အပြီးမသတ်ခဲ့သည့် ကမ္ဘာကျော် အဆောက်အအုံကြီး ၁၀ ခု

ကမ္ဘာကျော် အထိမ်းအမှတ် အဆောက်အအုံတစ်ခုကို တည်ဆောက်နိုင်ရန် ငွေကြေးဒေါ်လာသန်းပေါင်းများစွာ အကုန်အကျခံ၍ နှစ်ကာလကြာရှည်စွာ အခက်အခဲများကို ရင်ဆိုင်ကြရသည်။ အစွမ်းကုန် အားထုတ်ကြသည့်တိုင် တစ်ခါတစ်ရံတွင်အထိမ်းအမှတ် အဆောက်အအုံများကိုပြီးစီးအောင် မတည်ဆောက်နိုင်ခဲ့ခြင်းများလည်း ရှိခဲ့သည်။လူအင်အား မလုံလောက်ခြင်း၊ ငွေကြေးမပြည့်စုံခြင်း၊ တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်စဉ် သေဆုံးမှုများဖြစ်ပွားခြင်းတို့သည် အဆောက်အအုံအပြီးမသတ်နိုင်ခြင်းအကြောင်းများတွင်ပါဝင်နိုင်ဖွယ်ရှိပေသည်။

သို့သော်ကမ္ဘာပေါ်တွင်ရှိနေသည့် အပြီးမသတ်ခဲ့သော အဆောက်အအုံအချို့သည် နောက်ဆုံးတည်ဆောက်ခဲ့သည့်အနေအထားအတိုင်း လှပစွာကျန်ရှိနေကြကာ လူအများသွား ရောက်လည်ပတ်ကြသည့် နေရာများဖြစ်လာခဲ့ကြသည်။ယင်းတို့အနက် အောက်တွင်ဖော်ပြမည့် အဆောက်အအုံများသည် အထင်ရှားဆုံးဖြစ်ပေသည်။

၁။ ခရေဇီ ဟောက်စ် ၊ အမေရိကန်ပြည်ထောင်စု ( Crazy Horse Memorial)

ကမ္ဘာလှည့် ခရီးသွားအများစုသည် ကြီးမားသော ကျောက်တောင်ထွင်းရုပ်ထုများအကြောင်းပြောကြလျှင် ဒါကိုတာပြည်နယ်တောင်ပိုင်းမှ Mount Rushmore ကို သတိရလေ့ရှိကြသည်။သို့သော် ယင်းပြည်နယ်မှာပင်အပြီးအစီးသာ ထုလုပ်ခဲ့ပါက Mount Rushmore အပုစားလေးဟုဆိုနိုင်မည့် အခြားသောကျောက်တောင်ပန်းပုရုပ်ရှိသည်။

ယင်းနေရာသည် အနက်ရောင်တောင်တန်းများပေါ်တွင်တည်ရှိနေသည့် Crazy Horse Memorial ဖြစ်သည်။ ယင်းရုပ်ထုစီမံကိန်းကို ၁၉၄၈ ခုနှစ်တွင် ပန်းပုဆရာ Korczak Ziolkowski က စတင်ခဲ့ကာ သူကွယ်လွန်သည့် ၁၉၈၂ ခုနှစ်အထိ ထုလုပ်ခဲ့သည်။Oglala Lakota အကြီးအကဲကပန်းပုဆရာအား မြောက်အမေရိက ဌာနေသားများကို ဂုဏ်ပြုသည့် အရုပ်တစ်ခု ထုလုပ်ပေးရန် ဖိတ် ခေါ်ခဲ့သည်။

ရုပ်ထုသည် လာကိုတာ ခေါင်းဆောင် Crazy Horse ကို ကိုယ်စားပြုရန် ဖြစ်ကာ ၁၉၉၀ ပြည့်နှစ်တွင် Crazy Horse ၏ ဦးခေါင်းပိုင်းကို အနက်ရောင်တောင်တန်းများတွင်လူသိများလာခဲ့သည်။ ရုပ်ထုကို ထုလုပ်ခဲ့စဉ်က ၂၂ ထပ်တိုက်တစ်လုံးအရွယ်ရှိသည့် ဦးခေါင်းပိုင်းကိုသာ အချိန်အများဆုံးထုလုပ်ခဲ့ကာ နှစ်ပေါင်း ၇၀ အတွင်းကျောက်တောင်မှ တန်ချိန်သန်းပေါင်းများစွာသောကျောက်တုံးများကို ဖောက်ခွဲ၍ ဆွဲထုတ်ခဲ့ကြသည်။

