မဟာမိတ်များနှင့် ဆက်သွယ်ရန် ကြိုးစားခြင်း

“မဟာမိတ်များနှင့် ဆက်သွယ်ရန် ကြိုးစားခြင်း”

ဂျပန်ခေတ်ဦးအခြေအနေ

သခင်စိုးသည် သခင်သန်းထွန်း၊ ဗိုလ်ချုပ်အောင်ဆန်းတို့နှင့် တိုင်ပင်ပြီး ကိုသိန်းဖေနှင့် သခင်တင်ရွှေတို့အား အိန္ဒိယနိုင်ငံသို့ စေလွှတ်ရန် ဆုံးဖြတ်ခဲ့သည်။ ထိုအချိန်တွင် ဂိုရှယ်၊ မစ္စတာနာ့တ်၊ မစ္စတာဒေး အစရှိသော ကုလားရဲဘော်များသည် မန္တလေးထောင်မှ ထွက်လာရပြီး နောက် သခင်စိုးတို့နှင့် လူစုခွဲကာ ၁၉၄၂ခုနှစ်၊ မေလ ၁ ရက်၌ အိန္ဒိယပြန်ရန် မုံရွာဘက်သို့ ထွက်ခွာသွားကြပြီဖြစ်သည်။

မူကာဂျီမှာမူ ကုလားရဲဘော်များနှင့် လိုက်မသွားဘဲ ကျန်ခဲ့သည်။ ကုလားရဲဘော်များ၏ နိုင်ငံရေးအယူအဆမှာ ဂျပန်ဖက်ဆစ်ကိုလည်း တိုက်မည်၊ အင်္ဂလိပ်နယ်ချဲ့သမားများကိုလည်း တော်လှန်ပုန်ကန်မည်ဟူသော အယူအဆပင်ဖြစ်သည်။

မြန်မာနိုင်ငံကို ဂျပန်က သိမ်းပိုက်လိုက်သောအခါကုလားရဲဘော်များ၏ နိုင်ငံရေးအယူအဆမှာ ဆောင်ရွက်ရန်အခွင့်မသာတော့ပေ။ ဂျပန်သိမ်းပိုက်ထားသော မြန်မာနိုင်ငံသည် ကုလားရဲဘော်များ၏ စစ်မျက်နှာနှစ်ဖက်ဖွင့် တိုက်ခိုက်ရမည့် သေနင်္ဂဗျူဟာနှင့် မကိုက်ညီတော့ပေ။

ယင်းတို့၏ သေနင်္ဂဗျူဟာကို ကျင့်သုံးရန် အိန္ဒိယနိုင်ငံသာလျှင် လုံခြုံမှုရှိမည်ဟု ယူဆသောကြောင့် ထွက်ခွာသွားကြခြင်း ဖြစ်သည်။ သခင်စိုးသည် တရုတ်များနှင့် ဆက်သွယ်ကြည့်ရာတွင် အဆင်မပြေသဖြင့် အိန္ဒိယနိုင်ငံရှိ မဟာမိတ်များနှင့် ဆက်သွယ်ရန် ကြိုးစားလာသည်။ ဂျပန်သိမ်းပိုက်ပြီးခါစ မြန်မာနိုင်ငံ၏အခြေအနေမှာလည်း များစွာဆိုးရွားလျက်ရှိသည်။

ဂျပန်တို့သည် မော်လမြိုင် ကိုသိမ်းပြီးပါက မြန်မာ့လွတ်လပ်ရေးကိုကြေညာပေးမည်ဟု ကတိထားခဲ့သော်လည်း ဗိုလ်ချုပ်အောင်ဆန်းနှင့် တပ်မတော်ခေါင်းဆောင်များက လွတ်လပ်ရေးကြေညာပေးရန် တောင်းဆိုသောအခါ မြန်မာတစ်နိုင်ငံလုံးသိမ်းပြီးမှ ကြေညာသင့်သည်ဟု အကြောင်းပြကာ ငြင်းပယ်ခဲ့သည်။ ဘီအိုင်အေတပ်မတော်ကိုလည်း လူသုံးထောင်ခန့်မျှဖြင့် ကန့်သတ်ထားလိုခဲ့သည်။ သို့သော် ဘီအိုင်အေအင်အား များစွာတိုးလာသဖြင့် ချုပ်ချယ်ဖိနှိပ်မှုများ ပြုလုပ်လာသည်။

အင်္ဂလိပ်ခေတ်တွင် အင်္ဂလိပ်အလိုတော်ရိလုပ်ခဲ့သူများမှာလည်း ဂျပန်ခေတ် တွင် ဂျပန်အလိုတော်ရိများအဖြစ် သခင်များကို ချောက်တွန်းခြင်း၊ သူခိုးဓားပြများမွေး၍ ဘီအိုင်အေ နာမည်ဖျက်ခြင်းများ ပြုလုပ်လာကြသည်။

သခင်များစွာမှာ ဂျပန်စစ်ပုလိပ်တို့၏ သတ်ဖြတ်ခြင်းကို ခံရသည်။ ထို့ကြောင့် ဗိုလ်ချုပ်အောင်ဆန်းသည် ဗမာ့ လွတ်လပ်ရေးတပ်မတော်၏ ဂုဏ်သိက္ခာအတွက် အောက်ပါအမိန့်ကို ထုတ်ပြန်ခဲ့သည် –

