သမိုင်းဝင် ဒုတိယ တော်လှန်ရေးရက်စွဲဖြစ်လာမည့် နေ့ တစ်နေ့အကြောင်း (သို့) တိုက်ပွဲခေါ်သံ D Day

မြို့ကြီးတွေကို စစ်မြေတလင်းလို စိစိညက်ညက်အချေခံခဲ့ရ ပြီးတဲ့နောက် တစစနဲ့ ပြန်လည်လှုပ်ရှားအသက် ဝင်လာတာကို ပုံမှန်ပြန်ဖြစ် သွားပြီလို့ ပုံဖော်နေကြသူတွေ ရှိတယ်။ တော်လှန်ရေးဆိုတာ ဒါပါပဲကွာလို့ သမိုင်း အဆွေးကြီးထဲကရုန်းမထွက် ချင်ကြသူတွေက..

အတိတ်ကာလကိုပုံတူယူပြီး အနာဂတ်ကို စိတ်ကူးယဉ်ပြီးပုံဖျက်ပြောဆိုနေကြတာတွေလည်း ရှိတယ်။ အဲဒီလိုစစ်ဖိနပ်ကို ခါးချိအောင်ကုန်း ပြီး လျှာနဲ့လျက်နေကြသူတွေအကြားမှာ ငါတို့ဟာ ငါတို့အလုပ်ကို နေ့စဉ်မပြတ် လုပ်နေကြတယ်။ငါတို့ဟာငါတို့ ခရီးကို…ငါတို့အင်အားနဲ့ ငါတို့ ဆက်နေကြတယ်။

မြို့ပေါ်က လူက မြို့ပေါ်မှာ ဆက်ပြီး ဆန့်ကျင်နေကြတယ်။တောထဲက လူက တောတွင်းမှာ လေ့ကျင့်နေကြတယ်။လွတ် မြောက်နယ်မြေက လူကလည်း ရသလို ဖီဆန်နေကြတယ်။

နွေဦးတော်လှန်ရေးဟာ…မုန်တိုင်းထဲမှာပဲ..ရှေ့သို့တဆင့်ပြီး နောက်တဆင့်။ငါတို့ဟာတခုတည်းသောယုံကြည်ချက်ပေါ်အားလုံးစုစည်း ညီညွတ်စွာ အင်အားအပြည့် တလှမ်းချင်းနောက်မဆုတ်စတမ်း ခိုင်ခိုင်ကြည်ကြည်လျှောက်လှမ်းနေကြတယ်။ ဒီမြေမှာ … စစ်အာဏာရှင် စနစ် အမြစ်ပြတ် ကျရှုံးပျောက်ကွယ်စေရမယ်။..

ဒီမြေမှာလူတစုကောင်းစားရေးအတွက်ပြည်သူကိုရန်သူသဖွယ် သတ်ဖြတ် နှိမ်နင်းနေတဲ့အသုံးချခံ စစ်တပ်ကိုအပြီးပြတ်ချေမှုန်း သုတ်သင်ဖျက်သိမ်းပစ်ရမယ်။ ဒီမြေမှာ… ပြည်သူကိုသစ္စာမခံ၊ မစောင့်ရှောက်ဘဲ နီးရာဓားကြောက်၊ နှလုံးသားမှာလောက်ပေါက်နေတဲ့..

ဝန်ထမ်းတွေနဲ့ မောင်းနှင်နေတဲ့အုပ်ချုပ်ရေး ယန္တရားတခုလုံးကို တစစီပျက်သုဉ်းနိဂုံးချုပ်စေရမယ်။ ငါတို့ အမိမြေကို အကျည်းတန်စေတဲ့ အဓမ္မဝါဒီ မိစ္ဆာကောင်တွေရဲ့ အာဏာငရဲမီးကိုနောက်ဆုံးမီးတောက်အဖြစ် ငါတို့ ငြိမ်းသက်ကြမယ်။ ငါတို့ လွတ်မြောက်ကြရမယ်။ .

တရားမျှတမှု ပြန်ရကို ရရမယ်။ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု ဖြစ်ကို ဖြစ်ရမယ်။ အဲဒီ ယုံကြည်ချက်တွေနဲ့ ပေးဆပ်စွန့်လှူခဲ့ကြတဲ့ ငါတို့ ပြည်သူတွေရဲ့ သွေးကြွေးကို ပြန်ရယူမယ့်နေ့။

ငါတို့အားလုံးရဲ့ရင်ခေါင်းထဲလာတဲ့ အသံနက်ကြီးနဲ့ …“စ…စ်…………”..ဆိုပြီးတနိုင်ငံလုံးညာသံပေး တိုက်ပွဲခေါ်သံပေးမယ့်နေ့။ ပြည်သူ့ ကာကွယ်ရေးတပ်မတော်ကြီးနဲ့အတူ ငါတို့ ပြည်သူအားလုံးရရာလက်နက်ဆွဲကိုင်ပြီးတနိုင်ငံလုံး DDay တိုက်ပွဲခေါ်မယ်နေ့။ အဲဒီနေ့ကို… ငါတို့ အားလုံး နားစွင့်နေကြတယ်။ ငါတို့အားလုံးအသင့်ရှိနေကြတယ်။..

ငါတို့ အားလုံးစောင့်စားနေကြတယ်။အဲဒီနေ့ဆီ…ငါတို့အားလုံးချီတက်နေကြတယ်။ D Day နေ့မှာရာဇဝင်သစ် ငါတို့ခေတ် ဖြစ်စေရမယ်။ ငါတို့ခေတ်ကို ရောက်ကို ရောက်စေရမယ်။

နိုင်သင့်မြတ်…

Likes:
0 0
Views:
1172
Article Categories:
KNOWLEDGENEWS

Leave a Reply

Your email address will not be published. Required fields are marked *