ဒုတိယကမ္ဘာစစ်မှာ ပျောက်ဆုံးသွားသော သမိုင်းဝင်ရတနာများ

အခုတစ်ခေါက် ပြောပြပေးသွားမယ့် အကြောင်းအရာကတော့ ဒုတိယကမ္ဘာစစ်အတွင်းမှာ ပျောက်ဆုံးသွားခဲ့တဲ့ တန်ဖိုးကြီးမားတဲ့ ပစ္စည်းတွေအကြောင်းပဲဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်ကြီးအတွင်းမှာ နိုင်ငံတွေအားလုံးဟာ ဖရိုဖရဲအခြေအနေတွေဖြစ်လာခဲ့ကြပြီး တစ်နိုင်ငံနဲ့ တစ်နိုင်ငံလည်း ကျုးကျော်သိမ်းပိုက်ခဲ့မှုတွေလည်း ရှိလာခဲ့ပါတယ်။

စစ်ကြီးအတွင်းမှာ သိမ်းပိုက်ထားခဲ့တဲ့ ရတနာတွေဟာ စစ်ပြီးဆုံးသွားချိန်မှာတော့ ပျောက်ဆုံးမလှပျောက်ဆုံးသွားခဲ့ပြီး အစဖော်လို့မရနိုင် အောင်အထိဖြစ်ခဲ့တာတွေလည်းရှိခဲ့ပါတယ်။ ရတနာရှာဖွေသူတို့အတွက်တော့ ဒီလိုရတနာတွေဟာ ယခုအချိန်အထိ ရှိခဲ့တယ်လို့ ယူဆပြီး လိုက်လံရှာဖွေနေကြဆဲပါ။ ဒါကြောင့် ဒုတိယကမ္ဘာစစ်ကြီးအတွင်းမှာ ဘယ်လို ရတနာတွေ ပျောက်ဆုံးသွားသလဲဆိုတာ လိုက်ကြည့်ကြ ရအောင်။

ဗိုလ်ချုပ်ရွမ်းမဲ ရဲ့ ရွှေများ

ဒုတိယကမ္ဘာစစ်အတွင်းမှာ ပျောက်ဆုံးသွားခဲ့တဲ့ ရတနာတွေထဲမှာ နာမည်အကျော်ကြားဆုံးနဲ့ လူသိအများဆုံးကတော့ နာဇီစစ်တပ်က ခိုးယူလာခဲ့တဲ့ ရွှေတွေအကြောင်းပဲ ဖြစ်ပါတယ်။ နာဇီတွေဟာ ကမ္ဘာအရပ်ရပ်က နိုင်ငံတွေ-မြို့တွေကိုတစ်ခုပြီး တစ်ခုသိမ်းပိုက်ရာမှာ ရွှေတွေကိုပါ စုဆောင်းပြီး သိမ်းပိုက်နိုင်ခဲ့ပါတယ်။ တန်ချိန်နဲ့ချီတဲ့ ရွှေတွေကို သိမ်းပိုက်ခဲ့ပြီး လိုဏ်ခေါင်းတွေ – ဂူတွေထဲမှာ စနစ်တကျ သိမ်းဆည်းထားခဲ့တယ်လို့လည်း သမိုင်းအထောက်အထားတွေ အရသိရပါတယ်။

နာဇီတွေ ခိုးယူခဲ့တဲ့ ရွှေတွေထဲမှာ အထင်ရှားဆုံးအဖြစ်အပျက်ကတော့ ၁၉၄၃ ခုနှစ်မှာ တူနီရှားနိုင်ငံကို သိမ်းပိုက်ခဲ့တဲ့ ဖြစ်စဉ်ပါ။ တူနီရှားနိုင် ငံမှာရှိတဲ့ ဂျုးလူမျိုးတွေဆီကနေ ရွေအလေးချိန်တော်တော်များများကို သိမ်းပိုက်ထားခဲ့ပါတယ်။ အဆိုပါရွှေတွေကို သိမ်းပိုက်ပြီး အီတလီနိုင် ငံနဲ့ ပြင်သစ်နိုင်ငံတို့ ကြားက ကျွန်းတစ်ကျွန်းကို သွားအထားမှာ နစ်မြှုပ်သွားခဲ့တယ်လို့ သိခဲ့ပါတယ်။

