ကောလိပ်ဂျင်နေဝင်း ( 1928 – 1983 )

၁၉၉၇ မှာ NLD အရေးပေါ်ညီလာခံလုပ်ပါတယ် ။ဒေါ်စုနေအိမ်ခြံဝင်းထဲမှာလုပ်တာပါ ။နယ်ကNLD တွေကိုဖိတ်တယ်။ ကျနော်တို့မြို့ နယ်ကလူကြီးဆိုသူတွေတစ်ယောက်မှမလှုပ်ဘူး ။ဥက္ကဋ္ဌဆိုသူကလူပျိုလူလွတ်၊ဘာအလုပ်အကိုင်မှ မရှိသူဆိုတော့ညီလာခံတက်မယ် ပြောတယ် ။ ကျနော့်ဆီသကဝင်ထွက်နေသူမို့ကိုယ်ကလည်းလေ့လာချင်တာနဲ့သူနဲ့လိုက်ခဲ့ပါတယ်။ဟာမစ်တစ်လမ်းက ဦးသန်းထွန်း အိမ်မှာတည်းပါတယ် ။

ဦးသန်းထွန်းကNLD ဗဟိုကော်မတီဝင်ပါ ။ ဦးသန်းထွန်း အိမ်အောက်ထပ်မှာတည်းရတာ ။ သူ့အိမ်ကအပြင်ဖက်လမ်းပေါ်ကကြည့်ရင် တစ်ထပ်တိုက်ပဲ ။ အထဲဝင်လိုက်တော့မှအောက်မှာတစ်ထပ်ရှိသေးလို့ ရှေ့ကကြည့်ရင် တစ်ထပ်တိုက် ၊ နောက်ဖက်ချောက်ထဲက ကြည့်ရင်နှစ်ထပ်တိုက် ။ နောက်ဖက်မှာ ချောက်ကြီးရှိပါတယ် ။

ဦးသန်းထွန်းအိမ်နဲ့ တစ်ခြံကျော်မှာဟေမာနေဝင်းတို့အိမ် ရှိပါတယ် ။ သူတို့အိမ်ကလည်းလမ်းမေးတင်ပြီးချောက်နှုတ်ခမ်းမှာ ဆောက်ထားတဲ့ အိမ်ပါပဲ ။ရှေ့ကကြည့်ရင်တစ်ထပ်ပါပဲ ။အိမ်ရှေ့မှာစလွန်းကားအဖြူ တစ်စီးရပ်ထားပါတယ် ။ အိမ်ထဲမှာတော့ တိတ်တိတ်ဆိတ်ဆိတ်ပါ။ ဟေမာနေဝင်းဆိုတော့ကောလိပ်ဂျင်နေဝင်းသမီးပေါ့ ။

အဲသည်အချိန်ကမင်းသားကြီးကောလိပ်ဂျင်နေဝင်းမရှိတော့ပါဘူး ။ သူတို့အိမ်ရှေ့ကိုမယောင်မလည်သွားကြည့်မိပါသေးတယ်။ လူရိပ်လူ ခြေမမြင်ပါဘူး ။ကောလိပ်ဂျင်ကြီးဝင်ခဲ့ ၊ ထွက်ခဲ့ပုံကို စိတ်ကူးနဲ့သာ ပုံဖေါ်ကြည့်ခဲ့ရပါတယ်။ဒါပေမယ့်လူကိုယ်တိုင်တော့ အနီးကပ်ကြုံဖူး ခဲ့တယ်ခင်ဗျ ၊နီးကပ်သမှပက်လက်ကုလားထိုင်ချင်းကပ်လျှက်ထိုင်ပြီးတော့ကိုငေးခွင့်ရလိုက်တာပါ ။

၁၉၇၉ ၊ ရန်ကုန်ရုပ်ရှင်ခြံမှာဘော်ဒါဆောင်နေတော့ခြံထဲကရန်ကုန်စတူဒီယိုမှာကက်ဆက်ဇာတ်လမ်းတွေ နေ့ရောညပါ သွင်းကောင်း နေဆဲပေါ့ ။ ကောလိပ်ဂျ င်နေဝင်း ၊ တင်တင်နွဲ့ ၊ ဦးသိုက်စိုး ၊ နေစိုး ၊မောင်ကြေးမုံ ရုပ်ရှင်မင်းသမီး နှင်းဆီ ၊ စန္ဒယားငွေစိုး ၊ ရီရီသန့် ၊ Aces အဖွဲ့သားတွေကိုအနီးကပ်လေ့လာခွင့်ရခဲ့ပါတယ် ။

