တစ်ချိန်က ဒီလိုအတိတ်ဆိုးကြီး“ပြည်သူပိုင် သိမ်းပွဲကြီး”(ကြေးမုံဦးသောင်း)သမိုင်း

တစ်ချိန်က ဒီလိုအတိတ်ဆိုးကြီး တကယ်ရှိခဲ့ပါလားဆိုတာခုခေတ် လူငယ်လေးတွေ သမိုင်း အမှန်သိဖို့ ပြန်ရှဲပေးလိုက်ပါ…အဲ့ဒီအချိန်က ကိုယ်ပိုင်ဆိုင်တဲ့ပစ္စည်းဥစ္စာတွေအဓမ္မ သိမ်းခံရလို့ အားမတန်မာန်လျော့ကာချက်ချင်း ဆုံးရှုံးနစ်နာသွားကြရတဲ့သူတွေ ဘယ်လောက်တောင် ပူ လောင်သောကရောက်ရ၊ ကြေကွဲမဆုံး ဖြစ်ရမလဲ…

တချို့တွေ ရူးသွားကြ၊ ဘ၀ပျက် သေကြနဲ့ တွေးရုံနဲ့တင် အတော် စာနာ သနားမိတယ်..ထို့အတူ သူတပါး ပိုင်ဆိုင်တဲ့ ပစ္စည်းဥစ္စာကို ကိုယ်ကျင့်သိက္ခာ မရှိ၊ အရှက်အကြောက် ကင်းမဲ့စွာ လက်နက်နဲ့ နိုင်လိုမင်းထက် အဓမ္မ သိမ်းယူခဲ့သူ နေ၀င်းနဲ့ နောက်လိုက် စစ်တပ်က ဗိုလ်မှူး၊ ဗိုလ်ကြီး၊

တပ်ကြပ် စတဲ့သူတွေ..အဲ့ဒီ ပစ္စည်းဥစ္စာတွေကို ဆက်လက် စံစားနေကြသူ သားစဉ် မြေးဆက် တွေ ဘယ်လောက်တောင် မကောင်းတဲ့ ကံအကြောင်းတရားတွေ သံသရာ အဆက်ဆက် ယူဆောင်သွားကြရမလဲ..

“ပြည်သူပိုင် သိမ်းပွဲကြီး”(ကြေးမုံဦးသောင်း)သမိုင်းအစစ်တွေကို သိရှိကြစေဖို့ ဆရာ့ဆောင်းပါးအချို့ကို ဖော်ပြခြင်း ဖြစ်ပါသည်။မြန်မာ့လမ်းစဉ်ဆိုရှယ်လစ်စနစ်မှာ စက်မှုလက်မှုစီးပွားရေး လုပ်ငန်းများကို တည်ထောင်သည်မဟုတ်ဘဲတည်ရှိပြီး အရပ်သားပိုင် လုပ်ငန်းများကိုသိမ်းယူသောစနစ်ဖြစ်သည်။

၁၉၆၃ ခု၊ ဇန်နဝါရီလတွင် ဘီအိုစီ ရေနံကုမ္ပဏီနှင့် အိုင်ဘီပီ ရေနံလုပ်ငန်းကို သိမ်းပြီး မြန်မာ့ရေနံ ကော်ပိုရေးရှင်းကို ဖွဲ့စည်းလိုက်သည်။ ဖေဖော်ဝါရီလထဲတွင်ဘဏ်တိုက် (၃၁) တိုက်ကို သိမ်းပြီး လုပ်ငန်းကြီးများ စတင်သိမ်းတော့သည်။

အင်္ဂလို – ဘားမား သတ္တုတွင်း ကုမ္ပဏီနှင့် ပုလဲလုပ်ငန်းတို့ ပါသွားကြသည်။စစ်တပ်မှ စစ်ဗိုလ် ကြီးများ လုပ်ကိုင်နေကြသည့် တပ်မတော်သက်သာချောင်ချိရေးတဖြစ်လည်း မြန်မာနိုင်ငံ စီးပွားတိုးတက်မှု ကော်ပိုရေးရှင်း (BEDC) နှင့် စစ်ဖက်ကုန်စည်ဖြန့်ချီရေး (DSI) တို့ကိုလည်း သိမ်းလေသည်။

