မင်းအောင်လှိုင် နှင့် ဗိုလ်ချုပ်ကြီးများ၏ ကျောက်စိမ်းလောဘက စစ်အာဏာသိမ်းမှုကို ဦးတည်စေခဲ့

မင်းအောင်လှိုင် နှင့် ဗိုလ်ချုပ်ကြီးများ၏ ကျောက်စိမ်းလောဘက စစ်အာဏာသိမ်းမှုကို ဦးတည်စေခဲ့

၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD က ပြတ်ပြတ်သားသား ထပ်မံအနိုင်ရရှိခဲ့မှုကြောင့် မတရား ရယူထားတဲ့ စစ် ဗိုလ်ချုပ်ကြီးတွေရဲ့ အကျိုးစီးပွားတွေအပေါ် ခြိမ်းခြောက်မှုအသစ်တွေ ဖြစ်ပေါ်လာစေခဲ့ပါတယ်။၂၀၂၁ ထဲမှာ အငြိမ်းစားယူရတော့မယ့် မင်းအောင်လှိုင်ရဲ့ ကိုယ်ရေးကိုယ်ထာ ရည်မှန်းချက်တွေကလည်း မြန်မာ့ဒီမိုကရေစီ အကူးအပြောင်းကို နောက် ကြောင်း ပြန်လှည့်ဖို့ နဲ့ တိုင်းပြည်ကို အကျပ်အတည်းအတွင်း ကျရောက်သွားစေတဲ့ စစ်အာဏာသိမ်းမှုကို ဖြစ်စေခဲ့တဲ့ စစ်တပ်ရဲ့ဆုံးဖြတ်ချက်မှာ အဆင်းမှာဘီးတပ်ပေးသဖွယ် ထောက်ပံ့ပေးခဲ့တယ် လို့ Global Witness အဖွဲ့ရဲ့ ‘ကျောက်စိမ်းနှင့် ပဋိပက္ခ၊ မြန်မာ့အဆိုးသံသရာ’ လို့အမည်ရတဲ့ အစီရင်ခံစာ မှာ ဖော်ပြလိုက်ပါတယ်။

NLD ပါတီအနေနဲ့ ၂၀၁၆ ခုနှစ် ဧပြီလမှာ အာဏာရရှိလာခဲ့ပြီးတဲ့နောက် မြန်မာပြည်မှာ ကပ်ဆိုးသဖွယ် အမြစ်တွယ်နေတဲ့ အဂတိပြဿနာတွေကို ဖြေရှင်းဖို့ကြိုးစားတဲ့ ခြေလှမ်းတရပ်အနေနဲ့ မြန်မာ့ကျောက်မျက် ကျောက်စိမ်းကဏ္ဍ ပြုပြင်ပြောင်းလဲရေး အစီအစဉ်တစ်ခုကို စတင်လုပ်ဆောင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ဒီကြိုးစားမှုဟာ ပါတီရဲ့ပထမ ငါးနှစ်သက်တမ်း ကုန်ဆုံးသွားသည့်တိုင် ပြီးမြောက်အောင်မြင်မှုနဲ့ အလှမ်းဝေးကွာခဲ့တယ် လို့ အစီရင်ခံစာက ဆိုပါတယ်။

ပြုပြင်ပြောင်းလဲမှုတွေဟာ NLD ပါတီရဲ့ အာရုံစူးစိုက်မှုနဲ့ ဦးစားပေးဆောင် ရွက်မှု မရှိခြင်း၊ လက်ရှိအခင်းအကျင်းမှ အကျိုးအမြတ်များစွာရရှိနေတဲ့ စစ်တပ်ပိုင်ကုမ္ပဏီတွေနဲ့ ကျောက်စိမ်းလုပ်ငန်းရှင်အချို့ရဲ့ အတိုက်အခံပြုခြင်း၊ ကျောက်မျက်ရတနာ စီမံအုပ်ချုပ်ရေးအတွက် တာဝန်ရှိ အဖွဲ့အစည်းများအတွင်း ပြုပြင်ပြောင်းလဲမှုကို ဆန့်ကျင်ခဲ့ခြင်း အစရှိတဲ့ အမျိုးမျိုးသောအကြောင်းတွေကြောင့် နှောင့်နှေးကြန့်ကြာနေခဲ့ရတာပါ။ NLD ပါတီ အနေနဲ့ကတော့ ၂၀၁၆ ခုနှစ်အာဏာရပြီး မကြာမီမှာပဲ မြန်မာ့ကျောက်စိမ်းလုပ်ငန်းကို ပြုပြင်ပြောင်းလဲနိုင်ဖို့ ကြိုးပမ်းမှုအနေနဲ့ ကျောက် စိမ်းလုပ်ကွက် ပါမစ်အသစ်တွေထုတ်ပေးမှုကို ရပ်ဆိုင်းခြင်းနဲ့ လက်ရှိတူးဖော်နေဆဲ ပါမစ်တွေကို ထပ်မံသက်တမ်းမတိုးပေးခြင်း စတာတွေကို စတင်လုပ်ဆောင်ခဲ့ပါတယ်။

