“ရှေးခေတ် ပညာရှိရွေးပွဲ “

ရှေးမြန်မာဘုရင်များလက်ထက်ကပညာရှိများကို မည်သည့်နေရာက မွေးထုတ် သနည်းဟူ၍၎င်း၊ မည်သူများက မွေးထုတ်ပေးသနည်း ဟူ၍၎င်း၊ စဉ်းစားတွေးတောကြည့်ကောင်း ကြည့်ကြပေမည်။ ယခုခေတ်အခါ လူတော်လူကောင်းများကို တက္ကသိုလ်က မွေးထုတ်ပေး သကဲ့သို့ ပင်ရှေးခေတ်မြန်မာ့လူတော်လူကောင်းများကို ဘုန်းကြီးကျောင်းများကမွေးထုတ်ပေးကြသည်။ စင်စစ်ဆိုသော် ဘုန်းကြီး ကျောင်းများသည်ပင် မြန်မာ့တက္ကသိုလ်များ ဖြစ်တော့သည်။

နိုင်ငံတစ်နိုင်ငံတွင်အုပ်ချုပ်သူအစိုးရဟူသည် ရှိအပ်သောကြောင့်ထိုအစိုးရ၏ ယန္တရားစက်ကြီးအမြဲလည်နိုင်အောင် အုပ်ချုပ်ရေးအဖွဲ့တွင် ပညာရှိများကိုလည်းဖြည့်စွက်ရန် လိုအပ်သည့်အားလျော်စွာပညာရှိများကို နိုင်ငံက မွေးထုတ်ပေးရန်ကြိုးစားကြရသည်သာဖြစ်သည်။ စစ်ဖက်၊ နယ်ဖက်၊ နိုင်ငံရေး၊ သာသနာရေး၊ ပညာရေးဖက်တို့တွင်နိုင်နင်းစွာ ဆောင်ရွက်နိုင်ရန်မြန်မာဘုရင်များလက်ထက်ကလည်း တနှစ်လျှင် တကြိမ်ဆိုသလိုပညာရှိများကိုမွေးထုတ်ပေးရသည်။

ရှာကြံပေးကြရသည်။ ‘ ထင်ပေါ်လျှင် စင်တော်ကကောက်သည်’ ဟူသည့် စကားအတိုင်း နိုင်ငံတွင် လူတော်လူကောင်း တယောက် ပေါ်လာသည်ဆိုလျှင် ဘုရင်က ခေါ်ယူ၍ချီးမြင့် မြှောက်စားတော် မူသည်သာ ဖြစ်သည်။ မြန်မာမင်းများ လက်ထက်က စာပြန်ပွဲတော်သည် မြန်မာ့တက္ကသိုလ် စာမေးပွဲများပင် ဖြစ်သည်ဟု ဆိုနိုင်ပေသည်။

ထိုစာပြန်ပွဲများက လူတော်လူကောင်း ပညာရှိအများကို ရွေးထုတ် ပြီးလျှင်လွှတ်တော်၊ ရုံးတော်၊ ဗြဲတိုက်တော်တို့တွင် အသုံးချသွားသည်။ ထိုပုဂ္ဂိုလ်တို့အနက် အချို့ စာရေးတော်များဖြစ်လာကြသည်။ အချို့ လူတော်လူကောင်း များသည် အရှင်မွေးလျှင် နေ့ချင်းကြီး ဆိုသကဲ့သို့ ရာထူးကြီးများကိုပင် တိုက်ရိုက်ရနိုင်ပေသည်။ နိုင်ငံဝန်ထမ်း ပုဂ္ဂိုလ်ကြီးများထဲတွင် ပညာရှိဟူသည်တို့မှာ လောကရေး၊ ရာဇရေး၊ ဓမ္မရေးတို့တွင် တဖက်ကမ်းခပ် တတ်မြောက်သော လူပြန်တော် ပုဂ္ဂိုလ်ကြီးများသာများသည်။

တွင်းသင်းမင်းကြီး၊ ကင်းဝန်မင်းကြီး၊ ပခန်းဝန်ကြီး စသည်တို့သည် ရဟန်းအဖြစ်မှ လူဝတ်လဲပြီးနောက် နန်းတော်သို့ ရောက်ကြ၍ အုပ်ချုပ်ရေး ယန္တရားကို လည်စေသော သူများပင်ဖြစ်ကြသည်။ မြန်မာဘုရင်များ လက်ထက်တော် အခါက စာပြန်ပွဲတခုကို ကြည့်မည်ဆိုလျှင် ယခုခေတ်အမြင်နှင့်သော် များစွာကွာခြားနေသည်ကို တွေ့ရပေမည်။ ခေတ်မမီလိုက်သော ပန်းချီဆရာများအား မြန်မာ့စာပြန်ပွဲတော် ကျင်းပနေပုံကို ပန်းချီရေးဆွဲပါဆိုလျှင် သင်္ကန်းဝတ်နှင့် ရဟန်းတော်များစာပြန်နေပုံကိုသာ ရေးဆွဲမည် ဖြစ်ပေသည်။

