သုဝဏ္ဏဘူမိလို့လဲခေါ်တဲ့ ရာမညနိုင်ငံ

အောက်မြန်မာသုဝဏ္ဏဘူမိခေတ်အထောက်အထားတွေကို ကိုလိုနီပညာရှင်တွေရဲ့ကျေးဇူးကြောင့်ကျွန်တော်တို့အများကြီးသိခဲ့ကြပါတယ်။ သုဝဏ္ဏဘူမိလို့လဲခေါ်တဲ့ ရာမညနိုင်ငံ ဆိုပြီး အေဒီ ၁၅ ရာစုရေး ဓမ္မစေတီမင်းရဲ့ ကလျာဏီမွန်ကျောက်စာမှာဖော်ပြတဲ့ ရှေးခေတ်အောက်မြန်မာမွန်ဒေသကို ရှေးဟောင်းအထောက်အထားတွေအရ အခုလိုတွေ့ရပါတယ်။

မေ့မှာစိုးလိုတခါထပ်ပြောထားရရင် ရှေးခေတ်ဆိုတာ ပုဂံခေတ်မတိုင်မီကိုဆိုလိုပါတယ်။သုဝဏ္ဏဘူမိကို အခုခေတ်နယ်မြေတွေအရပြောရရင်

ရန်ကုန်

တွံတေး-ကော့မှူး

သံလျှင်-ကျောက်တန်း

ပဲခူး

ဝေါ

ကျိုက်ထို

ဘီးလင်း

သထုံ

ပေါင်

မော်လမြိုင်

ဘားအံ စတဲ့ဒေသတွေပါဝင်ပါတယ်။ မုတ္တမကွေ့ပတ်လည်ဒေသလို့ ပြောနိုင်ပါတယ်။ ဒီဒေသဟာပမာဏအားဖြင့် ပျူဒေသလို့ဆိုတဲ့ အလယ်ပိုင်းနဲ့အထက်မြန်မာဒေသရဲ့ ၃ ပုံ ၁ ပုံ လောက်သာ အကျယ်အဝန်းရှိပေမယ့်ရှေးဟောင်းပစ္စည်းအထောက်အထားဆတူနီးပါး လောက်ရှိတာတွေ့ရပါတယ်။

ဧရိယာနဲ့တွက်ကြည့်ရင် သုဝဏ္ဏဘူမိဟာ ပျူဒေသထက် ရှေးဟောင်းပစ္စည်းတွေ့ရှိမှုရာနှုံးပိုများပါတယ်။ ဒါတောင် ကျိုက်ထိုနဲ့ ဘီးလင်း မြို့နယ်တွေမှာသာစနစ်တကျတူးဖော်မှု အနည်းငယ်လုပ်ခဲ့ပြီး ကျန်ဒေသတွေမှာတူးဖော်မှုမလုပ်ကြရသေးပါဘူး။ အချို့ဒေသတွေဟာတူး ဖော်မှုမဖြစ်နိုင်တော့လောက်အောင် လူနေအိမ်ခြေတွေအောက်မြို့ဟောင်းတွေရောက်နေခဲ့ပါပြီ။

ရန်ကုန်၊ ပဲခူး၊သထုံ တို့မှာ သုတေသနတူးဖော်ဖို့အခွင့်အလမ်းမရှိသလောက်ဖြစ်ခဲ့ရပါပြီ။ အရင်လေ့လာတွေ့ရှိသလောက်ကိုသာ ပြန်ပြောနိုင်ပါတော့တယ်။ မျော်လင့်ချက်ရှိနေတာက အခုခေတ်အဆောက်အဦတွေဆောက်တဲ့အခါ ရှေးဟောင်းသုတေသနဌာနက စောင့်ကြည့်လေ့လာဖို့ပါပဲ။

ဒါပေမဲ့ရှေး/သုဌာနဟာ ဒါဟာလုပ်ရမယ့်အလုပ်လို့တောင်ထင်ပုံမရပဲရှိနေတာဟာစိတ်ပျက်စရာပါ။ မလုပ်ပဲနေရင်တော့ ရှေးဟောင်းအ ထောက် အထားတွေမလေ့လာရပဲပျောက်ကွယ်သွားပါလိမ့်မယ်။ သထုံ စတုဘုမ္မိကကျောင်းဝင်းမှာနဲ့ ခရစ်ယန်ဘုရားကျောင်း ဝင်း‌တွေအတွင်း အဆောက်အဦဆောက်လုပ်ဖို့တူးဖော်ရာမှာ ရှေးဟောင်းအုတ်ခွက်တွေအများကြီးတွေ့ရတာမှတ်မိကြပါလိမ့်မယ်။