ဒါကြောင့်မို့ လက်ရှိလုပ်ကိုင်နေတဲ့ ကျောက်စိမ်းတူးဖော်ခွင့် လိုင်စင်တွေဟာ ၂၀၂၁ ခုနှစ်မှာ နောက်ဆုံးထား သက်တမ်းကုန်ဆုံးမှာလည်း ဖြစ်ပါတယ်။NLD အနေနဲ့ သဘာဝပတ်ဝန်းကျင် စီမံခန့်ခွဲရေး အစီအစဉ်တစ်ရပ်ကို ၂၀၁၈ ခုနှစ်အတွင်း ရေးဆွဲထုတ်ပြန်ခဲ့သလို၊ ကျောက်မျက်ကျောက်စိမ်း ထုတ်လုပ်ရေးနဲ့ပတ်သက်ပြီး ရေရှည်ပြင်ဆင်တဲ့အနေနှင့် ၂၀၁၉ ခုနှစ်အတွင်း ကျောက်မျက် ကျောက်စိမ်းဆိုင်ရာ ဥပဒေအသစ်တစ်ခုကို ပြဌာန်းခဲ့ပါတယ်။

ဒါပေမယ့် အဲဒီကျောက်မျက်ကျောက်စိမ်း ဥပဒေရေးဆွဲတဲ့လုပ်ငန်းစဉ်မှာတော့ ပါဝင်သင့် ပါဝင်ထိုက်သူများ မပါဝင်ခဲ့သလို၊ အရပ်ဖက်အဖွဲ့အစည်းတွေထံက အကြံဉာဏ်အနည်းငယ်ကိုသာ ရယူခဲ့တဲ့အတွက်၊ အဆိုပါ ကျောက်မျက်ကျောက်စိမ်းဥပဒေမှာ လိုအပ်ချက်နဲ့ အားနည်းချက်များစွာ တွေ့ရှိရတယ် လို့ Global Witness ရဲ့ အစီရင်ခံစာမှာ ဖော်ပြပါရှိပါတယ်။ NLD အစိုးရလက်ထက်မှာ EITI သတ်မှတ်ချက်တွေနဲ့ ကိုက်ညီဖို့အတွက် သတ္တု တူးဖော်ရေးကုမ္ပဏီများအတွင်း အမှန်တကယ်အကျိုးအမြတ်ရရှိပိုင်ဆိုင်သူ (Beneficial Ownership) ကို ထုတ်ဖော်ကြေညာဖို့အတွက်ကိုလည်း ကြိုးစားခဲ့ပါတယ်။

ဒီလို ပြုပြင်ပြောင်းလဲရေး ကြိုးပမ်းမှုတွေဟာ အစပိုင်းမှာ အလားအလာကောင်းပေမယ့် ကြေညာထားတဲ့အတိုင်းတော့ ဖြစ်မလာခဲ့ပါဘူး။ဒီအားထုတ်မှုတွေ မအောင်မြင်ခဲ့ရတဲ့ အဓိကအကြောင်းဟာ ကျောက်စိမ်းလုပ်ငန်းအပေါ် ထိန်းချုပ်ထားတဲ့ စစ်တပ်နဲ့ဦးပိုင်ကဲ့သို့ အမြစ်တွယ်နေတဲ့ အကျိုး စီးပွားပတ်သက်ဆက်နွယ်သူတွေရဲ့ ပြင်းထန်တဲ့ဆန့်ကျင်မှုတွေကြောင့် ဆိုရင် မှားမှာမဟုတ်ပါဘူး။ Global Witness ရဲ့ အစီရင်ခံစာအရ ၂၀၁၆ ခုနှစ်မှာ ကျောက်စိမ်းလိုင်စင်အသစ်များ ထုတ်ပေးမှုကို ရပ်တန့်ခဲ့ခြင်းကြောင့် နေပြည်တော်က အကျင့်ပျက်ခြစားမှုတချို့ဟာ ကချင်ပြည်နယ်ရှိ ဒေသအဆင့် တာဝန်ရှိသူတွေ၊ စစ်ဘက်ဆိုင်ရာခေါင်းဆောင်တွေနဲ့ အခြားလက်နက်ကိုင်အဖွဲ့တွေထံကို ရွေ့လျားသွားစေခဲ့တယ် လို့ ဆိုပါတယ်။

စစ်တပ်ပိုင် ကုမ္ပဏီတွေဟာ ဒီလိုတရားမဝင် တူးဖော်ထုတ်လုပ်ခြင်းတွေကို အကူအညီပေးကြပြီး၊ သူတို့ဟာ လိုင်စင်ထုတ်ပေးမှု ရပ်ဆိုင်းထားခြင်းကို လိုက်နာဖို့ ဆန္ဒမရှိဘူးလို့ ဆိုပါတယ်။ လက်ရှိမြေပြင်မှာလည်း သက်တမ်းကုန်ဆုံးနေပေမဲ့ ကျောက်မျက်တူးဖော်ရေး ကုမ္ပဏီအများအပြား ဆက်လက်တူးဖော်နေတာတွေကို အမှန်တကယ်တားဆီးနိုင်ခြင်းမရှိနေတာကို ထင်ရှားစွာတွေ့နေရတယ်လို့လည်း ဆိုပါတယ်။

ဆိုလိုတာကတော့ ကျောက်စိမ်းလုပ်ကွက်တကွက်ဟာ သက်တမ်းကုန်ဆုံးသွားသော်လည်း ကျောက်စိမ်းကျန်ရှိနေသေးပါက စစ်တပ်ပိုင်ကုမ္ပဏီတစ်ခုနဲ့ပူးပေါင်းကာ တရားဝင်လုပ်ကွက်သဖွယ် ဆက်လက်လုပ်ကိုင်နေနိုင်သေးတာကြောင့် ပဲဖြစ်ပါတယ်။စစ်တပ်ကုမ္ပဏီတွေဟာ ၎င်းတို့ထံမှာ ကျောက်စိမ်းထွက်နေတဲ့ လုပ်ကွက် မကျန်ရှိရင်တောင်မှ၊ ကျောက်စိမ်းဆက်ထွက်တဲ့ အခြားကုမ္ပဏီတွေရဲ့ သက် တမ်းကုန်လုပ်ကွက်တွေမှာ ၎င်းတို့ရဲ့ မလျော်ဩဇာသုံးပြီး အကျိုးတူ ပူးပေါင်းလုပ်ဆောင်နေတာကြောင့် အကျိုးအမြတ်များစွာရရှိနေတယ် လို့ ဆိုပါတယ်။ ဒါဟာ စစ်တပ်ပိုင်ကုမ္ပဏီတွေဟာ ဥပဒေရဲ့အထက်မှာ ရှိကြောင်း ပြသနေတာလည်း ဖြစ်ပါတယ်။

