Golden Kingdom ( စစ်ခွေးတွေရဲ့ တိုင်းရင်းသားနယ်မြေတွေအကြား ရက်စက်ယုတ်မာမှု​ကို နိမိတ်ပုံတွေနဲ့ ပါးပါးလျလျကလေးပြတဲ့ ရုပ်ရှင် )

2017 တုန်းက ဂိဆြာအထှာကြီးနဲ့ ရေးခဲ့တဲ့ Indie ရုပ်ရှင်ကြောင်းလေးလေ။ကြည့်ဖြစ်ကြရဲ့လားတော့ မသိ။ဗမာပြေနဲ့ ပတ်သက်တဲ့ ဒီရုပ်ရှင်မှာ စစ်ခွေးတွေရဲ့ တိုင်းရင်းသားနယ်မြေတွေအကြား ရက်စက်ယုတ်မာမှု​ကို နိမိတ်ပုံတွေနဲ့ ပါးပါးလျလျကလေးပြတဲ့ ရုပ်ရှင်လို့ ပြောရမယ် ထင်ပါတယ်။အခုနောက်ပိုင်းတော့ ဗမာပြေအကြောင်း ရုပ်ရှင်ဆို ထိုင်ဝမ်က ဒါရိုက်တာ ရုပ်ရှင်တွေနဲ့ The Monk ကိုပဲ စိတ်ထဲမှာ စွဲစွဲထင်ထင် ဖြစ်ရပါတယ်။

The Monk ကျလည်း ဗမာပြေက ပြနေကျ ရုပ်ရှင်အထှာတွေနဲ့ မတူတဲ့ ဗမာအငွေ့အသက်တွေကို ပီပီသသဖြစ်အောင် ရိုက်ပြတဲ့ ဘာသာရေးနယ်ပယ်အတွင်းက ဘုရားသားတော်တွေရဲ့ အရှိတရားအစစ်အမှန်ကို ချဥ်းကပ်ပြတဲ့ ရုပ်ရှင်ပေါ့။

အဲသလို ရုပ်ရှင်ကို ဗမာပြေက ဗုဒ္ဓဘာသာ အစွန်းရောက် လှုံ့ဆော်သူတွေ အမျိုးသားရေးကို အလွန်အမင်းရှေ့တန်းတင်လိုသူတွေရဲ့ အမုန်းစကားတွေကို ဒါရိုက်တာက ကြိုပြီးသိနေတဲ့ အတွက် The Monk လို ဘုန်းတော်ကြီးတစ်ပါးအကြောင်းကို ပီပီပြင်ပြင် ရိုက်ပြတဲ့ ရုပ်ရှင်ဇာတ်ကြောင်းကို ရုံမတင်ဘဲ ငြင်းပယ်လိုက်ပုံ ရတာကြောင့်ဗမာလူမျိုးတွေ ကြည့်ခွင့်မရတာဟာလည်း နှမြောဖို့ကောင်းတာပေါ့။

နောက် ကြည့်ပြီး အင်မတန်မှ ကြိုက်နှစ်သက်ရတဲ့ဒါရိုက်တာအောင်ဖြိုးရဲ့ ရုပ်ရှင်ဇာတ်လမ်းတိုတွေ လူထုအကြား ကျယ်ကျယ်ပြန့်ပြန့် ရောက်မသွားတာလည်း ဗမာရုပ်ရှင်လောကဟာ ပေါပေါပဲပဲတွေကပဲ အုပ်စိုးနေရာယူထားဆဲ။အင်ဒီသမားတွေမှာ တိုးဝင်ဖို့ ခဲယဥ်းတုန်းပဲဆိုတာ သိနိုင်တယ်။

