သူပြောတော့လည်း ဟုတ်သလိုလို

အပျိုဘ၀ကနေအိမ်ထောင်သည် ဘ၀ပြောင်းတော့ ယောက်ကျားကလဲ အေးအေးဆေးဆေး သမားမို့ ကျွန်မ ဖလန်းဖလန်း နေခဲ့ရတယ်။ “အိမ်ထောင်သည် ဘ၀ကလေးရှိမှပြီးပြည့်စုံတာ”“ အိမ် ဆိုတာ ဆည်းလည်းလေးရှိမှ ပြီးပြည့်စုံတာ” လို့ စီနီယာမေမေတွေ ဝိုင်းပြောကြလို့ ကျွန်မကလေးယူချင်စိတ်တွေတဖွားဖွား၀င်ခဲ့မိတာပါ …. မောင်။

ဒီလိုနဲ့ကျွန်မ ကိုယ်၀န်ရှိလာရော။ ငါ့ကလေး ခြေလက် အင်္ဂါ စုံပါ့မလား၊ ဥာဏ်ရည်မီပါ့မလား နဲ့တွေးပူရ၊ အစားစာရှောင်ရ၊ အားရှိမယ်ဆိုတဲ့ အစာတွေ မကြိုက်လဲ စားရနဲ့စပြီး ပူပန်ရပြီ။ ကိုယ်၀န်လရင့် လာတော့ ညည ရှူးထပေါက်ရ၊ တည့်တည့်အိပ်ရင် အသက်ရှု မ၀နဲ့အိပ်ရေးပျက်လို့ ညည်းမိတိုင်း.. စီနီယာ မေမေတွေ က ..”ခနပါ ညီမရယ်၊ မွေးပြီးရင် ဒီလောက်မခက်တော့ ပါဘူး” လို့ ပြောကြတယ်… မောင်။

မွေးခါနီး ကြောက်စိတ်၊ စိုးရိမ်စိတ်တွေ ၀င်ခဲ့ပေမယ့် .. စီနီယာ မေမေတွေ က ဒင်းတို့ကလေးတွေ ရဲ့ ချစ်စရာ ပုံလေးတွေ၊ ဗီဒီယို လေးတွေ posts တင်ကြတာ ကြည့်ပြီး အားတင်းခဲ့တယ်။

ကလေးဂျီ ကျနေတာ၊ ဖင်တုန်းလုန်းလေးနဲ့ အိမ်ထဲ ပတ်ပြေးလို့သူတို့လဲ နောက်ကလိုက်ပြီး ထမီ မနိုင် ပုဝါမနိုင် ဖြစ်တာတွေ ကို တော့ ပုံတွေ posts တွေ တခုမှ မတင်ခဲ့ကြပါဘူး .. မောင်။မွေးကင်းစလေးက (အကြောင်းမရှိပဲ) ညည အာခေါင်ခြစ်ပြီး တဝါးဝါးအော်ငိုလို့ ကျွန်မ နေ့ည တွေမှား ကြောင်တောင်တောင် ဖြစ်တုန်းကလဲ စီနီယာ မေမေ တွေက “ မီးတွင်း ၂ လက အခက်ခဲဆုံးပဲ ညီမ၊ ဒါ ပြီးရင် လွယ်သွားပါပြီ “ လို့ ဝိုင်းပြောကြတယ်…မောင်။

အင်း ၁၀ လ တောင် လွယ်လာခဲ့တာ၊ ၂ လတော့ အေးဆေးပါ ဆိုပြီး တောင့်ခံလိုက်တယ်။ သူတို့ပြောသလို ၂ လပြည့်သွားတဲ့ နောက်ပိုင်း “လွတ်ပြီဟ” လို့လက်ခမောင်းခတ်ပြီး အော်မယ်ပြင်တုန်းရှိသေး ကလေးက စပြီး လေးဘက်ထောက် မှောက်တတ်တယ်။ တွေ့ ကရာ ပါးစပ်ထဲ ထည့်တယ်။ အဲဒီ ကနေ တဆင့် တအိမ်လုံး လျှောက်သွားတတ်လာတော့ မှီသမျှဆွဲချ၊ ပလပ်ပေါက်တွေထဲ လက်ထည့်နဲ့မို့.. မအော်လိုက်ရခင် .. ထမီကို ခါးတောင်း ကျိုက်၊ နောက်ကနေ တောက်လျှောက်လိုက်ဆွဲ ရပြန်တယ်။