Crazy Horse Memorial ကို အပြီးသတ်သည်အထိ ထုလုပ်နိုင်ခဲ့ပါက ၆၄ ထပ်တိုက် တစ်လုံး အရွယ်ရှိ မည်ဖြစ်ကာ မျက်လုံးများသည် ၁၇ ပေကျယ်ဝန်းမည်ဖြစ်သည်။ Crazy Horse Memorial ရုပ်ထုစီမံကိန်းကို ဝင်ကြေးနှင့် အလှူငွေများအပေါ်တွင်သာ မှီခိုခဲ့ကာ ရုပ်ထု၏ လက်ကို ထုလုပ်ခြင်း ပြီးစီးရန်ပင် နှစ်အတန်ကြာ အချိန်ယူရမည်ဖြစ်သည်။

၂။ ဟာဆန် မျှော်စင် ၊ မော်ရိုကို ( Hassan Tower )

Tour Hassan ဟုထင်ရှားသည့်ဟာဆန်မျှော်စင်သည် မော်ရိုကိုနိုင်ငံ မြို့တော်၊ ရာဘက်တွင် တည်ရှိသည့်ကြီးမားသောဗလီမျှော်စင်ကြီးဖြစ်သည်။ ၁၂ ရာစုတွင်ရာကွတ် အယ်လ် မန်ဆာ၏ အမိန့်ဖြင့် တည်ဆောက်ခဲ့သည့် ယင်းအဆောက်အအုံစီမံကိန်းသည်ကမ္ဘာပေါ်တွင် အမြင့်ဆုံး ဗလီ မျှော်စင်ဖြစ်ကာ တည်ဆောက်ပြီးစီးခဲ့ပါက ယင်းဗလီသည် ကမ္ဘာပေါ်တွင်အကြီးဆုံး အစ္စလာမ်ဘာသာဝင်တို့ဝတ်ပြုသည့် အဆောက်အအုံ ဖြစ်လာမည်ဖြစ်သည်။

OLYMPUS DIGITAL CAMERA

ဗလီ ဆောက်လုပ်ရေး စီမံကိန်းသည် ဘုရင် ရာကွတ် အယ်လ် မန်ဆာ ကွယ်လွန်ပြီးလေးနှစ်အကြာတွင် ရပ်တန့် သွားခဲ့သည်။ကြီးမားသော ဗလီ ကြီးသည် ရာဘက် မြို့တော် အသစ်၏အလယ်၌ အလှပြ အဆောက်အအုံတစ်ခုအဖြစ် ကျန်ရှိနေခဲ့ကာ စူလတန်ဘုရင်က စပိန်များအပေါ် အောင်နိုင်ခဲ့သည့် အထိမ်းအမှတ်ပွဲ ကို ယင်းနေရာ တွင်ကျင်းပခဲ့သည်။

လက်ရှိ မြင်တွေ့နေရသည့် ဗလီမျှော်စင်သည် ၄၄ မီတာ(၁၄၄ ပေ) မြင့်ကာဆောက်လုပ်ရန် ရည်ရွယ်ခဲ့သည့် အမြင့်၏ထက်ဝက်ကျော်ဖြစ်သည်။ကျောက်ဖြူသားကြမ်းခင်းပေါ်တွင် ပြန့်ကြဲတည်ရှိနေသည့်တိုင်လုံးများသည် အရေအတွက်၂၀၀ ကျော်ရှိသဖြင့် အဆောက်အအုံသာ ပြီးစီးခဲ့ပါကမည်မျှကြီးမားမည်ကိုဖော်ညွှန်းလျက်ရှိနေကာ တစ်ချိန်တည်းမှာပင်ဘုရားဝတ်ပြုသူ ၂၀၀၀၀ ကိုလက်ခံနိုင်မည့် အကျယ်အဝန်းဖြစ်သည်။ ဟာဆန်မျှော်စင်သည် ၂၀၁၂ ခုနှစ်တွင်ယူနက်စ်ကိုအဖွဲ့ကသတ်မှတ်သည့် ကမ္ဘာ့ အမွေအနှစ်ဖြစ်လာခဲ့သည်။