ဘာပဲဖြစ်ဖြစ် သပ်ရပ်လှပတဲ့ ရုပ်ရှင်ကားတစ်ကား ဖြစ်လာဖို့က ပိုက်ဆံနဲ့စျေးကွက်ကတော့ လိုအပ်စမြဲပဲ မဟုတ်လား။ဒါတွေ ရှိမနေရင် အင်ဒီဆရာတွေ ဘာနဲ့သွားပြီးရပ်တည်မလဲပေါ့။အခုတော့ စစ်ခွေးတွေနဲ့ ကိုးဗစ်ကြောင့် အပြောင်းအလဲတွေနဲ့ ရုန်းထဖို့ ကြိုးစားလာတဲ့ ဗမာရုပ်ရှင်နွေဦးကလည်း ဗုန်းဗုန်းလဲပြိုသွားပြီ။

အင်တာနက်ယဥ်ကျေးမှု ထွန်းကားခိုင်မာလာတာနဲ့အမျှ အရင်နှစ်တွေက မကြည့်ရတဲ့ အင်ဒီဆရာတွေရဲ့ အနုပညာတွေကိုလည်း အင်တာနက်ကနေ တစ်ဆင့် ကြည့်ခွင့်ရတာမျိုးတွေကလည်း စစ်ခွေးတွေကြောင့် ပျက်စီးသွားရပြီ။တိုင်းပြည်မှာ လူတွေ အနုပညာတွေလဲပြိုမှတော့ ဘယ်အရာကနေ အလျင်အမြန်ပြန်လည်တည့်မတ်ဖို့ လမ်းစရှိပါ့မလဲ။အနုပညာအလှတရားပျောက်ဆုံးသွားတဲ့အခါ တိုင်းပြည်ထဲက အလှတရားတွေကို ဘယ်လိုနည်းလမ်းနဲ့ပဲ ပြန်လည်ထုတ်ယူနိုင်မှာတဲ့လဲ။

အကယ်ရွေ့များ မပြောကောင်းမဆိုကောင်း စစ်ခွေးတွေအာဏာသာ တည်တံ့ခဲ့ရင်တော့ မကောင်းသူတွေလက်ထဲမှာပဲ ဗမာရုပ်ရှင်အနုပညာဟာ ဆက်လက်ပျက်စီးရပါဦးမယ်။ဝါဒဖြန့်လက်နက်နဲ့ အရှိတရားကို မျက်ကွယ်ပြုထားတဲ့ အတုအယောင် ပြကွက်များအဖြစ်နဲ့ပဲ ပြည်သူ့ရဲ့ အနုပညာလင်းပွင့်ခံစားမှုကို ထပ်မံပြီးတော့ ဘရိန်းဝှက်ရှ်​ပါဦးမယ်။

ကျနော်တို့မမြင်လိုတဲ့ ယုန်လေးတို့လို ခန့်စည်သူတို့လို အနုပညာသမားအမည်ခံ ဖက်ဆစ်အလိုတော်ရိတွေကပဲ နေရာတွေယူရင်း စစ်အာဏာရှင်အလိုကျ ဆက်လက်ဖျက်ဆီးကြပါဦးမယ်။စစ်ခွေးတွေသာ ကျဆုံးနောက်ဆုတ်သွားရင်တော့ ဒီနွေဦးနဲ့အတူ ရုပ်ရှင်တွေ အခြားသောအနုပညာပစ္စည်းတွေဟာလည်း ပြောင်းလဲလာမယ်လို့ ယုံကြည်တယ်။

လူငယ်တွေရဲ့ အနုပညာမှာ မျက်ရည်ခိုးတွေနဲ့ အရှိတရားထဲက သွေးစက်တွေကို ပန်းပွင့်အနီပန်းချီကားများအဖြစ် ပြောင်းလဲတင်ဆက်ကြလိမ့်မယ်။ခံစားသူတွေဟာလည်း အနုပညာခွေးတိုးပေါက်က ဝင်လာသူတွေကို ကန်ချပစ်ဖို့ဆိုတာကို နားလည်လာလိမ့်လို့ ယူဆတယ်။နွေဦးဟာ သွေးရောင်တွေသုတ်လိမ်းပြီး တမြို့ပြီးတစ်မြို့ တလမ်းပြီးတစ်လမ်း ဖြတ်သန်းပြီး ညစ်ထေးနေသမျှတွေကို သန့်စင်ဖို့ကြိုးစားနေပြီ။နွေဦးပန်းချီဟာ ပိုမိုအရောင်လင်းပွင့်လာပြီ။