ဤသို့ရေးထားလျှင် မြန်မာမင်း လက်ထက်က စာပြန်ပွဲတစ်ခု၏ မြင်ခင်းမဟုတ်ကြောင်း အချို့သိသူများက ရယ်မော ကြမည် သာဖြစ်သည်။ မြန်မာမင်းများ လက်ထက်က စာပြန်ပွဲဆိုသည်မှာ ဤသို့ဖြစ်သည်။ ၁၆နှစ်အရွယ်၊ ၁၅နှစ်အရွယ် စသည်ဖြင့် အသက်၂၀မကျော်သေးသူ လူဝတ်ကြောင်များက စာပြန်ကြသည်။ သင်္ကန်းဝတ်နှင့် စာမပြန်ရပေ။

ဘုရင့်စာပြန်ပွဲတို့တွင် လူဝတ်ကြောင်နှင့်သာ စာပြန်ဆိုရပေသည်။ အချို့စာပြန်ပွဲဝင်သူတို့မှာ အသက် ၁၉နှင့် ၂၀ ပင်ရှိနေပြီဖြစ်သော်လည်း ရဟန်းမခံသေးပဲ လူဝတ်ကြောင်နှင့် ပထမကျော်ဖြစ်အောင် ကြိုးစာဆဲရှိသေးသည်ကို တွေ့ရသည်။ ထို့ကြောင့် အချို့ ရဟန်းတော်များသည် သက်တော်၂၁နှစ် ၂၂နှစ် အရွယ်ရောက်မှပင် ရဟန်းခံကြရသည်။

အချို့ရဟန်းမခံကြသေးသည်မှာ စာပြန်ပွဲ ဝင်နွှဲ၍ ထိပ်တန်းသို့ရောက်လျှင် ဘုရင်၏ ရွေးကောက်ခြင်း ခံရကာ မင်းမှုထမ်းရာထူးတခုခုကို ရရှိလိမ့်မည်ဟု ရည်ရွယ်ချက် ထားရှိ သောကြောင့် ဖြစ်သည်။ ထို့ကြောင့် ထိုခေတ်အခါက ဘုန်းကြီးကျောင်းများသည် လူရည်ချွန်ကလေးများကို ထူးထူးခြားခြား လက်သပ်မွေးထားပြီးလျှင် စာသင်ပေးကြသည်။

မည်သည့်ကောင်းမှ ဤနှစ် ပထမကျော် ထွက်သည်ဟု ဆိုလျှင် အဆိုပါကျောင်းသည် အလွန်နာမည်ကြီါ်ပြီးလျှင် မင်းစိုးရာဇာ တို့၏ ကြည်ညိုလေးစား ဆည်းကပ်ခြင်းကို ခံရကြရသည်။ သက်ဆိုင်ရာ ဆရာတော်သည်လည်း မင်းပေါက်စိုးပေါက် ဖြစ်လာသည်။ ထို့ကြောင့် ဘုန်းကြီးကျောင်းမျာသည် လူရည်ချွန် ကလေးများကို ငယ်စဉ်ကစ၍ မွေးလာပြီးလျှင် နန်းတော်နှင့်ဆိုင်သည့် ပညာရပ်များကို သင်ပေးကြသည်။

သူငယ်၏ စိတ်နေစိတ်ထားကိုကြည့်ပြီးလျှင် ဆန်းကျမ်းနှင့်တော်လျှင် ဆန်းကျမ်း၊ ဂဏန်းနှင့်တော်လျှင် ဂဏန်း သင်ပေးကြသည်။ ထို့ပြင် အလင်္ကာကျမ်း၊ ဗျာကရိုဏ်းကျမ်း၊ လျှောက်ထုံးဖြစ်ထုံး ဥပဒေကျမ်း စသည်တို့ကိုပါမကျန် သင်ပေး၍ နန်းတော်သို့ ပို့ပေးကြသည်လည်း ရှိသည်။ သည်ကဲ့သို့ ပို့ပေးခြင်းခံရသော ပညာတတ်များလည်း ရှိသည်။ အချို့ကား ကိုရင်းကြီးများက မြင်းစီး၊ ဓားခုတ်၊ လှံထိုး၊ နပန်းကိုင်၊ လက်ဝှေ့သတ် စသည်တို့ကို သင်ပေးကြ၏။

ရှေးပုဂံခေတ်မှစ၍ ပွဲကျောင်းရဟန်းတော်များသည် ဤကဲ့သို့သော အတတ်ပညာ များကို လူငယ်ကလေးများအား သင်ပေးကြသည်။ ဘုရင်ကလည်း ဤအတတ်မျိုးကို တတ်မြောက်လာသူများထဲမှ သင့်နိုးရာရာတို့ကို ကောက်ယူတော်မူသည်။ ရှေးအခါက မှူးမတ်မျိုး ၁၄ပါးရှိသည်။ ယင်းတဆယ့်လေးပါးတွင် လက်ဝှေ့သတ် အမတ်သည်လည်း တပါးအပါအဝင် ဖြစ်သည်။