ဒီ ရွှေတွေဟာ တကယ်ပဲ သင်္ဘောနစ်မြှုပ်ပြီး ပင်လယ်ရေအောက်ဆီရောက်သွားတာလား – ဒါမှမဟုတ် တစ်နေရာရာမှာပဲ ကျန်ရှိနေခဲ့တာလားဆိုတာကိုတော့ ဘယ်သူမှ မသိနိုင်ကြပါဘူး။ ဟစ်တလာရဲ့ ယုံကြည်အားကိုးခြင်းခံထားရတဲ့ ဗိုလ်ချုပ်ရွမ်းမဲ ဆိုသူကလည်း ပျောက်ဆုံးနေတဲ့ရွှေတွေအတွက်တော့ အဓိက တရားခံတစ်ယောက်ပါ။

ဗိုလ်ချုပ် ရွမ်းမဲဟာ မြောက်အာဖရိကတိုက်မှာရှိတဲ့ ဂျုးလူမျိုးတွေကို သုတ်သင်ရာမှာ စစ်တပ်ကို ဦးဆောင်ခဲ့သူတစ်ယောက်ဖြစ်ပြီး မြောက်အာဖရိကမှာရှိတဲ့ ရွှေတွေကိုပါ တစ်ပါးတည်း သိမ်းပိုက်လာနိုင်ခဲ့သူပါပဲ။ ဗိုလ်ချုပ်ရွမ်းမဲ ရဲ့ ခိုးယူလာခဲ့တဲ့ ရွှေတွေဟာ အခုအချိန်အထိ ဒဏ္ဍာရီတစ်ပုဒ်လိုဖြစ်နေခဲ့ပြီး ဥမင်တွေ – လိုဏ်ခေါင်းတွေထဲမှာ တန်နဲ့ချီရှိတဲ့ ရွှေတွေ သိမ်းဆည်းထားခဲ့တယ်လို့လည်း ပြောကြပါတယ်။

ဗိုလ်ချုပ်ရွမ်းမဲ သိမ်းပိုက်ထားတဲ့ ရွှေတွေကို လိုက်ပြီး ရှာဖွေခဲ့တဲ့သူတွေ အများအပြားရှိခဲ့ပြီး တစ်ခါတုန်း ဂျိမ်းစ်ဘွန်းရုပ်ရှင်ကားတစ် ကားထဲမှာ ထည့်သွင်းရိုက်ကူးခဲ့တာကြောင့် ဂျိမ်းစ်ဘွန်းကို ဖန်တီးခဲ့တဲ့စာရေးဆရာ အိုင်ယန် ဖလီးမင်း (Ian Fleming)ဟာ နာဇီရွှေ တွေရဲ့တည်နေရာကို သိနေတယ်လို့တောင် သတင်းတွေထွက်ခဲ့ပါသေးတယ်။

ပီကင်းမြို့မှ ကျောက်ဖြစ်ရုပ်ကြွင်းများ

ဒုတိယကမ္ဘာစစ်အတွင်း ပျောက်ဆုံးခဲ့တဲ့ ရတနာတွေထဲမှာ လူတွေဖန်တီးထားတဲ့ ရတနာပစ္စည်းတွေတင်မကဘဲ ကျောက်ဖြစ် ရုပ်ကြွင်း တွေလည်း ပါဝင်ခဲ့ပါတယ်။ ၁၉၄၁ စက်တင်ဘာလမှာတော့ တရုတ်နိုင်ငံဟာ ဂျပန်တွေရဲ့ ကျုးကျော်စစ်ကနေ ကာကွယ်ဖို့အ တွက်ဆိုပြီး သမိုင်းဝင်လူအရိုးစုတွေ – ကျောက်ဖြစ်ရုပ်ကြွင်းတွေကို အမေရိကန်နိုင်ငံဆီကို တင်ပို့ပြောင်းရွေ့ခဲ့ကြပါတယ်။ အရိုးစုပေါင်း ၂၀၀ လောက်ပါ ဝင်လာတဲ့အဆိုပါပစ္စည်းတွေဟာ အမေရိကန်နိုင်ငံဆီကိုမရောက်ရှိဘဲလမ်းခုလတ်မှာတင် ပျောက်ခြင်းမလှပျောက်ဆုံးသွားခဲ့ပါတော့တယ်။

