တစ်ချိန်ကမြန်မာငွေစက္ကူပေါ်က လက်မှတ်ပိုင်ရှင်မောင်ကောင်းဆိုတာဘယ်သူလဲ? နှောင်းလူငယ်တွေ သိစေဘို့

တစ်ချိန်ကမြန်မာငွေစက္ကူပေါ်က မောင်ကောင်းဆိုတာ ၁၉၅၅ ခုနှစ်ဝန်းကျင်က မြန်မာ့ငွေသည် အလွန်တန်ဖိုးရှိခဲ့သည်။ ထိုစဉ်က အမေရိကန် တစ်ဒေါ်လာသည် မြန်မာကျပ်ငွေ ၆ကျပ်နှင့် ညီမျှသည်။မည်သည့်နိုင်ငံကိုသွားသွား အခြားငွေလဲစရာမလို မြန်မာကျပ်ငွေကို

ယူသွားပြီး သုံးစွဲနိုင်ပြီး ခိုင်မာတဲ့ငွေ (ငွေမာ) (Hard Currency) အဖြစ် ရပ်တည်ခဲ့ဖူးသည်။ ထိုခေတ် ထိုအခါက ငွေစက္ကူများပေါ်တွင် မြန်မာငွေ ကြေးဘုတ်အဖွဲ့ဝင်များဖြစ်သည့် မောင်ကောင်း စံလင်းဟူသောလက်မှတ်များကို တွေ့ရမည်ဖြစ်သည်။

မောင်ကောင်းဆိုသည်မှာ ပညာမင်းကြီး၊ ပထမဆုံးမြန်မာ့သမိုင်းကော်မရှင် ဥက္ကဌအဖြစ် ထမ်းဆောင်ခဲ့သည့် စည်သူ ဦးကောင်း ဖြစ်ပါသည်။ ဦးကောင်းအား ၁၉၀၄-ခုနှစ်၊ အောက်တိုဘာလ (၃၀)ရက်နေ့၌ ယစ်မျိုးမင်းကြီး ဦးဘသော်နှင့် ဒေါ်ကြင်မြိုင်တို့က

မြင်းခြံမြို့၌ ဖွားမြင်ခဲ့သည်။ အသက် ငါးနှစ်အရွယ်တွင် မြင်းခြံမြို့ ဘက်ပလစ်ကျောင်း၌ စတင်ပညာသင်ကြားခဲ့ပါသည်။ ရန်ကုန်မြို့သို့ပြောင်းရွှေ့လာပြီးနောက် ကူရှင်အထက်တန်း ကျောင်း၊ စိန့်ပေါလ် အထက်တန်းကျောင်း (ယခု အ.ထ.က(၆)ဗိုလ်တထောင်) တွင် ပညာဆက်လက် ဆည်းပူးခဲ့ပါသည်။

၁၉၂၀-ပြည့်နှစ်တွင် အစ်ကိုဖြစ်သူ ဦးဘဦး၏ ထောက်ပံ့မှုဖြင့် အင်္ဂလန်နိုင်ငံ၊ ဆမ်းမားဆက်ပြည်နယ် တွန်တန်ဘုရင့်ကောလိပ် သီးသန့်အထူးပညာသင်ကျောင်း (Taunton Public School, Somerset)၌ ပညာဆက်လက် ဆည်းပူးခဲ့သည်။

၁၉၂၂-ခုနှစ်တွင် လန်ဒန် မက်ထရစ်စာမေးပွဲကို ဂုဏ်ထူး ငါးဘာသာဖြင့် အောင်မြင်ခဲ့သည်။ ၁၉၂၃-ခုနှစ်တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာပြီး ရန်ကုန်တက္ကသိုလ်၌ ဥပစာ ဒုတိယနှစ်မှ စတင်သင်ယူခဲ့ရာ သုံးနှစ်ကြာသင်ယူပြီးနောက် ၁၉၂၆-ခုနှစ်တွင် ဘီအေဘွဲ့(အင်္ဂလိပ်စာ ဂုဏ်ထူး)၊

၁၉၂၉-ခုနှစ် နှစ်နှစ်အကြာတွင် မဟာဝိဇ္ဇာ(ပညာရေး)ဘွဲ့ ရရှိခဲ့သည်။ ရန်ကုန်တက္ကသိုလ်၌ အင်္ဂလိပ်ဘာသာနှင့် စာပေအထက်တန်း နည်းပြဆရာအဖြစ် ဆောင်ရွက်နေစဉ်အတွင်း နိုင်ငံခြား ပညာတော်သင်ဆုကို ရရှိကာ လန်ဒန်တက္ကသိုလ် ဘုရင့်ကောလိပ်တွင် တစ်နှစ်ပညာသင်ကြားခွင့် ရရှိခဲ့ပါသေးသည်။