၃။ စိန့်ဂျွန်း ကက်သယ်ဒရယ် ၊ အမေရိကန်ပြည်ထောင်စု ( Cathedral Of St. John The Divine )

ကမ္ဘာပေါ်တွင်တည်ဆောက်မှု မပြီးစီးခဲ့သည့်အကြီးဆုံးနှင့် လက်ရာအပြောင်မြောက်ဆုံးခရစ်ယန်ဘုရားကျောင်းသည် စိန့်ဂျွန်း ကက်သယ်ဒရယ် ဖြစ်သည်။၁၉၂၁ ခုနှစ်တွင် ထုတ်ဝေခဲ့သည့်လမ်းညွှန်စာအုပ်အရ ယင်းဘုရားကျောင်းပြီးစီးရန် ဂေါသစ်လက်ရာတည်ဆောက်ပုံ နည်းစနစ်များနှင့် ငွေကြေး ထောက်ပံ့မှု မပြည့်စုံမှုကြောင့် နှစ် ၇၀၀ တည်ဆောက်ရမည်ဟု ဆိုသည်။

ခရစ်ယာန် ဘုန်းတော်ကြီး Horatio Potter က ဘုရားကျောင်းကြီး စတင်တည်ဆောက်နိုင်ရန် ကူညီဆောင်ရွက်ခဲ့ကာ ၁၈၈၇ ခုနှစ်တွင် သူကွယ်လွန်ချိန်အထိ တည်ဆောက်မှုများကို မစတင်နိုင်ခဲ့ချေ။ ဘုန်းတော်ကြီး၏ တူဖြစ်သူ Henry Codman Potter က ဘုရားကျောင်းကို တစ်ဦးတည်းငွေကြေးထောက်ပံ့မှုဖြင့်ဆောက်လုပ်ရန် စီစဉ်ခဲ့ကာ ၁၃ ဧကကျယ်ဝန်းသည့် မြေနေရာကို ဝယ်ယူခဲ့သည်။

၁၈၉၂ ခုနှစ်တွင် အဆောက်အအုံကို ပန္နက်ချခဲ့ပြီး ၁၈၉၉ ခုနှစ်တွင် တည်ဆောက်ရေး လုပ်ငန်းများကို ပထမဆုံး စတင်ခဲ့သည်။၁၉၁၆ ခုနှစ်တွင် ဘုရားကျောင်း အလယ်ပိုင်း Nave နေရာကို ပန္နက်ချခဲ့သည်။ စိန့်ဂျွန်း ကက်သယ်ဒရယ်သည် နယူးယောက်မြို့တော် ၊ အမ်စတာဒမ် ရိပ်သာလမ်းတွင် တည်ရှိကာ ယခုအခါ သက်တမ်း နှစ် ၁၀၀ ကျော်ခဲ့ပြီဖြစ်သည်။

လာမည့် ဆယ်စုနှစ်များတွင် အဆောက် အအုံဟောင်းကြီးကို ဆက်လက် တည်ဆောက်မည်ဟု ဆိုသော်လည်း နည်းလမ်းပေါင်းစုံဖြင့်ဆောင်ရွက်ရမည့် ရံပုံငွေ ကောက်ခံရရှိမှုအပေါ် မူတည်နေသဖြင့် မည်သည့် အချိန်တွင် ပြီးဆုံးမည် ဆိုသည့် အချိန်ဇယားကို ရေးဆွဲနိုင်ခြင်းမရှိချေ။

၄။ တာကီယို ၊ ကေမ္ဘာဒီးယား ( Ta Keo )

တာကီယိုသည် ကမ္ဘာကျော် ရှေးဟောင်း မြို့တော်အန်ကောဝပ်တွင် တည်ရှိသည့် တောင်ပုံသဏ္ဌာန် ဘုရားကျောင်းတစ်ခုဖြစ်သည်။ပိရမစ်ပုံစံပြုလုပ်ထားသည့် ဘုရားကျောင်း အထွတ်မျှော်စင် ငါးခု ထည့်သွင်းထည့်ဆောက်ထားသည့် တာကီယိုသည် တည်ဆောက်ခဲ့သမျှ ဘုရား ကျောင်းများတွင် အကြီးဆုံးဖြစ်နိုင်ဖွယ်ရှိကာ တည်ဆောက်မှု အပြီး မသတ်ခဲ့သည့် အဆောက်အအုံ တစ်ခုဖြစ် သည်။

