ဆူးလေစေတီတော် သမိုင်းကြောင်း

ဆူးလေစေတီတော် တည်နေရာ ရန်ကုန်မြို့လည်ခေါင်၊ မြို့တော်ခန်းမ အနီးဉာဏ်တော် ၁၅၁-ပေ ကျော်ကြားမှု မြို့လည်ခေါင်မှ ကပ်ကျော်ဘုရားဆူးလေစေတီတော်သည် ရန်ကုန်မြို့လည်ခေါင်ရှိ ဆူးလေ ဘုရားလမ်းနှင့် မဟာဗန္ဓုလမ်းဆုံ(မြို့တော်ခန်းမအနီး)တွင် တည်ရှိသည်။

သမိုင်းကြောင်း

သီဟဒီပမင်းကြီးသည် ရဟန္တာအရှင်သူမြတ်တို့၏ သာသနာပြု ရည်မှန်းချက်အတိုင်း သာသနာတော် ထွန်းကားပြန့်ပွားရေးအတွက် အမတ်သူရဲကောင်းများအားလမ်းညွှန်ချက်ပေး၍သာသနာခရီးကို စီစဉ်ပေး ခဲ့သည်။ အမတ်သူရဲကောင်းတို့သည်လည်းဘုရင်ညွှန်ကြားချက် အတိုင်းဗုဒ္ဓမြတ်စွာဘုရားရှင်၏ ဓာတ်တော်၊ဆံတော်များအားပင့်ဆောင်၍ရွှေတိဂုံ စေတီတော်ကြီး တည်ရှိရာသိင်္ဂုတ္တရကုန်းတော် ပတ်လည်တွင်စေတီတော်များတည်ထားကိုးကွယ်ရန်ကြိုးစားစွမ်းဆောင်မှုများပြုခဲ့ကြသည်။

သမိုင်းအထောက်အထားများအရ ဆူးလေစေတီ တော်အားအသုတ်အမတ် ကြီး တည်ထားသည်ဟုသိရ၏။သူရဲကောင်းအသုတ်အမတ်ကြီး တည်ထားသဖြင့် သမိုင်းအချို့တွင် “ကျိုက်အသုတ်” ဘုရားဟုတွေ့ရ၏။ကျိုက်- ဘုရား၊ အသုတ် -အမတ်ကြီးဟု အဓိပ္ပါယ်ရ၏။ အသုတ်အမတ်ကြီးဘုရား ဟုဖွင့်ဆိုရမည်ဖြစ်၏။

သို့နှယ်ပင်အချို့ ပညာရှင် တို့က အသုတ်ဟူသည်မှာ ဆံတော်ဟု ဖွင့်ဆိုကြသဖြင့် “ဆံတော်ဘုရား” ဟု ခေါ်ဆိုနိုင်၏။ အချို့သမိုင်း ပညာရှင်တို့က ဥက္ကလာပမင်းကြီး ရွှေတိဂုံဆံတော်ရှင်တည်ထားရာ သိင်္ဂုတ္တရ ကုန်းတော်အားရှာဖွေစဉ်စုဝေးတိုင်ပင်ရာ ဌာနဖြစ်သဖြင့် “စုဝေးစေတီ”ဘွဲ့အမည် တွင်သည်ဟုလည်းဆိုကြ၏။

ဤကဲ့သို့ပင် အချို့က ဘဒ္ဒကမ္ဘာ၌ ပွင့်တော်မူမည့် ဘုရားရှင်တို့အားမှီလိုက်သည့် လေးဆူနတ်ကြီး တို့၏ စုဝေးနေရာ၌တည် ထားသောကြောင့် “လေးဆူစေတီ” ဟုခေါ်တွင် ကြသလို ကာလရွေ့လျားခဲ့ပြီး ပဋိလောမပြန်၍ “ဆူးလေစေတီ”ဟုခေါ်တွင်သည်ဆိုကြ၏။