စီးကရက် ကုမ္ပဏီများ၊ သတ္တုတွင်း လုပ်ငန်းများ၊ ဆပ်ပြာချက်လုပ်ငန်း၊ ထီးစက်လုပ်ငန်း စသည့် စက်မှုလက်မှု လုပ်ငန်းများ၊ ပုံနှိပ်စက်များ၊ အရပ်သားပိုင် ကျောင်း (၈၁၄) ကျောင်း၊ သာသနာပြု ဆေးရုံ (၉) ရုံ၊ ရုပ်ရှင်ရုံ (၁၈၂) ရုံ စသည်ဖြင့် အားလုံးကို ပြည်သူပိုင် ပြုလုပ်သည်။

အကြီင်္းဆုံး ပြည်သူပိုင် သိမ်းပွဲကြီးကို ရန်ကုန်မြို့ နှင့်တကွ နယ်များတွင်ပါ ၁၉၆၄ ခု၊ ဧပြီလ (၉) ရက်နေ့တွင် ကျင်းပသည်။အသိမ်းခံရသည့်သူများ မသိကြစေရန် လျှို့ဝှက် စီစဉ်သည်။ ထောင် သောင်းချီသော ပါတီ မိတ်ဆွေဆိုသူများနှင့် စစ်ဗိုလ်စစ်သားများကို သန်းခေါင်တိတိတွင် အောင် ဆန်း အားကစားကွင်းကြီး၌ စုထားသည်။

မိုးမလင်းမီတွင် လူစုခွဲကြပြီး ရန်ကုန်မြို့အနှံ့ အပြား သွားရောက်ကာ ပွဲရုံများ၊ လက်လီ လက် ကားဆိုင်များ၊ သမဝါယမဆိုင်များ၊ စီးပွားရေးလုပ်ငန်းမှန်သမျှကို ပြည်သူပိုင် သိမ်းလိုက် လေတော့သည်။

ပြည်သူပိုင်သိမ်းရာတွင် လုပ်ငန်းကြီးပါက ဗိုလ်မှူးက ကွပ်ကဲသည်။ အလတ်စားလုပ်ငန်းကို ဗိုလ်ကြီး၊ အငယ်စားလုပ်ငန်းကို တပ်ကြပ်ကြီးတို့က ကွပ်ကဲပြီး သိမ်းယူသည်။ လက်နက်ကိုင် စစ်သားများက စောင့်ကြပ်ပေးရသည်။

ပါတီမိတ်ဆွေများက မူလပိုင်ရှင်များ၏ နေရာတွင် အစားထိုးပြီး အရောင်းအ၀ယ် လုပ်ငန်းကို ဆက်လက် လုပ်ကိုင်ကြသည်။ဆိုင်ကြီးများမှ လက်လီဆိုင်ကလေးများအထိ ဆိုင်ပိုင်တို့အဖို့ နံနက်စောစော ဆိုင်ဖွင့်ရန် သွားကြသော အခါတွင် မိမိတို့ ဆိုင်ရှေ့များတွင်စစ်အရာရှိနှင့် ပါတီမိတ်ဆွေဆိုသူများကို တွေ့ကြရသည်။

ပြည်သူပိုင် အမိန့်ကို ဖတ်ပြပြီး လုပ်ငန်းကို သိမ်းယူသောအခါတွင် ဆိုင် (သို့မဟုတ်) လုပ်ငန်း၏ သော့နှင့် ငွေများကို အပ်ကြရသည်။ အရေးတကြီး တောင်းကြသည်မှာ လုပ်ငန်းပိုင် မော်တော် ယာဉ်များနှင့် ကားသော့များ ဖြစ်၏။

