အားနည်းချက် ရှာပေးနိုင်လို့ ဖေ့ဘုတ်ကနေ ဒေါ်လာ ၃၀၀၀၀ ရသွားတဲ့ လူငယ်လေး

ပြီးခဲ့တဲ့ရက်က အိန္ဒိယနိုင်ငံ Solapur မှာ နေထိုင်တဲ့လူငယ်လေးတယောက်ဟာ ဖေ့ဘုတ်ကုမ္ပဏီ ဆီကနေ ဒေါ်လာ ၃၀၀၀၀ ရရှိခဲ့ပါတယ်။ ရရှိရတဲ့အကြောင်းကတော့ဖေ့ဘုတ်ကုမ္ပဏီရဲ့အောက်ဓာတ်ပုံမျှဝေခြင်းဆိုင်ရာ ဝဘ်ဆိုဒ်တခုဖြစ်တဲ့ အင်စတာဂရမ် ရဲ့ အားနည်းချက်ကို ဒီလူငယ်ကလေးတွေ့ရှိပြီးဖေ့ဘုတ်ထံတင်ပြနိုင်ခဲ့တဲ့အတွက်ဂုဏ်ပြုခံရခြင်းဖြစ်ပါတယ်။

ဒီလူငယ်လေးရဲ့အမည်က Mayur Fartade ဖြစ်ပြီး သူဟာ C++, Python စတဲ့ ပရိုဂရမ်ဆိုင်ရာ language တွေကိုကျွမ်းကျင်သူ တယောက်ဖြစ်ပါတယ်။ သူရှာတွေ့ခဲ့တဲ့အင်စတာဂရမ်ရဲ့ အားနည်းချက်ကတော့ မီဒီယာ နဲ့ တခြားသူတွေရဲ့အကောင့်တွေကို ခွင့်ပြုချက်မရှိပဲတိုက်ရိုက်ကြည့်လို့ရနေတယ်ဆိုတာပါ။

ပုံမှန် ဆိုရင် အကောင့်ကို follow လုပ်ထားမှ သူတင်တဲ့ ပိုစ့်တွေ ကို မြင်နိုင်မှာဖြစ်ပါတယ်။ အခုက ပိုင်ရှင်ဖြစ်သူက private သီးသန့်လုပ်ပြီးတင်ထားတဲ့ပိုစ့်ကိုတောင် သူ့ကို follow မလုပ်ထားပဲ မြင်အောင်ကြည့်နိုင်တယ် ဆိုတဲ့အားနည်းချက်ကို သူက ထောက်ပြခဲ့တာပါ။ ဒီအားနည်းချက်ကြောင့်မိမိအကောင့်ဟာလုံခြုံမှုမရှိတော့ဘူးလို့သူကဆိုပါတယ်။

မိမိအကောင့်ကို တိုက်ခိုက်ချင်သူတွေဟာ မိမိသီးသန့်တင်ထားတဲ့ ပိုစ့်တွေ ၊ ဓာတ်ပုံတွေ ၊ ဗီဒီယိုတွေကိုပါ ဒီနည်းနဲ့ ရယူနိုင်ကြောင်းကို Medium ဝဘ်ဆိုဒ်မှာ အသေးစိတ်ရေးပြီးတော့တင်ခဲ့တာဖြစ်ပါတယ်။ သူဟာ ဧပြီလ ၁၆ ရက်နေ့မှာ ဖေ့ဘုတ်ရဲ့ Bug bounty program အစီအစဉ်ထံ အကြောင်းကြားခဲ့ပါတယ်။