‘ဗမာ့လွတ်လပ်ရေးတပ်မတော်၏ ရည်ရွယ်ချက်သည် ဗမာ့လွတ်လပ်ရေးဖြစ်သည်။ ဤတပ်သည် ရှမ်း၊ ကရင်၊ ကချင်၊ ချင်း စသည့် ဗမာတစ်မျိုးသားလုံးအတွက် ဖြစ်သည်။ ထို့ကြောင့် တပ်မတော်ကို အမျိုးမျိုးကူညီကြပါ။

ဗမာ့တပ်မတော်က မြို့ရွာများကို စောင့်ရှောက် ကာကွယ်နေသည်။ သေနတ် လက်နက်ရှိသူများ တပ်မတော်သို့ အပ်နှံကြ။ ရှေးက အင်္ဂလိပ်အစိုးရထံ ကလဲ့စားချေမည့်သူများကို ကလဲ့စားချေမည့်ဆန္ဒမရှိ။ တိုင်းရင်းသားလူနည်းစုများအား ညီရင်းအစ်ကိုကဲ့သို့ သဘောထားမည်။

လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်ရှိသည်။ ဗဟိုအစိုးရမဖွဲ့မီ အခွန်မကောက်ရ၊ ကြွေး မပေးရ။ ဂျပန်ငွေစက္ကူနှင့် အင်္ဂလိပ်လက်ထက် ဗမာငွေစက္ကူများ အသုံးပြုနိုင်သည်။ ဗမာ့တပ်မတော်သားများ၏ အပြုအမူကို တိုင်ကြားလိုပါက တပ်မတော်တပ်ခွဲများရှိရာတွင် တိုင်ကြားနိုင်သည်။ ဗမာ့လွတ်လပ်ရေးတပ်မတော်သည် ကြမ်းပိုး၊ သူခိုး၊ ဓားပြတပ်မျိုးမဟုတ်။

မျိုးချစ်စစ်တပ်ဖြစ်သည်။ ခိုးဝှက်လုယက်သူများ၊ မတော်မတရားပြုလုပ်သူများကို စစ်ဥပဒေအရ အရေးယူမည်။ လွတ်လပ်ရေးကို လုပ်မှရမည်၊ ထိုင်နေ၍မရနိုင်၊ ဗမာတိုင်းနားလည်၍ စည်းလုံးညီညွတ်စွာ ကြိုးစားဆောင်ရွက်ကြရမည်’ စသည်ဖြင့်ပါရှိပြီး ကြေညာချက်အောက်တွင် ပုံ၊ ဗိုလ်ချုပ် ဗိုလ်တေဇ၊ ဗမာ့လွတ်လပ်ရေးတပ်မတော်မှူးချုပ် လက်မှတ်ရေးထိုးထားသည်။

ဗိုလ်ချုပ်အောင်ဆန်းသည် သခင်နု၊ ဗိုလ်လကျာ်တို့နှင့်အတူ မေမြို့တွင် ဒေါက်တာဘမော်နှင့် အစိုးရဖွဲ့စည်းရေး ဆွေးနွေးပြီး ဗဟိုအစိုးရပြင်ဆင်ရေး ကော်မတီ ဖွဲ့စည်းခဲ့သည်။

ဂျပန်ကဖွဲ့စည်းပေးသော ဗဟိုအုပ်ချုပ်ရေးအဖွဲ့တွင် ဗိုလ်ချုပ်အောင်ဆန်းမပါဝင်ဘဲ ဒေါက်တာဘမော်၊ သခင်မြ၊ သခင်နု၊ သခင်ဗစိန်၊ သခင်ထွန်းအုပ်၊ ဒေါက်တာသိမ်းမောင်၊ ဓားမဦးဘသိန်း၊ ဗန္ဓုလဦးစိန်၊ ဦးလှဖေနှင့် ဦးဘဘေတို့ ပါဝင်ကြသည်။ ဂျပန်တပ်များ၏ ဗိုလ်ချုပ်ဖြစ်သူ ဂျင်နရယ်အီးဒါးက ဗမာ့လွတ်လပ်ရေးတပ်မတော်အား အုပ်ချုပ်ရေးကိစ္စ တွင် ဝင်မစွက်ရန် တားမြစ်ခဲ့သည်ဟု ဆိုသည်။

သခင်စိုးသည် မန္တလေးထောင်မှ လွတ်မြောက်ကတည်းက ဂျပန်များနှင့် ဆက်သွယ်မှုမရှိဘဲ လျှို့ဝှက်စွာသာ နေထိုင်လှုပ်ရှားခဲ့သည်။ ရောက်သည့်နေရာတွင် စည်းရုံးရေးလုပ်ငန်းကို ဆောင်ရွက်လျက်ရှိရာ ဖက်ဆစ်ဂျပန်တို့ကို မုန်းတီးနေသော မျိုးချစ်ပုဂ္ဂိုလ်များသည် သခင်စိုး၏ ဖက်ဆစ်ဆန့်ကျင်ရေးသဘောထားကို လက်ခံယုံကြည်လာကြသည်။ ဗိုလ်သိန်းတန်၊ သခင်လှထွန်း၊ သခင်တင်ဦး(မကွေး)နှင့် သခင်တင်မြတို့သည် သခင်စိုးရေးသားသည့် မြင်းခြံစစ်တမ်းနှင့် ဖက်ဆစ်ဆန့်ကျင်ရေးစာရွက်စာတမ်းများကို ကူးယူ၍ လျှို့ဝှက်စွာ ဖြန့်ဝေပေးကြရသည်။

Credit to original writing

Likes:
0 0
Views:
1027
Article Categories:
KNOWLEDGE

Leave a Reply

Your email address will not be published. Required fields are marked *