မြန်မာစာနှင့် လူမှုပတ်ဝန်းကျင်

မြန်မာစာ နဲ့ မြန်မာ့ လူမှုပတ်ဝန်းကျင်ရဲ့ဆက်နွယ်မှုကတော့ အထင်အရှားပါပဲ။ ခေတ်ကြီးက ဘယ်လောက်ပဲတိုးတက်ပြောင်းလဲ နေပါစေ၊ ကမ္ဘာကျော် ဘာသာစကားတွေ စာပေတွေကို ကျွန်တော်တို့ ဘယ်လောက်ပဲ လေ့လာနေပါစေအချိန်တော်တော်များများမှာအသုံးပြုနေ ရတာက မြန်မာစာ ပဲ ဖြစ်ပါတယ်။

အိမ်ထဲကနေ အိမ်ပြင်ကိုထွက်လိုက်ပြီ ဆိုရင်ပဲ လမ်းမတွေပေါ် မြင်ရမှာက မြန်မာစာ၊ရေးထားတဲ့ကြော်ငြာဆိုင်းဘုတ်တွေနေ့စဉ်ဖတ်မှတ် လေ့လာနေတဲ့သတင်းစာစောင်တွေမှာတွေ့ရမှာမြန်မာစာ၊ ဒါ့အပြင် နိစ္စဒူ၀ပြောဆိုနေကြတဲ့စကားလုံးတွေကလည်း မြန်မာဘာသာစကား ကိုပဲ ပြောဆိုနေကြရပါတယ်။

မြန်မာစာမှာ ကျွန်တော်တို့ အမှုမဲ့အမှတ်မဲ့ဖြစ်ပြီး မှားတတ်တဲ့ သဒ္ဒွါ၊ စာလုံးပေါင်းသတ်ပုံ တွေနဲ့ စကားလုံးအဖြတ် အတောက် အမှားအယွင်းလေးတွေကတစ်ခါတစ်လေမှာ ကြီးမားတဲ့အကျိုးသက်ရောက်မှုတွေရှိနိုင်တယ်။

တော်တော်များများ ကြားဖူးနေကြဖြစ်မဲ့ “မသာရထား ငှားရန် ရှိသည်” ဆိုတာ ကို “မသာရ ထား ငှားရန် ရှိသည်” ဆိုပြီး မှားဖတ်မိခဲ့ ကြသလိုပေါ့ “ဆရာမပြ နည်းမကျ’’ ဆိုတာကို “ဆရာမ ပြနည်းမကျ’’ ဆိုပြီးစကားအဖြတ်အတောက် တွေ မှားယွင်းတဲ့အခါ ဆိုလိုရင်း အဓိပ္ပာယ်ကနေ ဆန့်ကျင်ဖက် ကွဲလွဲ သွားတတ်ပါတယ်။

ဒီလို အမှားမျိုးတွေမဖြစ်လာအောင် မြန်မာစာကို အခြေခံခိုင်ခိုင် လေ့လာနိုင်ဖို့ လိုအပ်ပါတယ်။ ဒါကြောင့် မြန်မာစာ ဟာ မြန်မာနိုင်ငံ မှာ ရှင်သန်နေထိုင် ကြတဲ့ မြန်မာ့လူ့အဖွဲ့ အစည်း အတွက် အရေးပါဆုံး အခန်းကဏ္ဍမှာ ပါဝင်နေလျက် ရှိနေပါတယ်။

မြန်မာစာ ဘာကြောင့် အရေးကြီးတာလဲ

ကျွန်တော်တို့တွေ မြန်မာစာကို နေ့တိုင်းရေးနေကြတယ်၊ ပြောဆို သုံးနှုန်းနေကြတယ်။ ဒါပေမယ့် အမှတ်တမဲ့ကြောင့်ပဲ ဖြစ်ဖြစ်၊ အမှတ်မှားသွားလို့ပဲ ဖြစ်ဖြစ်၊ အမှားအမှန် မကွဲပြားတာကြောင့်ပဲဖြစ်ဖြစ် အသံထွက်တွေ၊ စာလုံးပေါင်း သတ်ပုံတွေ၊ သဒ္ဒါအသုံးအနှုန်းတွေ၊ စာလုံးအထားအသိုတွေ ကွဲလွဲမှားယွင်းနေတာတွေ ဖြစ်တတ်ပါတယ်။

ပြီးတော့ ကျွန်တော်တို့ အနေနဲ့ ကိုယ့်ရဲ့ မိခင်ဘာသာစကားကို အလေးထား သေချာမလေ့လာမိကြတော့ အသံထွက်တွေ မပီကြတော့ဘူး၊ တလွဲတွေ ပြောလာကြတယ်၊ စာရေးတဲ့အခါ အမှားများလာတယ်၊ လိုရင်းတိုရှင်းနဲ့ ကျစ်ကျစ်လျစ်လျစ် ထိထိရောက်ရောက် မရေးတတ်တော့ဘူး၊ ခေတ်စကားနဲ့ ရောထွေးပြီး တကယ့်အနှစ်သာရက ပျောက်ဆုံး လာတယ်။

အရှင်းဆုံး ဥပမာ ပြရရင်တော့ ကျွန်တော်တို့ အားလုံး အသုံးပြုနေကြတဲ့ Facebook ပေါ်မှာ ဆိုရင်ပဲ အပြောင်းလဲကြီး ပြောင်းလဲနေတဲ့ မြန်မာစာကို မျက်မြင်တွေ့ရမှာပါ။