ဘုရင်ကောယူမြှောက်စားခြင်းလံရလျှင် ဘုရင့်လက်ဝှေ့တော်သတ် ဖြစ်လာသည်။ မင်းတုန်းမင်းလက်ထက်က နာမည်ကျော်ကြားသည့် ရေနံချောင်းဝန်ကြီး ဦးရွှေစို သည် ငယ်စဉ်အခါက လက်ဝှေ့တော်သတ် တစ်ယောက်ဖြစ်ခဲ့ဖူးသည် ဆိုကြသည်။ ပုဂံမင်းကို မင်းတုန်းမင်း တော်လှန်သည့်အခါ ဦးရွှေစို မပါဝင်ခဲ့ပေ။

သို့သော် မင်းတုန်းမင်း ရွှေဘိုသို့ ထွက်သည့်အခါမှ မယားဖြစ်သူက ရွှေဘိုသို့ လိုက်သွားရန်ပြော၍ ဦးရွှေစိုလိုက်သွားသဖြင့် သူကောင်းပြုခံ ရသည်။

လက်ဝှေ့သတ်ခြင်းကို အဘိဓာန်ကျမ်းများတွင် ‘နိဗ္ဗုဒ္ဓ’ ဟုခေါ်သည်။ ၅၅၀ ဇာတ်တော်များမှာပင် လက်ဝှေ့သတ်ခြင်းအကြောင်းများနှင့် ပတ်သတ်၍ ဖတ်ကြရပေသည်။ မြန်မာမင်းများ၏ စစ်သည်တော်တို့သည် လက်ဝှေ့သတ် ကျွမ်းကျင်ကြရသည်။ သစ်ကျားတို့နှင့် ရင်ဆိုင်ကာ လက်ဝှေ့သတ် အနိုင်ယူခဲ့သူများ ရှိခဲ့ဖူးသည်။

အလောင်းဘုရား လက်ထက်က ဗိုလ်တွန်သည် လက်ဝှေ့သတ်ခြင်း၌ ကျွမ်းကျင်သည်။ ဗိုလ်တွင်ကို ဖမ်းရန် ငချစ်ကောင်းတို့ လိုက်ရာမှာ ဗိုလ်တွန်သည် ဆီးစပ်တွင် သေနတ်မှန်၍ ဒဏ်ရာရသည်။

တောင်စောင်းတွင် အမှတ်တမဲ့နေခိုက် နောက် မှလာပြီးဖမ်းရာတွင် ဖမ်းသူကို ဆုပ်ကိုင်၍ တောင်အောက်သို့ ပစ်ချလိုက်သည်။ ဤကား ရှေးအခါက ဘုန်းတော်များက သင်ပေးလိုက်သောအတတ်ပညာများ အကြောင်းပင် ဖြစ်သည်။ ယခုခေတ်စာပြန်ပွဲကိုကြည့်လျှင် ရဟန်းတော်များသည် ခုံပေါ်တွင် ထိုင်လျက်ရေးဖြေကြရသည်ကို တွေ့ရပေမည်။ ရေးရန်စာရွက်၊ ကလောင်တံ၊ မင်အိုး စသည်တို့ပါရကြသည်။ ရှေးမြန်မာဘုရင်များလက်ထက်က စာပြန်ပွဲမှာ ဤသို့မဟုတ်ချေ။

၂ယောက်တတွဲ၊ ၃ယောက်တတွဲ စသည်ဖြင့် ကြမ်းပြင်ပေါ်တွင် ဒူးတုပ်ထိုင်လျက် စာမေးဆရာတော် ၂ပါးထံတွင် စာပြန်ရသည်။ စာမေးဆရာတော်က မိမိ၏ ရှေ့၌ ဒူးတုပ်ထိုင်နေသည့် ၁၅နှစ်၊ ၁၆နှစ်အရွယ် လူဝတ်ကြောင် သူငယ်ကို အလိုရှိရာ သင့်နိုးရာရာကို ပြန်ခိုင်းသည်။ ‘သဒ္ဒါကြီးပြန်စမ်း’ ဟုဆိုလျှင် သဒ္ဒါကြီး ပြန်ရသည်။

‘ဆန်းပြန်စမ်း’ ဆိုလျှင် ဆန်းပြန်ရသည်။ ထို့နောက် အဘိဓာန်စသည်တို့ကို မေးသည်။ ဝိဂြိုဟ် ပြုခိုင်းသည်။ ထိုကဲ့သို့ နှုတ်မှ မေးသော မေးခွန်းများသည်ပင် စာမေးပွဲပုစ္ဆာဖြစ်တော့သည်။ ထိုသို့ စာပြန်ဆိုနေစဉ် ဆရာတော်များက စာပြန်ဆိုသူကို ရှုထောင့်အမျိုးမျိုးမှ နေ၍ အကဲခတ်သည်။

