စကစ ပြည်ထဲရေးဝန်ကြီး၏ဇနီး ဒေါ်နီလာစိန် နေပြည်တော်တွင် ထင်တိုင်းကြဲနေ

မင်းအောင်လှိုင် လက်ကိုင်တုတ် ပြည်ထဲရေးဝန်ကြီး စိုးထွဋ်၏ ဇနီးဒေါ်နီလာစိန်မှာ ယောကျ်ား၏ အရှိန်အဝါဖြင့် ပြည်ထဲရေးလက်အောက်ရှိ ဝန်ထမ်းများအပေါ် မတရားသဖြင့် အနိုင့်ကျင့်၊ ဗိုလ်ကျနေကြောင်း ပြည်ထဲရေးဝန်ကြီးဌာနအောက်ရှိ ဝန်ထမ်းများက သတင်းပေးလာခဲ့ပါသည်။

ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေအစား ပြည်ထဲရေးဝန်ကြီးအဖြစ် အစားထိုးခန့်အပ်ခဲ့သည့် ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်၏ ဇနီးဖြစ်သူ ဒေါ်နီ လာစိန်မှာ လက်ရှိအချိန်တွင် ပြည်ထဲရေးဝန်ကြီး ဌာန နာမည်သုံး၍ ပျော်ပွဲ၊ ရွှင်ပွဲနှင့် အားကစားပွဲများ ကျင်းပခြင်းကို ကိုယ်တိုင်ဦးစီးနေသူ ဖြစ်သည်။

ပြည်ထဲရေးနာမည်အောက်မှ ကျင်းပသည့် ပျော်ပွဲ ရွှင်ပွဲများနှင့် အမျိုးသမီးရေးရာဆိုင်ရာ ကိစ္စရပ်များကို ကိုယ်တိုင်ကြီးကြပ်နေပြီး ယင်းပွဲများကို နေပြည်တော်တွင် အဓိကထား ပြုလုပ်နေခြင်းလည်း ဖြစ်သည်။

အထူးသဖြင့် နေပြည်တော်က ဝန်ထမ်းတွေက ပိုပင်ပန်းကြတယ်။ ရှိသမျှပွဲတွေမှာ ဧည့်ခံပြီး စားပွဲထိုးလုပ်ပေးနေရတယ်” ဟု သတင်းပေးလာသူ တစ်ဦးက ‌ေ‌‌ပြာပါသည်။

ထို့ပြင် ဒေသအသီးသီးရှိ ပြည်ထဲရေးဝန်ကြီးဌာနအောက်မှ ဝန်ထမ်းအမျိုးသမီးများနှင့် အမျိုးသားဝန်ထမ်းများ၏ ဇနီးများကို မယူမနေရ အင်္ကျီရောင်းချနေကြောင်းလည်း သိရသည်။ ယင်းအင်္ကျီများမှာ ၎င်းကိုယ်ပိုင်ဖွင့်လှစ်ထားသည့် ဆိုင်များတွင် ဝယ်ယူရခြင်းဖြစ်သည်ဟု ဆိုပါသည်။

“ရဲ၊ အကျဉ်း (ဦးစီး)၊ ထွေအုပ်၊ မီးသတ်၊ စသုံးလုံးက အမျိုးသမီးဝန်ထမ်းတွေ၊ ဇနီးတွေကို ရောင်းတာပေါ့။ ပွဲရှိရင် ဝတ်ရမယ်ဆိုပြီး ပိတ်စတွေ ဝယ်ရတာ။ သင်္ကြန်တုန်းကလည်း အကပြိုင်ပွဲတွေ လုပ်ခိုင်းသေးတယ်။ ဌာနအချင်းချင်းပြိုင်ရတယ်” ဟု သတင်းပေးလာသူက ဆိုပါသည်။

သတင်းပေးလာသူ နောက်တစ်ဦး၏ အဆိုအရမူ “ရာထူးကြီးလေ တန်ဖိုးကြီးတဲ့ ပိတ်စကို ဝယ်ရလေပဲ” ဟုဆိုခဲ့ပါသည်။

ထို့ပြင် ဒေါ်နီလာစိန်က ရာထူးအကြီးပိုင်း ဝန်ထမ်းများ၏ အမျိုးသမီးများကို သီးသန့် Viber ဂရုဖွဲ့ထားပြီး ၎င်းလိုအပ်သည်များကို လုပ်ဆောင်ရန် ညွှန်ကြားနေသည်ဟု သိရသည်။ ကဆုန်လပြည့်နေ့ ညောင်ရေသွန်းပွဲကို စီစဉ်ခဲ့သူမှာလည်း ဒေါ်နီလာစိန်ပင် ဖြစ်သည်။

ပြည်ထဲရေးဝန်ကြီးဌာနမှ ဝန်ထမ်းအမျိုးသမီးများနှင့် ဝန်ထမ်းများ၏ အမျိုးသမီးများ ပဌာန်းရွတ်ရခြင်းမှာလည်း ဒေါ်နီလာစိန်က စီစဉ်နေခြင်းဟု သတင်းပေးလာသူဝန်ထမ်းများက ဆိုကြသည်။
.
ပြီးခဲ့သည့် မေလကုန်မှ စတင်ကာ ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ရှိဝန်ထမ်းများကို ရာထူးကြီးငယ်အလိုက် ၅၀၀ ကျပ် မှ ၇၀၀ ကျပ်ထိ လစဉ်ဖြတ်တောက်နေသည်ဟုလည်း သိရသည်။ “လစာထဲက ၅၀၀ ဖြတ်တာ၊ ဝန်ထမ်းအများကြီးဆိုတော့ သိန်းရာချီပြီး လတိုင်း သူတို့ ရနေမှာ” ဟု သတင်းပေးလာသူက ဆိုသည်။

(ဓာတ်ပုံ – ဧပြီ ၁၇ ရက် နေပြည်တော်ရှိ ငါးလွှတ်ပွဲတွင် တွေ့ရသည့် ဒုဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့် ဇနီး ဒေါ်နီလာစိန်)

Likes:
0 0
Views:
911
Article Categories:
NEWS

Leave a Reply

Your email address will not be published. Required fields are marked *