တကယ်စနစ်တကျတူးရင် အခြားရှေးဟောင်းပစ္စည်းတွေလဲအများကြီးတွေ့နိုင်စရာရှိတယ်ဆိုတာခန့်မှန်းနိုင်ပါတယ်။သုဝဏ္ဏ ဘူမိ အကြောင်းနောက်ပိုင်းဖော်ပြချက်တွေမှာ ရန်ကုန်နဲ့ ပဲခူးကအထောက်အထားတွေကျန်နေလေ့ရှိပါတယ်။ရန်ကုန် တံတားကလေး နာဂလိုဏ်ဂူ ဘုရားဝင်းနဲ့ ပတ်ဝန်းကျင်မှာ ကိုလိုနီခေတ်ကရှေးဟောင်းပစ္စည်းအများကြီးတွေ့ခဲ့ရပါတယ်။

အခုအဲဒီနေရာတွေဟာ ခေတ်သစ်အဆောက်အဦတွေပြည့်နေပါပြီ၊ ဒါတွေကိုထိန်းသိမ်းထားတာလည်းမရှိသလို၊ အနီးဝန်းကျင်က ဆောက် လုပ်ရေးလုပ်ငန်းတွေကိုလည်းစောင့်ကြည့်လေ့လာတာမျိုးမလုပ်တဲ့အတွက် ရှေးဟောင်းအထောက်အထားတွေဆုံးရှုံးခဲ့ရပါပြီ။ပဲခူးမှာ လည်းဒီအတိုင်းပါပဲ ပဲခူးဟောင်းမြို့ဟောင်းဟာ လူနေအိမ်ခြေတွေအောက်ရောက်ခဲ့ရလို့ မတူးဖော်နိုင်တော့ပါဘူး။

မြို့ဟောင်းအတွင်းနဲ့ ဝန်းကျင်ဆောက်လုပ်ရေးလုပ်ငန်းတွေလုပ်ရင် စောင့်ကြည့်လေ့လာဖို့သင့်ပါတယ်။အလားတူပဲ အခုနှစ်ပိုင်းတွေအတွင်း သံလျှင်-ကျောက်တန်းဒေသနဲ့ တွံတေး-ကော့မှူးဒေသတွေမှာလည်း မြို့ပြချဲ့ထွင်မှု အလွန်မြန်လာတာဖြစ်လို့ ရှေးဟောင်းသုတေသနတူး ဖော်ရေးအလုပ်ကိုအမြန်လုပ်ဖို့လိုပါတယ်။

ဝေါ၊ ကျိုက်ထို၊ဘီးလင်း၊ပေါင်၊ဘားအံ နဲ့ အခြားဒေသတွေမှာလဲ ရှေးဟောင်းသုတေသနတူဖော်ရေးလုပ်ငန်းတွေနဲ့ ထိန်းသိမ်းရေးလုပ်ငန်းတွေ လုပ်ဖို့ လိုနေပါတယ်။ မဟုတ်ရင် ရှေးဟောင်းအထောက်အထားတွေဟာ လူမသိသူမသိပျောက်ကွယ်သွားပါလိမ့်မယ်။

ဒါအပြင် ပုသိမ်-မြောင်းမြ / မော်လမြိုင်ခရိုင် / ထားဝယ်ခရိုင် / မြိတ်ခရိုင်တွေမှာလဲသုဝဏ္ဏဘူမိခေတ်အထောက် အထားတွေရှိနေမှာမလွဲပါ။ ဒီဒေသတွေမှာလည်း ရှေးဟောင်းသုတေသနတူးဖော်မှုတွေစနစ်တကျလုပ်နိုင်ရင် ရှေးခေတ် သုဝဏ္ဏဘူမိကို ပြန်ပြီးတွေ့ကြရမယ်ဆိုတာ သေချာ ပေါက်ပြောနိုင်ပါတယ်။ လက်တွေ့တူးဖော်မှုတွေမလုပ်နိုင်သေးသရွေ့ငြင်းခုံနေရတဲ့အခြေအနေမှာပဲသံသရာလည်နေပါလိမ့်မယ်။

kowinBo
Likes:
0 0
Views:
2462
Article Categories:
KNOWLEDGE

Leave a Reply

Your email address will not be published. Required fields are marked *