ပျူခေတ် ဘာသာရေး အဆောက်အအုံတွေ အကြောင်း

ပျူရှေးဟောင်းမြို့တွေကို တူးဖော်သုတေသနပြုကြတဲ့အခါ တူးဖော်ရရှိခဲ့တဲ့ အဆောက် အအုံအမျိုးအစားတွေကို တူးဖော်ရရှိတဲ့ အဆောက်အဦပန္နက်ပုံစံ၊သူနဲ့ပူးတွဲပြီး မြေလွှာ တွေအတွင်းတည်ရှိနေတဲ့အခြားအထောက်အထားတွေနဲ့ အဆောက်အဦတည်ရှိနေတဲ့ တည်နေရာတွေကို လေ့လာပြီး မြို့ရိုးအရံအတား(fortification)၊ မြို့ဝင်ပေါက်(gateway)၊ ဘာသာရေးနဲ့ထုံးတမ်းဓလေ့ (religious and ritual structure )၊ လူနေအိမ် (residential structure )နဲ့ သချိုင်းကုန်း(burial site)ဆိုပြီးခွဲခြားထားပါတယ်။

အဲဒီထဲကမှ ပျူခေတ်ဘာသာရေးအဆောက်အုံ တွေဟာ ပျူမြို့ဟောင်းတွေကိုတူးဖော်တိုင်း မြို့ရိုးအတွင်း အတွေ့ရအများဆုံး အဆောက်အဦပန္နက်လို့ ဆိုရမှာဖြစ်ပါတယ်။ ဘာဖြစ်လို့ လည်းဆိုရင် ပျူခေတ် လူမှုအဖွဲ့အစည်းဟာ မြို့ရိုး၊နန်းတော်နဲ့ဘာသာရေး အဆောက်အအုံတွေ ကို တည်ဆောက်ကြရာမှာ အုတ်အဆောက်အဦသာအသုံးပြုခဲ့ကြလို့ပါပဲ။ သာမန်လူတန်းစားနဲ့ နန်းတော်အဝန်းအဝိုင်းပြင်ပနေ လူတွေကတော့ သူတို့နေထိုင်ကြရာအဆောက်အအုံတွေကို သစ်တွေ ၊ ဝါးတွေနဲ့သာ တည်ဆောက်ခဲ့ကြပါတယ်။

ဒါကြောင့် ရှေးဟောင်းမြေကုန်းတွေရဲ့ အပေါ်ရံမျက်နှာပြင်တွေကို ပဏာမ ကွင်းဆင်းလေ့ လာရင် အုတ်ခဲကျိုးတွေကုန်းအနှံ့အပြားပွနေပြီး အိုးခြမ်းကွဲ အနည်းငယ် သို့မဟုတ် လုံးဝမ တွေ့ရရင် အဲ့ဒီကုန်းထဲက အဆောက်အဦဟာ ဘာသာရေးအဆောက်အုံအဖြစ် အသုံးပြုခဲ့ တယ်ဆိုတာ သေချာသလောက်ရှိပါတယ်။

ဒါမှမဟုတ်အုတ်စအုတ်န နည်းနည်းပဲတွေ့ရပြီး ကုန်းကလည်းသိပ်မမြင့် မြေမျက်နှာပြင်မှာ အိုးကွဲတွေမြောက်များစွာ တွေ့ရမယ်ဆိုရင်တော့ ဒါက သချိုင်းဖြစ်ချင်ဖြစ်မယ် ၊ ဒါမှမဟုတ် ဘာသာရေးနဲ့ပတ်သက်တဲ့ အခမ်းအနားအမြဲအသုံးပြုခဲ့ပုံရတဲ့အဆောက်အအုံပါပဲ။

ဒါကို ပိုပြီးတိကျအောင် ကုန်းမျက်နှာပြင်က အိုးခြမ်းကွဲတွေကို လိုက်ကောက်ပြီး အမျိုးအစားခွဲ ခြင်းဖြင့် အိုးကွဲတွေရဲ့အပေါ်က ဒီဇိုင်းလက်ရာ ပုံစံ ဖွဲ့စည်းမှု ၊ အရည်အသွေးစသည်တို့ဟာမြေ ကုန်းထဲက အဆောက်အဦးရဲ့အသုံးပြုခဲ့မှုကို စာအုပ်အထူကြီးဖွင့်မဖတ်မီမာတိကာလှန်ကြည့် ခြင်းဖြင့်စာအုပ်အတွင်းထဲ ဘာတွေရေးသားထားသလဲဆိုတာကို အလွယ်တကူသိရှိနိုင်ပါတယ်။