ပျောက်ဆုံးသွားတဲ့ ကျောက်ဖြစ်ရုပ်ကြွင်းတွေ – ကမ္ဘာဦးအစက လူတွေရဲ့ အရိုးစုတွေဟာ လမ်းခုလတ်မှာပဲ ဖျက်ဆီးခြင်းခံလိုက်ရတယ်လို့ သတင်းတွေထွက်ခဲ့ပြီး တချို့ကတော့ အခုအချိန်အထိ ကျန်ရှိနေသးတယ်လို့ သိရပါတယ်။ ၂၀၁၂ ခုနှစ်မှာတော့ စူးစမ်းလေ့လာသူတွေဟာ တရုတ်တွေရဲ့ လူအရိုးစုရုပ်ကြွင်းတွေဟာ တရုတ်နိုင်ငံမှာ အခြေစိုက်ထားတဲ့ အမေရိကန်ရေတပ်အတွင်းမှာပဲ မီးရှို့လိုက်ကြောင်း – အဆိုပါ အရိုးစုတွေကို မီးရှို့ထားတဲ့ နေရာတွေကို ကားပါကင်တစ်ခုအဖြစ် ပြောင်းလဲလိုက်ကြောင်း ပြောဆိုခဲ့ပါတယ်။

အရိုးစုတွေဟာ အခုအချိန်အထိ ပြန်လည်ရှာမတွေ့ခဲ့တော့ပေမယ့် ကံကောင်းမှုတစ်ခုကတော့ အဆိုပါ အရိုးစုတွေရဲ့ ပုံရိပ်အားလုံးနဲ့ အချက်အလက်တွေကို အစောကြီးကတည်းက ရယူပြီးဖြစ်လို့ သိပ္ပံပညာရှင်တွေနဲ့ ကျောင်းသားတွေအတွက်တော့ အခုအချိန်အထိ လေ့လာလို့ရ နေဆဲ အရာဖြစ်နေခဲ့ပါတယ်။

– နာမည်ကျော်ပန်းချီကားများ

ဒုတိယကမ္ဘာစစ်အတွင်းမှာ နာဇီတွေ ခိုးယူသွားခဲ့တဲ့ အရာတွေထဲမှာ ဥရောပနိုင်ငံတစ်ချို့က သိမ်းပိုက်ထားတဲ့ ပန်းချီကားတွေလည်း ပါဝင် နေပါတယ်။ ပါးစပ်စကားတွေအရတော့ ဟစ်တလာဟာ စစ်ပွဲတွေအားလုံးနိုင်သွားခဲ့ရင် သူ့ရဲ့ ကိုယ်ပိုင်နိုင်ငံတစ်ခုကို တည်ထောင်ပြီး အဆိုပါ နိုင်ငံကြီးမှာသူသိမ်းပိုက်ခဲ့တဲ့ နိုင်ငံတွေ-မြို့တွေဆီကအနုပညာလက်ရာတွေကိုစုစည်းပြီးပြသထားမယ့်ပြတိုက်တစ်ခုကိုဆောက်လုပ်ဖို့ ရည်ရွယ် ထားခဲ့သူတစ်ယောက်လို့ သိရပါတယ်။ သူကိုယ်တိုင်ကလည်း ပန်းချီကောင်းကောင်းဆွဲတတ်တဲ့ ပန်းချီဆရာတစ် ယောက်ဖြစ်တာ ကြောင့်ပန်းချီကားတွေအကြောင်းကိုနားလည်သူတစ်ယောက်ဖြစ်ပါတယ်။

နာဇီတို့ ခိုးယူခဲ့တဲ့ ပန်းချီကားတွေထဲက နာမည်အကြီးဆုံးကတော့ ရီနေးဆန့်ခေတ်ပန်းချီအကျော်အမော်-ရာဖယ်လ်(Raphael) ရေးဆွဲ ထားတဲ့ “လူငယ်တစ်ယောက်ရဲ့ ပုံတူ”လို့နာမည်ပေးထားတဲ့ ပန်းချီကားတစ်ကားပဲဖြစ်ပါတယ်။ နာဇီတွေဟာ ပိုလန်နိုင်ငံကို ၁၉၃၉ ခုနှစ်မှာ သိမ်းပိုက်စဉ်က ပိုလန်နိုင်ငံရှိ ပန်းချီပြခန်းတစ်ခုထဲကနေ အလစ်သုတ်ခိုးယူခဲ့တာဖြစ်ပါတယ်။ ပိုလန်နိုင်ငံ- ခရကောဖ့်မြို့(Kraków) က ရဲတိုက်တစ်ခုမှာ အဲ့ဒီပန်းချီကားကို သိမ်းဆည်းထားခဲ့ပါတယ်။ နာဇီတို့ အာဏာကျဆင်းလာချိန်မှာတော့ အမေရိကန်စစ်သားတွေဟာ အဆိုပါ ရဲတိုက်ကို ဝင်စီးခဲ့ရာမှာ အဆိုပါပန်းချီကားကို မတွေ့ရှိခဲ့ရပါဘူး။ ထိုနာမည်ကျော်ပန်းချီကားအပြင် တခြားသောပန်းချီကားပေါင်း ၈ ရာကျော်လည်း ပျောက်ဆုံးနေကြောင်းကို ရှာတွေ့ခဲ့ကြပါတယ်။