NLD ရဲ့ လေးလံလှတဲ့ ပြုပြင်ပြောင်းလဲမှုရဲ့ အကျိုးဆက်အဖြစ် ယခင်နေပြည် တော်အခြေပြု အကျင့်ပျက်ခြစားမှုတွေဟာ ဒေသန္တရအဆင့်သို့ ရွေ့လျားသွားခဲ့ခြင်းကြောင့် ဒေသတွင်း အကျင့်ပျက်ခြစားမှု ကြီးထွားလာစေခြင်း၊ ရန်ဘက်များအတွင်း ပူးပေါင်းဆောင်ရွက်မှုများ မြင့်တက်လာခြင်း၊ ဗျူရိုကရေစီဆိုင်ရာ ဆန့်ကျင်မှုများနှင့်ကြုံတွေ့ရခြင်း နဲ့ ကျောက်စိမ်းများ မြန်မြန်ဆန်ဆန် တူးဖော်နိုင်ရန် အကျင့်ပျက်ခြစားသူတွေအချင်းချင်း ပူးပေါင်းဆောင်ရွက်နေခြင်း တို့ကိုဖြစ်ပေါ်လာစေပြီး၊ နဂိုထဲက အစီအစဉ်မကျတဲ့ ပြုပြင်ပြောင်းလဲရေးကို အဟော သိကံဖြစ်စေခဲ့ပါတယ်။

ကျောက်မျက် ကျောက်စိမ်းကဏ္ဍ ပြုပြင်ပြောင်းလဲဖို့ NLD အစိုးရရဲ့ ကြိုးစားမှုဟာ ပထမသက်တမ်း ၅နှစ်အတွင်းမှာ မအောင်မြင်ခဲ့ပေမဲ့၊ ၂၀၂ ၀ အထွေ ထွေရွေးကောက်ပွဲမှာ သောင်ပြိုကမ်းပြို ထပ်မံ အနိုင်ရမှုနဲ့အတူ ဒုတိယအကြိမ် ပြန်လည်ကြိုးစားခွင့် ရရှိလာတာလည်း ဖြစ်တယ်။ ဒါဟာကျောက်စိမ်း အပါအဝင် ပြည်သူပိုင်သယံဇာတတွေကို လက် လွတ်စပယ် ခိုးယူနေတဲ့ စစ်ဗိုလ်ချုပ်များအတွက်တော့ အိမ်မက်ဆိုးကို ထပ်မံမြင်မက်စေတာလည်း ဖြစ်ပါတယ်.။


ဒါကြောင့် အကြမ်းဖက်စစ်တပ်ဟာ NLD ကိုနောက်ထပ် ပြုပြင်ပြောင်းလဲမှုတွေ ဖော်ဆောင်နိုင်မယ့် အခွင့်အလမ်းပေးမယ့်အစား၊ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ NLD ပါတီ ခေါင်းဆောင်တွေနဲ့ တက်ကြွလှုပ်ရှားသူများကို ဖမ်းဆီးကာ နိုင်ငံတော်အာဏာကို အဓမ္မ သိမ်းခြင်းဖြင့် တိုင်းပြည်ပျက်သုန်းစေမဲ့ အမှောင်လမ်းကို မိုက်မဲစွာ ရွေးချယ်ခဲ့ခြင်း ဖြစ်ပါတယ်။

ဇွန် ၂၉ ရက်တွင် ထုတ်ပြန်သည့် Global Witness အဖွဲ့ရဲ့ ‘ကျောက်စိမ်းနှင့် ပဋိပက္ခ၊ မြန်မာ့အဆိုးသံသရာ’ အစီရင်ခံစာမှာ ထပ်မံဖော်ပြထားတာကတော့ ကျောက်စိမ်းလုပ်ငန်းအတွင်း အကြမ်းဖက်စစ်တပ်ရဲ့ ခေါင်းဆောင်ဟောင်းတွေဖြစ်တဲ့ သန်းရွှေ ၊ အောင်သောင်းနဲ့ ၎င်းတို့ရဲ့ မိသားစုဝင်တွေ၊ ဝန်ကြီးဟောင်းနဲ့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဟောင်း အုန်းမြင့်၊ ဝန်ကြီးဟောင်း မောင်မောင်သိန်းတို့အပါအဝင် အငြိမ်းစား စစ်ဗိုလ်ချုပ်ကြီးတွေနဲ့ ဆက်စပ်တဲ့ ကုမ္ပဏီတွေအကြောင်းပဲဖြစ်ပါတယ်။