ကြုံတောင့်ကြုံခဲရှေးဆူပါကြီးတွေဖြစ်တဲ့စန္ဒယားအေဝမ်းခင်မောင် ၊ စောင်း ဦးဘသန်း ၊ ဗိုလ်ကလေးတင့်အောင်တို့ကိုလည်းအနီးကပ် မြင်ဖူးခဲ့ရပါတယ်။(သည်အကြောင်းသီးသန့်ရေးပါဦးမယ်။ )ကက်ဆက်ဇာတ်လမ်းတစ်ခု သွင်းနေစဉ်ကပါ ။ စက်ခန်းထဲကဂုံနီအိပ်ခင်း ပက်လက်ကုလားထိုင်တစ်လုံးမှာကောလိပ်ဂျင်နေဝင်းကထိုင်တယ်။ကျနော်ကဘာရယ်မဟုတ်၊သူ့ဘေးကလွတ်နေတဲ့ပက်လက်ကုလား ထိုင်မှာထိုင်တယ်။အမှန်မှာအစကတည်းကကျနော်ကသူတို့ အသံသွင်းတာထိုင်ကြည့်နေတာပါ။

ဒိုင်ယာလော့တွေပြောအပြီးမှာ ကောလိပ်ဂျင်နေဝင်းက အသံသွင်းခန်းထဲက ထွက်လာကာဘေးကခုံလွတ်မှာဝင်ထိုင်တာ …။သူတို့ အသံသွင်း စဉ်ကလူကြမ်းမင်းသားဝင်းမြင့်ကခဏခဏ မှားတယ် ။ ဒါ့ကြောင့် အပေါက်ဝမှာရပ်လာတဲ့ဦးဝင်းမြင့်ကို ” ဝင်းမြင့် … ဝင်းမြင့် ၊မင်းဒါလောက် ညံ့မှန်းငါမသိဘူး ။ ဘာလို့များ သည်လောကထဲဝင်လာပါလိမ့် “လို့ကောလိပ်ဂျ င်နေဝင်းက အတည်ပေါက် ပြောတယ် ။

ဦးဝင်းမြင့်ကလည်း .. ” နေဝင်း … နေဝင်း ၊မင့်ရုပ်နဲ့မင်းသားလုပ်တာမျ ား ပရိသတ်ကို ငါ အားနာတယ် ” လို့မင်သေသေနဲ့ ပြန်ပက်တယ်။ စကားလည်းဆုံးရောနှစ်ယောက်စလုံးတဟားဟားရယ်တော့တာပဲ ။ မင်းသမီး တင်တင်နွဲ့က စက်ဆရာဘေးကတံခါးပေါက်ကိုမှီရပ်ရင်းပြုံး နေတယ် ။

တင်တင်နွဲ့ကအရပ်အမောင်းအနေတော်ပါ ။ ကိုယ်လုံးကိုယ်ပေါက် တောင့်တောင့် ၊ နန္ဒာလှိုင့်ကိုယ်လုံးထက်ကိုတောင့်တယ် .. ( အဟွတ် .. အဟွတ် … ) ။

လှတာလည်း တော်တော်ကိုလှပါတယ် ၊ အမြဲပြုံးနေတာ … ။သည်တုန်းက ကောလိပ်ဂျင်ကြီးကအသက် ၅၀ ကျော်လောက်ပဲ ရှိဦးမယ် ၊ ဘာ မာန်မာနမှ မရှိပါဘူး ။ ဦးဝင်းမြင့်ကိုသူခနဲ့တယ် ၊ စတယ် ။ ပြောပြီးတိုင်း သူ့ဘေးမှာငေးနေတဲ့သူ့သားအရွယ်အညာသားကျနော့်ကို ဟုတ်တယ် မဟုတ်လားလို့စစ်ကူတောင်းတယ် ။ တောသားကျနော် ဘာပြောတတ်မှာတုန်း ၊အူကြောင်ကြောင်နဲ့ သွားဖြီးပြလိုက်ရတာပေါ့ ။

သူဟာ ရုပ်ရှင်ရိုက်ကွင်းမှာလည်း ပျော်တတ်သူတဲ့ ။ အင်ဒိုးရိုက်ကွင်းတစ်ခုမှာအောက်ပိုင်းပါလားလို့ဒါရိုက်တာကို မေးတယ် ။ ဒါရိုက်တာက မပါဘူးလို့ပြောရင် သူလုံချ ည် မဝတ်တော့ဘူး ။ အပေါ်ကတိုက်ပုံနဲ့ပဲ မင်းသမီးနဲ့စကား အချီအချအိုက်တင်လုပ်တယ် ။ အောက်ကအတွင်းခံ လန်ကွတ်တီနဲ့သည်အတိုင်း …အရက်လည်းကြိုက်ရှာတယ် ။