အသံပြတ်သားသည် မပြတ်သားသည်၊ မထစ်မငေါ့ ရွတ်နိုင်သည် မရွတ်နိုင်သည်၊ မကြောက်မရွံ့ ရွတ်နိုင်သည် မရွတ်နိုင်သည်၊ ကိုယ်အမူအရာ နှုတ်အမူအရာ ကောင်းသည် မကောင်းသည် စသည်တို့ကို အကဲခတ်ကြည့်ကာ အမှတ်ပေးနေခြင်းဖြစ်သည်။ ယခုခေတ်တွင် ကဲ့သို့ အဖြေစာအုပ်ကို စစ်ဆေးကာ အမှတ်ပေးအကဲဖြတ်သည် မဟုတ်ပေ။ ဤကဲ့သို့ စာပြန်သူများထဲမှ မည်မျှအောင်သည်ကို ဆရာတော်များက အောင်စာရင်း ထုတ်ပေးသည်။

အောင်သူများကို ဘုရင်က သားတော်အမှတ်ပြုရပေသည်။ အောင်သူများထဲမှ ထူးထူးချွန်ချွန် ပထမကျော်ရသူများ ရှိခဲ့ပါလျှင် ထိုပုဂ္ဂိုလ်ကို သားတော်အမှတ်ဖြင့် သိမ်းပိုက် ရပေသည်။ စာပြန်ပွဲ ဖြေဆိုရာ၌ ဗျတ္တိဗလနှင့် ပြည့်စုံသူများကို ဆရာတော်များက ပိုမို နှစ်သက်သည်။ လောက၌ သတ္တိနှင့် ဗျတ္တိဟူ၍ ၂မျိုးရှိသည်။

ကျားနှင့်၎င်း ဆင်နှင့်၎င်း ရင်ဆိုင်နိုင်၍ ထိုးခုတ်သတ်ဖြတ်ရဲသူကို သတ္တိရှိသူဟုဆိုရမည်။ စာပွဲသဘင်များ၌၎င်း၊ မင်းမှူးမတ်သဘင်များ၌၎င်း၊ ဆွေးနွေကြသည့် အကြောင်းအရာ တရပ်ရပ်နှင့် ပတ်သတ်၍ ပြောရဲခြင်း၊ ဆိုရဲခြင်း၊ မကြောက်မရွံ့ ဖြေရဲခြင်း စသည်ရှိသူကို ဗျတ္တိရှိသူဟူ၍ ဆိုရသည်။ ထို့ကြောင့် စာပြန်ပွဲကျင်းပရာ၌ တကယ်တမ်း ဗျတ္တိဗလနှင့် ပြည့်စုံသူများသည် အောင်မှတ် ကောင်းကောင်းရကြသည်။

စာပြန်ပွဲ၌ ပထမကျော်အောင်သူများကို ဘုရင်က သားတော်အဖြစ် ကောက်ရသည်။ ဘုရင့်ထံမှ လျှောက်တောင်း၍ မိဖုရားကြီးများ၊ သားတော်သမီးတော်များ၊ ထို့နောက်မှ မှူးမတ်များက သားတော် အဖြစ် မွေးစားကြသည်။ မင်းတုန်းမင်းလက်ထက်က ပထမကျော်တပါးကို ဤနည်း အတိုင်း သားတော်အဖြစ် ကောက်ယူ၍ သမီးတော် စလင်းစုဖုရားက ရဟန်းဒါယကာမင်းအဖြစ် ခံယူခဲ့သည်။

ထိုရဟန်း ပုဂ္ဂိုလ်သည်နောင်သောအခါခေမာသီဝံဆရာတော်ဟူ၍ကျော်ကြားသော ပုဂ္ဂိုလ်ဖြစ်သွားသည်။ စာပြန်ပွဲတွင်အောင်မြင်ကြသူများ အနက် အခြားမြို့ရွာများမှပုဂ္ဂိုလ်များလည်းပါဝင်သည်။ စာမေးပွဲ အောင်မြင်သည်ဆိုလျှင် ထိုပုဂ္ဂိုလ်တို့သည် မိမိတို့ရွာ၊ မြို့၊ ကျောင်း စသည်တို့ကို ပြန်ရန်မလိုတော့ပေ။

ရဟန်းဝတ်လိုသူများလည်း မဝတ်ကြရသေးပေ။ ရွှေမြို့တော် အတွင်းရှိ မှူးတော်မတ်တော်များက ထိုသူများကို မိမိတို့၏သားသမီးနှင့် ထပ်တူ ဂရုစိုက်၍ တလတန်သည် နှစ်လတန်သည် စသည်ဖြင့် အိမ်၌ခေါ်ထားကာ လောကရေးရာ၊ ရာဇရေးရာ စသည်တို့ကို ပိုမိုအကျွမ်းတဝင်ဖြစ်အောင် သင်ကြားပေးကြပေသည်။ ထိုအခါ စာအောင်သူများသည် ဤသို့စဉ်းစားဆုံးဖြတ်ကြရသည်။ ‘ငါသည် လူ့ဘောင်လောကသို့ဝင်၍ လွှတ်ရုံးငါးရပ်၌ပင် မင်းမှုထမ်းလုပ်ရလျှင် သင့်မည်လော။