သရုပ်ပုံထည်ကို ခန့်ထည်စွာနဲ့ မြင်နိုင်လာပြီလို့လည်း ဆိုရမယ် ထင်ပါရဲ့။အောက်မှာ 2017 တုန်းက ရေးခဲ့တဲ့ အဲဒီရုပ်ရှင်အကြောင်းကို အမှတ်တရ ပြန်တင်ပေးလိုက်တယ်။ခုနေအခါမှာ ဒီရုပ်ရှင်ကြောင်းနဲ့ပတ်သက်တဲ့ ကျနော့်အရေးအသားကို ပြန်ဖတ်ကြည့်တော့ သဘောသိပ်မကျတော့ပေမဲ့လည်း ဘာမှပြန်မပြင်ဘဲ အရင်ကအတိုင်းပဲ ပြန်တင်ပေးလိုက်ပါတယ်။

မှတ်ချက် – Link လာမတောင်းပါနဲ့ -:P) Golden Kingdom(2016)ပထမဆုံး ဒီကားကြည့်နေတုန်းမှာ ခံပြင်းစိတ်ဝင်မိတာက ကိုယ့်မြန်မာလူမျိုး ဒါရိုက်တာတွေဟာ ဒီလိုရုပ်ရှင်တွေ ရိုက်ချက်တွေကို ဘာဖြစ်လို့များ မရိုက်တတ်ရတာလဲ။ဘာဖြစ်လို့များ အခုရိုက်ကူးပြသွားတဲ့သူတွေနဲ့ နှို င်းယှဉ်လိုက်ရင် အနုပညာပုံဆောင်ခဲတစ်ခု သဘာဝကျကျ ရုပ်လုံးပေါ်လာစေဖို့အတွက် အားထုတ်ချဉ်းကပ်တဲ့ စေတနာ ပါရမီတွေ အရမ်းညံ့ဖျင်းရတာလဲလို့ ကြည့်နေရင်းနဲ့ အလိုလို မေးခွန်းထုတ်နေမိပါတယ်။

ကိုယ့်လူမျိုးတွေရဲ့အလေ့အထနဲ့လည်း အထူးတလည်ရင်းနှီးကျွမ်းနေတဲ့ လူမျို းလည်း မဟုတ်ပါဘဲ ဒီလို မြန်မာမှု လုံးဝကျတဲ့ ရုပ်ရှင်ကားတစ်ကားကို ဖန်တီးပြနိုင်တာ လုံးဝချီးကျူးစရာ ကောင်းလွန်းပါတယ်။အရင်ဆုံး ပြောချင်တာက ရိုက်ချက်နဲ့ အရောင်သုံးတာတွေဟာ သူတို့နိုင်ငံရဲ့အငွေ့အသက်လုံးဝမပါပါဘူး ။ကျွန်တော်တို့မျက်လုံးထဲမှာ ထုံစွဲနေပြီဖြစ်တဲ့ မြန်မာ့ရှု ခင်းမြင်ကွင်းကလေးတွေဖြစ်တဲ့ စိမ်းစိုနေသော ဝါးရုံပင်တန်းတွေ။

တောလမ်းကွေ့ကွေ့ကောက်ကောက်ကလေးတွေနဲ့ ကိုရင်ငယ်ကလေးတွေရဲ့နေထိုင်ပြုမူပုံတွေကို သဘာဝကျကျ ချဉ်းကပ်ပြထားနိုင်တာနဲ့အတူ လက်စွမ်းပြထားတဲ့ ရိုက်ချက်စပါယ်ရှယ်တွေကို အခန်းတစ်ခုချင်းအလိုက် ကြည့်ခွင့်ရတာက အခုကားရဲ့ အထိုက်တန်ဆုံး ပေးစွမ်းမှုပါပဲ။စေတီရဲ့ရှေ့မှာ ကိုရင်ကလေးတွေ ငေးငိုင်နေတာတွေ။