မည်သို့ဖြစ်စေဆူးလေစေတီသည် ရွှေတိဂုံစေ တီတော်ကြီး ၏ တောင်ဘက်အရှေ့သို့စဉ်းငယ်ယွန်းသည့်တာ (၉၀၀) ခန့်အကွာ တောင်ကုန်း အမြင့်တွင် တည်သည်ကမူအမှန်ပင်ဖြစ်သည်။ ဆူးလေစေတီတော်၏ပရိဝှုဏ်အကျယ်အ၀န်းမှာ (၂.၁၈၁)ဧကရှိပြီးအရှေ့နှင့် အနောက်အလျားပေ (၃၂၂)ပေ တောင်မြောက် အလျားပေ(၂၉၁)ပေ၊ ရင်ပြင်တော်မှငှက်မြတ်နား စိန်ဖူးတော်အထိ ဉာဏ်တော်ပေ (၁၅၁)ပေအမြင့်ရှိသည်။

ဆူးလေစေတီတော်သည် ပန်းတင်ခုံဖိနပ်တော်မှစ၍ငှက်ပျောဖူးအထိ ရှစ်မြှောင်ကိုယ်ထည်ရှိသည်။ အရပ်ရှစ်မျက်နှာပူဇော်ခံရာအဖြစ် ရည်မှန်းဟန်တူသည်ဟု ဖွင့်ဆိုကြ၏။ ပန်း တင်ခုံ၊ ဖိနပ်ခုံ၊ရှစ်ထောင့်မှာ မဂ္ဂင်တရားရှစ်ပါးအားရည်မှန်း ခြင်းဖြစ်၏ကြာ၀န်းသုံးရစ်ပါရှိရာ ရတနာ သုံးပါးကို ညွှန်းသည်ဟု ဖွင့်ဆိုနိုင် ၏။

ခေါင်းလောင်း သပိတ်မှောက်မှာ အရိယာတို့၏ကျင့်စဉ်ဖြူစင်သည့်ဘ၀ကိုရည်မှန်းခြင်းဖြစ်၏။ ဖောင်းရစ်ကိုးရစ် ပါရှိနေခြင်းသည် လောကုတ္တရာကိုးပါးအားရည်မှန်းခြင်းဖြစ်၏။ကြာမှောက်ကြာလှန်၊ငှက်ပျောဖူးတော်၊ ငှက်မြတ်နားတော် တို့မှ ဗုဒ္ဓဓမ္မစက်တော်သန့် စင်မွန်မြတ်ခြင်းဟု လောကုတ္တရာတရားအလုံးစုံအား လောကီအမြင်နှင့် စပ်ဟပ်ပေါင်းစပ်ပြီး ရှေးခေတ်ဗိသုကာပညာရှင်များ တင်စားခဲ့ သည်ဟု ဆိုရမည်ဖြစ်၏။

သိဖွယ်မှတ်ဖွယ်များ

ဆူးလေစေတီတော်သည် အလောင်းမင်းတရားကြီး ရာမညတိုင်းအားသိမ်းပိုက်စဉ် ဒဂုံမြို့သို့ ၀င်ရောက် နားတော် မူသည့်အခါဒဂုံမြို့သည် ယာတောမြေအဖြစ်ရောက်နေပြီဆိုရမည်။ အလောင်းမင်းတရားကြီး သည် ၁၇၅၅-ခုနှစ်၌ ရွှေတိဂုံစေတီတော်အားဖူးမြင်ပြီး ရန်အပေါင်း ကုန်သော နိမိတ်အဖြစ် ဒဂုံမြို့အား ““ရန်ကုန်မြို့” ”ဟု ဘွဲ့မည်တပ်ပြီး မြို့သစ် တည်ခဲ့၏။ အလောင်းမင်းတရားတည်သည့် ရန်ကုန်မြို့သည် အကျယ် အ၀န်းအားဖြင့် (၁၁၁၉)တာခန့် ကျယ်၀န်း၏။