သို့တည်းမဟုတ် သာသနာ့ဘောင်သို့ဝင်၍ ရသေ့ရဟန်းဘဝတွင် ပျော်ပိုက်နေရသော် သင့်မည်လော’ စသည်ဖြင့် ဆုံးဖြတ်ကြရသည်။ မှူးမတ်များကလည်း ‘မင်းမှုထမ်းလုပ်ပါ’ ဟူ၍သော်၎င်း၊ ‘ရဟန်းဘောင်တက်ပါ’ ဟူ၍သော်၎င်း၊ မပြောဆို မတိုက်တွန်းရပေ။ အချို့က လူ့ဘောင်လောကသို့ ဝင်ရန် စိတ်သန်ကြသည်။ အချို့မှာမူ ရဟန်းဘဝဖြင့် အရိုးထုတ်ရန် ရည်သန်ကြသည်။ ဤအထဲတွင် လျို့ဝှက်စွာ ကြိတ်ကြံနေသူများလည်း ရှိကြသေးသည်။

အခြားမဟုတ် စာအောင်သူ ကလေးတွေ၏ အရိပ်အကဲ၊ အင်္ဂ ါရုပ်၊ ဥာဏ်ပညာ တို့ကို ကြည့်ကာ ‘ဤကလေးသည် မကြာမီမင်းမှုထမ်းဘဝတွင် ရာကြီးထူးကြီးရမည်၊ ငါ့သမီး၊ ငါ့မြေးကလေးနှင့် အကြောင်းသင့်အောင် ကြံဦးမှတော်မည်’ စသည်ဖြင့် စိတ်ကူးနေကြသော သမီးမိန်းကလေးရှင်၊ မြေးမိန်းကလေးရှင်များပင်တည်း။

စာပြန်ပွဲအောင်ပြီး၍ တလခန့်ကြာသည့်အခါတွင် ဘုရင်မင်းမြတ်သည် ယင်း စာအောင်သူ ပုဂ္ဂိုလ်များအား ပူဇော်ခြင်းအမှုပြုပေသည်။ နန်းတော်တွင် ကြီးကျယ်ခမ်းနားလှသော ပူဇော်ပွဲကိုကျင်းပသည်။ နန်းတော်လွှတ်ရုံးရှေ့တွင် မဏ္ဍပ်ကန္နားကြီးများဆောက်၍ ပြင်ဆင်မွန်းမံ ထားသည်။ စိန်ဆိုင်း မြဆိုင်းများကလည်း ငြိမ့်ညောင်းသာယာစွာ တီးမှုတ်နေကြရသည်။

တိုင်းသူပြည်သားများကလည်း မြေပြင်အက်ကွဲလုမတက် စောင့်မျှော်လျက်နေကြသည်။ မင်းမှူးမတ် အိမ်များမှ စာအောင်သူများစုပေါင်းလျက် ပူဇော်ရာနေရာသို့ လှည့်လည်လာကြသည်။ ရှေ့ဆုံးတွင် ပထမကျော်အောင်ကို ရွှေထမ်းစင်၊ ရွှေဝေါဖြင့် လူပေါင်း၄၀ခန့်က ထမ်းပြီးလျှင် ရွှေထီးများမိုးလျက် ဝင်လာသည်။

စာအောင်သူသည် ခေါင်းပေါင်း စလွယ်ဝတ်စား ဆင်ယင်လျက် လာရသည်။ ပထမကျော်၏နောက်မှ အခြားစာအောင်သူများက ဝတ်စားဆင်ယင်၍ အသီးသီး ထမ်းစင်ဖြင်၎င်း၊ မြင်းဖြင့်၎င်း နန်းတော်ကို တပတ်ပတ်ပြီးလျှင် မဏ္ဍပ်ရှေ့သို့ လာကြရသည်။ လူအပေါင်းတို့ကလည်း အုတ်အော်သောင်းနင်း ရွှေပေါက်ပေါက်၊ ငွေပေါက်ပေါက် များကြဲကာ စိတ်ထဲ၌ ကြည်နူးနေကြသည်။

ပုဂ္ဂိုလ်များက အနာဂတ်ကာလ၌ ပညာရှိကြီးတွေ ဖြစ်လာပြီးလျှင် တိုင်းပြည်ကို အုပ်ချုပ်သွားကြမည့် ပုဂ္ဂိုလ်များ ဖြစ်ကြသည်။ အချို့မှာလည်း ဆရာတော် သမားတော်ကြီးများဖြစ်ကြပြီးလျှင် သာသနာ့ဝန်ကို ထမ်းဆောင်သွားကြမည့် ပုဂ္ဂိုလ်များ ဖြစ်လာကြပေမည်ဟူ၍ စိတ်ထဲ၌ တွေးတော် ကြည်နူးကာ ချမ်းမြေ့စွာ စောင့်မျှော်ပူဇော်ကြသည်။