တွံတေးသိန်းတန်နဲ့ သူနဲ့အရက်ကြိုက်ပုံချင်းတူတယ် ။ တစ်နေ့သားသူနဲ့တွံတေးသိန်းတန်တို့အမူးလွန်ကာ တစ်ယောက်တစ်ယောက်တွဲရင်း စစ်တပ်ရဲ့တားမြစ်နယ်မြေထဲ ဝင်သွားမိလို့ ဂိတ်စောင့်က ပစ်တော့မလို့ … ။ အရာရှိက သေခြာလှမ်းကြည့်တော့မှနာမည်ကျော်မင်းသားကြီး တွေ ဒေါင်ချာစိုင်းလာမှန်းသိလိုက်တာနဲ့ ရဲဘော်တွေကို အလျှင်အမြန်တားလိုက်ရတာလို့ကြားဖူးပါတယ် ။

ကိုယ့်ဇနီးမယားကိုလည်းနောက်တာပဲ ။ တခါတလေသူ့ဇနီး ဒေါ်ခင်မာလာအပြင်ကပြန်လာရင် ၊ အိမ်ရှေ့ကားရပ်ရပ်ချင်းကားဘေး အပြေး သွားကာ …” ဟော ၊ ဒေါ်ခင်မာလာကြီး ပြန်လာပြီ ။ ကျနော်မျိုးကြီးဘာလုပ်ပေးရမလဲခင်ဗျာ … ” လို့ စပ်ဖြီးဖြီး ပြောချင်ပြောတာ … ။ ဟိုက ” သည်လူကြီးကလည်းနော် … ၊ မောလာရတဲ့အထဲ .. ” လို့ ခပ်ညည်းညည်း တုန့်ပြန်ရင် ပစ္စည်းတွေကူသယ်ရင်းတဟားဟားရယ်ပါတယ် ။

ဒါရိုက်တာဝင်းဖေရဲ့ ‘ နှင်းဆီနီအိပ်မက် ‘ ဇာတ်ကားမှာသူနဲ့ မင်းသားကြီး ဦးထွန်းဝေတို့စားပွဲတစ်လုံးမှာ အချီအချစကားပြောခန်း ပါတယ် ။ သည်ဇာတ်ကားရိုက်စဉ်ကသူ့အသည်း အခြေအနေဆိုးနေပြီထင်ပါတယ် ။ သူ့မျက်နှာဖောအစ်အစ် ၊ ပွယောင်းယောင်းဖြစ်နေတာ သိသာပါတယ် ။ သူအသည်းရောဂါ ခံစားနေရပြီဆိုတော့အရက်သောက်လို့မရတော့ဘူး ။

ရှုတင်ရိုက်ကွင်းမှာတခြားလုပ်ဖေါ်ကိုင်ဖက်တွေသောက်ဝိုင်းစားဝိုင်းဖွဲ့ရင် … မင်းတို့သောက်တာလောက်တော့ နေဝင်းက ရီတာပေါ့ကွာလို့ အနားမှာရပ်ရင်းမှတ်ချက်ချတယ် ။ သူဒေါင်ဒေါင်မြည်နေစဉ်ကအတော် သောက်ခဲ့တဲ့ သဘောပါ ။သူကျောင်းသားဘဝကတက္ကသိုလ် လက်ရွေးစင်ဘောလုံးသမား … ၊ နောက်တစ်ဆင့်မြန်မာ့လက်ရွေးစင်ဘောလုံးသမား ။တကယ့်အားကစားသမားစစ်စစ် ။အသက် ၃၀ အရွယ်မှာရုပ်ရှင်စရိုက်တာပါ ။

ဆရာဇဝနရဲ့ကောလိပ်ကျောင်းသားဝတ္ထု ကို ပွဲဦးထွက် ရုပ်ရှင်ရိုက်ရာမှာစရိုက်ပီပြင်လို့ပရိသတ်ကကောလိပ်ဂျ င်( collegian ) ဘွဲ့ပေးကြတာလို့ ဆိုပါတယ် ။သူ့အိမ်ထောင်ဖက် ဒေါ်ခင်မာလာက ရဲဘော်သုံးကျိ ပ်ဝင် ဗိုလ်ဇေယျ ( ဗကပ ) ရဲ့သမီးပါ ။ရာဇာနေဝင်း ၊ ဟေမာနေဝင်းတို့ကို မွေးဖွားပေးခဲ့ပါတယ် ။တူမတစ်ယောက်က အိနြ္ဒာကျော်ဇင် … ။

crd##winhlaingoo

Likes:
0 0
Views:
1935
Article Categories:
HistoryKNOWLEDGE

Leave a Reply

Your email address will not be published. Required fields are marked *