တကယ်လို့ ဒီတိုင်းသာ ကျွန်တော်တို့ ရှေ့ဆက်ကြရင်…. ဟာသတွေလုပ်ပြီး စိတ်အေးလက်အေးပဲ ဖြစ်နေကြမယ်ဆိုရင်…. နောင်လာနောက်သားတွေ အမှားကို အမှန်ထင်လာတော့မယ်၊ သဒ္ဒါတွေ လွဲကုန်တော့မယ်၊ တခြားဘာသာစကားကိုပဲ အဓိကထား လေ့လာရင်း မြန်မာစာ မတတ်ဘူးတွေ ဖြစ်ကုန်တော့မယ်၊ နောက်ဆုံးတော့ မြန်မာစာပေ ဆိုတာလည်း သမိုင်းမှာ မှေးမှိန်လာရတော့မှာပါပဲ။

စာပေကို သေချာမထိန်းသိမ်းနိုင်လို့ လူမျိုးအထိပါ ပျောက်ပျက်ခဲ့ရတဲ့ သာဓက တွေလည်း ရှိခဲ့ပါတယ်။ အလားတူပါပဲ ကျွန်တော်တို့တွေလည်း မြန်မာစာပေ ဆိုတာကို အလေးမထား၊ မထိန်းသိမ်းရင်တော့ မြန်မာလူမျိုး ဆိုတာ နောင်တစ်ချိန်မှာ ပျောက်ကွယ်မသွားဘူးလို့ ဘယ်သူမှ အာမမခံနိုင်ပါဘူး။

ဒါကြောင့် ယခုခေတ် လူငယ်တွေရော၊ ပညာသင်ကြားဆဲ ကျောင်းသားကျောင်းသူတွေပါ မြန်မာစာကို တန်ဖိုးထား မြတ်နိုးပြီး “မြန်မာစာသည် ဒို့စာ၊ မြန်မာစကားသည် ဒို့စကား” ဆိုတဲ့အတိုင်း ကျွန်တော်တို့ မြန်မာလူမျိုးရဲ့ မြန်မာစာပေ မြန်မာစကားကို အတူလက်တွဲ အလေးထား ထိန်းသိမ်းကြဖို့ တိုက်တွန်းချင်ပါတယ်။

မြန်မာစာဆိုတာ

စာပေဆိုတာ နိုင်ငံတစ်နိုင်ငံရဲ့ ယဉ်ကျေးမှု အမွေအနှစ်တစ်ရပ် ဖြစ်ပါတယ်။ ပုဂံခေတ် (၁၁) ရာစု လောက်ကနေ စတင်ခဲ့တဲ့ မြန်မာစာပေဟာ ခေတ်ကာလ အဆက်ဆက်အလိုက် စာပေပုံသဏ္ဍာန် အဖွဲ့အနွဲ့ ပြည့်စုံကြွယ်ဝ လာခဲ့ပြီး စာပေအဆင့်အတန်းကလည်း တဖြည်းဖြည်း မြင့်မားလာခဲ့ပါတယ်။

မြန်မာစာ မြန်မာစကားဆိုတာ ကျွန်တော်တို့ မြန်မာလူမျိုးတွေရဲ့ မိခင်စာပေ ဘာသာစကား ဖြစ်တဲ့အလျောက် ကျောင်းသင်ခန်းစာတွေမှာ မြန်မာစာ ဘာသာရပ်ကို အခြေခံအုတ်မြစ်ဖြစ်တဲ့ မြန်မာ့ဗျည်း (၃၃) လုံးကနေ အစပြုလို့ မြန်မာသဒ္ဒါ၊ မြန်မာကဗျာ၊ စကားပြေ၊ မဟော်သဓာဇာတ်တော်ကြီး၊ ရေသည်ပြဇာတ်၊ စာစီစာကုံး ဆိုပြီး အထက်တန်း အထိ သင်ယူလေ့လာခဲ့ ကြရတာ ဖြစ်ပါတယ်။

မြန်မာစာနဲ့ မြန်မာစကားမှာ လူမှုပတ်ဝန်းကျင်အတွင်း သုံးနှုန်းပြောဆိုဖို့အတွက် မြန်မာစကားကို ပိုအရေးကြီးတယ်လို့ တစ်ချို့က ထင်မြင်ယူဆတတ်ကြပေမယ့်လည်း တကယ်တမ်းမှာတော့ မြန်မာစကားကို အသံထွက် မှန်မှန်၊ အဖြတ်အတောက် မှန်မှန် ပြောဆိုနိုင်ဖို့ ဆိုတာက မြန်မာစာပေအပေါ် အဓိက မူတည်ပါတယ်။

ဒါကြောင့်မို့ အခြေခံကနေ စတင်သင်ယူရတဲ့ ကျွန်တော်တို့ ကျောင်းပညာရေးမှာ မြန်မာစာကို မပေါ့ဆဘဲ စနစ်တကျ အသေးစိတ် သင်ယူဖို့ လိုအပ်နေတာပဲ ဖြစ်ပါတယ်။

Likes:
0 0
Views:
894
Article Categories:
BooksKNOWLEDGE

Leave a Reply

Your email address will not be published. Required fields are marked *