ထို့နောက်အစိုးရအထက်တန်းကျောင်းအုပ် လက် ထောက်ပညာဝန်၊ ပညာဝန်၊ ရန်ကုန်အစိုးရအထက် တန်းကျောင်း (ယခု လသာအ.ထ.က-၁)တွင် ကျောင်းအုပ်ဆရာကြီး၊ ပညာရေး အရာရှိချုပ် စသည်ဖြင့် ပညာရေးနယ်ပယ်မှ တာဝန်အသီးသီးကို ထမ်းဆောင်ခဲ့သည်။

၁၉၄၆-၄၇ ခုနှစ်တွင် တွဲဘက်လက်ထောက်ပညာမင်းကြီး၊ လွတ်လပ်ရေးကာလတွင် အင်္ဂလန်နိုင်ငံပညာတော်သင်များအတွက် အကြံပေးအရာရှိအဖြစ် ထပ်မံ အမှုထမ်းခဲ့ရသည်။ ထို့ပြင် အင်္ဂလန်နိုင်ငံရှိ မြန်မာသံရုံး ပညာရေးသံမှူးအဖြစ်လည်း တာဝန်ထမ်း ဆောင်ခဲ့ရသည်။

အင်္ဂလန်နိုင်ငံတွင် တာဝန်ထမ်းဆောင်စဉ် ၁၉၄၇-၄၉ ခုနှစ်၌ မြန်မာနိုင်ငံတော် ငွေကြေးဘုတ်အဖွဲ့ဝင်အဖြစ်ခန့်အပ်ခံရကာ ငွေစက္ကူ များပေါ်တွင် `မောင်ကောင်း´ ဟူ၍ လက်မှတ်ရေး ထိုးခဲ့ရပါသည်။ ၁၉၅၁ ခုနှစ်တွင် ပြည်ထောင်စုမြန်မာနိုင်ငံတော် ပညာမင်းကြီးအဖြစ် ရာထူးတိုးမြှင့်ခန့်အပ်ခံခဲ့ရပါသည်။

ဦးကောင်းသည်ပညာရေး ဝန်ထမ်းတဦးအနေဖြင့်လည်း မြန်မာနိုင်ငံ တက္ကသိုလ်ဖွဲ့စည်းရေးကော်မတီ အတွင်းရေးမှူး(၁၉၄၆-၄၇)၊ ယူနက်စ် ကိုပညာရေးမစ်ရှင်အဖွဲ့ အကြံပေးအရာရှိ (၁၉၅၀-၅၁)အဖြစ်ပါ တာဝန်ယူခဲ့ရပါသည်။ ရာထူးနေရာအမျိုးမျိုးတွင်ထူးချွန်စွာထမ်း ဆောင်နိုင်ခဲ့ သူဖြစ်သည်နှင့်အညီ ၁၉၅၃ ခုနှစ်တွင် ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရက ပညာမင်းကြီးအား ‘စည်သူ’ ဘွဲ့ပေးအပ်ခြင်းကို ခံခဲ့ရသည်။

မြန်မာနိုင်ငံတွင်သမိုင်းကော်မရှင်အား ဖွဲ့စည်းပြီးနောက် ပထမဆုံး ဥက္ကဋ္ဌအဖြစ် ခန့်အပ်ခံခဲ့ရပြန်သည်။ ဦးကောင်း ရေးသားခဲ့သည့် စာအုပ်များအနက် ဗြိတိသျှတို့ မသိမ်းပိုက်မီနှင့် သိမ်းပိုက်ပြီးခေတ် မြန်မာနိုင်ငံ ပညာရေး သမိုင်း” ၊ “မြန်မာကျောင်းများတွင် စာစီစာကုံး သင်ကြားနည်း”၊

“မြန်မာနိုင်ငံ တက္ကသိုလ် ဖွဲ့စည်းရေး ကော်မတီ အစီရင်ခံစာ (၁၉၄၇)”၊ “မြန်မာနိုင်ငံ ပညာရေး ရှစ်နှစ် (၁၉၄၇-၅၅) အစီရင်ခံစာ” စသည်တို့မှာ ထင်ရှားခဲ့၏။ ၁၉၅၇ ခုနှစ်တွင်ကျင်းပမည့် သတ္တမတန်းစာမေးပွဲမေးခွန်းများကို လုံခြုံစိတ်ချမှုရှိစေရန်အတွက် အိန္ဒိယနိုင်ငံ ကာလကတ္တားမြို့၌ပုံနှိပ်ရေးကိစ္စကိုပညာရေးမင်းကြီးဦးကောင်းက တာဝန်ယူ ဆောင်ရွက်ခဲ့ရ၏။

သို့ဖြစ်၍ ပညာမင်းကြီး ဦးကောင်း အိန္ဒိယနိုင်ငံသို့ သွားရောက်ခဲ့ရသည်။ ၁၉၅၇ ခုနှစ် ဖေဖော်ဝါရီ ၁၄ရက်နေ့တွင် ယူနက်စကို ဒါရိုက်တာ တစ်ဦး၏ ကားဖြင့် ပညာမင်းကြီး ဦးကောင်း ကာလကတ္တားမြို့တွင်းသို့ လိုက်ပါသွားစဉ်