တာကီယို သည် ပြီးစီးအောင် မတည်ဆောက်နိုင်ခဲ့သည့်တိုင် ဝေးလံသော နေရာမှ ပင် မြင်တွေ့ရသည့် ကြီးမားသော အဆောက်အအုံဖြစ်သည်။ ပင်မ အဆောက်အအုံသည် မြင့်မားသော မျှော်စင် ငါးခုဖြစ်ကာ နောက်ဆုံး ပိရမစ်မျှော်စင်သည် ဒုတိယ ပစ္စယံ အဆင့်ထက် ၁၄ မီတာ(၄၆ ပေ)ပိုမို မြင့်မားသည်။

မျှော်စင်တိုင်ငါးခု အနက် လေးခုကို ထောင့်လေးထောင့်တွင် တစ်ခုစီထား၍ ကျန်တစ်ခုကို အလယ်တွင်ထားကာ ပြင်ပနံရံများကို ကျုံးတစ်ခုက ဝန်းရံထားသည်။ကြီးမားသည့် အထိမ်းအမှတ် အဆောက်အအုံကိုသဲကျောက်တုံးများဖြင့် တည်ဆောက်ခဲ့ကာ အပြီး မသတ်နိုင်ခဲ့သည့် အကြောင်းရင်းကိုမည်သူမျှ မသိကြချေ။ဘုရားကျောင်းမှ တူးဖော်တွေ့ရှိခဲ့သည့် ကျောက်စာတွင် ဘုရားကျောင်းကို မိုးကြိုး ပစ်ခံရပြီးနောက် တည်ဆောက်မှုများကို ရပ်တန့်ခဲ့သည်ဟုဆိုသည်။

ဘုရားကျောင်းကို မိုးကြိုး ထိမှန်ခြင်းသည် မကောင်းသော နိမိတ်ဟု ယူဆခဲ့ကြသည်။ကျွမ်းကျင်သူ အချို့ကကလေးဘုရင် Jayavarman V က သူ၏ ဘုရင့်အာဏာကို ထိန်းသိမ်းရန် ကြိုးပမ်းခဲ့ပြီးနောက် အဆောက်အအုံ တည်ဆောက်မှု အပြီးမသတ်ခဲ့ဟု ယုံကြည်ကြသည်။ အပြီး မသတ်ခဲ့သည့်တိုင် တာကီယိုသည် ထူးခြားသော မြင်ကွင်းတစ်ခုအဖြစ် တည်ရှိနေပေသည်။

၅။ နီဖာရီဖရီ ပိရမစ် ၊ အီဂျစ် ( Pyramid Of Neferefre )

ရှေးဟောင်းအီဂျစ်ဖာရိုဘုရင်တစ်ပါးဖြစ်သည့် နီဖာရီဖရီသည် အဘူဆာ၏ ရှေးသင်္ချိုင်းကြီး (Necropolis) တွင် အလွန်ကြီးမားသော ပိရမစ် တစ်လုံးကို တည်ဆောက်ခဲ့ကာ ပိရမစ်မပြီးဆုံးမီ ဖာရိုကွယ်လွန်ခဲ့ သဖြင့် မာစတာဘာ (Mastabe) ဂူနှင့် သင်္ချိုင်းဗိမာန်တစ်ခုအဖြစ် ပြောင်းလဲခဲ့သည်။

MINOLTA DIGITAL CAMERA

ပိရမစ်ကြီးကို အောက်ခြေကို Sahure ပိရမစ်အရွယ် နီးပါး တည်ဆောက်ခဲ့ကာ ပိရမစ် တည် ဆောက်သူများက ပိရမစ်ကြီး၏ အောက်ခြေ အလယ်တွင် ကျင်းတစ်ခုကို တူးခဲ့သည်။ ယင်းကျင်းသည် အလောင်းထားရှိမည့် ဂူဗိမာန်နေရာဖြစ်သည်။ ပိရမစ်၏ ဝင်ပေါက်စကြံကို မြောက်ဘက်ခြမ်းတွင် တည်ဆောက်ထားပြီး ကတုတ်ကျင်း မြောင်းရှည်တစ်ခုကို ဝင်ပေါက်မှ ကျင်းထိပ်အထိ တူးခဲ့သည်။

