ကိုယ်စောင့်နတ်က တကယ်စောင့်ရှောက်ပါသလား

ကိုယ်စောင့်နတ်က တကယ်စောင့်ရှောက်ပါသလား

လူတိုင်းသိထားသင့်သည့်ကိုယ်စောင့်နတ် အကြောင်းနှင့် လူကို ကိုယ်စောင့်နတ် စောင့်ရှောက်ပုံအကြောင်း

ဦးဇင်းဘုရား ကိုယ်စောင့်နတ်ဆိုတာ တကယ်ရှိပါသလား ဘုရား

လူကို နတ်ကစောင့်တယ်ဆိုတာ ဗုဒ္ဓဘာသာနဲ့ ကိုက်ညီမှုရှိပါသလား

တကယ်လို့ ကိုယ်စောင့်နတ်ဆိုတာရှိခဲ့ရင် ဘယ်လိုမျိုးပုံစံနဲ့ လူကို စောင့်ရှောက်ပေးပါသလဲ

သူဟာ လူ့ခန္ဓာကိုယ်ထဲမှာ နေတာပါလား ပြင်ပမှာ သီးခြားနေတာပါလားဆိုတာကို ဘုရားတပည့်တော်ကိုသနားစောင့်ရှောက်

ချီးမြှောက်သောအားဖြင့်ဖြေကြားပေးတော်မူပါဘုရား

မေးခွန်းတွေက များလိုက်တာ။ ဦးဇင်း ခပ်တိုတိုနဲ့ လိုရင်းပဲ ဖြေပေးလိုက်ပါတယ်။ကိုယ်စောင့်နတ်ဆိုတာ တကယ်ရှိပါတယ်။

မကောင်းမှုပြုသော သူသည် သူမကောင်းမှုပြုတဲ့ အကြောင်းကို သူကိုယ်တိုင် ပဌမဦးစွာ သိ၏ ထို့နောက် သူ၏ ကိုယ်စောင့်နတ်သိ၏

ထို့နောက် သူတစ်ပါး၏ စိတ်ကို ဖောက်ထွင်းပြီး သိနိုင်တဲ့ တန်ခိုးရှင်များသိကြ၏လို့ ပါရာဇိကဏ်အဋ္ဌကထာ သုဒိန္ဒကဏ္ဍအဖွင့်မှာပါတဲ့ ဒီစကားရပ်ကို ထောက်ပြီးတော့ ကိုယ်စောင့်နတ် တကယ်ရှိတယ်ဆိုတာ သိရပါတယ်

ဒီစကားရပ်ကိုထောက်ပြီးတော့ လူကို နတ်စောင့်တယ်ဆိုတာ ဗုဒ္ဓဘာသာနဲ့လည်း ကိုက်ညီမှုရှိပါတယ်

အခြားသော အထောက်အထား ကျမ်းကိုးကျမ်းကားထုတ်ပြစရာတွေ အများကြီးရှိပေမယ့် သိသာရုံမျှ ဒီလောက်နဲ့ပဲ ကျေနပ်တော်မူကြပါ။

နောက်မေးခွန်းတစ်ခုက လူကို ဘယ်လိုမျိုးစောင့်ရှောက်သလဲဆိုတာနော်

ဘုန်းကံကြီးမားတဲ့ လူကို တန်ခိုးကြီးမားတဲ့ စိတ်ဓာတ်အင်အား ခိုင်မာတောင့်တင်းမှုရှိတဲ့ သူတော်ကောင်း နတ်များက စောင့်ရှောက်ပါတယ်

ဘုန်းကံမွဲမွဲလူများကိုတော့ တန်ခိုးသေးနုပ်တဲ့ စိတ်ဓာတ်အင်အား ခိုင်မာတောင့်တင်းမှုမရှိတဲ့ နတ်သေးနတ်မွှားလေးတွေက စောင့်ရှောက်ပါတယ်

တန်ခိုးအာနုဘော်ကြီးမားလေ လုပ်နိုင်တဲ့အရာတွေ လုပ်ပိုင်ခွင့်တွေ ပိုရှိလေမို့ သူလုပ်နိုင်တဲ့ ပမာဏ သူလုပ်ပိုင်ခွင့်ရှိတဲ့ အတိုင်းအတာထဲကနေ ကူညီစောင့်ရှောက်ပေးပါတယ်

ဗာရာဏသီမင်းဟာ ကောသလမင်းကိုသတ်ပြီးတော့ တိုင်းပြည်ကိုသိမ်းပိုက်ပြီးတော့ ကောသလမင်းရဲ့ မိဖုရားကြီးကိုတော့ သူရဲ့ မိဖုရားကြီးအဖြစ် ဗာရာဏသီမင်းက သိမ်းပိုက်ခဲ့တယ်

အဲဒီ မိဖုရားကြီးမှာ သွားလေသူ ကောသလမင်းနဲ့ ရထားတဲ့ ကိုယ်ဝန်ကျန်နေခဲ့တယ်။ အချိန်တန်တော့ သားယောကျာၤးလေးမွေးဖွားခဲ့တယ်။

အရွယ်ရောက်တော့ ဗာရာဏသီမင်း အခြားမိဖုရားနဲ့ ရထားတဲ့ ကုရုင်္ဂဒေဝီဆိုတဲ့ မင်းသမီလေးနဲ့ ချစ်ကြိုက်သွားကြပါတယ်

ဗာရာဏသီမင်းကြီးကသိလို့ မင်းသာလေးကို သတ်ဖို့လုပ်တယ် မင်းသားလေးကို သေဘေးကနေ လွတ်အောင် ကယ်တင်ပေးခဲ့တယ်

