သစ္စာဖောက်ဆိုတဲ့တံဆိပ်အကပ်မခံနိုင်လို့ ခံဝန်လေးထိုးပြီး အိမ်မှာအေးဆေး ပြန်နေမှာမဟုတ်ကြောင်း ပြတ်ပြတ်သားသား ပြောလိုက်တဲ့ ပိုင်ဖြိုးသု

အာဏာသိမ်းမှုဖြစ်ပွားအပြီး အနုပညာရှင်တွေများစွာဟာ ပြည်သူတွေနဲ့အတူ ရပ်တည်ပြီး နွေဦးတော်လှန်ရေးမှာ တက်တက်ကြွ ကြွပါဝင်ခဲ့ကြပါတယ်။ အမှန်တရားဘက်ကနေ ရပ်တည်ခဲ့တာကြောင့် ၅၀၅(က)နဲ့အမှုဖွင့်ခံထားရပြီး ရှောင်တိမ်းနေကြတဲ့ အနုပညာရှင်တွေလည်းရှိသလို ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ အနုပညာရှင်တွေလည်းရှိကြပါတယ်။

၅၀၅(က)နဲ့အမှုဖွင့်ခံထားရတဲ့ အနုပညာရှင်တွေအနေနဲ့ လက်ရှိနိုင်ငံရေးအ​ခြေအနေတွေနဲ့ပတ်သက်ပြီး Speak outမလုပ်တော့ဘဲ ခံဝန်ကတိထိုးရင် ဖွင့်ထားတဲ့အမှုကို ပြန်လည်ရုတ်သိမ်းပေးမယ်ဆိုတဲ့ သတင်းတွေ လူမှုကွန်ယက်ထက်မှာ ပျံ့နှံ့လာနေခဲ့ပါတယ်။

ရဲရဲရင့်ရင့်နဲ့ နွေဦးတော်လှန်ရေးမှာကိုယ်တိုင်ပါဝင်ခဲ့တဲ့သရုပ်ဆောင်ပိုင်ဖြိုးသုကတော့ ၅၀၅(က)နဲ့အမှုဖွင့်ခံထားရတာကြောင့် ဘေးလွတ်ရာမှာရှောင်တိမ်းနေခဲ့ပါတယ်။

ယခုမှာတော့ ပိုင်ဖြိုးသုဟာ ခံဝန်ကတိကိစ္စနဲ့ပတ်သက်ပြီး ပြတ်ပြတ်သားသားပြောဆိုလာခဲ့ပါတယ်။သူမကတော့ သစ္စာဖောက်ဆိုတဲ့ တံဆိပ်အကပ်မခံနိုင်ဘဲ အသက်ပေးသွားသူတွေ၊ထောင်ကျသွားသူတွေကြောင့် ခံဝန်ကတိထိုးမှာမဟုတ်ကြောင်း ​ပြောဆိုလိုက်ပါတယ်။

ယခုအချိန်ထိအမှန်တရားဘက်ကနေ မားမားမတ်မတ်ရပ်တည်နေပြီး ခံယူချက်၊ဆုံးဖြတ်ချက်ပြတ်သားတဲ့ သူမရဲ့စိတ်ဓာတ်ကို ပြည်သူတွေကချီးကျူးလေးစားနေကြပါတယ်။

သူမကတော့ ” ခံစားချက်ကိုဦးစားပေးခဲ့မိလို့မှားသွားပါတယ်…လို့ခံဝန်လေးထိုးပြီး အိမ်မှာအေးဆေးပြန်နေရမယ်တဲ့လား…. မိသားစုနဲ့ပြန်တွေ့ရမယ်တဲ့လား…. အလုပ်တွေပြန်လုပ်ရမယ်တဲ့လား….တစ်ချို့တွေအသက်တွေပေးသွားကြပြီ… တစ်ချို့တွေ ထောင်ထဲရောက်ကုန်ကြပြီ….

တစ်ချို့တွေအားလုံးကိုပစ်ချထားခဲ့ပြီးလက်နက်တွေကိုင်နေကြရပြီ….သူတို့တွေအိမ်ပြန်လို့မရကြတော့ဘူး…မိသားစုနဲ့လည်းကွဲကွာကုန်ကြပြီ သူတို့ချစ်တဲ့အလုပ်‌တွေလည်းလုပ်ခွင့်မရကြတော့ဘူး အဲဒီ့လူတွေကိုငါရှက်တယ်

အဖြစ်မရှိသူဆိုတဲ့ဂုဏ်ပုဒ်‌နဲ့တင်ငါ့အတွက်လုံလောက်ပါပြီ…သစ္စာဖောက်ဆိုတဲ့တံဆိပ်တော့အကပ်မခံပါရစေနဲ့ အရေးတော်ပုံမအောင်မချင်းငါအိမ်မပြန်ဘူး “ဆိုပြီးရေးသားထားခဲ့တာပဲဖြစ်ပါတယ်။

Likes:
0 0
Views:
734
Article Categories:
NEWS

Leave a Reply

Your email address will not be published. Required fields are marked *