ယင်းနေရာမှ ဖာရို၏ ရုပ်ကြွင်း အစိတ် အပိုင်းအချို့ကို ခန္ဓာကိုယ်မှ တွေ့ရှိခဲ့သည်။ယင်းတို့ကို ကြည့်၍ ဖာရိုသည် အသက် ၂၂ နှစ် သို့မဟုတ် ၂၃ နှစ် တွင် သေဆုံးခဲ့ကြောင်း ဖော်ပြနိုင်ခဲ့သည်။ ပိရမစ်၏ အတွင်းပိုင်းသို့ သွားသည့် အထစ် တစ်ခုတည်ဆောက်မှု ပြီးဆုံးခဲ့ကာ ဂူတစ်လုံး အသွင်ပုံပေါ်လာခဲ့သည်။ သင်္ချိုင်းဂူဗိမာန် တည်ဆောက်မှုသည် အဆင့် သုံးဆင့်အထိ ပြီးစီးခဲ့ကာ အမိုးပွင့် ခန်းမတစ်ဆောင်နှင့် ခန်းမ ဆောင်သုံးခု ပါဝင်သည်။

၆။ စကော့တလန် အမျိုးသား အဆောက်အအုံ ၊စကော့တလန် ( National Monument Of Scotland )

စကော့တလန် နိုင်ငံ၏ အမျိုးသား အဆောက်အအုံသည် အီဒင်ဘာ့ခ်မြို့ရှိ ကာလ်တန်တောင်ထိပ်တွင် မြင့်မားစွာ တည်ရှိနေသည်။ယင်းအဆောက်အအုံသည် အများမျှော်လင့်ခဲ့သည့် အမျိုးသား ရတနာ ပစ္စည်းတစ်ခုထက် စကော့တလန်၏ ရှက်ဖွယ် အဆောက်အအုံတစ်ခုဟု မကြာခဏ ရည်ညွှန်းပြောဆိုခဲ့ကြသည်။

တည်ဆောက်မှု မပြီးဆုံးခဲ့သည့် ယင်းအဆောက်အအုံကို အရှက်ရဖွယ် တစ်ခုဟု ဆိုခဲ့ကြသည်။ယင်း အဆောက်အအုံသည် နပိုလီယံစစ်ပွဲကာလအတွင်း ကျဆုံးခဲ့သည့် စစ်သားများနှင့် သေဆုံးခဲ့သည့် သင်္ဘောသားများအတွက် အထိမ်းအမှတ်တစ်ခုအဖြစ်ကျန်ရှိနေကာ တည်ဆောက်မှုကား မည်သည့် အခါမှ အပြီးသတ်မည် မဟုတ်ချေ။

အဆောက်အအုံ၏ အောက်ခံပန္နက်ကို ၁၈၂၄ ခုတွင် ချခဲ့သည်။သို့သော် ၁၈၂၉ ခုနှစ်တွင် ပြည်သူများ၏ ငွေကြေး ထောက်ပံ့မှု ပြတ်လတ်ခဲ့သဖြင့် တည်ဆောက်မှု လုပ်ငန်းများ လျင်မြန်စွာ ရပ် ဆိုင်းခဲ့သည်။ အဆောက်အအုံကြီး အပြီးသတ်နိုင်ရန် ကြိုးပမ်းမှုများစွာရှိခဲ့သည့်တိုင် ယခုတိုင်အပြီးမသတ်နိုင်ခဲ့ချေ။ပြီးပြည့်စုံသည် အထိသာ တည်ဆောက်နိုင်ခဲ့မည်ဆိုလျှင် စကော့တလန် အမျိုးသား အဆောက်အအုံ သည် ဂရိနိုင်ငံအေသင်မြို့ရှိ ပင်သာနွန်နှင့် တူညီမည်ဖြစ်သည်။လက်ရှိအချိန်တွင် တိုင် ၁၂ တိုင်ကိုသာ မြင်တွေ့ကြရပေသည်။