ရန်ကုန်မြို့အား သစ်တပ်မြို့အဖြစ်ကျုံး၊ မြောင်း၊တံခါး၊ ပြအိုး စသော မြို့အင်္ဂါနှင့် တည်ခဲ့သည်။ နယ်နိမိတ်အကျယ်အ၀န်းမှာ မြောက် ဘက်တွင် ဆူးလေဘုရား တောင်ဘက်တွင်ရန်ကုန်မြစ်၊ အရှေ့ဘက်၌ကုန်သည်လမ်း၀န်းကျင်၊ (ဂျူဒါအီစကယ်လမ်း) အနောက်ဘက်တွင် လမ်း(၃၀)သို့မဟုတ် စစ်ကဲမောင်ထော်လေးလမ်း ၀န်းကျင်ဖြစ်၏။ ထိုစဉ်က ဆူးလေစေတီတော်သည်သစ်တပ်မြို့ရိုး အပြင်တွင်ရှိပြီးရေပတ်လည်ဝိုင်းရံလျှက် ရှိသည်။

ကုန်းမြင့်ပေါ်မှ စေတီတစ်ဆူအဖြစ်ရှိနေ၏။ အလောင်းဘုရားမြို့တည်စက လူဦးရေ တစ်သောင်းခန့်သာ ရှိသော်လည်း ပင်လယ်ဆိပ်ကမ်းမြို့ဖြစ် ခဲ့သည်။

လူဦးရေတိုးတက်လာသည့် အလျှောက် ကူး သန်းရောင်း၀ယ်ရေးလုပ်ငန်းများကြီးထွားလာပြီး အချက်အခြာဒေသလည်းဖြစ်လာခဲ့၏။ မြန်မာသက္ကရာဇ် (၁၂၀၃)ခုနှစ်၊ ရွှေဘိုမင်း(ခ) ဟံသာ၀တီမင်း(ခ) ကုန်းဘောင်မင်း၊ အမရပူရမြို့တော်မှ ဒဂုံ(ရန်ကုန်)သို့ ကြည်းကြောင်းရေ ကြောင်းနှင့် မဟာဗျူဟာ နည်းဗျူဟာ အပြည့်နှင့် ကြွချီခဲ့၏။

ထိုစဉ်က ရွှေဘို(ခေါ်) သာယာ ၀တီမင်းနှင့် အလောင်းဘုရားတည်ထားခဲ့သည့် ရန်ကုန်မြို့အား တိုးချဲ့လျှက်အောင်မြေ ရန်နှင်း မြို့သစ် အဖြစ် ကမ္ဗည်းတင်ခဲ့သည်။ထိုအခါ ဆူးလေစေတီသည် မြို့သစ်နယ်နိမိတ်အတွင်းသို့ ရောက် ခဲ့၏။ ဆူးလေစေတီ၏ ၀န်းကျင်တွင် ရွံ့ဗွက်၊ရေအိုင် နှင့်တောချုံမျာ း ထူထပ်စွာပေါက်ရောက်နေ၏။

ဒီရေ အတက် အကျ ဖြစ်ပေါ်၍စေတီတော်၀န်းကျင်ကို ဒီရေလွှမ်းမိုးမှု ကျရောက်မှု ရှိခဲ့သည်။ စေတီအနီး၀န်းကျင်ရှိ ဗွက် တောများ အလယ်၌ပင် ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းများတည်ရှိခဲ့သည်ဟုဆို၏။ သစ်ပင်များ အုပ်အုပ် ဆိုင်းဆိုင်းရှိသဖြင့် ရေပြင်ကျယ်နှင့် ကြည်နူးဖွယ် အေးချမ်းနေသည်ဟုဆို၏။ ဆူးလေစေတီ၏အနောက်ဘက်စောင်းတန်းသည် ယခုတည်ရှိသည့် ဆက်သွယ်ရေးရုံးအထိရှိသည်ဟုဆို၏။