လစဉ် ပင်စင်လစာ သိန်း ၁၀၀ နဲ့အဆောင်အယောင်ပေါင်းများစွာ လက်ရှိထိ ရရှိနေတဲ့ အာဏာရှင်ဟောင်း သန်းရွှေရဲ့ ကုမ္ပဏီဖြစ်တဲ့ Myanmar Naing Group Gem ဟာ ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန DICA ရဲ့ ဥပဒေအသစ်အရ ပြန်လည်မှတ်ပုံတင်ရမဲ့ လုပ်ငန်းစဉ် ကို ပျက်ကွက်ခဲ့သလို၊ ၎င်းရဲ့ တွဲဖက်ကုမ္ပဏီဖြစ်တဲ့ Myanmar Naing Group ကုမ္ပဏီဟာ နှစ်စဉ်ဘဏ္ဍာရေးအစီရင်ခံစာ တင်ပြဖို့ ပျက်ကွက်ခဲ့ကြောင်း DICA က ဖော်ပြထားပါတယ်။

စစ်ခေါင်းဆောင်ဟောင်း သန်းရွှေရဲ့ အခြားသော ကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Kyaing International Gems ကတော့ ပြန်လည်မှတ်ပုံတင်ခဲ့တာကြောင့် ၎င်းရဲ့ မိသားစုတွေဟာ ကျောက်စိမ်း ကျောက်မြတ်လုပ်ငန်းတွေက အကျိုးအမြတ်တွေကို ဆက်လက် ရရှိနေဆဲဆိုတာကို ညွှန်ပြလိုက်တာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဖြစ်ခဲ့တဲ့ ဝန်ကြီးဟောင်း အုန်းမြင့်ဟာ သူတိုင်းမှုးဖြစ်စဉ်က မတရား လာဘ်စား ရယူထားတဲ့ အရည်အသွေးမြင့်ကျောက်စိမ်းတွေထွက်တဲ့ လုပ်ကွက်များစွာကို ဆက်လက်ထိန်းသိမ်းထားဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။

အုန်းမြင့် အပါအဝင် မြောက်ပိုင်းတိုင်းစစ်ဌာနတိုင်းမှူးနဲ့ တပ်မ ၁၀၁ ရဲ့ တပ်မမှူး ရာထူးတွေကို ရရှိခဲ့ကြတဲ့ ဒေသအဆင့် စစ်ခေါင်းဆောင်အဆက်ဆက််တွေဟာ ကျောက်စိမ်းနဲ့ ပတ်သက်တဲ့ အကျင့်ပျက်ခြစားမှုတွေမှာ နာမည်ဆိုးနဲ့ အထူးကျော်ဇောကြပါတယ်။ အဆိုပါ တိုင်းမှုး တပ်မမှုးတွေဟာ ၎င်းတို့ထိန်းချုပ်တဲ့ နယ်မြေတွေအတွင်းက လုပ်ကွက်တွေမှာ တရားမဝင်တူးဖော်မှုတွေကို ခွင့်ပြုနိုင်တယ် လို့လည်း ဆိုပါတယ်။ ဒီအထဲမှာမှ အကြမ်းဖက်စစ်တပ်ရဲ့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ညီညီဆွေနဲ့ ဖားကန့်တပ်မ ၁၀၁ တပ်မမှူး မောင်မောင်ဇံတို့ဟာ လာဘ်စားမှုနဲ့ ပြည်သူ့ဘဏ္ဍာခိုးယူမှုတွေမှာ အဆိုးဆုံးသော သူများ ဖြစ်ခဲ့ပါတယ်

သူတို့ဟာ သက်တမ်းကုန်ဆုံးနေတဲ့ လုပ်ကွက်တွေအတွင်း ကျောက်စိမ်း တူးဖော်ခွင့်ရဖို့ ကုမ္ပဏီတွေဆီက ကျောက်စိမ်းထုတ်လုပ်မှုရဲ့ ၂၅ ရာခိုင်နှုန်းကို စည်းကြပ်ငွေအဖြစ် ကောက်ခံခဲ့တယ် လို့ Global Witness အဖွဲ့ကြီးရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ဒါဟာ အလွန်ကြီးမားတဲ့ အာဏာအလွဲသုံးစားမှုတစ်ခုဖြစ်ပြီး၊ ဒီလို အကြမ်း ဖက်စစ်တပ်ရဲ့ အကျင့်ပျက်ခြစားမှုတွေဟာ ၂၀၁၆ နောက်ပိုင်းမှာ ပိုမိုဆိုးရွားလာတယ် လို့ ဆိုပါတယ်။

တပ်မမှူး မောင်မောင်ဇံဟာ အမေရိကန်ဒေါ်လာ သန်း ၆၀ ခန့်တန်ဖိုးရှိတယ်လို့ ခန့်မှန်းရတဲ့ တန်းဖိုးကြီးမားတဲ့ ကျောက်စိမ်းတုံးကြီးတစ်ခုကို ရှာဖွေတွေ့ရှိခဲ့တဲ့ ရေမဆေးအလုပ်သမားတွေရဲ့ သူဌေးတစ်ဦးထံက အမေရိကန်ဒေါ်လာ သန်း ၂၀ အထိ တောင်းခံခဲ့တယ်လို့ ဆိုပါတယ်။ဒါ့အပြင် သူဟာ ကျောက်စိမ်း ကုမ္ပဏီတွေဆီက ကျပ်သိန်း ၁၀၀ နဲ့ ၂၀၀ အကြား ငွေကြေးတွေကို လစဉ် ဗြောင်ကျကျ လာဘ်စားပြီး အာဏာကို အလွဲသုံးစား ပြုလုပ်ခဲ့ပါတယ်။ ဒီလို အရှက်မရှိစွာနဲ့ ပြည်သူ့ဘဏ္ဍာတွေကို အာဏာအသုံးပြု ခိုးယူခဲ့တဲ့ စစ်အရာရှိနှစ်ဦးကို အကြမ်းဖက်စစ်တပ်က ကျော်ဇောမှုဖြင့် အရန်တပ်ဖွဲ့တွေထံ ရွှေ့ပြောင်းခဲ့ပေမယ့် တစ်စုံတရာ ထပ်မံအရေးယူမှုရှိခဲ့ပါဘူး။ “ ဒါဟာ မထူးဆန်းပါဘူး။