အဲဒီ စီနီယာ မေမေတွေ က ထပ်ပြီး “ ခနပါ၊ ကလေး လမ်းလျှောက်တတ်ရင် လွယ်သွားပြီ” လို့ ပြောပြန်တယ် မောင်။ “ဟုတ်မှာပါလေ” လို့အားတင်းပြီး ခရီးဆက်ခဲ့တာ။ ကလေးက လမ်းလဲလျှောက်တတ်ရော ထမီခါးတောင်း တောင် မကျိုက်နိုင်တော့ လို့ ကျွန်မ ဘောင်းဘီ ပြောင်း၀တ်ရတယ် ။

ဘောင်းဘီတောင်မှလေ ခါးမှာ ပွနေရင် ကလေးလှမ်းဆွဲတိုင်း ကျွတ်ကျ တတ်လို့ကျပ်နေတဲ့ ဟာ ၀တ်ရပါတယ် …. မောင်။ ကလေးက စကားမပြောတတ်သေးလို့… ဘာမှ မပြောပဲ အော်ငိုတဲ့ အခါ ပွက်ဆိတ်ပဲ ကိုက်သလား၊ လေအောင့်နေသလား ပူပန်ရတော့ အဲဒီ စီနီယာ မေမေတွေ က ..”ခနပါ ၊ ကလေး စကားပြောတတ်လာရင် ပိုလွယ်သွားပြီ” လို့ပြောကြပြန်တယ်။

ဒါနဲ့ကလေး စကားပြောချိန်ကို တောင့်တနေ ခဲ့မိတာ .. အခု စကားလုံးလေးတွေ စပြောတော့ ကလေးက ကျွန်မနဲ့တင် မဟုတ်ဘူး .. ပွတ်ဆိတ်နဲ့လဲ ပြောတာပဲ၊ အပင်လေးတွေ နဲ့လဲ ပြောတော့ တာပဲ။ သူ့ဘာသာ ဘယ်သူနဲ့ပြောပြော မသိသလို မျက်နှာလွဲပြီး အိမ်အလုပ် လုပ်မယ် ကြံပေမယ့် စကားပြောတိုင်း အမေကို လှမ်းလှမ်း ကြည့်ပြီး ပြောလို့ ကျွန်မ ဘာမှ မလုပ်နိုင်ပဲ သစ်ရွက်ခြောက်နဲ့သူပြောနေလဲ ဘေးကနေ ..”အော် . ဟုတ်လား.. အေးအေး” နဲ့ခေါင်းလိုက်ငြိမ့်ရတယ် …. မောင်။

“မီးတွင်းပြီးရင်အိပ်ရေး၀ပါပြီ”လို့ပြောပေမယ့်ခုတော့ “သွားပေါက်လို့ “၊ “နေမကောင်းလို့”ဆိုပြီးအကြောင်းအမျိုးမျိုးနဲ့ပျက်နေရတုန်း။ တခါတခါ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ခါစ ရှိသေး၊ မျက်နှာပေါ် လာ ခွအိပ်လို့သေးစော်နံပြီး နိုးလာတာမျိုး၊သူ့ခြေထောက်လေးနဲ့ ပိတ်ကန်တာခံရလို့ လန့်နိုးလာပြီးရင်တုန်ပန်းတုန်နဲ့ ပြန်မအိပ်နိုင်တော့တဲ့အခါလဲရှိတယ်။