ထိုနေ့ နံနက်က စတင်ပြီး ထိုဆိုင်၊ ထိုလုပ်ငန်းမှမော်တော်ယာဉ်သည် ဗိုလ်ကြီးသို့မဟုတ်တပ် ကြပ်ကြီးပိုင် အဖြစ်သို့ ပြောင်းလဲသွားလေတော့သည်။တင်မောင်ကနေ့စဉ်နေ့တိုင်း သမီးများ ကို ကျောင်းပို့၊ ကျောင်းကြို တာ၀န် ယူထားရသည်။

ပြည်သူပိုင် မသိမ်းမီက ကားပြာလေးတစီးနှင့် ကျောင်းလာလေ့ရှိသော မောင်နှမသုံးယောက်တို့ ခြေလျင်လာကြတာကိုမြင်ရပြီးခါတိုင်းခြေလျင် ကျောင်းတက်လေ့ရှိသူ ကလေးတဦးက ထိုကားပြာကလေးနှင့် ကျောင်းတက်လာသည်ကို မြင်တွေ့ရသည်။

ကားအထဲမှ ကလေးက အမူအရာ မထူးခြားစေကာမူစစ်ဗိုလ်ကတော်နှင့်တူသော ကားမောင်း လာသူ အမျိုးသမီးကို ခေါင်းတမော့မော့ ရှိနေသည်ကို မြင်ရသည်။ဆိုရှယ်လစ်သင်္ခါရတရားကို ရှုမိပါတော့၏။ပြည်သူပိုင်သိမ်းပွဲတွင် စစ်ဗိုလ်များအား ကားမအပ်သူများကို ကြီးလေးသော အပြစ်ကို ပေးလေ့ရှိသည်။

အင်္ဂလိပ်စာရေးဆရာကြီး ဂျော့အိုဝဲလ်၏ `မြန်မာပြည်မှ နေ့များ´ ၀တ္ထုမှာ ပါရှိခဲ့သည့် စမတ်နဲ မုကာရမ်ဒမ် စာအုပ်ဆိုင် ဆူးလေဘုရားလမ်းတွင် ရှိသည်။စာအုပ်ဆိုင်ကို စစ်ဗိုလ်က လာရောက်သိမ်းစဉ်က ပိုင်ရှင်အဖိုးကြီးတွင် ကားပျက်ကြီးတစီး ရှိပါလျက် ကားမအပ်သော အမှုအတွက် ထောင် (၄) နှစ် အပြစ်ပေးခဲ့သည်။

အဖိုးကြီးခမျာ အသက် (၇၂) နှစ် ရှိရှာပါပြီ။ပြည်သူပိုင် သိမ်းပွဲအပြီး၌ ဆိုင်အသိမ်းခံရသူ မိတ်ဆွေတဦးထံ သွားပြီး အားပေးစကား ပြောမိသည်။ `ကျနော် အမြတ်ကြီးစား မဟုတ်ပါဘူး။ ကောင်းရောင်းကောင်း၀ယ် လုပ်ကိုင် စားသောက်သူပါဗျာ´ ဟု ညည်းလေ သောကြောင့် `ဝိပါက၀ဋ်ပေါ့ဗျာ´ ဟု တရားပြနေခိုက်တွင် လူတယောက်၀င် လာသည်။

ပိုးလုံချည်၊ ပိုးအင်္ကျီနှင့် ပွဲထိုင်သွားမည့် သူကဲ့သို့ ၀တ်ဆင်ထားသော်လည်း သူ၏မျက်နှာက ဒေါသထွက်နေဟန် နီမြန်းနေသောကြောင့် မည်သို့မျှ ၀င်မပြောဘဲ ကြည့်နေမိ ၏။`လာ ပါဗိုလ်ကြီး ထိုင်ပါ၊ ထိုင်ပါ´ ဟု မိတ်ဆွေကဖိတ်သည်ကို မထိုင်ဘဲဆူပူစကားပြောလေတော့ သည်။`တနေ့က ဆိုင်ကို သိမ်းတုန်းကခင်ဗျားအပ်တဲ့ ကားမှာအပိုဘီးမပါဘူး။ ခင်ဗျား ထိန်ချန်ထားခဲ့တယ်။