စစ်တပ်ထဲက ဗိုလ်ချုပ်တွေအားလုံးဟာ လဘ်စားတဲ့နေရာမှာ ပုလင်းတူ ဗူးဆို့တွေမို့ အဂတိကြောင့် အရေးယူမှု မရှိဘူးဆိုတာ အရမ်းရှင်းပါတယ်” လို့ စစ်တပ်ရဲ့ စီးပွားရေးတွေကို လေ့လာနေတဲ့ သုသေသီတစ်ဦးက ပြောပါတယ်။ မြန်မာနိုင်ငံရဲ့ ကျောက်စိမ်းတူးဖော်မှုအကြောင်းတွင် မဖြစ်မနေပါရမဲ့ အဓိကဗီလိန်ဇတ်ကောင်တစ်ဦးကတော့ စစ်တပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် (MEHL) ပဲဖြစ်ပါတယ်။ စစ်တပ်ပိုင် ကုမ္ပဏီနှစ်ခုဖြစ်တဲ့ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း MEC နဲ့ ဦးပိုင်လီမိတက်(MEHL ) တို့ဟာ မလျော်သြဇာသုံးပြီး ပြည်သူပိုင် သဘာဝသယံဖာတတွေကို လက်လွတ်စပယ် တူးဖော်နေပြီး၊ အထူးသဖြင့် ဦးပိုင်ကတော့ ကျောက်စိမ်းလုပ်ငန်းကို လက်ဝါးကြီးအုပ် ထိန်းချုပ်လုပ်ကိုင်နေတာလည်း ဖြစ်ပါတယ်။ ဦးပိုင်လီမိတက် (MEHL) ဟာ မြန်မာနိုင်ငံရှိ အခြားမည်သည့်အဖွဲ့အစည်းထက်မဆို သိသာထင်ရှားစွာ များပြားလှတဲ့ တူးဖော်ခွင့်ပါမစ်တွေနဲ့ အခွင့်ထူးတွေကို ရရှိ‌နေတာလည်းဖြစ်ပါတယ်။ အရည်အသွေးမြင့်ကျောက်စိမ်းတွေထွက်တဲ့ အကောင်းဆုံး လုပ်ကွက်တွေရဲ့ ပါမစ်တွေက သူတို့လက်ထဲမှာပဲ ရှိတယ် လို့ဆိုပါတယ်။

၂၀၁၆ ခုနှစ်အတွင်း ကျောက်စိမ်းလိုင်စင် အသစ်ထုတ်ပေးခြင်းကို ရပ်ဆိုင်းခဲ့စဉ်ကပင်၊ ဦးပိုင်လီမိတက်(MEHL) ဟာ ကျောက်စိမ်းတူးဖော်ရေး လိုင်စင်ပေါင်း ၆၀၀ နဲ့ ပတ္တမြားတူးဖော်ရေးလိုင်စင်ပေါင်း ၅၀၀ တို့ကို လက်အောက်ခံကုမ္ပဏီတွေက တစ်ဆင့် ပိုင်ဆိုင်ထားပြီးဖြစ်နေပါတယ်။ဒါဟာ ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်အတွင်း ၎င်းကိုင်ဆောင်ထားတဲ့ လိုင်စင်ရဲ့ ၅၀ ရာခိုင်နှုန်းကျော် ပိုမိုတိုးမြင့်လာခြင်း ဖြစ်ပါတယ်။ဦးပိုင်လီမိတက် (MEHL) ဟာ ကျောက်စိမ်းတွင်းတွေကို အမှန်တကယ်လုပ်ကိုင်ခြင်းမရှိဘဲ၊ မလျှော်ဩဇာသုံးကာ သက်တမ်းကုန်ကျောက်စိမ်းကုမ္ပဏီတွေနဲ့ အကျိုးတူ ပူးပေါင်းမှုတွေလုပ်ဆောင်ခဲ့တယ် လို့လည်း ဆိုပါတယ်။ “

အခု ကျောက်စိမ်း လိုင်စင်အများစုက သက်တမ်းကုန်ဆုံးသွားပြီဖြစ်လို့ MEC နဲ့ ဦးပိုင် (MEHL) တို့လောက်သာ ဆက်ပြီး ခိုးတူးရဲတော့တာ” လို့ အငြိမ်းစားဗိုလ်မှူးကြီးတစ်ဦးက ဆိုပါတယ်။ ကျောက်စိမ်းတူးဖော်တဲ့ လုပ်ငန်းထဲသို့ နောက်ဆုံးဒိုင်ဗင်ထိုး ဝင်လာသူကတော့ လက်ရှိ နိုင်ငံရဲ့အာဏာကို မတရားသိမ်းယူထားတဲ့ လူသတ်ကောင် မင်းအောင်လှိုင်ရဲ့သား အောင်ပြည့်စုံ ပဲဖြစ်ပါတယ်။ကျောက်စိမ်းလောကဟာ ၂၀၁၆ အတွင်း ကျောက်မျက်ဥပဒေသစ်ပြဋ္ဌာန်းပြီးနောက်ပိုင်း လိုင်စင်သက်တမ်းကို ၃ နှစ်အထိသာ ခွင့်ပြုတော့တာကြောင့် တရားဥပဒေစိုးမိုးမနေတဲ့ ဖားကန့်က ကျောက်စိမ်းလုပ်ကွက်တွေမှာ ရရင် ရသလောက် အင်အားသုံးပြီး နေ့ဆိုင်း ညဆိုင်းနဲ့ အဆုံးစွန်ထိ တူးဖော်လုပ်ကိုင်လာကြတာဖြစ်ပါတယ်။