မြန်မာ သက္ကရာဇ် (၁၂၁၄)ခုနှစ် အင်္ဂလိပ်မြန်မာ ပထမစစ်ပွဲပြီးချိန်အထိ ဗန္ဓုလပန်းခြံ၏တောင်ဘက်ကျွန်းနေရာများသည် ရေလယ်ကျွန်းဖြစ်နေသည်။ ဆူးလေဘုရားသို့ကူးရန်ကျောက်တံတား တစ်ခုတည်ဆောက် ထားသည်ဟု အဆိုရှိ၏။ ရေလယ်ကျောင်းများယခင်က ဆူးလေလမ်းကိုလျှောတန်းလမ်း ဟု ခေါ်ခဲ့ပြီး နောင်တွင် ဆူးလေဘုရားလမ်းဟု ခေါ်တွင်ခဲ့သည်။ ကျောက်တံတားလမ်းဟု ခေါ်လည်းရှိ၏။

ထိုစဉ်က ဆူးလေစေတီတော်၏ အနောက်တောင်ဘက်မနီးမဝေးတွင်ကျိုက်မဲ သံကရော(ခေါ်) ကျိုက်မြတ်သံချိုစေတီနှင့်ရဟန္တာ သိမ်တော်ကြီးလည်းရှိသဖြင့်ဘုရားဖူးများ စည်ကားနေသည်ဟုဆို၏။ အင်္ဂလိပ်မြန်မာဒုတိယစစ်ပွဲအပြီး၌ အင်္ဂလိပ်တို့သည်ရန်ကုန်မြို့အား အစိုးရရုံးစိုက်ရာဟုသတ်မှတ်ခဲ့၏။ ထို့အတူကော်မရှင်နာမင်းကြီးဆာအာသာဖယ်ရာကား မြို့သစ်တည်ရန်အမိန့်နှင့်အတူတောင်ကုန်းဖြို ခြင်း။

အနိမ့်ပိုင်းမြေဖို့ခြင်း၊ လမ်းဖောက်ခြင်းများပြုခဲ့သလို စေတီပုထိုးများ၊ ဘုန်းတော်ကြီးကျောင်းများအား ဖြိုဖျက်ခဲ့သည်။ မြို့ကွက်နှင့် မလွတ်ဟု အကြောင်း ပြကာ ဆူးလေ၀န်းကျင်ရှိဘုန်းတော်ကြီးကျောင်း (၅၀)အား သရက်ဥယျာဉ်တည်ရှိရာသို့ ဖယ်ရှားပြောင်းရွှေ့ခဲ့၏။

အင်္ဂလိပ်နယ်ချဲ့တို့သည် ကျိုက်မြတ် သံချိုစေတီအား ဖြိုဖျက်ခဲ့ပြီးနောက် တဆင့်လှမ်းတက်ခါ ဆူးလေစေတီကြီးအားဖြိုဖျက်ရန် ကြိုးပန်းကြ ၏။ အာဏာပိုင်တို့အားဆူးလေစေတီသည် လမ်းဆုံလမ်းခွ တွင်ရှိသည့်စေတီဖြစ်သဖြင့်ဖြိုဖျက်သင့်သည် ဟု တင်ပြကြ၏။

သို့သော် အင်္ဂလန်တွင်ရှိသည့်ဝိတိုရိယ ဘုရင်မကြီးက `ဆူးလေစေတီသည် ထူပါစေတီဖြစ်သဖြင့်မတူးဖြို၊ မဖျက်ဆီးရ ဆူးလေစေတီအားကွေ့ပတ်သွားရမည်´ဟု အမိန့်ပြန်ကြားခဲ့သည်။ယင်းသို့ ပြန်ကြားသော်လည်း အင်္ဂလိပ်နယ်ချဲ့တို့သည် လုပ်ပိုင်ခွင့် အာဏာကို အသုံးပြု၍ ဆူးလေစေတီတော် ၀တ္တိကမြေဖြစ်သည့် ကုန်းတော်အောက်ခြေများအား တူးဖြိုဖဲ့ချကြသည်။မြေညှိပြီး ၀တ္တကမြေကို မြို့သစ်အတွင်းထည့်ခဲ့ကြသည်။

