ပခုက္ကူဆရာတော်ကြီးကဗိုလ်ချုပ်အောင်ဆန်းအားမိန့်ကြားသည့်စကားလေးခွန်း

( July 19 အမှတ်ရဖွယ်)

ဆရာတော် ဦးပဏ္ဍိစ္စာဘိဝံသ (ညောင်ရမ်း၊ သိန်းသန်းရတနာကျောင်း) ရေးသားသော “ဆဋ္ဌသံဂါယနာ မဟာနာယက ညောင်ရမ်းဆရာတော်ကြီး၏ ဘဝသမိုင်း”စာအုပ် (၁၃၇၈-ခု ထုတ်) စာမျက်နှာ ၁၂၀၊ ၁၂၁၊ ၁၂၂-တို့၌ ဆရာတော်ကြီးများနှင့် ဗိုလ်ချုပ်အောင်ဆန်း တွေ့ဆုံပုံကို အောက်ပါအတိုင်း ရေးသားထားသည်။

၁၃၀၈-ခု၊ နယုန်လဆန်း(၁)ရက်၌ ရွှေဂုံတိုင်လမ်း ဘုရားကြီးကျောင်းတိုက်တွင် ဂိုဏ်းပေါင်းစုံ မဟာသံဃာ့အဖွဲ့ချုပ်ကြီး၏ နှစ်ပတ်လည် အစည်းဝေး ကျင်းပနေသည်၊ အထက်မြန်မာနိုင်ငံအတွက် တာဝန်ခံ နိုင်ငံတော် သံဃနာယက ဥက္ကဋ္ဌ ညောင်ရမ်းဆရာတော်၊ မစိုးရိမ်ဆရာတော် ပခုက္ကူဆရာတော် အစရှိသော အထက်ပိုင်း အောက်ပိုင်း ထေရ်ကြီးဝါကြီး ဆရာတော်များ စုံစုံညီညီ တက်ရောက်တော်မူကြ၏၊

နယုန်လဆန်း(၃)ရက်နေ့၌ နိုင်ငံရေးခေါင်းဆောင်များ ဖြစ်ကြသည့် ဆာပေါ်ထွန်း၊ ဦးမြတ်သာဒွန်း၊ ဂဠုန်စောတို့ ဇနီးမောင်နှံများသည် ဆရာတော်ကြီးတို့ကို လာရောက် ဖူးမြော်ကြ၏။နယုန်လဆန်း(၄)ရက်နေ့၌ သခင်ဗစိန် လာရောက်၏၊ ၎င်းတို့က ဆရာတော်ကြီးများကို ဖူးမြော်ပြီး နိုင်ငံရေးအခြေအနေများကို ရှင်းလင်းလျှောက်ထားကြ၏။

နယုန်လဆန်း(၅)ရက် (၄-၄-၄၆) နေ့ နံနက် ၉:၀၀နာရီတွင် ဖ-ဆ-ပ-လ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဗိုလ်ချုပ်အောင်ဆန်းနှင့် အတွင်းရေးမှူး ဦးကျော်ငြိမ်းတို့ ဖူးမြော်ရန် ရောက်လာပါသည်။ညောင်ရမ်းဆရာတော်ကြီးက “ဘယ်မလဲ ဗိုလ်ချုပ်”ဟု မေးတော်မူ၏။ဆရာတော်ကြီးများက မျက်မှောင်ကို လက်ကာအုပ်ပြီး ကြည့်တော်မူကြ၏။

“နာမည်ကြီးလိုက်တာ၊ လူက ငယ်ပါသေးလား”ဟု မိန့်တော်မူကြ၏။ညောင်ရမ်းဆရာတော်ကြီး – “ကဲ ဗိုလ်ချုပ်! လျှောက်ပါ”ဗိုလ်ချုပ်အောင်ဆန်း – “တပည့်တော် အထူးလျှောက်စရာ မရှိပါ၊ ဖူးမြော်ရုံပါဘုရား၊ ဆရာတော်ကြီးများဟာ သာသနာကြီးပွားရန်, သာသနာသန့်ရှင်းရန်သာ တာဝန်ယူပြီး ဆောင်ရွက်တော်မူသည့် ရိုးရိုးကြီးတွေဆိုတာ တပည့်တော် ယုံကြည်ပါသည်ဘုရား၊

နိုင်ငံရေးသမား အချို့သည် ပရိယာယ် မာယာ အလွန်များပါသည်ဘုရား၊ သူတို့၏ တက်လမ်းအတွက် ရဟန်းသံဃာများကို နိုင်ငံရေးငြမ်း ဆင်တတ်ပါသည်ဘုရား၊ ဆရာတော်ကြီးများကို နိုင်ငံရေးငြမ်း ဆင်သွားမှာကိုတော့ သတိပြုတော်မူပါဘုရား”။

ညောင်ရမ်းဆရာတော်ကြီး – “လောကမှာ လူတိုင်း တာဝန်ကိုယ်စီ ရှိကြပါတယ်၊ ဘာသာခြား တိုင်းတပါးသားတို့၏ လက်အောက်မှာ ဗုဒ္ဓသာသနာ မညှိုးမှိန် မပျောက်မကွယ်အောင် ညှိနှိုင်းတိုင်းပင် ကြိုးစားခဲ့ကြတယ်၊ ယခုလည်း တာဝန်ရှိသည့်အတိုင်း သာသနာတော်အတွက် အိုအိုမင်းမင်းနဲ့ ကြွရောက်ပြီး စည်းဝေး ထိုင်နေကြတာ ဖြစ်တယ်၊ ဗိုလ်ချုပ်တို့ကလည်း မြန်မာတနိုင်ငံလုံး နယ်ချဲ့လက်အောက်က လွတ်မြောက်ရေး တာဝန်ကို ကိုယ်ကျိုးစွန့်ပြီး နေမအား ညမအား ကြိုးပမ်းနေကြတာကို ကြားသိရ၍ ဝမ်းမြောက်ပါတယ်၊