ပျူခေတ်မှာ ဘာသာရေးအဆောက်အအုံတွေကို တစုတဝေးထဲလုပ်လေ့ရှိပါတယ်။ ဥပမာ ဗိဿနိုးမြို့ဟောင်းမှာဆိုရင် မြောက်ဘက်မှာ၊ သရေခေတ္တရာမှာဆို တောင်ဘက်မှာ၊ မိုင်းမောမှာ ဆို အရှေ့ဘက်မှာ ၊ ဟံလင်းကတော့ မြို့အလယ်နဲ့ အရှေ့ဘက်မှာ တည်ရှိနေကြပါတယ်။

တည်ဆောက်မှုအနေနဲ့ အကြမ်းဖျဉ်း၄မျိုးလောက်တွေ့ရပါတယ်။ ပထမတစ်မျိုးကစေတီပုံစံ အနိမ့်တူးလို့ကျန်တာကယခင်မြေကြီးထဲရှိနေတဲ့အပိုင်းသာ တူးဖော်လို့ရလို့ အပေါ်ပိုင်းဘယ် လို တည်ဆောက်ထားကြောင်းတော့ ရေရေရာရာမသိရှိရတော့။ သူကမြေကိုအောက်ခံမာ အောင်ထုထေဖိထောင်းပြုပြင်ပြီး မြေဝင်ပန္နက်မရှိပဲ မြေအမာပေါ်မှာပဲတင်ဆောက်ထားတာ ကိုဗိဿနိုးရဲ့ ကုန်းအမှတ် ၅,၁၂,၁၄,၁၅,၁၈ တို့ကနေသိရှိရပါတယ်။

တည်ဆောက်မှုအနေနဲ့ အပိုင်းနှစ်ပိုင်းနဲ့တည်ဆောက်ပါတယ်။ ပထမ တစ်ပိုင်းကအပြင်ဘက် ကနေ လေးဒေါင့် ပန္နက်ချလိုက်ပါတယ်။ ပြီးနောက် အဲ့ဒီလေးဒေါင့်ပန္နက်အတွင်းမှာစက်ဝိုင်း ပုံပန္နက်ကို အပြင်ဘက်လေးဒေါင့်ပန္နက်မြေရေပြင်ညီကနေပဲချပါတယ်။

အဲ့ဒီနောက် အပြင်က လေးဒေါင့်ပန္နက်နဲ့ အတွင်းက စက်ဝိုင်းပန္နက်ကြားမှာ ဖို့မြေလွှာအကျစ်ကို ထည့်ပါတယ် ။ တပါတည်း အဲ့ဒီအထဲမြေထည့်ရင်းအရိုးအိုးတွေထည့်မြုပ်လေ့ရှိပါတယ်။ ဗိဿနိုးက အဆောက်အဦတွေမှာ အရှေ့ဘက်ကိုလှေခါးတစ်စင်းထုတ်ပါတယ်။လှေခါးရဲ့ အဆင့် တွေကိုအုတ်ကိုဒေါင်လိုက်စီခြင်းဖြင့် အတက်အဆင်းလွယ်ကူအောင်တည်ဆောက် ပါတယ်။

ဒီလို ပထမအမျိုးအစားအနေနဲ့ ဟံလင်းမြို့ဟောင်းကုန်းအမှတ်၁၃မှာလည်း တွေ့ရပါတယ်။ မိုင်းမောမှာတော့ ဒီတည်ဆောက်ပုံအတိုင်းအခြေခံတည်ဆောက်မှုတူညီပေမယ့် လှေခါးကို ဗိဿနိုးနဲ့ဟံလင်းလို တစ်ဖက်ပဲမဟုတ်တော့ပဲ လှေခါးနှစ်ဖက်ထုတ်လာတာကို တူးဖော်တွေ့ ရှိရပါတယ်။ မိုင်းမောရဲ့လှေခါးတစ်ဖက်ပဲထုတ်ပြီးတည်ဆောက်ထားတာ ဒေသအခေါ် လက်နက်တိုက်လို့ ခေါ်တဲ့ ကုန်းအမှတ်၇နဲ့ ၁၄ ကလွဲပြီး ကျန်တဲ့ ကုန်းအမှတ် ၉,၁၅,၁၆, ၂၀ တို့ဟာလှေခါးနှစ်ဖက်ကြီးဖြစ်ပါတယ် ။

ထူးခြားမှုအနေနဲ့ သရေခေတ္တရာကုန်းအမှတ်၅၁ဟာ လှေခါးတစ်စုံတစ်ခုမှမတွေ့ရပါဘူး။ ဒီဘာသာရေးအဆောက်အုံအမျိုးအစားဟာ သရေခေတ္တရာမှာတော့ အခြေခံတည် ဆောက်မှုတူညီပေမယ့် အဆောက်အုံလွန်စွာကြီးမားလာပြီး လှေခါးကိုလေးဖက်ထည့် သွင်းလာပါတယ်။ ဥပမာ မသီးကျကုန်းနဲ့ ခင်ဘကုန်းတို့ဟာ လှေခါးလေးဘက်ထွက်တဲ့ ပျူခေတ်ဘာသာရေးအဆောက်အအုံပထမ အမျိုးအစားတွေပဲဖြစ်ပါတယ်။