ထို့ကြောင့် ဆူးလေစေတီတော်သည် မှန်ကူကွက်သဏ္ဍာန် ကုန်းတော်ငယ်ဖြစ်နေခြင်းဖြစ်သည်။(((ဆူးလေစေတီတော်၏ခြေတော်ရင်း ပတ်လည်တွင်ရှိသည့်ဂန္ဓကုဋိတိုက်တန်ဆောင်းနှင့် စောင်းတန်းစသည့် သာသနိက အဆောက်အအုံများပျက်စီးခံခဲ့ရသည်။ နယ်ချဲ့အာဏာ ပိုင်များ၏စျေးပြိုင်စနစ်ဖြင့်ရောင်းချမှုကြောင့်ဗန္ဓုလပန်းခြံ(ယခင်ဖိုက်စကွဲယားပန်းခြံ) ဗလီကြီး၊ မြို့တော်ခန်းမ စသည့်အဆောက် အဦးများ ပေါ်ပေါက်ခဲ့ရ ခြင်းဖြစ်သည်။

ဆူးလေဘိုးဘိုးကြီးသမိုင်း

ဤဘဒ္ဒကမ္ဘာတွင် ပွင့်ခဲ့သည့် မြတ်စွာဘုရားရှင် လေးဆူအားမှီလိုက်သည့် သက်တော်ရှည် ““လေးဆူ နတ်ကြီး””ဟု သမိုင်းစဉ်များတွင် တွေ့ရသည်။ လေးဆူနတ်ကြီးသည် ရွှေတိဂုံစေတီတော်အား တည်ထား ကိုးကွယ်ရန် နေရာဖြစ်သည့်သိင်္ဂုတ္တရကုန်းမြေအား ညွှန်ပြပေးခဲ့သည့်ဘိုးဘိုးကြီးများအနက် တစ်ပါးဖြစ်သည်။

ယခင်က လေးဆူနတ်ကြီး ဟုလူသိများခဲ့ပြီး ထိုနေရာတစ်ဝိုက်တွင် နေထိုင်သူများ၏ ကိုးကွယ်ဆည်း ကပ်မှုကို ခံခဲ့ရသည်။ယုံကြည်မှုလွန်ကဲ သည့် မြန်မာလူမျိုးများသည်ယုံကြည်မှုနှင့်အတူ အားကိုးအားထားပြု ခဲ့သည်လည်းရှိသည်။ လုပ်ငန်းဆောင်တာ လုပ်ကိုင်ရာတွင်ဖြစ်စေ၊ အခက်အခဲ ကြုံခဲ့သည့်အခါတွင်ဖြစ်စေ၊လေးဆူနတ်ကြီးအား ပူဇော် ပသအဓိဋ္ဌာန် ပြုခြင်းများပြုလုပ်ခဲ့ကြသည် နှင့်အညီ အောင်မြင်မှုများစွာ ရခဲ့သည့်သာဓကများရှိခဲ့သည်ဟုအဆိုရှိခဲ့ပါသည်။

ထို့ကြောင့် လူအများသည် ဤလေးဆူနတ်ကြီးအား ထိုနေရာတွင်နတ်နန်းပြုလုပ်၍ ပူဇော်ခဲ့သည့် အစဉ်အ လာ ရှိခဲ့သည်။ရှေးသူဟောင်းတို့စကားလည်းရှိခဲ့ကြသည်။ အချို့၏စကားအရ လေးဆူနတ်ကြီးသည် ရန်ကုန်မြို့ လယ် အားပိုင်ဆိုင်သူဟု ဆို၏။အဓိဋ္ဌာန်နှင့် လုပ်ငန်းလုပ်၍ အောင်မြင်လျှင် တတ်နိုင်လျှင် တတ်နိုင်သလောက် ၀တ်လဲတော် ပုဆိုး၊အင်္ကျီပုဝါမှ အစ ငွေအသပြာတတ်နိုင်သ၍ ပူဇော်ကြသည်။