မရိုးလမ်းနှင့် ချောင်ရင်ဂီ လမ်းထောင့်တွင် မြူနှင်းများ ထူထပ်စွာကျ ရောက်နေမှုကြောင့် ကားက လမ်းဘေး သံတိုင်အား အရှိန်ပြင်းစွာ ဝင်ရောက် တိုက်မိသွား၏။ ကားမောင်းသူ ကိုယ်စားလှယ်မှာ ဒဏ်ရာအနည်းငယ်သာ ရရှိသော်လည်း ပညာမင်းကြီးဦးကောင်းမှာမူ ဒဏ်ရာပြင်းထန်စွာ ရရှိသွားခဲ့သည်။

နံရိုးသုံးချောင်း ကျိုးသွားသဖြင့် ကာလကတ္တား ဆေးရုံသို့ တက်ရောက် ကုသခဲ့ရ၏။ ဒဏ်ရာမှာ ပြင်းထန်လှသည့် အလျောက် ၁၉ ဖေဖော်ဝါရီ ၁၉၅၇ တွင် ပညာမင်းကြီး ဦးကောင်း ကာလကတ္တားမြို့၌ ကွယ်လွန်သွားပါသည်။ နောက်တနေ့တွင် ပညာမင်းကြီး ရုပ်ကလာပ်အား ရန်ကုန်သို့ လေယာဉ်ဖြင့် သယ်ယူပြီး မြန်မာနိုင်ငံ ရန်ကုန်မြို့၌ သဂြိုလ်ခဲ့၏။

ပညာမင်းကြီး ဦးကောင်းကွယ်လွန်စဉ် ဇနီးဒေါ်သိန်းသားဦးသော်ကောင်း (နောင် တက္ကသိုလ်များ ဗဟို စာကြည့်တိုက်မှူး)၊ သမီး ဒေါ်ရီမေကောင်း၊ ဒေါ်ကြည်မေကောင်းတို့ ကျန်ရစ်ခဲ့ကြပါသည်။ ပညာမင်းကြီး ဦးကောင်း၏သား ဆရာကြီး ဒေါက်တာ (ဦး) သော်ကောင်း မှာ ဖူကူအိုကာဆုရ စာကြည့်တိုက် ပညာရှင်တဦး ဖြစ်ပါသည်။

ပညာမင်းကြီးဦးကောင်း သည် မြန်မာနိုင်ငံသမိုင်းကော်မရှင်၏ ဥက္ကဋ္ဌ ဖြစ်ခဲ့သကဲ့သို သားဖြစ်သူ ဆရာကြီး ဒေါက်တာ ဦးသော်ကောင်း မှာလည်း ၁၆ ဇန်နဝါရီ ၂၀၀၂ မှ စ၍ မြန်မာနိုင်ငံ သမိုင်း ကော်မရှင် အချိန်ပြည့် အဖွဲ့ဝင် ဖြစ်လာခဲ့သည်။

ဆရာကြီး စည်သူဒေါက်တာသော်ကောင်းသည် ၂၀၁၆ ခုနှစ် ထွန်းဖောင်ဒေးရှင်း တစ်သက်တာစာပေဆုရှင်အဖြစ် ရွေးချယ်ချီးမြှင့် ခြင်းခံရ သည်။ စာအုပ်စာပေ နှင့် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ဖို့အရေး ကြိုးပမ်းနေသည် ဒေါက်တာ သန့်သော်ကောင်းမှာ ဦးကောင်း၏ မြေး ဖြစ်ပါသည်။

ပညာမင်းကြီး ဦးကောင်းသည် မြန်မာ့ပညာရေးလောကတွင် ထူးခြားသော အယူအဆတစ်ရပ် ရှိသူဖြစ် သည်။ ဦးကောင်း၏ ပညာရေးအယူ အဆတစ်ရပ်မှာ စာမေးပွဲအတွက်သာ ဦးစားပေးသော ပညာရေးမျိုး မဟုတ်ဘဲ အသိပညာကြွယ်ဝမှုနှင့်ဘက်စုံပညာတတ်ကျွမ်းမှုတို့ကို အလေးထားအားပေးသော အယူအဆဖြစ်ပါသည်။

ပညာမင်းကြီး ဦးကောင်းက ပညာသင်ကြားခြင်းသည် ကျောင်းနေစဉ်သာမဟုတ် ဘဝတစ်လျှောက်လုံးအတွက် ဖြစ်ရမည်ဟု မိန့်ဆိုခဲ့သည်။

Myanmar Wikipedia

Likes:
0 0
Views:
1658
Article Categories:
HistoryKNOWLEDGE

Leave a Reply

Your email address will not be published. Required fields are marked *