အလင်းတစ်ခြမ်းသာကျနေတဲ့ မျက်နှာကလေးတွေပေါ်ကနေ လမ်းကလေးတွေဆီကို မျှော်မှန်းကြည့်နေတဲ့ ကိုရင်ငယ်ကလေးတွေရဲ့ ပုံသဏ္ဍာန်လေးတွေ။ဖယောင်းတိုင်မီးကလေးတွေ ဘေးမှာ တရားမှတ်နေတဲ့ ပုံတွေ။ဝါးပင်စိမ်းစိမ်းတွေ ပတ်လည်ဝိုင်းနေတဲ့ ဘုန်းကြီးကျောင်းဆောင်ကလေးတွေ။ကင်မရာ မြင်ကွင်းကို အသေတည်ထားပြီး မြင်ကွင်းရဲ့ မျက်နှာချင်းဆိုင် ဘယ်ဘက်ခြမ်းကနေ ကိုရင်ငယ်ကလေးတွေ ကျောင်းခန်းထဲကနေ ဆင်းလာချိန် ပေါ်လာတဲ့ ရိုက်ချက်တွေ။

စေတီထီးတော်ကဆည်းလည်းမြည်သံကလေးတွေကို ရိုက်ပြတာတွေဟာ ကိုယ့်မြန်မာနိုင်ငံအတွင်းမှာ ဒီလောက်လှတဲ့ မြင်ကွင်းတွေ ရှိနေပါလား ဆိုတဲ့ အတွေးတွေ သူဘာသာ ဝင်လာပါတယ်။မင်းသားနဲ့မင်းသမီး အခွက်လောက်ကိုပဲ ရိုက်ပြပြီး ဇာတ်ကားလို့ မည်ကာမတ္တခေါင်းစဉ်တပ်ထားတဲ့ မြန်မာရုပ်ရှင်ကြောင်းကို အလိုလို စဉ်းစားလိုက်ချိန်မှာ ဒီဇာတ်ကားကိုရိုက်ထားတဲ့ ဒါရိုက်တာတွေကိုယ်စား မျက်နှာပူမိပါရဲ့။

ကိုယ့်လူမျိုးတွေဟာ အတော်ကို အနုပညာထုဆစ်မှု ပိုင်းမှာ စုတ်ပြတ်သတ် ကျန်ရစ်ခဲ့ပါပြီလား ဆိုတဲ့ ရင်ထုမနာဖြစ်မှု တွေ စိတ်ထဲဝင်ရောက်လာတော့တာပဲ။အခုကားမှာ သုံးထားတဲ့ သရုပ်ဆောင်တွေဟာ တိုင်းရင်းသားတွေပဲ ဖြစ်ဖို့များပါတယ်။ကိုရင်ငယ်ကလေးတွေရယ် ။ဘုန်းကြီးကျောင်းတစ်ကျောင်းရယ်။

ကျောင်းမလှမ်းမကမ်းကဖြစ်ပုံရမယ့် တိုင်းရင်းသားရွာကလေးတစ်ရွာ ဒါပဲပါပါတယ်။ရုပ်ရှင်ဇာတ်ကြောင်းဟာ မြန်မာနိုင်ငံ ဖြစ်တည်မှု ကို ဦးတည်ထားပေမယ့် မြန်မာရုပ်ရှင်တွေနဲ့ တစ်ချက်မှမတူတာတော့ သတိချပ်ဖို့လိုပါတယ်။ခုကားမှာ ဇာတ်လမ်းပေါ်လွင်နားလည်အောင် ဇာတ်ဆောင်တွေက စကားတွေဖောင်လောက်ပြောပြီး ရှင်းပြတာတွေ မမျှော်လင့်ပါနဲ့။