ကယ်တင်ပေးသူကတော့ မင်းသားလေးရဲ့ ကိုယ်စောင့်နတ်ပဲဖြစ်တယ်

ဒါကြောင့် သူလုပ်ပိုင်ခွင့်ရှိတဲ့ ပမာဏ သူလုပ်ပေးနိုင်တဲ့ ပမာဏအားလျော်စွာ စောင့်ရှောက်ပေးတယ်လို့ မှတ်သားစေချင်ပါတယ်

နောက်မေးခွန်းတစ်ခုက လူ့ခန္ဓာကိုယ်ထဲမှာ နေတာလားအပြင်ဘက်မှာနေတာလားဆိုတာနော်

အပြင်ဘက်မှာနေပါတယ်။ ကိုယ်စောင့်နတ်ဆိုတာ ကိုယ်ပတ်ဝန်းကျင်မှာရှိနေတဲ့ ဘုမ္မစိုး ရုက္ခစိုးစတဲ့ နတ်တွေပါ

လူ့ခန္ဓာကိုယ်ထဲမှာ နတ်ရှိရင် အဲဒီလူကို မြန်မာလူမျိုးတွေက စုန်းလို့ သတ်မှတ်ကြပါတယ် အဲဒီအကြောင်းကို ဦးဇင်း သီးခြားပို့စ်တစ်ခုတင်ပြီးတော့ ရှင်းပြပေးမယ်နော်။ အခုတော့ ပို့စ်သိပ်ရှည်သွားမှာမို့ ရှင်းမပြတော့ပါဘူး

သူ့မေးခွန်းက ဒီလောက်ဆိုရင် ပြီးသွားပါပြီနော်

ဒါပေမယ့် မေးခွန်းမှာ မပါလို့ အများသိသင့်သိထိုက်တယ်ထင်လို့ အကြောင်းအရာတစ်ခုကို ဦးဇင်းဘာသာမေးပြီးတော့ ဦးဇင်းဘာသာပဲ ဖြေပေးလိုက်ပါတယ်။

လူတိုင်းမှာ ကိုယ်စောင့်နတ်ရှိပါသလားလူတိုင်းမှာ သဘာဝအားဖြင့် ကိုယ်စောင့်နတ်ရှိပါတယ်

ဘုန်းကံကြီးမားတဲ့ လူကို တန်ခိုးကြီးမားတဲ့ စိတ်ဓာတ်အင်အား ခိုင်မာတောင့်တင်းမှုရှိတဲ့ သူတော်ကောင်း နတ်များက စောင့်ရှောက်ပါတယ်။

ဘုန်းကံမွဲမွဲလူများကိုတော့ တန်ခိုးသေးနုပ်တဲ့ စိတ်ဓာတ်အင်အား ခိုင်မာတောင့်တင်းမှုမရှိတဲ့ နတ်သေးနတ်မွှားလေးတွေက စောင့်ရှောက်ပါတယ်။လို့ အထက်မှာလဲ ဦးဇင်းပြောခဲ့တယ်နော်

ကိုယ်စောင့်နတ်တွေဆိုတာ လူစောင့်ရှောက်တဲ့ လူရဲ့ အလိုကိုလိုက်ပြီးတော့ ပြောင်းလဲတတ်ကြပါတယ်များသောအားဖြင့် ဒီလိုမျိုး လူ့ရဲ့အလိုကိုလိုက်ပြီးတော့ ပြောင်းလဲတတ်တာဟာ တန်ခိုးသေးနုပ်ပြီးတော့ စိတ်ဓာတ်အင်အား ခိုင်မာတောင့်တင်းမှုမရှိတဲ့ ကိုယ်စောင့်နတ်တွေပေါ့ ဒီလို နတ်တွေကတော့ သူစောင့်လျှောက်တဲ့လူက ကောင်းရင် သူကကောင်းပြီးတော့ လူကဆိုးရင် သူလဲဆိုးသွားတတ်ပါတယ်

တန်ခိုးကြီးမားတဲ့ စိတ်ဓာတ်အင်အား ခိုင်မာတောင့်တင်းတဲ့ ကိုယ်စောင့်နတ်များကတော့ သူတို့မကြိုက်တာကို လုပ်ရင် အဲဒီလူကို စွန့်ပစ်ပြီးတော့ ထွက်သွားတတ်ကြပါတယ်။လူပြောင်းလဲတိုင်း သူတို့က လိုက်ပြီးတော့ မပြောင်းလဲကြပါဘူး

ဥပမာအားဖြင့် စေတီယမင်းရဲ့ အဖြစ်အပျက်ကိုကြည့်ပါ

စေတီယမင်းဟာ တန်ခိုးကြီးမားတဲ့ နတ်သားလေးယောက်က စောင့်ရှောက်ပါတယ်။ စေတီယမင်း မုသားစကားပြောတော့ နတ်သားလေးယောက်ဟာ စေတီယမင်းကို တစ်ခါထဲ စွန့်ပစ်ထွက်ခွါသွားခဲ့ကြပါတယ်

ဒါကြောင့် လူတိုင်းမှာ သဘာဝအားဖြင့်တော့ ကိုယ်စောင့်နတ်ရှိကြပါတယ်။ သို့သော် အချို့သူများကတော့ ကိုယ်စောင့်နတ်မကြိုက်တာလုပ်လို့ ကိုယ်စောင့်နတ်ရဲ့ စွန့်ပစ်ခြင်းကို ခံကြရလို့ ကိုယ်စောင့်နတ် မရှိတာမျိုးတွေလဲ ရှိပါတယ်

Likes:
0 0
Views:
651
Article Categories:
KNOWLEDGE

Leave a Reply

Your email address will not be published. Required fields are marked *