင့် ပြင်သစ်သည် တိုးတက်ဖွံ့ဖြိုး အင်အားကြီးသော နိုင်ငံဖြစ်ခဲ့သည်။

သူ၏ နန်းသက်သည် အလွန်ရှည်လျားလွန်းပြီး နန်းလျာဖြစ်သော သားတော် ၊ မြေးတော်များ ဆုံးပါးသွားသည့်တိုင်အောင် သူက အုပ်ချုပ်နေဆဲဖြစ်သည်။ ၁၆၄၃ ခုနှစ်မှ ၁၇၁၅ ခုနှစ်ထိ တိုင်အောင် ပြင်သစ်ပြည်အား အုပ်စိုးခဲ့ပြီး စုစုပေါင်း နန်းသက်မှာ ၇၂ နှစ် နှင့် ၁၁၀ ရက် ဖြစ်သည်။

နန်းသက်အရှည်ဆုံးဘုရင်များ အကြောင်းကိုပြောလျှင် မြန်မာမှ မင်းအချို့ကိုလည်း ဖော်ပြရပေမည်။ တဦးမှာ ပုဂံခေတ် အလောင်းစည်သူမင်း ဖြစ်ပြီး အချို့စာများတွင် စည်သူ ၁ ဟုခေါ်သော အလောင်းစည်သူမင်းသည် သက်တော် ၁၀၁ နှစ်အထိ ရှည်ပြီး နန်းသက် ၇၅ နှစ် ဖြစ်သည်ဟု ဆိုကြသည်။ တကျမ်းနှင့် တကျမ်း တူညီမှုမရှိပဲ သူ၏ မွေးဖွားချိန် ထီးနန်းဆက်ခံချိန် ခုနှစ်များကို အခြားမင်းများနှင့် ယှဉ်ကြည့်ပါက ဇာတာတော်ပုံ ရာဇဝင်တွင် ဖော်ပြထားသော နန်းစံသက် ၅၆ နှစ်မှာ ပို၍ ဖြစ်နိုင်လေသည်။

ဂင်းနစ်စံချိန်မှတ်တမ်းတွင် နန်းသက်အရှည်ဆုံးဘုရင်အဖြစ် ဖော်ပြလေ့ရှိသည် ဟု ဆိုရှယ်မီဒီယာများတွင် မကြာခဏရေးလေ့ရှိကြသော ဘုရင်မှာ ရခိုင်ဘုရင် မင်းထီးဖြစ်သည်။ ဘုရင်မင်းထီးသည် ၁၃ ရာစု နှင့် ၁၄ ရာစုကြားတွင် မြောက်ဦးဘုရင့်နိုင်ငံအား အုပ်ချုပ်ခဲ့သော ဘုရင်ဖြစ်သည်။ ဘုရင်မင်းထီးသည် ရင်ခွင်ပိုက်အရွယ်ကတည်းက ဘုရင်ဖြစ်ခဲ့ပြီး ထိုအချိန်က သူ၏ကိုယ်စား ဦးရီးတော် အနန္တဘယ အမတ်ကြီးက တိုင်းပြည်ကို အုပ်ချုပ်ပေးခဲ့သည်။

ဘုရင်မင်းထီးသည် အေဒီ ၁၂၇၉ မှ အေဒီ ၁၃၇၄ တိုင်အောင် ထီးနန်းစိုးစံခဲ့သဖြင့် သူ၏ နန်းသက်မှာ ၉၅ နှစ် ဖြစ်သည် ဟု ဖော်ပြကြသည်။ ထိုအကြောင်းအရာသည် ရာဇဝင်တွင် ကျော်ကြားခဲ့သော်လည်း ခိုင်မာတိကျသော အထောက်အထား မရှိဟု ဆိုကာ ဂင်းနစ်မှတ်တမ်း နှင့် အွန်လိုင်းစွယ်စုံကျမ်း ၂ ခုစလုံးတွင် အတိအကျမသိရသော နန်းသက်အရှည်ဆုံးဘုရင် ဟုသာ မှတ်တမ်းတင်ထားလေသည်။

crd : thutazone

Likes:
0 0
Views:
1879
Article Categories:
HistoryKNOWLEDGE

Leave a Reply

Your email address will not be published. Required fields are marked *