ဗိုလ်ချုပ်ကြီးယာမာရှီတာ၏ ရွှေများ

ဒုတိယကမ္ဘာစစ်အတွင်းက နာမည်ကျော်ကြားခဲ့တဲ့ စစ်ဗိုလ်ချုပ်တွေထဲမှာ ဂျပန်စစ်ဗိုလ်ချုပ်ကြီး တိုမိုယုကီ ယာမာရှီယာ တစ်ယောက်လည်း အပါအဝင်ဖြစ်ပါတယ်။ သူဟာ တိုက်ပွဲကာလမှာ ဂျပန်နိုင်ငံတို့အတွက် သူရဲကောင်းတစ်ယောက်ဖြစ်ခဲ့ပေမယ့် တခြားနိုင်ငံတွေအတွက်တော့ ရက်စက်တဲ့ စစ်ခေါင်းဆောင်တစ်ယောက်ဖြစ်ခဲ့ပါတယ်။

သူ့ရဲ့ အအောင်မြင်ဆုံးတိုက်ပွဲတွေကတော့ အရှေ့တောင်အာရှနိုင်ငံတွေမှာ တိုက်ခိုက်တဲ့ တိုက်ပွဲတွေဖြစ်ပြီး မလေးရှားနိုင်ငံအပါအဝင် တခြား အရှေ့တောင်အာရှနိုင်ငံတွေကိုလည်း သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ပြောင်မြောက်တဲ့ စစ်ရေးစစ်ရာပညာကြောင့် သူ့ကို မလေးရှားကျားလို့ လူသိများခဲ့ပြီး ထင်ရှားခဲ့တဲ့ စစ်ခေါင်းဆောင်တစ်ယောက် ဖြစ်ခဲ့ပါတယ်။

ဒုတိယကမ္ဘာစစ်အတွင်းက ပျောက်ဆုံးသွားတဲ့အဖိုးတန်ရတနာတွေထဲမှာ ဗိုလ်ချုပ်ကြီးယာမာရှီတာရဲ့ ရွှေတွေလို့ ခေါ်ကြတဲ့ အဖိုးတန်ရတနာတွေလည်း ပါဝင်နေပါတယ်။ ဗိုလ်ချုပ်ကြီးယာမာရှီတာနဲ့ သူ ဦးဆောင်တဲ့ ဂျပန်စစ်တပ်အင်အားစုတွေဟာ အရှေ့တောင်အာရှဘက်ကို စစ်ရေးအရသိမ်းပိုက်ရာမှာ ရရှိလာတဲ့ ရတနာတွေ – အဖိုးတန် ပစ္စည်းတွေ ရွှေငွေတွေ တစ်ပုံတစ်ပင်ရှိခဲ့ပါတယ်။

သမိုင်းမှတ်တမ်းတချို့အရတော့ ဗိုလ်ချုပ်ကြီးယာမာရှီတာရူဟာ အထက်အမိန့်အရ သိမ်းပိုက်လာခဲ့တဲ့ ရွှေတွေကို ဖိလစ်ပိုင်နိုင်ငံမှာရှိတဲ့ ဂူတွေ – လိုဏ်ခေါင်းတွေထဲမှာလျှို့ဝှက်သိမ်းထားခဲ့ဖို့ စီစဉ်ခဲ့ပါတော့တယ်။ ဂျပန်အာဏာပိုင်တွေရဲ့ အစီအစဉ်အရတော့ အဆိုပါရွှေတွေဟာ ဂျပန်နိုင်ငံရဲ့ ပိုင်ဆိုင်မှုပစ္စည်းတွေသာဖြစ်ပြီး ကမ္ဘာစစ်ကြီးပြီးသွားရင် ဒီရွှေတွေနဲ့ ဂျပန်နိုင်ငံကို ပြန်လည်ထူထောင်မယ်လို့ပဲ ဆုံးဖြတ်ထားခဲ့ကြပါတယ်။ အဆိုပါ ဒုတိယကမ္ဘာစစ်အတွင်းက ဂျပန်တို့ သိမ်းပိုက်ခဲ့တဲ့ ရွှေတွေကို ဗိုလ်ချုပ်ကြီးယာမာရှီတာရဲ့ ရွှေတွေလို့ပဲ ခေါ်ကြပါတယ်။

