တစ်သက်မှာ သုံးကြိမ်သာ ပြုံးတယ် ဆိုတဲ့သူ (သို့) ရမည်းသင်းစား သီလဝ

အင်းဝကို တည်ထောင်သူသတိုးမင်းဖျားသည်သက္ကရာဇ် ၇၂၉ ခုနှစ် တွင် ကွယ်လွန်သွားသဖြင့် မှူးမတ်အပေါင်းတို့ တိုင်ပင်ကာ လက်ရုံးရည် နှလုံးရည်နှင့် ပြည့်စုံသူရမည်းသင်းစား သီလဝအား မင်းပြုတော်မူရန် တောင်းပန်ကြကုန်၏။ သီလဝက-

“ငါသည် တစ်နေ့ကို စကားသုံးလေးခွန်းမျှမပြော ၊ မင်းအဖြစ်ကိုလည်းအလိုမရှိ ၊ ငါ့ကိုမင်းမမြှောက်နှင့်၊ ငါ၏ယောက်ဖတော်အမြင့်မင်း စော်ကဲသည် နှလုံးရည်လက်ရုံးရည်နှင့် ပြည့်စုံ၏ ၊ သို့ကြောင့်သူ့အားမင်းမြှောက်လေ” ဟု ဆို၏။မှူးမတ်တို့လည်းသဘောတူ၍စော်ကဲကို မင်းမြှောက်ကြလေသည်။ ထိုမှစ၍ မကြံရွယ်ပဲဖြစ်လာသည်ဟုအဓိပ္ပါယ်ရသော “မရွယ်ဘဲနှင့်စော်ကဲမင်းဖြစ်”ဟူသောစကားပုံလည်း ပေါ်ပေါက်လာလေသည်။

သီလဝသည်အလွန်စကားနည်း၍ ဣန္ဒြေကြီးကာမိမိလုပ်စရာရှိသည့် အလုပ်ကိုသာဂရုစိုက်တတ်သူ ၊ သူတစ်ပါးအားဂရုစိုက်လေ့မရှိသူ ဖြစ်သည်။ ၇၅၄ ခု တွင် မိုးညှင်း သိုခိုဘွား(သိုချီဘွား)သည် မြေဒူးမြို့ကိုအလုံးအရင်း နှင့် ဝင်တိုက်လေသည်။အင်းဝတပ်များခုခံသော်လည်း အားမတန်သဖြင့် စစ်ကိုင်းနှင့် အင်းဝသို့ ဆုတ်ကာ ခုခံနေရ၏။

မင်းကြီးလည်း တောင်ငူစား၊ တောင်တွင်းစား၊ ပေါက်မြိုင်စား ၊ ရမည်းသင်းစား၊ ဝတီးစား ၊ ညောင်ရမ်းစား ၊ ပင်လယ်စားတို့ကိုစစ်ကူခေါ် ရတော့သည်။ ထိုသို့ခေါ်နေစဉ် အများမရောက်မီမှာပင်ရမည်းသင်းစားသီလ၀နှင့်သူ၏တပ်သည် ထီးပေါင်းကားကိုကူး၍အပြင်းချီကာ စီးတော်ဆင်စောရဲစွာဖြင့်ဝင်တိုက်လေတော့သည်။ ထိုအခါရှမ်းတပ်များထိတ်လန့်ကာမခုခံနိုင်တော့ပဲ ရှမ်းတပ် ၁၅ တပ်လုံး ပျက်လေ တော့သည်။

သီလဝလည်း ရှမ်းတပ်တို့ကိုအောင်မြင်ပြီးလျှင်စစ်ပွဲမှရသော ဆင်၊ မြင်း ၊ လူသူလက်နက် စသည်တို့ကို ဘုရင့်ထံသို့ လူလွှတ်ဆက် သစေကာ သူကတော့ အခစားမဝင်တော့ပဲရမည်းသင်းသို့ ပြန်လေသည်။ မင်းကြီးလည်းသူကိုပမာမခန့်ဟု ဆိုကာစိတ်မသက်မသာရှိလေသည်။ စည်းတ ပြစ်အမတ်ကြီး(ဖိုးရာဇာ) အား ခေါ်၍ တိုင်ပင်ကာ “သီလ၀ ငါ့ကို မခန့်ငြားလေသလော”

ဟု မေးတော်မူရာ အမတ်ကြီးက –

“အရှင်မင်းကြီး ဆင်ခြင်တော်မူပါလော့။ ရှေးက ပသေနဒီကောသလမင်းကြီးတွင် “သန္တတိ” အမည်ရှိသော အမတ်ကို ရွာငယ်ဇနပုဒ်ကို အောင်နိုင်ရုံမျှဖြင့် ထီးဖြူမြှောက်ကာ မင်းစည်းစိမ်ကို ခုနှစ်ရက်ပေးဖူးလေသည်။ ယောက်ဖတော် သီလဝကား လူမှု၌ မကျေပွန်။ ဘာသာ နေတတ်သူဖြစ်၍ ခြေတော်ကိုဦးမခိုက်သော်ငြား အလုပ်ကို ဂရုစိုက်၍ လုပ်တတ်သူ ဖြစ်ရကား အမျက်တော်မရှသင့်ပါ” ဟုလျှောက်မှ အမျက်တော်ပြေကာ သီလဝဆီသို့ ဆုလာဘ်များစွာပေးပို့လေသည်။