ဗိုက်ကြီးတုန်းကမှနေရာကျယ်ကျယ်အိပ်ရသေး၊ ခုတော့ သူက တခုတင်လုံး မယ်ပိုင်စီးပြီးကန့်လန့်ဖြတ်အိပ်လိုအိပ်မို့.. ကျွန်မမှာခုတင် အစွန်းလေးနားကုပ်ကပ်ပြီးတထိတ်ထိတ်နဲ့အိပ်ရပါတယ်.. မောင်။ “ဗိုက်ထဲရှိတုန်းကပဲခက်တာ၊ မွေးပြီးရင်လွယ်သွားပြီ “ လို့ပြောကြပေမယ့် ဗိုက်ထဲမှာတုန်းကထားသလိုနေသေးတယ်၊ခုတော့ခုန်ပေါက်ပြေးလွှား၊အန္တရယ်ရှိလို့တားပြန်ရင်လဲ ကြမ်းပေါ်လိမ့်ပြီး ငိုချတတ်လို့ဗိုက်ထဲ ပြန်ထည့်ချင်ပါတယ် … မောင်။

နေ့ခင်းအိပ်ချိန် တစ်နာရီ လောက်ချော့သိပ်အပြီး၊ ဒင်းကလေး အိပ်ပျော်သွားလို့၀မ်းသာအားရ၊ အသံမမြည်အောင် ကိုယ်ဖော့ သိုင်းနဲ့ မီးဖိုချောင်ထဲ၀င်ပြီး မရှိရှိတာ မျိုချတာ လည်ပင်းတ၀က်လောက် ရောက်ခါရှိသေး.. “မေ မေ့” ဆိုပြီး ပြန်နိုးလာတတ်လို့.. ထမင်းကို တောင် ကားပိုင်းရှည် ဇာတ်ကားတွေလို အပိုင်းပိုင်း ခွဲစားရတယ်မောင်။

မျက်နှာကို နေ့တ၀က်ကျိုးမှ သစ်ဖြစ်တဲ့ နေ့တွေ ရှိသလို၊ အိမ်သာတက်၊ ရေချိုးတာ ကို လဲ တထိတ်ထိတ်နဲ့ လုပ်ရတဲ့ နေ့ရက်တွေ များများလာတယ် … မောင်။ “ခနပါ၊ ကလေး ကျောင်းသွားတဲ့ အခါ လွယ်သွားပါပြီ” လို့ပြောကြလို့.. လွတ်ဖို့နီးပါပြီ ဟဲ့ လို့ အားတင်းရင်း ရှေ့ဆက်တုန်းရှိသေး ..

ကျောင်းအပ်ခါစ မေမေ တစ်ယောက်ကကလေးကျောင်းပို့၊ ကျောင်းကြိုလုပ်ရ၊ ကျောင်းမှာစားဖို့ ပြင်ဆင် ချက်ပြုတ်ပေးရ တဲ့ အပြင် ခနခန အစည်းဝေးတွေ တက်ရ၊ ကလေး နေမကောင်းရင် ကျောင်းကချက်ခြင်းလာခေါ်ခိုင်းတတ်လို့အခုမှ အလုပ်ပို များရတဲ့ အကြောင်း အမှတ်တမဲ့ ငြီးတာ ကြားလိုက် တော့ .. ကျွန်မသာခွေယိုင်ဖြစ်ရပါပြီ … မောင်။

အခု .. သမီးက ၂နှစ်ပြည့်ခါနီးတော့ .. အဲဒီ စီနီယာ မေမေ တွေ က ပြောပြန်ပြီ .. “ကလေး အသက် သိပ်မကြီးခင် နောက်တယောက် ထပ်ယူရင် တွဲထိန်းသွားရတာပိုလွယ်တယ်တဲ့

Credit – မူရင်းရေးသားသူ အားလေးစားစွာဖြင့်

Likes:
0 0
Views:
1288
Article Categories:
Social Media

Leave a Reply

Your email address will not be published. Required fields are marked *