တိုင်းရင်းသားလေသံအရမ်းဝဲနေတာကလွဲလို့ အပြင်မှာသုံးနေကျ သဘာဝကျတဲ့ ဒိုင်ယာလောဂ့်အနည်းငယ်နဲ့သာ ဇာတ်လမ်းကို ပုံဖော်သွားတာ တွေ့ရပါတယ်။မြန်မာကားတွေလို ငါ့ဘဝကြီးက ဘာညာ မပါပါဘူး။လူသားပီသတဲ့ကိုရင်ငယ်ကလေးတွေကို တွေ့ကြရမှာ ဖြစ်ပါတယ်။ခုရုပ်ရှင်ဇာတ်လမ်းတည်ဆောက်ပုံက ကြံဖန်နှိုင်းယှဉ်မယ်ဆိုရင်ဟိုး2014ခုနှစ်က ထွက်ခဲ့တဲ့ သြစတြေးလျရုပ်ရှင် The Babadook ဇာတ်ကားနဲ့ ဆင်တူပါတယ်။

အဲဒီရုပ်ရှင်ထဲမှာဆိုရင် ကူညီအားပေးသူမဲ့နေရှာတဲ့ သားအမိနှစ်ယောက်ရဲ့ အထီးကျန်ဆန်စိတ်ပျက်ဖွယ်ကောင်းတဲ့ဘဝရဲ့ နိမိတ်ပုံဖော်ဆောင်ရာတစ်ခုဖြစ်တဲ့ The Babadook စာအုပ်ကြီးရဲ့ အမှောင်ရိပ်အောက်မှာသနားဖွယ်ထိတ်လန့်ဖွယ်ကောင်းခဲ့သလိုမျို းပါပဲ။ခုရုပ်ရှင်ကားထဲမှာလည်း မိဘမဲ့ ကိုရင်ငယ်ကလေးတွေဟာ သူတို့ရဲ့တစ်ဦးတည်းသောအားကိုးရာဖြစ်တဲ့ဘုန်းတော်ကြီးက ကိစ္စတစ်ခုနဲ့ မြို့ပေါ်တက်သွားချိန်မှာ ကိုရင်ငယ်ကလေးတွေသာကျန်ရစ်ခဲ့ရပါတယ်။

ဆရာတော်ကြီးမရှိချိန်မှာတော့ ကျောင်းကလေးထဲကိုနိမိတ်ဆိုးတွေ စဝင်လာတော့တာပဲ။ပြည်မစစ်တပ်နဲ့သူတို့နယ်ကစစ်တပ်နဲ့တိုက်ခိုက်သလား။ယင်းသို့မဟုတ်လျှင်အချင်းချင်းပဲတိုက်ခိုက်သလားမပြောတတ်တဲ့ သေနတ်ပစ်ခတ်သံတွေ။ပေါက်ကွဲသံတွေကြားရပြီးတဲ့နောက်မှာ သူတို့ကျောင်းကလေးဟာထိတ်လန့်ဖွယ်ဖြစ်ရပ်တွေ ။

အားကိုးရာမဲ့သွားတော့တဲ့ ကိုရင်ငယ်ကလေးလေးပါးရဲ့ စိတ်ကစဉ့်ကလျားဖြစ်မှုတွေကတစ်ဖြည်းဖြည်းစတင်လာပါတော့တယ်။ကျောင်းဝန်းထဲကို စစ်ပြေးဒုက္ခသည်မိန်းမတစ်ယောက်ရောက်လာတာတွေ။သေနတ်မှန်ပြီးသေအံ့မူးမူးဖြစ်နေတဲ့ တိုင်းရင်းသားစစ်သားတစ်ယောက်ရောက်ရှိလာတွေနဲ့အတူ ကျောင်းနံဘေးစပ်က တောတောင်တွေထဲကနေလည်း ဝိဥာတ်တွေအော်သံမျိုးတွေကိုရင်ငယ်ကလေးတွေဆီကို တိုးဝင်ရစ်ပတ်လာတော့တယ်။