ဤသို့ တည်ကြည်စကားနည်းသော သီလဝသည် တစ်သက်တာလုံးတွင် သုံးကြိမ်သာ ပြုံးသည် ဟု ဆိုကြလေသည်။

အခါတစ်ပါး တောသားတစ်ယောက်သည် ကြက်လက်ဆောင် ဆက်မည်ဟု သီလဝအိမ်သို့လာရာ သီလဝကို မမြင်သဖြင့် ပြန်ဆင်းသွား လေသည်။ သီလဝ၏ ဇနီးစောပုလဲမြင်လျှင်

“ငါသည် သီလဝ၏ မယားဖြစ်ပါလျက် ငါ့ကိုမဆက်ပဲ ပြန်သွားလေသည် ၊ ငါတို့မိန်းမတို့သည်ကား ယောကျ်ားတို့ ဘုန်းကို မှီလျက် အသက်မွေးရချေသည်တကား” ဟု သီလ၀ လာသောအခါ ရွှေဖလားနှင့် ဆီး၍ ခြေကိုရေဆေးလေသည်။ ထိုအခါသီလဝက “ယနေ့ ငါ့မယား ထူးခြားလှပေသည်တကား” ဟု ပြုံးတော်မူ၏။

တစ်ခါကလည်း မြို့ထိပ်တွင် နေပူစာလှုံနေခိုက် ရဟန်းလူထွက်တစ် ယောက်သည် ခေါင်းပေါင်းနှင့်တွက် ကျုံးထဲရေငုပ်၍ ချိုးသည်ကို သီလ ဝမြင်လျှင် ရယ်လေ၏။

နောက်တစ်ကြိမ်ကရမည်းသင်းမြို့ဝန်းကျင်သို့ရှမ်းစစ်သည်များရောက်လာသည်ကို သီလဝကကြက်ပွဲကမထဂရုမစိုက်ဘဲနေလေလျှင် မယားဖြစ်သူစောပုလဲမှာ အလွန်စိုးရိမ်ကာ ဖိုသီဘတ်သီ၊ ဆံပင်ဖားလျား နှင့် “ရန်သူအပြည့် မြို့ပြင်ကရှိသည်ကိုဂရုမပြုပဲ ကြက်ပွဲမှာသာ သို့စင်နေဘိ သလော” ဟုပြေးလာသည်ကိုမြင်ရာ “ငါ့မယားဗျာပါကြီးလှလေတကား” ဟု ပြုံးရယ်လေ၏။ ပြီးမှသူ၏တပ်နှင့်ဆေးဆေး စွာထွက်တိုက်ရာ အောင်မြင်လေ၏။ သီလဝသည်ထိုသို့သောလူမျိုးပင်ဖြစ်ပါတော့သည်။

( ဒါကိုဖတ်ပြီးတစ်သက်မှာ သုံးကြိမ်ပဲပြုံးတယ်လို့ ဆိုရအောင် မင်းလိုက်ကြည့်ထားလို့လား လို့မေးရင် ကျွန်တော်လည်း မဖြေတတ် ပါ။ ဖြစ်နိုင်တာက အပြုံးအရယ်နည်းပြီး အလွန်တည်ကြည်စွာနေတတ်တာကိုတင်စားပြီး ရေးထားခဲ့ကြတာ ဖြစ်နိုင်ပါတယ်။

ဒီဘက်ခေတ်မှာလည်း ဒီလိုလူတစ်ယောက်ရှိပါသေးတယ်။သူကတော့ Tess Christian ဆိုတဲ့ အင်္ဂလန်သူဖြစ်ပါတယ်။ သူမကတော့ အသက် ၁၀ နှစ်က စလို့ အသက် ၅၀ကျော် အရွယ်အထိ နှစ်ပေါင်း ၄၀ ကြာ မပြုံးမရယ်ပဲနေခဲ့ပါသတဲ့။ အကြောင်းကတော့ သူမအလှပျက်သွားမှာစိုးလို့ပါတဲ့။ )

မြန်မာ့ဂုဏ်ရည် ရာဇဝင်ဖတ်စာ – ဦးဖိုးကျား

စံပြုထိုက်သော ပုဂ္ဂိုလ်များ – စိုးမြင့်လတ်

မြန်မာ့စွယ်စုံကျမ်း

Likes:
0 0
Views:
3902
Article Categories:
HistoryKNOWLEDGE

Leave a Reply

Your email address will not be published. Required fields are marked *