သမိုင်းပညာရှင်တချို့နဲ့ လေ့လာသူတချို့ကတော့ ဗိုလ်ချုပ်ကြီးယာမာရှီတာရဲ့ ရွှေကိစ္စဟာ အခုအချိန်မှာဆိုရင်တော့ ပျောက်ကွယ် – ပြောင်းရွှေ့သွားပြီလို့ ကောက်ချက်ချခဲ့ပါတယ်။ ဂျပန်တို့ထားရစ်ခဲ့တဲ့ ရတနာသိုက်ကြီးတစ်ခုလုံး ဘယ်ရောက်သွားခဲ့သလဲဆိုတာကို ဘယ်သူမှမသိနိုင်ခဲ့ကြပါဘူး။ ရတနာပစ္စည်းနဲ့ သက်ဆိုင်တဲ့ အမှုတစ်ခုမှာတော့ လူတယောက်ဟာ ဂျပန်တို့ လျှို့ဝှက်ထားခဲ့တဲ့ ရွှေတွေကို ၁၉၇၀ တစ်ဝိုက်ကတည်းက ရှာဖွေတွေ့ရှိခဲ့ကြောင်း -သိပ်မကြာခင်မှာပဲ ဖိလစ်ပိုင်နိုင်ငံရဲ့ အာဏာရှင်ဖြစ်သူ ဖာဒီနန်မားကိုစ့်တို့ရဲ့ လူယုံတွေ သူ့ဆီ ရောက်ရှိလာပြီး အဆိုပါ ရတနာတွေကို ပြန်ယူသွားခဲ့ကြောင်းကို ဝန်ခံခဲ့ပါတယ်။ သူ့ရဲ့ အဆိုအရတော့ ဗိုလ်ချုပ်ကြီးယာမာရှီတာရဲ့ ရွှေတွေဟာ အခုအချိန်အထိ ရှိနေဆဲ ရတနာသိုက်တစ်ခုဖြစ်ကြောင်းကို အရိပ်အမြွတ်ပြောဆိုခဲ့ပါတယ်။

ပျောက်ဆုံးနေဆဲ ပယင်းနန်းတော်

ကမ္ဘာ့အံ့ဖွယ် ၈ ပါးထဲက တစ်ပါးဖြစ်ခဲ့တဲ့ ပယင်းနန်းတော်ဟာလည်း အခုအချိန်အထိ ပြန်လည်မတွေ့သေးတဲ့ အရာတစ်ခုပါ။ ဒုတိယကမ္ဘာစစ်အတွင်းမှာပဲ ပျောက်ခြင်းမလှပျောက်ဆုံးသွားခဲ့ရပြီး အခုအချိန်အထိ အစအနတောင် ရှာလို့မရသေးတဲ့ ရတနာတစ်ခု ဖြစ်နေခဲ့ပါတယ်။ ပယင်းနန်းတော်လို့ ဆိုပေမယ့် တကယ့်နန်းတော်တစ်ခုလိုတော့ မဟုတ်ပါဘူး။ အကျယ်အဝန်အားဖြင့် စတုန်းရန်းပေ ၄၉၀ လောက်သာရှိတဲ့ အခန်းငယ်တစ်ခုသာ ဖြစ်ပါတယ်။