ဘုရင်မင်းမြတ်ကလည်း လွှတ်တော်ပေါ်မှနေ၍ သာသနာတော်လောက၊ လူ့လောက အကြီးအကဲဖြစ်လာကြမည့် ပုဂ္ဂိုလ်များဟူ၍ ဝမ်းမြောက်ကြည်နူးတော်မူသည်။ ‘ဤပုဂ္ဂိုလ်များ သာသနာ့အမွေကို ခံတော်မူလျှင်လည်း ငါသည်လျှင် သာသနာ့ဒါယကာ ဖြစ်ပေမည်’ ဟူ၍ အားရရွှင်လန်းခြင်းဖြစ်ကာ၊ ရွှေကရားကို ကိုင်လျက်စောင့်မျှော်နေသည်။

ပထမကျော်ပုဂ္ဂိုလ်ကို တင်ဆောင်လာသော ရွှေဝေါတော်သည် မဏ္ဍပ်၏ရှေ့သို့ရောက်လာသည်။ စာအောင်သူများသည် ဝေါပေါ်မှ၎င်း၊ ထမ်းစင်ပေါ်မှ၎င်း၊ မြင်ေးပ်ါမှ၎င်း မဆင်းရပေ။ စီးမြဲနေမြဲ အတိုင်းပင် ဘုရင်၏အပူဇော် ကိုခံယူကြရသည်။ ဘုရင်မင်းမြတ်သည် မိမိရှေ့သို့ စာအောင်သူများ ယာဉ်များ ချဉ်းကပ် လာသည်နှင့် တပြိုင်နက်၊ ရွှေကရားဖြင့် ရေသွန်း၍ ကောင်းချီးပေးတော်မူသည်။ စိန်ဆိုင်းမြဆိုင်း များကလည်း တခဲနက် တီးမှုတ်ကြသည်။

ဤကဲ့သို့ စာအောင်သူများ၏ နောက်မှ လူအများလိုက်ပါဆင်နွှဲလျက် နန်းတော်ကို တပတ်ပတ်ပြီးလျှင် ပူဇော်ပွဲပြီးဆုံးသည်။ ဤကား သာသနာ့ဒါယကာ ဘုရင်မင်းမြတ်များရှိစဉ်က စာပြန်ပွဲကျင်းပပုံဖြစ်သည်။ ဤကဲ့သို့စာပြန်ပွဲတွင် စာအောင်သူများကို ဘုရင်ကိုယ်တိုင်က အကြီးအကျယ်မြှောက်စား တတ်သဖြင့် ဘုန်းကြီးကျောင်းများသည် စာတော်သူများကို အလုအယက် မွေးမြူသင်ကြား ကြလေသည်။

စာပြန်သူများသည် လူဝတ်နှင့်ပင် စာဝါတက်နေကြသူများဖြစ်ရာ၊ တခါတရံ ဘုန်းတော်ကြီးများက သွေဆောင်ခေါ်ယူလွန်းသည့်အတွက် စိတ်မပါ တပါနှင့် ကျောင်းသို့ ပြောင်းသွားသူများလည်းရှိခဲ့ဖူးသည်။ ဘကြီးတော်ဘုရား လက်ထက်တွင် သာယာဝတီ ကျောင်းတိုက်မှပထမကျော်ဝင် မည့်သူသည် အလွန်တော်သည်။

ပထမကျော် အောင်မည်မှာအမှန်ဖြစ်သည် ဟူသော သတင်းထွက်နေသည်။ ထိုအခါ နန်းမတော်တိုက်က ဘုန်တော်ကြီးများသည် ထိုသူကိုမိမိတို့ ကျောင်းသို့ သွေးဆောင်ခေါ်သွားကြသည်။ စာဖြေမည့်သူ နန်းမတော်တိုက်သို့ ပြောင်းသွားသဖြင့် ဘုန်းတော်ကြီးအချင်းချင်း စကားများကြပြီးလျှင် နောက်ဆုံး၌ ဝိနိစ္ဆယရုံးသို့ ရောက်လာသည်။

ဘုန်တော်ကြီးများကလည်း အဆုံးအဖြတ်ပေးရန် ခဲယဉ်နေသဖြင့် အမှုမှာ မပြီးပြတ်ပဲ ကြန့်ကြာနေသည်။တနေ့သော် ဆရာတော်ဦးဗုဒ်က ‘ကိုယ်တော်တို့ အလွန်ရှက်စရာကောင်းသည်။ တိတိမှန်မှန် မဆုံးဖြတ်ရဲသည်မှာ မသင့်လျော်ပါ ‘ ဟုဆိုလေသည်။ ဘုန်းတော်ကြီးများကလည်း နန်းမတော်ကျောင်းက သွေးဆောင်သွားခြင်းဖြစ်သည် မှန်သော်လည်း နန်းမတော်ဘုရား၏ မျက်နှာကို ထောက်နေရသဖြင့် မဆုံးဖြတ်ဝံ့ပဲရှိနေခြင်းဖြစ်သည်။