အခု လမ်းမှာ ဘီးပေါက်နေတယ်။ ခင်ဗျားခိုးထားတဲ့ဘီးကို အခုအပ်ပါ´ ဟုဒေါသနှင့်ပြော သည်။ မိတ်ဆွေက …`ကားမှာအပိုဘီးပါပါတယ်။ ဘီးငါးဘီး အပ်ခဲ့ပါတယ်။ ဒီကား မျိုးက အပိုဘီးကိုနောက်ခန်းမှာမထားဘဲ ကားရဲ့ ဖလိန်အောက်မှာဘီးအိမ်နဲ့ထည့်ထားလို့ မမြင် ရတာပါ´ ဟု ရှင်းပြသည်။`ကားကို သိမ်းတုန်းကဘာလို့ မရှင်းပြတာလဲ´ဟု ဆူပူငေါက် ငမ်းပြီး ထွက်သွားသည်။

လုပ်ငန်းရှင်များ၊ ဆိုင်ရှင်များထံမှ လုယူထားသည့်ကားကိုကိုယ်ရေးကိုယ်တာ ကိစ္စများအတွက် သုံးကြသည်ကို မြင်ရသည်။ကုန်စည်များကိုလည်း ခိုးဝှက်ကြသည်။ အဖိုးတန်သော ကုန်ဆိုင် များကို သိမ်းရန်တာ၀န်ကျသူစစ်ဗိုလ်များ သည်ချက်ချင်းချမ်းသာကြတော့သည်။

ကားများ၊ ကုန်များကိုသာမက ဆိုင်ခန်းများကိုပါ စစ်ဗိုလ်များက ခိုးကြသည်။ ရန်ကုန်တွင်ရော၊ နယ်တို့တွင်ပါ လက်လီလက်ကားဆိုင် (၁၂၇၆၄) ဆိုင်ကို သိမ်းပြီးသည့် နောက်တွင် အမျိုးတူ ကုန်များပူးပေါင်းရောင်းချမည်ဟုမူချမှတ်ကာ ကုန်များကို ဆိုင်ကြီးများ ရှိရာသို့ ပြောင်း သောအခါတွင် ရန်ကုန်၌ ဆိုင်နေရာ တသောင်းခန့် လစ်လပ်သွားသည်။

အောက်ထပ် လမ်းဘေးများမှ ဆိုင်ခန်းများအပြင် အိန္ဒိယသို့ အပြီးပြန်သွားသူ ကုလားများ၏ အိမ်ခန်းတွေပါ အစုစု အိမ်ခန်း တသိန်းခန့်ကို စစ်ဗိုလ်မြူမင်းကြီးက ကွပ်ကဲပြီး စစ်ဗိုလ်များနှင့် ပါတီ၀င် လက်နက်ချ ကွန်မြူနစ်များကို နေရာ ချပေးလေသည်။အားလုံးလိုလိုပင် ပြန်ရောင်းစားကြသည်။

အချို့ စစ်ဗိုလ်များက အိမ်ခန်းရောဆိုင်ခန်းပါလေးငါးလုံးရယူပြီးတဆင့် ရောင်းစားသည်။ တရုတ်၊ ကုလား စီးပွားရေးစျေးကွက်ကိုဖျက်သိမ်းရန် ရည်ရွယ်ချက်နှင့်ဆိုင်များကိုသိမ်းခဲ့ စေကာမူ စစ်ဗိုလ်များက ပြန်လည်ရောင်းစားကြသောကြောင့် တရုတ်၊ ကုလားများ လက်ထဲ သို့ပင် ပြန်ရောက်သွားပြန်ပေသည်။