အခုလို ကျောက်စိမ်းလုပ်ငန်းဟာ ယခင်ကထက် အကျင့်ပျက် ချစားမှုတွေ များပြားလာတဲ့အတွက်၊ ဒါတွေဟာ အာဏာသိမ်း စစ်ရာဇဝတ်ကောင် မင်းအောင်လှိုင်ရဲ့ မိသားစုအပါအဝင် စစ်တပ်အသိုင်းအဝိုင်းရဲ့ ဘဏ္ဍာတိုက်သဖွယ်ဖြစ်လာတယ် လို့လည်း Global Witness အဖွဲ့က ပြောလိုက်ပါတယ်။ကျောက်စိမ်းလုပ်ကွက်များမှာ အသုံးပြုတဲ့ ဒိုင်းနမိုက်များ တင်သွင်းခွင့်ပါမစ်ကို မြောက်ပိုင်းတိုင်းစစ်ဌာနမှူးထံမှ ရရှိဖို့ ကုန်သည်တွေဟာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ သား အောင်ပြည့်စုံ ကို စစ်တပ်ကအရာရှိကြီးများမှတဆင့် လာဘ်ငွေများပေးခဲ့ရကြောင်းကို Global Witness အဖွဲ့ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ကုန်သည်တွေအနေဖြင့် ဝယ်ယူပြီး ဒိုင်းနမိုက်များ မိုင်းတွင်းသို့ သယ်ယူပို့ ဆောင်ရတဲ့လုပ်ငန်းမှ ရရှိတဲ့ အကျိုးအမြတ်များထဲမှ စစ်တပ်ကို ခွဲဝေပေးရတယ် လို့လည်း အစီရင်ခံစာက ဆိုပါတယ်။


မင်းအောင်လှိုင်သား အောင်ပြည့်စုံဟာ ဖားကန့်မှာ လိုင်စင်အသစ်ထုတ်ပေးမှု ရပ်ဆိုင်းသွားတဲ့အချိန်က စတင်ပြီး၊ တရားမဝင် ကျောက်စိမ်းတူးဖော်ထုတ်လုပ်ဖို့တွေမှာ ပူးပေါင်းပါဝင်ခဲ့ပြီး အကျိုးအမြတ်များစွာလည်း ရရှိခဲ့တယ်လို့ စစ်တပ်နဲ့နီးကပ်တဲ့ဆက်ဆံရေးရှိတဲ့သတင်းရင်းမြစ်တခုကို ကိုးကားလျက် Global Witness အဖွဲ့ကြီးက ၄င်းတို့ရဲ့ အစီရင်ခံစာတွင် ဖော်ပြထားပါတယ်။ အဆိုပါ ရင်းမြစ်ကပဲ ၎င်းအနေနဲ့ မင်းအောင်လှိုင်ရဲ့ သားဖြစ်သူထံလာဘ်ထိုးထားတဲ့ ငွေတွေပေးခဲ့တဲ့အကြောင်းကို ၂၀၁၈ ခုနှစ်မှာ ရာထူးချခံခဲ့ရတဲ့ မြောက်ပိုင်းတိုင်း တိုင်းမှူး ညီညီဆွေထံက သိရှိခဲ့ရတယ်လို့ ဆိုပါတယ်။

ဒိုင်းနမိုက်ကုန်သည်တွေဟာလည်း ၎င်းတို့အနေနဲ့ အဆိုပါပုဂ္ဂိုလ်ထံ လာဘ်ပေးခဲ့ကြကြောင်း သီးခြားစီ အတည်ပြုခဲ့တယ် လို့ ဆိုပါတယ်။စစ်ခေါင်းဆောင် လူသတ်သမား မင်းအောင်လှိုင်ရဲ့ သားသမီးများဖြစ်တဲ့ အောင်ပြည့်စုံနှင့် ခင်သီရိသက်မွန်တို့ဟာ ဖခင် တပ်ချုပ်အာဏာရပြီးနောက်ပိုင်း အချိန်တိုအတွင်း ကုမ္ပဏီအမြောက်အများထူထောင်ထားကာ ဆောက်လုပ်ရေး၊ အာမခံလုပ်ငန်း၊ ဆေးရုံ၊ စားသောက်ဆိုင်အပါအဝင် ရုပ်ရှင်ထုတ်လုပ်ရေးအထိ လုပ်ငန်းပေါင်းများစွာကို လုပ်ကိုင်နေတာပါ။

“မင်းအောင်လှိုင်ဟာ တပ်ချုပ်ရာထူးရသွားပြီး ကတည်းက ဖုံးမရ ဖိမရပေါ်လာတာကတော့ သူ့ရဲ့ အတောမသတ်နိုင်တဲ့ လောဘတွေပဲဖြစ်တယ်။ သူဟာ သမတရူး ရူးနေသူတဦးဖြစ်ပြီး၊ အဲ့အတွက် ဘာမဆိုလုပ်မယ်ဆိုတာ ဆုံးဖြတ်ပြီးသား။ စီးပွားရေးဖက်ကိုတော့ သူ့သား သမီးတွေကို ရှိသမျှအခွင့်အရေးတွေပေးပြီး လုပ်စေတာ။