ထိုအခန်းငယ်လေးထဲမှာ တန်ဖိုးကြီးပယင်းတွေ၊ ရွှေနဲ့ ပြုလုပ်ထားတဲ့ သစ်ရွက်တွေ၊ ဖန်ကြေးမုံပြင်တွေနဲ့ တစ်ခမ်းတစ်နားပြင်ဆင် ထားတာကို တွေ့ရမှာပါ။ အခန်းထဲမှာ တပ်ဆင်ထားတဲ့ ပယင်းတွေရဲ့ စုစုပေါင်းအလေးချိန်ဟာ ၆- တန်အထိရှိတာကြောင့် အံ့သြဖွယ် ကောင်းတဲ့ နေရာတစ်နေရာဖြစ်ခဲ့ပြီး အနုစိတ်လှပတဲ့ လက်ရာတွေကြောင့် ကမ္ဘာမှာ နာမည်ကြီးခဲ့ပါတယ်။

၁၇၁၆ ခုနှစ်မှာတော့ ပရပ်ရှားပထမမြောက်ဘုရင်ဖရက်ဒစ်ဝီလျှံက ပယင်းနန်းတော်ကို မဟာမိတ်ဖြစ်ခဲ့တဲ့ ရုရှားဘုရင်ပီတာကို လက်ဆောင် အဖြစ် ပေးအပ်ခဲ့ရာကပယင်းနန်းတော်ဟာ ရုရှားနိုင်ငံရဲ့ ပိုင်ဆိုင်မှုတစ်ခုဖြစ်လာခဲ့ပါတော့တယ်။ အဆိုပါ အခန်းငယ်လေးထဲ မှာရှေးခေတ် ကတည်းကရှိနေတဲ့ရတနာပစ္စည်းတွေရှိပြီး လက်ရာမြောက်တဲ့ အနုစိတ်ပန်းပုလက်ရာတွေကြောင့် ပယင်းနန်းတော်ဟာနာမည်ကြီးခဲ့ ပါတယ်။

တန်ဖိုးအနေနဲ့လည်းယခုခေတ်တန်ကြေးနဲ့ဆိုရင် သန်း ၅၀၀ အထိ တန်ကြေးရှိခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်ကြီးဖြစ်လာချိန်မှာတော့ ဟစ်တလာရဲ့ နာဇီဂျာမနီအဖွဲ့တွေဟာ ဘာဘိုဇာစစ်ဆင်ရေးလို့ခေါင်းစဉ်တပ်ပြီး ဆိုဗီယက်ယူနီယံကို စတင်ကျုးကျော်တိုက်ခိုက်ခဲ့ပါတော့တယ်။ ကျုးကျော်စစ်ပွဲတွေမှာ နာဇီတပ်ဖွဲ့ဟာ အဆိုပါ-ပယင်းနန်းတော်ကို ထားရှိတဲ့နေရာကိုပါ သိမ်းပိုက်ခဲ့ပြီး အခန်းထဲမှာရှိတဲ့ ပယင်းတွေ – ရွှေငွေရတနာတွေကို တစ်စစီချွတ်ကာ ယူဆောင်သွားခဲ့ပါတော့တယ်။

နာဇီတွေရဲ့ ပြောဆိုချက်အရဆိုတော့ အဆိုပါပယင်းနန်းတော်ဟာ သူတို့ ပိုင်ဆိုင်သင့်တဲ့အရာတစ်ခုဖြစ်တယ်လို့ ယူဆခဲ့ကြပါတယ်။ သူတို့ရဲ့ အစီအစဉ်အရတော့ ရုရှားနိုင်ငံမှာ ရှိနေတဲ့ ပယင်းနန်းတော်ထဲကရတနာတွေကို တစ်စစီဖြုတ်ပြီး ကွန်းနစ်စဘတ်(Königsberg)မြို့မှာ ပြန်လည်တပ်ဆင်တည်ဆောက်မယ်လို့ ရည်ရွယ်ထားခဲ့ပါတယ်။ နာဇီတွေဟာ ကွန်းနစ်စဘတ်(Königsberg) မြို့ရဲ့ ရဲတိုက်တစ်ခုမှာ အဆိုပါ ပယင်းနန်းဆောင်က ခွာလာခဲ့တဲ့ ရတနာတွေသိမ်းဆည်းထားခဲ့တယ်လို့ သတင်းတွေထွက်လာခဲ့ပါတော့တယ်။