၇။ လာဆာဂရာဒါ ဖမ်မလီယာ ၊ စပိန် ( La Sagrada Familia )

သဘာဝတရားနှင့် ယုံကြည်ကိုးကွယ်မှု ကို လှုံ့ဆော်နေသည့် လာဆာဂရာဒါ ဖမ်မလီယာ အဆောက်အအုံကို ၁၈၈၂ ခုနှစ်ကတည်းက စတင်တည်ဆောက်ခဲ့သည်။တိုင်လုံး နှစ်တန်းပါရှိသည့် အမိုးခုံး ဘုရားကျောင်း (Basilica) တည်ဆောက်မှုသည် ၇၀ ရာခိုင်နှုန်းပြီးစီးခဲ့ပြီးနောက် ရပ်တန့်သွားခဲ့ကာ ဗဟိုမျှော်စင်ကြီး ခြောက်လုံးကိုသာ ဆက်လက် တည်ဆောက်ခဲ့သည်။နှစ် ၁၃၀ ကြာ တည်ဆောက်ခဲ့သည့် လာဆာဂရာဒါ ဖမ်မလီယာ သည် အပြီး မသတ်ဘဲကျန်ရှိနေခဲ့သည်။

စပိန်နိုင်ငံ၊ ဘာစီလိုနာမြို့ရှိ ရိုမန်ကက်သလစ်ကျောင်းတော်ကြီး တစ်ခုဖြစ်သည့် လာဆာဂရာဒါ ဖမ်မလီယာ၏ တည်ဆောက်မှု ကုန်ကျစရိတ်ကို မတွက်ချက်နိုင်တော့ချေ။သို့သော် ကျောင်းကြီး၏ နှစ်စဉ် ရံပုံငွေသည် အမေရိကန် ဒေါ်လာ ၂၇ သန်းရှိပြီး ယင်းငွေများသည်ဘုရားကျောင်း ဝင်ကြေးများနှင့် အလှူငွေများဖြစ်သည်။

လာဆာဂရာဒါ ဖမ်မလီယာ၏ အသစ်ဆောက်လုပ်မည့် အမြင့်ဆုံးမျှော်စင်တိုင် သည် ၅၆၄ ပေ မြင့်မည်ဖြစ်သဖြင့် ဥရောပတိုက်တွင် အမြင့်ဆုံး ဘာသာရေး အဆောက်အအုံတစ်ခု ဖြစ်လာမည်ဖြစ်သည်။အပြီး မသတ်ခဲ့သည့် လာဆာဂရာဒါ ဖမ်မလီယာကို ၂၀၂၆ ခုနှစ်တွင် အပြီး တည် ဆောက်ရန် စီစဉ်ထားကာ အလှဆင် လုပ်ငန်းများအတွက် နောက်ထပ် အချိန်ယူရမည်ဖြစ်သည်။

၈။ ဘာရာကာမန် ၊ အိန္ဒိယ ( Bara Kaman )

ဘာရာကာမန်သည် အိန္ဒိယနိုင်ငံရှိ ဝိဇယပုရ ခေါ် ဘိဂျပါ မင်းဆက်မှ ရှစ်ဆက်မြောက်ဘုရင်ဖြစ်သူ ဒုတိယမြောက်အလီ အဒေးလ်ရှား၏ ဂူဗိမာန်ဖြစ်ပြီး တည်ဆောက်မှု အပြီးမသတ်ခဲ့သည့် အဆောက်အဦ တစ်လုံးဖြစ်သည်။ မုခ်ခုံး ၁၂ ခုဟု အဓိပ္ပာယ်ရှိသည့် ဘာရာကာမန်ကို မြင်သမျှ ဂူဗိမာန်များထက် ပိုမို လှပ၊ ကြီးမားစွာ တည်ဆောက်ရန် ရည်ရွယ်ခဲ့ကာ ထောင်လိုက် နှင့် အလျားလိုက် ခုံး ၁၂ တိုင်က အလီ အဒေးလ်ရှား၏ ဂူကို ဝန်းရံနေသည့်ပုံ တည်ဆောက်ရန် စီစဉ်ခဲ့သည်။