ဘဏ်တိုက်များ၊ ဆိုင်များ၊ လုပ်ငန်းများကို သိမ်းရာတွင် စာရင်းမရှိ၊ အင်းမရှိ ခိုးယူကြသည်။ အများစု ဖြစ်သော မြန်မာပိုင်လုပ်ငန်းမှန်သမျှကို လျော်ကြေးမပေးတော့ပေ။ သို့သော်ဘီအိုစီ နှင့် နိုင်ငံခြားသားပိုင် ဘဏ်တိုက်ကြီးတွေကိုမူနိုင်ငံခြားသုံးငွေနှင့် လျော်ကြေးပေးသည်။ဆွီဒင် ပြည်မှ လုပ်ငန်းရှင်တဦးပိုင်သည့်မန္တလေးမီးခြစ်စက်ကိုလည်း နိုင်ငံခြားငွေနှင့်လျော်ကြေး ပေးသည်။

ဗိုလ်ချုပ်ကြီးနေ၀င်းက တနှစ်တွင်ကိုးလတာမျှဥရောပနိုင်ငံများသို့ သွားရောက်ဇိမ်ခံလေ့ရှိ သဖြင့်သူသွားသော နိုင်ငံများတွင် မျက်နှာမငယ်စေရန်နိုင်ငံခြားသုံးငွေနှင့်လျော်ကြေးပေး ရသည်ဟုဘဏ္ဍာရေး၀န်ကြီးဌာနမှစုံစမ်း သိရှိရသည်။

ဗိုလ်ချုပ်ကြီးနေ၀င်းက နိုင်ငံခြားသားများကို ကြောက်တတ်သည့် သူရဲဘောကြောင်သောစိတ် ဓာတ်နှင့်သူနိုင်သော မြန်မာနိုင်ငံသားများကိုရက်စက်စွာအနိုင်ကျင့်သည့်စိတ်ဓာတ်များသည် စက်ဆုပ်ရွံ့ရှာဖွယ်ကောင်းလှပေသည်။

မြန်မာပိုင်ဆိုပါက စာရင်းအင်း ကျကျနနရှိသော ဘဏ်တိုက်များကိုပင်လျော်ကြေး မပေးစေ ကာမူ ဗိုလ်ချုပ်နေ၀င်းကတော် ဒေါ်ခင်မေသန်း၏ ဆွေမျိုးများပိုင်သောလုပ်ငန်းများကိုတိတ် တိတ်ပုန်းလျော်ကြေးပေးသည်။

အထပ်သားစက် လုပ်ငန်းကို သိမ်းစဉ်က လုပ်ငန်းတန်ဖိုးအားလုံးကို နိုင်ငံခြားသုံးငွေနှင့်လျော် ကြေးပေးရုံမျှမက မိသားစုတခုလုံးအင်္ဂလန်သို့သွားရောက် နေထိုင်နိုင်ရန်နိုင်ငံကူးလက်မှတ် ပါ ထုတ်ပေးသည်။ မတရားမှုမှန်သမျှတခုမကျန်ကျူးလွန်ခဲ့ပေသည်။

ကုန်ထုတ်လုပ်ငန်းနှင့် ကုန်သွယ်လုပ်ငန်းများကို သိမ်းယူခဲ့သည်ဂယက်အဖြစ်ကုန်စည်များ ရှားပါးသည်ကို ရင်ဆိုင်ကြရသည်။

ရှားပါးသဖြင့် ကုန်ဈေးနှုန်းများ တက်နေချိန် ၁၉၆၄ ခု၊ မတ်လ (၁၇) ရက်နေ့တွင် အစိုးရက ထုတ်ဝေ သုံးစွဲထားသဖြင့်လူထု၏လက်ထဲတွင် လှည့်လည်သုံးစွဲနေသောကျပ်(၁၀၀) တန်နှင့် (၅၀) တန်ငွေစက္ကူများကိုတရားမ၀င်ဟု ကြေညာလိုက်သဖြင့် လူထုကြီးတရပ်လုံး မွဲသွားရှာသည်။