သတိ မလွတ်စေနဲ့၊ သတိထားပြီး အသိဉာဏ်ဖြင့် ကြိုးစားပါ”။ဗိုလ်ချုပ်အောင်ဆန်း – “သာဓုပါဘုရား၊ သာဓုပါဘုရား”။ညောင်တုန်းဆရာတော်ကြီး – “လူထုခေါင်းဆောင် လူထု အကြည်ညို ခံရတဲ့သူဆိုရင် အရက် မသောက်ရဘူး”ဗိုလ်ချုပ်အောင်ဆန်း – “တပည့်တော် ငယ်ငယ်ကတည်းက ငါးပါးသီလ မြဲပြီး အရက် မသောက်ခဲ့ပါဘုရား၊ နောက် ဂျပန်များနဲ့ မပေါင်းမဖြစ်လို့ ပေါင်းမိမှ စစ်သားလုံးလုံး ဖြစ်ခဲ့ပါသည်ဘုရား၊အရက်တောင် ဘယ်ကမလဲ ပါဏာတိပါတတောင် မလွတ်တော့ပါဘုရား၊ ယခုတော့ တပည့်တော် အရက်မသောက်တော့ပါဘုရား”။

ပခုက္ကူဆရာတော်ကြီး – “အေး ဗိုလ်ချုပ် စကားလေးခွန်း မှာမယ်ကွဲ့၊ (၁) သူများ မြှောက်တိုင်းလည်း မမြောက်ပါနဲ့။(၂) မမြောက်ဘဲလည်း မနေပါနဲ့။

(၃) သူများ ခြောက်တိုင်းလည်း မကြောက်ပါနဲ့။(၄) မကြောက်ဘဲလည်း မနေပါနဲ့။ဒီစကားလေးခွန်းကို မှတ်သား သတိထားပြီး တိုင်းပြည်ကို နယ်ချဲ့လက်အောက်မှ လွတ်မြောက်အောင် ကြိုးစားပါ”။ဗိုလ်ချုပ်အောင်ဆန်း – “တပည့်တော် နားမလည်ပါ၊ ရှင်းပြတော်မူပါဘုရား”။ပခုက္ကူဆရာတော်ကြီး – (၁) ယုံကြည်လို့ ကြည်ညိုလို့ ပြည်သူလူထုက “ဗိုလ်ချုပ် ဗိုလ်ချုပ်”ဟု မြှောက်စားတာကို “ငါမှ ငါ”ဟု မာနထောင်လွှားပြီး မြောက်မသွားနဲ့။

ဒါကို မြှောက်တိုင်းလည်း မမြောက်နဲ့လို့ ပြောတာ။(၂) လူထုက ယုံကြည်အားကိုး မြှောက်စားသည့်အတိုင်း ကိုယ်က လွတ်လပ်ရေး ရသည့်တိုင် ပြီးမြောက်အောင် ကြိုးစားပါ။

ဒါကို မမြောက်ဘဲလည်း မနေပါနဲ့လို့ ပြောတာ။(၃) လောကမှာ လူတော်ကို ယှဉ်ပြိုင်နိုင်အောင် မကြိုးစားဘဲ လူတော်ကို ဖယ်ရှားပြီး ကိုယ်ကျိုးရှာလိုတဲ့ သူတွေ ရှိတယ်၊ ဒီလူမျိုးတွေက ခြောက်တိုင်းလည်း မကြောက်ပါနဲ့လို့ ပြောတာပါ။

(၄) ငါ့ကို တတိုင်းပြည်လုံးက ယုံကြည်အားကိုး နေတယ်၊ ငါ့မှာ အန္တရာယ်ပြုမည်သူ မရှိပါဘူးဟု တထစ်ချ ယုံကြည်ပြီး အန္တရာယ်ကို မကြောက်ဘဲလည်း မနေပါနဲ့လို့ ပြောလိုတာ။

ကိုင်း ဗိုလ်ချုပ် နားလည်ပြီလား?ဗိုလ်ချုပ်အောင်ဆန်း – “နားလည်ပါပြီဘုရား”။ပခုက္ကူဆရာတော်ကြီး -“နားလည်ရင် ဒီစကား လေးမျိုးကို မှတ်သားပြီး သတိမပြတ် ထား၍ သူတပါးလက်အောက် ကျွန်ဘဝမှ လွတ်လပ်ရေးရအောင် ကြိုးစားပါ”။ဗိုလ်ချုပ်အောင်ဆန်း – “ကြိုးစားပါမည်ဘုရား” သာဓု သာဓု ပါဘုရား”ဟု လျှောက်ထား၍ ဆရာတော်ကြီးများနေ့ဆွမ်းဘုဉ်းပေးခါနီးမှ ပြန်သွားခဲ့ပါသည်။

credit:အရှင်မဟာကဝိန်

ဦးစန္ဒာသိရီ(စွန်းလွန်း)

Likes:
0 0
Views:
951
Article Categories:
HistoryKNOWLEDGE

Leave a Reply

Your email address will not be published. Required fields are marked *