လေးဆူနတ်ကြီးသည် နတ်သက်ရှည်သူဖြစ်ပြီးကောင်းမှု ကောင်းကျိုးပြုသူဟုလည်းဆိုကြသည်။ လူအများသည် လေးဆူနတ်ကြီးသည် လူအများ၏အပူဇော်ခံ ဘ၀သို့ ရောက်ခဲ့ပြီး လေးဆူနတ်ကြီးနေထိုင်သည့်နယ်တွင် စေတီဘုရား တည်ထား ကိုးကွယ်သည့်အခါ ထိုစေတီဘုရား၌ လေးဆူနတ်ကြီးအားသီးခြား နန်းပြုလုပ်၍ပူဇော်ခဲ့ကြသည်။

“လေးဆူနတ်ကြီး” အားဆူးလေစေတီတော် အတွင်း၌ သီးခြားနန်းတည်ကိုးကွယ်၍ ကာလရှည်ကြာ ကိုး ကွယ်မှုကြာလာသည့်အခါ လူအများ၏စိတ်ထဲ၌ လေးဆူနတ်ကြီးအားဆူးလေ စေတီတော်အားအစွဲပြု၍ ““ဆူးလေဘိုးဘိုးကြီး”” ဟု ခေါ်တွင်လာခဲ့ကြသည်။ စင်စစ် လေးဆူနတ်ကြီးသည် လေးဆူနတ်ဟုခေါ်ခဲ့သော်လည်းသာမန်နတ်မျိုးနတ်နွယ် မဟုတ်၊ ဘဒ္ဒကမ္ဘာတွင် ပွင့်တော်မူသည့် ဘုရားရှင်များအား မှီလိုက်ေ သာ နတ်ပင်ဖြစ်သည်။

ရှေးသူဟောင်းအချို့က သူတော်စင်နတ်ဟုခေါ်ဆိုခဲ့ကြသည်။ မကောင်းသူပယ်၊ကောင်းသူကယ်ရ်ျ သာသနာအတွက် ဘ၀နာတရားကိုးစား သူဟုလည်းခေါ်ဆိုကြသည်။ ကောင်းမှုကောင်းကျိုးပြုသူများ၊ဘာသာသာသနာအကျိုးပြုသူများအား ဆောင်မမည်ဟု ဆို၏။ဆူးလေ ဘိုးဘိုးကြီး၏ နန်းထိမ်းတစ်ဦးကဆူးလေဘိုးဘိုးကြီးအား ““သက်တော်ရှည်သူတော်စင်နတ်မင်းကြီးတစ်ပါးပဲ၊ ဆူးလေဘိုးဘိုးကြီးဟာ ရန်ကုန်မြို့လယ်ကို ပိုင်စိုးထိမ်းသိမ်းထားသူ လည်းဖြစ်တယ်။

မြို့လည်တစ်ဝိုက်မှာလုပ်ငန်းလုပ်သူတွေ၊အားကိုးအားထားပြုတိုင်တည်အလုပ်လုပ်ရင်းအများကြီးအောင်မြင်ထမြောက်နိုင်တယ်”” ဟုဆို၏။ထို့အတူ နန်းထိမ်းဟောင်း ကြီးကဆူးလေဘိုး ဘိုးကြီးဟာဘာသာသာသနာအတွက် စောင့်ထိန်းသူဖြစ်လို့ ဘာသာသာသနာ အကျိုးပြုသူတွေက ပိုပြီးစောင် မကြည့်ရှုတယ်။ဆူးလေဘိုးဘိုးကြီးကိုတိုင်တည်အလုပ်လုပ်သူဟာ ကံငါးပါးလုံခြုံရမယ် ဟုဆိုခဲ့ကြသည်။

( New Of Myanmar Wesite မှ ကောက်နုတ်ဖော်ပြသည်။ )

Likes:
0 0
Views:
981
Article Categories:
HistoryKNOWLEDGE

Leave a Reply

Your email address will not be published. Required fields are marked *