ဘုန်းကြီးများက ‘ဆရာတော်ဦးဗုဒ် ပင် ဆုံးဖြတ်ပါတော့’ ဟုဆိုကာအမှုကို ဆရာတော်ဦးဗုဒ်၏ လက်သို့ အပ်ကြသည်။ ဆရာတော်ဦးဗုဒ်က ‘ဤပထမကျော်ကို သွေးဆောင်သည့်ကိစ္စမှာ အိမ်ရှေ့မင်းငခင်နှင့်လည်းဘာမျှမဆိုင်။ နန်းမတော်မိနုနှင့်လည်း ဘာမျှမဆိုင်။ ပထမကျော် လောင်းဆိုသည့်အကောင်ကလည်း လောကမှာ အထွတ်အထိပ်လုပ်ဖို့ရာလောက်ကိုသာ နားလည်ပြီးလျှင် သွေးဆောင်ရာနောက် လိုက်နေသဖြင့် ဤအကောင် ဤနှစ် ပထမကျော်မပြန်စေနှင့်။ရွာပြန်စေ။

သွေးဆောင်သည့် ဘုန်းကြီးများလည်း ဝိနည်းနှင့် ဆန့်ကျင်သဖြင့် အာပတ်သင့်ကြသည်။ ရွာပြန်ကြရမည်’ ဟူ၍ ဆုံးဖြတ်လိုက်သည်။ ရဲရဲရှင်းရှင်း ဆုံးဖြတ်လိုက်သည့် အဆုံးအဖြတ်ဖြစ်သည့်အတွက် ဆရ်ာတော်ဦးဗုဒ်ကို ချီးမွမ်းကြသည်။ အိမ်ရှေ့မင်းနှင့် နန်းမတော်ဘုရားတို့သည်လည်း မိမိတို့ကျောင်းထိုင်ဘုန်းကြီး များ၏ အရှုပ်အရှင်းကို မည်သို့မျှ စောဒကမတတ်ဝံ့ကြပဲ ငြိမ်ခံနေလိုက်ကြရသည်။

စာပြန်ပွဲတွင် စာအောင်ကြသူများအနက် ရဟန်းမခံကြရသေးသောသူများလည်း ပါဝင်ကြသည်။ အချို့မှာ လူ့လောကဘောင်အတွင်းသို့ ဝင်၍ မင်းမှုထမ်းလုပ်လိုကြသဖြင့် ရဟန်း မခံကြပေ၊ စာအောင်သူများထဲမှ တသက်လုံးပင်ဖြစ်စေ၊ ခေတ္တခဏပင်ဖြစ်စေ ရဟန်းခံမည့်သူ ၂၅ယောက်ခန့်ရှိမည်ဆိုလျှင် ဘုရင်ကိုယ်တိုင်က ထိုပုဂ္ဂိုလ်များ၏ ရဟန်းဒါယကာအဖြစ် ခံယူ၍ ရဟန်းခံပွဲကို ကျင်းပပေးလ့ရှိသည်။ ဝါဆိုလပြည့်နေ့တွင် ဘုရင်ရန်ဟန်းခံပွဲကို ကျင်းပပေးကြ ရသည်။

ဝါထပ်သည့်နှစ်များ၌ ဒုတိယဝါဆိုလပြည့်နေ့တွင် ကျင်းပပေးရသည်။ ရဟန်းခံပွဲကို လွှတ်တော်က ကျင်းပပေးခဲ့သည်။ မည်သည့် စာအောင်သူကို မည်သည်ကျောင်းတွင် မည်သည့် ဥပဇ္စျာယ်ဆရာထံ၌ ရဟန်းခံရမည်။ မည်သူက ဆွမ်းဒါယကာ၊ ကွမ်းဒါယကာ ခံရမည် စသည်တို့ကို လွှတ်တော်က စီမံပေးကြရသည်။

ရဟန်းခံရာ၌ ဗျောစည်များတီးရသည်။ စည်တီးရွာ ဟူသည်မှာ ထိုကဲ့သို့သော ဘုရင်ရဟန်းခံပွဲများတွင်စည်တီးရသူများနေထိုင်သည့် ရွာဖြစ်သည် ဟုဆိုကြသည်။ ရှင်ဘုရင်ကရဟန်းဒါယကာ ပြုလိုက်သည်ဆိုလျှင်ပင်ဤရဟန်းသည်ထူးခြားလာတတ်သည်။ ဆရာတော်များကလည်း သြဝါဒများပေးကြရာ၌ရဟန်းဘောင်၌ ပျော်ပိုက်အောင်စာဝါများကို ကြိုးစားချင်စိတ်ဖြစ်ပေါ်လာအောင် ဆုံးမလှုံ့ဆောင်ပေးရသည်။