အခု သူ့ သား သမီးတွေက ဖားကန့်က ကျောက်စိမ်း မပြောနဲ့၊ ရသမျှ အခွင့်အရေးတွေယူပြီး စီးပွားရေးတွေလုပ်တာ၊ အခုဆို နိုင်ငံခြားက လက်နက်မှောင်ခိုတွေနဲ့ ပေါင်းပြီး လက်နက်တင်သွင်းဖို့တောင် လုပ်နေပြီ” လို့ စစ်တပ်ရဲ့ စီးပွားရေးတွေကို တစိုက်မတ်မတ်လေ့လာနေတဲ့ သုသေသီက ထပ်ပြောပါတယ်။လက်ရှိ မြန်မာပြည်က ကျောက်စိမ်းအများစုဟာ တရားဝင်ရောင်းချမှုထက် မှောင်ခိုစျေးကွက်မှတဆင့် တရုတ်ပြည်သို့ တရားမဝင် ရောက်ရှိသွားတာဖြစ်ပါတယ်။

ဒီကျောက်စိမ်းမှောင်ခိုရောင်းချမှုတွေကြောင့် တိုင်းပြည်အတွက် ဘဏ္ဍာအခွန်ငွေ မြောက်မြားစွာနစ်နာစေတာကို စစ်တပ်က သိပေမယ့် သူတို့ဟာ ဒီစျေးကွက်ကနေ ကြံရာပါအဖြစ် အကျိုးအမြတ်များစွာ ရရှိနေကြတာဖြစ်လို့ နုတ်ဆိတ်နေတာလည်း ဖြစ်ပါတယ်။ ကျောက်စိမ်းထွက်ရှိမှုရဲ့ ၇၀ ရာခိုင်နှုန်း ကနေ ၉၀ ရာခိုင်နှုန်း ဟာ မှောင်ခိုစျေးကွက်ကတဆင့် တရုတ်ပြည်ကို တရားမဝင်ရောင်းချနေတာပါ။ အထူးသဖြင့် မြန်မာနိုင်ငံကထွက်တဲ့ အရည်အသွေးမြင့် ကျောက်စိမ်းရဲ့ ၇၀ ရာခိုင်နှုန်းကျော်ကို တရုတ်နိုင်ငံကို တိုက်ရိုက်မှောင်ခိုတင်ပို့တာဖြစ်ပြီး၊ အရည်အသွေးနိမ့်တဲ့ ကျောက်စိမ်းတွေကိုသာ ပြပွဲတွေမှာ ရောင်းချတာပါ။

လက်ရှိ ဖားကန့်အခြေအနေဟာ အာဏာသိမ်းပြီးနောက်ပိုင်း ယိုယွင်းလာတဲ့ ဥပဒေစိုးမိုးရေးအခြေအနေတွေကြောင့် ရေမဆေးကျောက်တူးသမားများ၊ သတင်းသမားများ၊ စားဝတ်နေရေးအရ ရောက်ရှိလာသူများအား ပိုမိုခက်ခဲတဲ့ အခြေအနေသို့ ရောက်ရှိလာစေတာလည်း ဖြစ်ပါတယ်။သူတို့တွေဟာ စစ်တပ်၊ လက်နက်ကိုင်အဖွဲ့များ၊ ဦးပိုင်နဲ့ ဆက်စပ်အင်အားကြီးကုမ္ပဏီများတွေရဲ့ ဒေသတွင်း သူတို့ရဲ့ ဩဇာကို ချဲ့ထွင်လာမှုတွေကြောင့် ၄င်းတို့ရဲ့မတရားဖိနိုပ်ခရမှုတွေအတွက် ထုတ်ဖော်ပြောဆိုဖို့ဆိုတာ မဖြစ်နိုင်တဲ့အခြေအနေကို ‌ရောက်ရှိနေတာလည်းဖြစ်ပါတယ်။ “ခင်ဗျားကို ပစ်ခတ်ပြီး ခင်ဗျားအလောင်းကို အစဖျောက်ပစ်လိမ့်မယ်။

အဲ့ဒါကြောင့် ပြဿနာမရှာဘဲ ကိုယ့်အလုပ်ကိုလုပ်ပါ” လို့ ‌ရေမဆေး ကျောက်တူးသမားများနဲ့ ပတ်သက်ပြီး ကျောက်စိမ်းကုန်သည်တစ်ဦး ရဲ့ ပြောကြားချက်ကို ကိုးကားပြီး Global Witness အဖွဲ့က ဖော်ပြထားပါတယ်။အထူးသဖြင့် အကြမ်းဖက်စစ်တပ်ထံ လာဘ်ထိုးဖို့ ပျက်ကွက်ခြင်းဟာလည်း အသက်သေဆုံးနိုင်စေပါတယ်။ တကယ်လို့ ကျောက်စိမ်းတူးဖော်သူတစ်ဦးဟာ အရည်အသွေးကောင်းမွန်တဲ့ ကျောက်စိမ်းတစ်ခုကို တွေ့လိုက်တာနဲ့ အဲ့သတင်းဟာ အလျင်အမြန်ပျံ့နှံ့သွားမှာဖြစ်ပြီး စစ်တပ်က ၎င်းတို့အတွက် ဝေစုတောင်းခံမှာဖြစ်တယ်လို့ ဆိုပါတယ်။ “တကယ်လို့ မပေးဘူးဆိုရင် သတ်ပစ်မယ်လို့ စစ်တပ်က ပြောလိမ့်မယ်။