လှည့်လည်နေသော ငွေ၏ (၂၂) ရာခိုင်နှုန်းကို သုံးစွဲခွင့် ပယ်ဖျက်သောကြောင့် အစိုးရအဖို့ ကျပ် (၉၁၅.၈) သန်း အမြတ်ရသွားသည်။ လူထုမှာကျပ် (၉၁၅.၈) သန်းမွဲရသည်။လူထုမည်သို့ ခံရစေကာမူအစိုးရက အနည်းငယ်မှလျှော့မပေး၊ ၁၉၆၆ ခု၊ ဇန်နဝါရီလ (၆) ရက်နေ့တွင် ကုန်သွယ်ရေးအမိန့်သစ်ထုတ်ကာချုပ်ကိုင်ပြန်သည်။

ကုန်စည်အမျိုးအစား (၄၆၀) ကို အရပ်သားများ မထိရဘဲ အစိုးရကသာ ရောင်း၀ယ်ခွင့် ရှိတော့ သည်။ ဖွဲနု၊ ဆန်ကွဲမှ စတင်ပြီး နနွင်းတက်အထိ တော်လှန်ရေး အစိုးရကသာ သိုလှောင် ခွင့်၊ ရောင်း၀ယ်ခွင့် ရှိတော့သည်။

ထိုကဲ့သို့ ပုဂ္ဂလိက အရပ်သားပိုင် လုပ်ငန်းများကို စစ်ဗိုလ်များကလုယက်သည့်ဆိုရှယ်လစ် စီးပွားရေးစနစ်ကိုထူထောင်သောကြောင့် နိုင်ငံ၏စီးပွားရေး လုပ်ငန်းကြီးများ ကျဆင်း ပျက်ပြား သွားလေတော့သည်။

၁၉၆၄-၆၅ ခုနှစ်ကလယ်ယာကုန်ထုတ်လုပ်မှုတန်ဖိုး (၂၅၂) ကုဋေရှိခဲ့ရာမှ ၁၉၆၅-၆၆ ခုနှစ်မှာ (၂၄၁) ကုဋေအထိကျဆင်းသွားသည်။အထူးသဖြင့်ဆန်ရှားသွားသည်။ ၁၉၆၇ ခုနှစ်၊ သြဂုတ်လတွင် စပါးခင်းများအကြားတွင်ရှိသောရန်ကုန်မြို့ကြီး၌ဆန်ပြတ်သွားသောကြောင့် လူထုကြီး မျက်သလဲဆန်ပျာဖြစ်ကြရသည်။

ရန်ကုန် တမြို့လုံးမှ လူအများသည် ဆန်ထွက်ရှာနေကြရသဖြင့် ရုံးများ၊ ဆိုင်များပိတ်သွားသည်။ ထိုအခါ စစ်စုံထောက်များကတရုတ် အမျိုးသားများကိုလိုက်လံရိုက်နှက်ကြပြီး တရုတ်-ဗမာ အဓိကရုဏ်းကို ဖန်တီးကာလူထုကြီး၏ သွေးဖြင့်ဆန်ပြသာနာကိုဖြေရှင်းသည်။များစွာ ရက်စက်ယုတ်မာလှသည်။လူထုကြီးမှာကျောကော့ပြီးခံကြရသည်။

Credit: Andrew Soe Via သိန်းဝင်းသူ(ပုံများမှာ ၁၉၆၄ ခုနှစ် ရန်ကုန်မြို့ မြင်ကွင်းဓာတ်ပုံ တချို့ ဖြစ်သည်)

Likes:
0 0
Views:
1329
Article Categories:
KNOWLEDGE

Leave a Reply

Your email address will not be published. Required fields are marked *