ထိုရဟန်း သာသနာ့ဘောင်တွင် ပျော်ပိုက်အောင် ဘုရင်က လိုလေသေးမရှိ ထောက်ပံ့သည်။ ကျောင်းအလိုရှိလျှင် ကျောင်းဆောက်ပေးသည်။ ရွှေညောင်စောင်း၊ မှီအုံး၊ စောင် စသည်တို့ကိုလည်းကောင်း၊ လိုအပ်သောစာဝါ ပေထုပ်များကိုလည်းကောင်း ပို့ပေးရသည်။ သာသနာတော်ကြီး ပြန့်ပွားစေရန်အတွက် ပေပင်ကအစ ပြုစုပျိုးထောင်ပြီးလျှင် စိုက်ပေးသည်။

စာပြန်ပွဲတွင် ပထမကျော် မရသော်လည်း ထိပ်တန်းက အောင်သည့် စာပြန်သူများ အနက် မင်းမှုထမ်းလုပ်လိုသူများကို လွှတ်ရုံး ငါးရပ်သို့ အကူစာရေးအဖြစ်ဖြင့် ပို့ပေးသည်။

လွှတ်ရုံး ငါးရပ်တွင် မှာစာ၊ ကြားစာ၊တကြောင်းစာချွန်၊ ၂ကြောင်းစာချွန်၊ဆင့်စာ၊ ချစာ စသည့်ရေးနည်း သုံးနည်းများကို အရကျက်ပြီးလျှင် စာလုံးကို ဝိုင်းဝိုင်းစက်စက်နေအောင် ရေးကြရသည်။ ဝိုင်းဝိုင်း စက်စက်ရေးခြင်းကို ကြိုက်သည်ကား နေဝန်းလဝန်းကဲ့သို့ ထွန်းတောက် ခြင်းကို အလိုရှိကြခြင်းကြောင့် ဖြစ်သည်။

အကူစာရေးတို့သည်လက်ရေးကိုလှအောင်ကျင့်ကြရသည်။ သတ်ပုံသတ်ညွှန်များကို မှန်ကန်အောင် ရေးတတ်ဖို့ စတင်၍ ကျင့်ရကြရသည်။ ထို့နောက် ဣတိပိသောအစ၊ ဘဂဝါအဆုံး စာလုံးများကို ၂လက်မ အတိုင်း အရှည်ပမာဏအတင်း ဖတ်၍လည်း ရအောင်၊ လှလည်းလှအောင် ပေပေါ်တွင် အရေးကျင့်ကြရသည်။ လွှတ်ရုံးငါးရပ်တွင် စာရေးတော်ခေါင်းသည် ဤအကူစာရေးများ၏ နေပုံထိုင်ပုံ၊ ပြောပုံ ဆိုပုံ ဆက်ဆံပုံ အမူအရာများကို လေ့လာမှတ်သားထားရသည်။

နန်းတော်က ကိစ္စတရပ်ရပ်နှင့် ပတ်သတ်၍ စာရေးတော်အလိုရှိသဖြင့် ခန့်အပ်ရန် လူငါးယောက်ပို့ပေးပါဆိုလျှင် စာရေးတော်ခေါင်း က မိမိမှတ်သားထားသောလူတော်လူကောင်း ငါးယောက်ကို ရွေးချယ်၍ ပေးပို့ရသည်။ အဆိုပါ ပုဂ္ဂိုလ်တို့သည် စာရေးဘဝမှ လွှတ်တော်ဝန် ထောက်၊လွှတ်တော်ဝန်ကြီးအထိ တဖြည်းဖြည်း လုပ်ရည်ကိုင်ရည် ဥာဏ်ရည်အလျောက် ရာထူးများ တိုက်တက်လာကြပြီးလျင်နောက်ဆုံး၌ အုပ်ချုပ်ရေးယန္တရားကြီးကို မောင်းနှင်သူများဖြစ်လာကြလေသည်။

ဤကားရှေးမြန်မာမင်းများလက်ထက်က ပညာရှိများ ပြုစုပျိုးထောင်ပေးရာ စာပြန်ပွဲတော်များ အကြောင်းနှင့် ပတ်သတ်၍ သိကောင်းမှတ်ဖွယ်များကို စာဟောင်းပေဟောင်း များမှ၎င်း ထုတ်နှုတ်စုပေါင်း၍ ရေးသားတင်ပြချက် များဖြစ်ပါသတည်း။ ။

ခရက်ဒစ် …Rewrite By : MK (နန်းဓလေ့မှတ်တမ်းများ – မြကေတု ) စာအုပ်မှပြန်လည်ရေးသေားဖော်ပြသည်။ ။

ရှေးခေတ်မြန်မာပုံရိပ်များ ပြန်လည်မျှဝေပါသည်

Likes:
0 0
Views:
2326
Article Categories:
BooksHistoryKNOWLEDGE

Leave a Reply

Your email address will not be published. Required fields are marked *