ဒီပထမအမျိုးအစားထဲက နေ ပုံစံကွဲထွက်ပြီး လွန်စွာကြီးမားတဲ့ ပုံစံကတော့ ဗိဿနိုးရဲ့ကုန်း အမှတ် ၃အဆောက်အုံကြီးပဲဖြစ်ပါတယ်။ ဒီအဆောက်အဦက အတွင်းရောအပြင်မှာပါ စက်ဝိုင်းပုံ ပန္နက်ကြီးပဲဖြစ်ပါတယ်။ အတွင်းနဲ့အပြင်စက်ဝိုင်းကို လေးဘက်လေးတန် လေးဒေါင့်ပုံ ဒေါက်ကြီးတွေနဲ့ထောက်ပံ့ထားသလို တည်ဆောက်ထားပြီး လေးဘက်လေး တန်မှာလည်း လှေခါးလေးတွေ တည်ဆောက်ထားပါတယ် ။

ပျူခေတ် ဘာသာရေးအဆောက်အုံ ဒုတိယအမျိုးအစားအနေနဲ့ ခန်းမပုံစံတွေဖြစ်ပါတယ်။ အပြင်ဘက်မှာ ဒေါင့်မှန်စတုဂံပုံပန္နက်ကို တည်ဆောက်ပြီး သူရဲ့အတွင်း ထိပ်ဘက်မှာ လေးဒေါင့် ပန္နက်အသေးလေးတစ်ခု ထည့်သွင်း တည်ဆောက်ပါတယ်။ ပလ္လင်ခုံပုံပါ၊ ပလ္လင်ခုံကိုလည်း အပြင်ပန္နက်ရေပြင်ညီအတိုင်းပန္နက်ချပါတယ်။ ဒါဟာ တူးကြည့်လို့သိရတာပါ နောက်မှ အပြင် ပန္နက်နဲ့ အတွင်းထိပ်ဘက်ကပလ္လင်ခုံကြား ဖို့မြေအကျစ်တွေထည့်ပါတော့တယ်။ အဲ့လိုထည့်တဲ့ အခါ အရိုးအိုးတွေပါထည့်မြုပ်ပါတယ်။

ကျွန်တော်တို့တူးခဲ့တဲ့ ဗိဿနိုးကုန်းအမှတ် ၁၉နဲ့ ၂၀မှာဆိုရင် အရိုးအိုးပေါင်း ၅ဝလောက်တောင် ထည့်မြုပ်ထားတာတွေ့ခဲ့ရပါတယ်။ မိုင်းမောမှာတော့ ကုန်းအမှတ်၁၇ဟာ ဒီလိုပုံစံဖြစ်ပါတယ်။ ဟံလင်းမှာတော့ ကုန်းအမှတ်၉နဲ့ဆင်တူပါတယ်။ ဒါပေမယ့်သူ့မှာတော့ ပလ္လင်ခုံမပါပါဘူး။

မီးလောင်ထားတဲ့တိုင်ကျင်းရာတွေပဲတွေ့ရပါတယ် ဗိဿနိုး ကုန်းအမှတ် ကေကေဂျီ ၁၁နဲ့ဆင်တူပါတယ် ဟံလင်းကုန်းအမှတ် ၂၂လည်းဒီသဘောတရားပါပဲ။ ဒါပေမယ့် ဟံလင်း၂၂က ပိုပြီးထူးခြားတဲ့ မီဂါလက်သစ် ဓလေ့(သချိုင်းကို ကျောက်တိုင်တွေ အနေနဲ့မှတ်သားထားခြင်း) ကို ပျူခေတ်မှာ တခုတ်တရ ထိန်းထားကြောင်းတွေ့ရပါတယ်။

ပျူခေတ် ဘာသာရေးအဆောက်အအုံတွေရဲ့ တတိယတစ်မျိုးကတော့ ဘာသာရေးအပြင် ထေကြီးဝါကြီးတွေပါသတင်းသုံး‌နေကြတဲ့ အဆောက်အဦပုံစံတွေပဲဖြစ်ပါတယ်။ ဒီအဆောက် အဦကတော့ ဗိဿနိုးမြို့ဟောင်းရဲ့တူးဖော်မှုကုန်းအမှတ် ကေကေဂျီ ၂အဆောက်အဦပဲ ဖြစ်ပါတယ်။