၁၉၄၄ ခုနှစ်မှာတော့ အဆိုပါမြို့ဟာ စစ်ဘေးသင့်မြို့တစ်မြို့ဖြစ်ခဲ့ပြီး ပယင်းနန်းဆောင်ကို သိမ်းဆည်းထားတယ်ဆိုတဲ့ ရဲတိုက်ကြီး တစ်ခုလုံး လည်း ဗုံးကြဲအတိုက်ခံခဲ့ရပြီး ပယင်းနန်းတော်ကြီးတစ်ခုလုံးလည်းပျောက်ခြင်းမလှပျောက်ဆုံးသွားပါတော့တယ်။ တချို့ကတော့ ဗုံးကြဲတိုက်ခိုက်မှုဖြစ်ချိန်မှာ ပယင်းနန်းတော်ဟာ ရဲတိုက်အတွင်းမှာ မရှိတော့ဘဲ ဂျာမန်ခရီးသည်တင်သင်္ဘော တစ်စင်းနဲ့တင်ပြီး ထွက်ပြေး သွားခဲ့တယ်လို့လည်း ပြောဆိုကြပါတယ်။

အဆိုပါ ခရီးသည်တင်သင်္ဘောဟာလည်း လမ်းခုလတ်မှာ ပစ်ခတ်ခံရတာကြောင့် နစ်မြှုပ်ပျက်စီးခဲ့ပြီး ပယင်းနန်းတော်နဲ့ ပတ်သက်တဲ့ ကွင်းဆက်အားလုံးလည်း ပျောက်ဆုံးသွားခဲ့ပါတော့တယ်။ လူတွေကတော့ ပယင်းနန်းတော်ကြီးဟာ ယနေ့ထက်တိုင်ရှိနေဦးမယ့် အရာတစ် ခုလို့လည်း ယုံကြည်ကြပြီး လိုက်ရှာနေကြတဲ့ လူတွေကလည်း တစ်ပုံတစ်ပင်ကြီးပါ။

Mandatory Credit: Photo by Sovfoto/Universal Images Gro/REX/Shutterstock (3828974a) Amber room of catherine palace, Tsarskoye selo, USSR, 1917, this is the only existing color photo of the amber room before world war ll. VARIOUS

၁၉၇၉ ခုနှစ်မှာတော့ ရုရှားနိုင်ငံအစိုးရဟာ ပုံစံတူ ပယင်းနန်းတော်ကို အသစ်ကနေပြန်လည်တည်ဆောက်ဖို့ ကြိုးစားခဲ့ပါတယ်။ ပျောက်ဆုံးသွားခဲ့တဲ့ မူလပယင်းနန်းတော်ရဲ့ ဓါတ်ပုံတွေ – အခန်းဖွဲ့စည်းမှုပုံစံတွေကို ကြည့်ကာ အစစ်အတိုင်းတူတဲ့ အခန်းငယ်တစ်ခုကို ပြန်လည်တည်ဆောက်ခဲ့ကြပါတယ်။ ပုံစံတူပယင်းနန်းတော်ကို တည်ဆောက်ရာမှာ ပြဿနာတက်ခဲ့ရတာတစ်ခုကတော့ မူလအတိုင်းဆောက်လုပ်ပေးနိုင်မယ့် ကျွမ်းကျင်ပညာရှင်တစ်ယောက်မှ မရှိခဲ့ပါဘူး။ အနီးစပ်ဆုံးတူအောင်သာ ဆောက်လုပ်နိုင်ခဲ့ပေမယ့် ပုံစံတူပယင်းနန်းတော်ဟာ တကယ့်ပယင်းနန်းတော်နဲ့ ကွဲလွဲချက်တွေ ရှိခဲ့ပါတယ်။ ဆောက်လုပ်ချိန် ၂၃ နှစ်တိတိ အချိန်ယူခဲ့ရပြီး ၂၀၀၃ ခုနှစ်မှာပြီးစီးခဲ့ကာ ရုရှားနိုင်ငံရဲ့ နန်းတော်အတွင်း တစ်ခမ်းတစ်နားပြသထားခဲ့ပါတော့တယ်။ ပုံစံတူပယင်းနန်းတော်ကို လူတွေ စိတ်ဝင်တစားလာရောက်ကြည့်ရှု့ကြပေမယ့် မူလပယင်းနန်းတော်ကြီးဟာ ယနေ့ထက်တိုင်အောင် ပျောက်ဆုံးနေဆဲရတနာတစ်ခုအဖြစ် ရှိနေပါတော့တယ်။

Likes:
0 0
Views:
7581
Article Categories:
HistoryKNOWLEDGE

Leave a Reply

Your email address will not be published. Required fields are marked *