ဇာတ်ကားတစ်ခုလုံးအတွက် အဲဒီကိုရင်ငယ်ကလေးတွေရဲ့ နိစ္စဓူဝဘုရားရှစ်ခိုးရပုံတရားထိုင်ရပုံစတဲ့ဘုန်းကြီးကျောင်းတွေမှာ ရှိစမြဲဖြစ်တဲ့ မြင်ကွင်းတွေကို လှပတဲ့ ရိုက်ချက်တွေနဲ့ ဆွဲခေါ်ပါတယ်။အချိန်ကြာမြင့်လာတာနဲ့အမျှကျွန်တော်တို့ခံစားသူပရိသတ်တွေဟာ ကိုရင်ငယ်ကလေးတွေဆီမှာ စတင်ဖုံးလွှမ်းလာတဲ့ ထိတ်လန့်ဖွယ်အမှောင်သိပ်သည်းမှုနောက်တွေ။

သနားဖွယ်ရာ အတိတ်ဖြစ်ရပ်တွေနောက်ကို ဒါရိုက်တာဖြစ်သူဟာ မြန်မာလူမျိုးတွေ အထုံစွဲယုံကြည်တဲ့ အလေ့အထအောက်မှာပဲ အကောင်းဆုံးပုံဖော်ပြပြီးတော့ လွတ်မြောက်နိုင်ဖွယ်ရာ မရှိတဲ့ ဘဝသံံသရာစက်ကွင်းကိုခံစားမိအောင် ပြသွားတာကို သိရှိကြမှာပါ။

ခုကားမှာ မြန်မာအနုပညာရှင်ဆိုသူတွေဆီကနေမမြင်ဘူးတဲ့ရိုက်ချက်တွေနဲ့ အသံပိုင်းထည့်သွင်းမှု သာလွန်တာက လွဲပြီး တကားလုံး ကိုရင်ငယ်ကလေးတွေရဲ့ နေထိုင်မှု တွေ ဆိုးဝါးထိတ်လန့်ဖွယ်ကောင်းလာပုံကိုသာကင်မရာနဲ့အသံပေါင်းစပ်ပြီး ဇာတ်ကောင်ဖြစ်သူကိုရင်ကလေးရဲ့ ထိတ်လန့်ကြောက်ရွံ့မှုကိုဖြည်းညည်းစွာနဲ့ လိုက်ပါပုံဖော်သွားတာကိုသာတွေ့ကြရမှာဖြစ်ပါတယ်။

ဘာလူအင်အားမှမပါပါဘူး။ဘယ်နာမည်ရဇာတ်ကောင်မှ မပါပါဘူး။ခမ်းနားတဲ့ ဆက်တင်တွေလည်း မပါပါဘူး။ကိုယ့်လူမျိုးလည်း ရိုက်မယ်ဆို ရိုက်လို့ရတဲ့အနေအထား ဖြစ်ပါတယ်။အဆုံးသတ်ပြောချင်တာကတော့ဒီဇာတ်ကားရဲ့ ဒါရိုက်တာဟာ ဆင်ဆာ / ဘတ်ဂျက်/ Special effect ဘာညာနဲ့ အော်နေတဲ့ မြန်မာ့ရုပ်ရှင်ဖန်တီးတဲ့ ဆရာအများစုကိုမျက်စိတစ်ဖက်မှိတ်လှောင်ပြောင်သွားတဲ့ ရုပ်ရှင်ကားကောင်းတစ်ကားဟုသာခံစားမိလိုက်ရပါကြောင်းပြောရင်းနိဂုံးချုပ်ပါ့ရစေ။

Video Link

#E

IMN

Likes:
0 0
Views:
583
Article Tags:
Article Categories:
HistoryKNOWLEDGE

Leave a Reply

Your email address will not be published. Required fields are marked *