ဘာရာကာမန်ကို ၁၆၇၂ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ကာ အဆောက်အအုံမပြီးစီးမီ အလီ အဒေးလ်ရှားသည် ဖခင်ဖြစ်သူ၏ သတ်ဖြတ်ခြင်းကြောင့်ကွယ်လွန်ခဲ့သည်။ပြောရိုးစကားများအရ အဆောက်အအုံ တည်ဆောက်ပြီးစီးပါက ဘာရာကာမန်၏ အရိပ်သည် Gol Gumbaz(မင်းဆက်ကို တည်ထောင်သူ အဒေးလ်ရှားဘုရင်၏ ဂူဗိမာန်) ပေါ်သို့ တစ်ဝက်ကျော် ကျရောက်နေမည်ကို မလိုလားသည့် ဖခင်ဖြစ်သူက သားဖြစ်သူဘုရင် အလီ အဒေးလ်ရှားကို အဆောက်အဦ မပြီးစီးစေရန် သတ်ဖြတ်ခဲ့သည်ဟု ဆိုကြသည်။

အိန္ဒိယနိုင်ငံ ရှေးဟောင်းသုတေသန ဌာနက ဘာရာကာမန် ကို ထိန်းသိမ်းစောင့်ရှောက်ထားသည်။ ဘာရာကာမန်ရှေ့ရှိ ပန်းဥယျာဉ်ကိုလည်း ကောင်းစွာ ထိန်းသိမ်းပြုပြင် ထားကာ လာရောက်လည်ပတ်ကြသူများသည် ဂူဗိမာန်တွင်တည်ဆောက်ထားသည့် မုခ်ခုံးနှင့် တိုင် များ၏ ဗိသုကာ အစွမ်းကို ခံစားနိုင်ကြပေသည်။

၉။ ရွိုင်ရုရောင်း ဟိုတယ် ၊ မြောက်ကိုရီးယား ( Ryugyong Hotel )

မြောက်ကိုရီးယားနိုင်ငံရှိ ရွိုင်ရုရောင်း ဟိုတယ်ကို ၁၉၈၉ ခုနှစ်တွင် ဖွင့်လှစ်ခဲ့ရန် လျာထားခဲ့သော်လည်း တိုတယ် တည်ဆောက်မှုသည် ယနေ့တိုင် မပြီးစီးခဲ့ချေ။တည်ဆောက်မှုသာ ပြီးစီးခဲ့ပါက ရွိုင်ရုရောင်း သည် ထိုစဉ်က ကမ္ဘာတွင် သတ္တမမြောက် အကြီးဆုံး နှင့် အမြင့်ဆုံးမိုးမျှော် ဟိုတယ် နေရာတွင် ရှိနေမည်ဖြစ်သည်။

ကြီးမားသည့် ဟိုတယ်စီမံကိန်းကို ၁၉၈၇ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ကာစီးပွားရေးကျဆင်းမှုက ဟိုတယ် စီမံကိန်းကို ရပ်ဆိုင်းစေခဲ့သည်။ဟိုတယ်စီမံကိန်းတွင် အခန်း ၃၀၀၀၊ ဆုံလည် စားသောက်ဆိုင် ခုနစ်ခု၊ကာစီနိုခန်းမ၊ကပွဲရုံနှင့် သီးသန့်ခန်း များပါဝင်ခဲ့သည်။ပိရမစ်ပုံသဏ္ဌာန် တည်ဆောက်ခဲ့သည့် ရွိုင်ရုရောင်း ဟိုတယ်သည် အထပ် ၁၀၅ ထပ်ပါရှိပြီး မကြာမီ ပြန်လည် တည်ဆောက်မည်ဟု ဆိုသည်။

ဟိုတယ်မဖွင့်နိုင်ခဲ့သော်လည်း တည်ဆောက်ရေးလုပ်ငန်းများကိုနှစ်များစွာ အလုပ် လုပ်ခဲ့သည့် ရုပ်ပုံများကို ပြသထားသည်။ အဆောက် အအုံပြင်ပတွင် ကရိန်းများ၊ဆောက်လုပ်ရေး ယန္တရားများကို မြင်တွေ့နေကြရသဖြင့် မကြာမီ ပြန်လည် တည် ဆောက်မည်ဟု မျှော်မှန်းကြရပေသည်။ ရွိုင်ရုရောင်း ဟိုတယ်သည် အပြီး မသတ် သည့် အဆောက်အအုံ တစ်ခုအဖြစ် တည်ရှိ နေသည်။