စစ်တပ်ကို လာဘ်မထိုးလို့ သေဆုံးခဲ့ရတဲ့ ရေမဆေးသမားတွေကလည်း အများကြီးပဲ” လို့ နောက်ထပ် ကျောက်စိမ်းကုန်သည်တစ်ဦးက ဆိုပါသေးတယ်။ အချုပ်အားဖြင့် အကြမ်းဖက် အာဏာသိမ်းမှုက ဖားကန့်ရှိ အခြေအနေတွေကို ပိုမို ဆိုးရွားလာစေနိုင်ပါတယ်။ ဒီလိုအခြေအနေမှာ မင်းအောင်လှိုင်ခေါင်းဆောင်တဲ့ စစ်ကာင်စီဟာ ကျောက်စိမ်း ကျောက်မျက် လုပ်ကွက်အသစ် တွေကိုချပေးဖို့ စီစဉ်နေတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်လာပါတယ်။

ဒါဟာ တရားမဝင် သယံဇာတ တူးဖော်ထုတ်လုပ်မှုကနေ များပြားလှတဲ့ အကျိုးအမျက်တွေ ရရှိပြီးဖြစ်နေတဲ့ အကြမ်းဖက်စစ်တပ်အတွက်၊ စျေးကွက်ကို ဆက်လက်လက်ဝါးကြီးအုပ် ခြယ်လှယ်ဖို့ နောက်ထပ် လှမ်းလိုက်တဲ့ခြေလှမ်းဖြစ်ပြီး ပိုမိုကြီးမားတဲ့ပဋိပက္ခတွေကို ဆက်လက်ကျူးလွန်ဖို့အတွက် မီးစာမြှင့်‌ပေးလိုက်ခြင်းလည်း ဖြစ်ပါတယ်။ NLD လက်ထက်ပြုပြင်ပြောင်းလဲမှုတွေဟာ ထိရောက်မှုအားနည်းခဲ့ပေမဲ့ အများပြည်သူဘဏ္ဍာကို လက်ဝါးကြီးအုပ် ခိုးယူနေတဲ့ စစ်ဗိုလ်ချုပ်တွေအတွက်တော့ ကောင်းစွာအိပ်မပျော်စေတဲ့ အရိပ်တစ္ဆေတွေဖြစ်စေခဲ့ပါတယ်။

စစ်ဗိုလ်ချုပ်တွေဟာ ဒီလိုလုပ်ငန်းတွေကနေ အလွန်ချမ်းသာနေကြတာဖြစ်ပြီး အောက်ခြေစစ်သားတွေကတော့ ၄င်းတို့ရဲ့အသက်များနဲ့ ပေးဆပ်နေရခြင်းလည်း ဖြစ်တယ်။ စစ်ဗိုလ်ချုပ်တွေရဲ့ အဆင်ခြင်မဲ့ အကျင့်ပျက်ခြစားမှုတွေဟာ ပြန်လည်ဖြေရှင်းချက် တစုံတရာပေးလို့ မရလောက်အောင်ပင် များပြားလွန်းတဲ့အတွက်၊ သူတို့ရဲ့ အပြစ်တွေကို ဖုံးကွယ်ဖို့ရာ အာဏာသိမ်းဖို့က လွဲလို့ အခြားရွေးစရာ လမ်းမရှိခဲ့ပုံ ရတယ် လို့ လက်ရှိ စစ်တပ်ကိုတော်လှန်နေတဲ့ ကျောင်း သားခေါင်းဆောင်တစ်ဦးက ဆိုပါတယ်။ သူက ဆက်လက်ပြီး ပြောတာက”မင်းအောင်လှိုင်က ကိုယ့်ပြည်သူပြည်သားတွေကိုတောင် လူမဆန်စွာ သတ်ဖြတ်တဲ့ စစ်ရာဇဝတ်မှုတွေကို ကျူးလွန်ခဲ့တဲ့သူပါ။

အခု သူဦးဆောင်တဲ့ စစ်တပ်ဟာ မြန်မာနိုင်ငံထဲက သူတို့ရဲ့ အတိုက်အခံတွေကို ချေနင်းခဲ့တယ်။ သူတို့ဟာ တိုင်းပြည်ရဲ့ အဆီအနှစ်တွေကို စားသုံးပျော်ပါးပြီး စိတ်တိုင်းကျ ဖိနိုပ်အုပ်ချုပ်သွားဖို့အတွက် စစ်အာဏာသိမ်းခဲ့တာဖြစ်ပြီး၊ ဒါဟာ သန်း ၅၀ သော မြန်မာပြည်သူတွေနဲ့အနာဂတ် ကို အမှောင်တိလွှမ်းသွားစေခဲ့တာလည်းဖြစ်တယ်။

ဒီစစ်ရာဇဝတ်မှုတွေကို ကျူးလွန်လိုက်တဲ့ စစ်ဗိုလ်ချုပ်‌တွေဟာ တချိန်မှာတော့ သူတို့ရဲ့ ကျူးလွန်မှုတွေအတွက် ထိုက်တန်တဲ့ အရေးယူ အပြစ်ပေးမှုတွေ မဖြစ်မနေခံရပါမယ်” လို့ပဲ ဖြစ်ပါတယ်။

Credit Khit thit media (Source: Global Witness အဖွဲ့ရဲ့ ‘ကျောက်စိမ်းနှင့် ပဋိပက္ခ၊ မြန်မာ့အဆိုးသံသရာ’ အစီရင်ခံစာပါအချက်အလက်များကို အခြေခံ၍ ပြန်လည်ရေးသားထားခြင်းဖြစ်ပါသည်။)

Photo Credit- Global Witn

Likes:
0 3
Views:
1027
Article Categories:
HistoryNEWS

Leave a Reply

Your email address will not be published. Required fields are marked *