သူ့မှာ ဆင်ဝင်တစ်ခု၊ပြီးနောက် ခန်းမတစ်ခုအဲ့ဒီခန်းမကိုဖြတ်ပြီး အခန်းအဖွဲ့၈ခုကို ရောက်ရှိမှာ ဖြစ်ပါတယ်။ ခန်းမရဲ့တောင်ဘက်ထိပ်မှာအုတ်ခုံတစ်ခုကဘအဆောက်အုံခန်းမနံရံနဲ့တွဲစပ်တည် ဆောက်ထားလို့ ဒီအုတ်ခုံကအဆောက်အဦအပေါ်ထပ်ကို တက်ရောက်တဲ့လှေခါးခုံဖြစ်တယ် လို့ယူဆပြီးနှစ်ထပ်အဆောက်ဦကိုပျူခေတ်ကတည်ဆောက်နေပြီလို့ သုံးသပ်နိုင်ပါတယ်။

အခန်းဖွဲ့တွေရဲ့နံရံတွေမှာလည်း သစ်သားထိုးပြီးအပေါ်ထပ်အတွက် ဆင့်တန်းထိုးဖို့လေးဒေါင့် အပေါက်တွေတွေ့ရတဲ့အတွက် ဒီအဆိုကမှန်သလောက်ရှိပါတယ်။ ဒီအဆောက်အဦကိုတက် ရောက်ဖို့ဆင်ဝင်နေရာမှာလည်းတူးဖော်စဉ်မြေလွှာအတွင်းမှာ ပြာမြေတွေတွေ့ရလို့ သစ်သား လှေခါးအသုံးပြုပြီး မီးလောင်ပျက်စီးကြောင်းလည်းသိရပါတယ်။

၂၀၁၁ခုနှစ်မှာ ဒီလိုပုံစံမျိုး ဒီလောက်တော့မကြီးတော့ ရွှေရောင်တော်ဘုရားသွားတဲ့လမ်းနဘေး မှာကျွန်တော် ကုန်းအမှတ်ဘီတီအို ၃၈အဖြစ်တူးခဲ့တာရရှိခဲ့ပါတယ် သူ့မှာလည်းအခန်းဖွဲတွေ ပါဝင်ပါတယ်။ ဒီလိုတတိယအမျိုးအစားကို အခြားမြို့ဟောင်းတွေမှာတော့သိပ် မတွေ့ရှိ ရပါဘူး။

ဗိဿနိုးမှာပဲတွေ့ရှိရတာပါ။ မတွေ့ရသေးတာလည်းဖြစ်နိုင်ပါတယ် ။ပျူခေတ်ဘာသာ ရေးအဆောက်အအုံတွေရဲ့စတုထ္ထအမျိုးအစားကတော့ အဆောက်အဦတစ်ခုနဲ့ တစ်ခု ဆက်နွယ်နေပြီး အခန်းဖွဲ့လေးတွေအပြင် သူ့အပြင်မှာလည်း အုတ်ရိုးတန်းတွေဟာ စင်္ကြန်လမ်းလို ဆက်နွယ်နေတာပါပဲ။

ဒီလိုအဆောက်အုံမျိုးတွေဟာ တူးဖော်တဲ့အခါမှာအင်မတန်ရှုပ်ထွေးပါတယ်။ သူနဲ့အတူ ဘာသာရေးနဲ့ပတ်သက်တဲ့ အုတ်ခွက်ဘုရားလိုပစ္စည်းတွေလည်း သရေခေတ္တရာမှာတွေ့ တတ်ပါတယ်။ ဥပမာ ကုန်းအမှတ်၃၅တို့၃၆တို့ဟာ ဒီလိုပုံစံတွေပါပဲ။ ဗိဿနိုးမှာတော့မ တွေ့ရပါဘူး ၊ မိုင်းမောမှာလည်းမတွေ့ရသေးပါဘူး။

ပျူခေတ်အလယ်ပိုင်းမှ ခေတ်စားလာပုံရပါတယ်။ ဘုန်းကြီးကျောင်းအစုအဝေး(monastery complex)ပုံစံဖြစ်လာပါပြီ။ ဒီပုံစံကို ပုဂံမှာ ဆက်ခံလာရင်း ကျယ်ကျယ်ပြန်ပြန့်ဖြစ်လာပုံပါပဲ ။ပျူခေတ် စေတီကြီးတွေတော့ လူတိုင်းသိနေလို့ ဒီစာရဲ့အဆောက်အအုံဆိုတဲ့အမျိုးအစားထဲမှာ ထည့်သွင်းမထားပါဘူး။

(ဗိဿနိုးကောင်းကင်ဓါတ်ပုံများကို Beikthano World Heritage Site page မှယူသုံးထားပါသည်)

မူရင်းရေးသားသူ – ဆရာ Kyaw Myo Win

Credit : thutazone

Likes:
0 0
Views:
793
Article Categories:
KNOWLEDGE

Leave a Reply

Your email address will not be published. Required fields are marked *