၁၀။ မင်းကွန်း ပုထိုးတော်ကြီး ၊ မြန်မာ ( Mingun Pahtodawgyi )

မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းရှိ စစ်ကိုင်းဒေသကြီးမှမင်းကွန်းရွာငယ်တွင်မင်းကွန်းပုထိုးတော်ကြီးကို မြင်တွေ့ရသည်။ ဘုရင်ဘိုးတော်ဘုရားသည်ထိုစဉ်ကကမ္ဘာတွင်အကြီးဆုံးသောပုထိုးတော်ကြီးကို တည်ဆောက်ရန် ဆန္ဒရှိခဲ့သည်။အလွန်ကြီးမားသည့် ပုထိုးတော်ကြီး ဆောက်လုပ်မှုကို ၁၇၉၀ ပြည့်နှစ်တွင်စတင်ခဲ့သော်လည်း အပြီးသတ်တည်ဆောက်နိုင်ခဲ့ခြင်းမရှိချေ။

ဘိုးတော်ဘုရားသည်မိမိအောင်နိုင်သော စစ်ပွဲများအတွင်း များစွာသော သုံ့ပန်းများနှင့် အခိုင်းအစေများကိုရရှိခဲ့ကာ ယင်းတို့ကို အသုံးပြု၍ ပုထိုးတော်ကြီးကိုတည်ဆောက်ခဲ့သည်။ ပုထိုးတော်ကြီးကို ဘုရင့်ဘဏ္ဍာတော်အကောက်ငွေများဖြင့် တည်ဆောက်ခဲ့ပြီးလူအများကပုထိုးတော်ကြီးပြီးချိန်တွင် ဘိုးတော်ဘုရားကွယ်လွန်မည်ဟု တဘောင်များဆိုခဲ့ကြသည်။ ဘိုးတော်ဘုရားအနေဖြင့်အဆိုပါပုထိုး ကို ၁၅၂ မီတာ သို့မဟုတ် ၄၉၉ ပေ အမြင့် ဆောက်ရန် ရည်ရွယ်သည်။

တည်ဆောက်မှု မပြီးစီးခဲ့သည့်အဆောက်အအုံကြီးသည် ၁၆၄ ပေမြင့်ကာ ယင်းအမြင့်သည် တည်ဆောက်ရန် ရည်ရွယ်ခဲ့သည့် အမြင့်၏ သုံးပုံ တစ်ပုံသာဖြစ်သည်။ပုထိုးတော်ကြီးအောက်ခြေသည် ၄၅၀ စတုရန်းပေကျယ်ဝန်းသည်။ ၁၈၃၉ ခုနှစ်တွင် လှုပ်ခဲ့သည့် ငလျင်ဒဏ်ကြောင့် အက်ကွဲခဲ့သည့် ကြီးမားသော ကွဲကြောင်းများကို ပုထိုးတော်ကြီးတွင် ယနေ့တိုင် မြင်နိုင်ကြကာ ကမ္ဘာပေါ်တွင် အကြီးသော အုတ်နှင့် ကျောက်ပုံကြီးတစ်ခုအဖြစ် ထင်ရှားခဲ့သည်။

ကမ္ဘာအနှံ့သွားလာလည်ပတ်နေကြသည့် ခရီးသွားများသည် လှပခမ်းနားသော အဆောက်အအုံများသာမက တစ်ဝက်တစ်ပျက် ဆောက်လုပ်ထားသည့် ရှေးဟောင်းအဆောက်အအုံများကို ကြည့်ရှုရခြင်းကိုလည်း နှစ်ခြိုက်လေ့ရှိသဖြင့် အပြီးမသတ်ခဲ့သည့် အဆောက်အအုံများသည် ကမ္ဘာကျော်သည်အထိ ထင်ရှားလာခဲ့ပေသည်။

Ref: 10 Famous Unfinished Landmarks From Around the World

ကောင်းစည်သူ (သုတစွယ်စုံ မဂ္ဂဇင်း)

Likes:
16 1
Views:
39614
Article Categories:
KNOWLEDGE

Leave a Reply

Your email address will not be published. Required fields are marked *