ဧပြီလ ၁၉ ရက်နေ့မှာတော့ ဖေ့ဘုတ်ကုမ္ပဏီ လုံခြုံရေးဆိုင်ရာ team က သူ့ထံဆက်သွယ်လာပြီး လိုအပ်တဲ့ အချက်အလက်တွေ နဲ့ အကြံပြုချက်ကို ထပ်ပေးဖို့ တောင်းခံခဲ့ပါတယ်။ ဧပြီလ ၂၉ ရက်နေ့မှာတော့ ဖေ့ဘုတ်ဟာ Fartade ထောက်ပြခဲ့တဲ့ အားနည်းချက် (ဝါ) ယိုပေါက် ကို ပြင်ဆင်နိုင်ခဲ့ပါတယ်။ ဇွန်လ ၁၅ ရက်နေ့မှတော့ ဒါကိုဖော်ထုတ်ပေးတဲ့ Fartade အား ဂုဏ်ပြုတဲ့အနေနဲ့ ဒေါ်လာ ၃သောင်း ချီးမြှင့်ခဲ့တာဖြစ်ပါတယ်။

ဖေ့ဘုတ်ကနေ Fartade ထံ အကြောင်းပြန်တဲ့ စာထဲမှာတော့ “မင်းဖော်ထုတ်လိုက်တဲ့ ဒီကိစ္စကို ငါတို့လေ့လာသုံးသပ်ပြီးချိန်မှာတော့ ဂုဏ်ပြုဆုအနေနဲ့ ဒေါ်လာ ၃၀၀၀၀ ပေးအပ်ဖို့ ဆုံးဖြတ်ခဲ့ကြတယ်။

အင်စတာဂရမ်အသုံးပြုသူတွေကို ဒီလိုနည်းနဲ့ တိုက်ခိုက်ခံရနိုင်တဲ့အကြောင်းကိုမင်းကဖော်ထုတ်ခဲ့တယ်။ အခုငါတို့ဒီအချက်ကို ပြန်လည်ပြင်ဆင်ပြီးပါပြီ။ မင်းရဲ့ တင်ပြမှုအတွက် ကျေးဇူးပါ။ ဆက်ပြီးတော့လည်းမင်းထံကနေ ဒီလို report တွေကိုစောင့်မျှော် လျက်ရှိပါတယ်” လို့ ပါရှိပါတယ်။

Fartade ဟာ အသက် ၂၁နှစ်အရွယ် ကွန်ပျူတာ သိပ္ပံ ကျောင်းသားတယောက်ဖြစ်ပါတယ်။ သူဟာ အားလပ်ချိန်တွေမှာ ဝဘ်ဆိုဒ်တွေ ဆော့ဝဲတွေရဲ့ အားနည်းချက်တွေကို ရှာဖွေနေလေ့ရှိပြီး ဒုတိယနှစ်တက်စဉ်ကတည်းက အစိုးရဝဘ်ဆိုဒ်တွေကိုအားနည်းချက်တွေကို ဖော်ထုတ်ပြခဲ့သူလည်းဖြစ်ပါတယ်။ သူ့ရဲ့အိပ်မက်ကတော့ software developer တယောက် ဖြစ်ချင်တာပါတဲ့။

ဖေ့ဘုတ် ၊ ဂိုဂဲ ၊ apple စတဲ့ နည်းပညာ ကုမ္ပဏီကြီးတွေဟာ သူတို့ရဲ့ နည်းပညာဆိုင်ရာ အားနည်းချက် ၊ ချွတ်ယွင်းချက် ၊ ယိုပေါက်တွေ ရှာဖွေပေးနိုင်သူတွေကို မကြာခဏ ဆိုသလို ဆုတွေ ချီးမြှင့်ဂုဏ်ပြုလေ့ ရှိကြပါတယ်။ ယနေ့အချိန်မှာ တချို့လူငယ်တွေဟာ သူတို့ရဲ့နည်းပညာ ကျွမ်းကျင်မှုကို အသုံးချပြီး ဒီလို အစီအစဉ်ကနေ တဆင့် ဂုဏ်ပြုဆုတွေကို ရယူလျက်ရှိနေပါတယ်။

thutazone

Likes:
0 0
Views:
889
Article Categories:
Social Media

Leave a Reply

Your email address will not be published. Required fields are marked *