နယ်သာလန်ကို ရေလွှမ်းမိုးမှုကနေ ကာကွယ်ပေးထားတဲ့ Delta Works အကြောင်း

နယ်သာလန်နိုင်ငံဟာ ကမ္ဘာပေါ်က ပင်လယ်ရေမျက်နှာပြင် အနိမ့်ကျဆုံး နိုင်ငံတွေထဲမှာပါဝင်တာကြောင့်သမိုင်းတလျှောက် ရေလွှမ်းမိုး မှုဒဏ်ကိုမကြာခဏခံခဲ့ကြရပါတယ်။ အေဒီ ၁ ရာစုလောက်ကတည်းကဒီဒေသမှာစတင်အခြေချသူတွေဟာ ရေလွမ်းမိုးမှုဒဏ်ကို ခံစားနေရပြီဖြစ်တာကြောင့် ဒါကိုကာကွယ်ဖို့အဲဒီအချိန်က တတ်နိုင်သမျှနည်းလမ်းတွေနဲ့ ကြိုးစားခဲ့ကြပါတယ်။

ဇိုက်ဒယ်ဇီ Zuiderzee ဟာ အရင်ကတော့ မြောက်ပင်လယ် ရဲ့ ရေတိမ်ပိုင်း ပင်လယ်အော်တခုဖြစ်ခဲ့ပါတယ်။ ဇိုက်ဒယ်ဇီ Zuiderzee ဟာ ဒတ်ချ်တွေအတွက် အလွန်ကောင်းမွန်တဲ့ အရင်းအမြစ်ဒေသဖြစ်ခဲ့ပြီး ဒီနေရာဟာ ငါးဖမ်းခြင်း နဲ့ ရေထွက်ကုန်တွေအတွက် အဓိက ကုန်သွယ်ရာနေရာလည်း ဖြစ်ပါတယ်။ Zuiderzee ဆိုတဲ့ အဓိပ္ပါယ်ကတော့ တောင်ပိုင်းပင်လယ် ဖြစ်ပါတယ်။

ဒီပင်လယ်အော်ဒေသရဲ့အကျယ်အဝန်းကတော့ စတုရန်းမိုင် ၂၀၀၀ ခန့် ရှိပါတယ်။ ဒီပင်လယ်အော်ဟာ ၃၀ မိုင်ကျယ်ပြီးပင်လယ်၀ကနေ ကုန်းမကြီးဆီကို မိုင် ၆၀ အကွာအဝေးခန့်ရှိကာရေအနက်ကတော့ ၁၅ ပေခန့်ပဲ ရှိပါတယ်။ မုန်တိုင်းတခုခုရှိလာတဲ့အခါတာတမံတွေ ပျက်စီးပြီး ကုန်းမြေဟာရေကြီးမှု ဒါဏ်ကိုခံစားရလေ့ရှိပါတယ်။

ဒီနေရာမှာ ၁၅ ရာစုကတည်းက တာတမံတွေရှိခဲ့ပြီးဖြစ်ပေမယ့် ၁၄၂၁ ခုနှစ်မှာတိုက်ခတ်ခဲ့တဲ့မုန်တိုင်းကြောင့်ရွာပေါင်း ၇၂ ရွာ ရေလွှမ်းမိုးခံခဲ့ရသလိုလူပေါင်း ၁၀၀၀၀ ခန့်ရဲ့ အသက်တွေပါ ပေးဆပ်ခဲ့ရပါတယ်။ ရာစုနှစ်ပေါင်းများစွာနည်းမျိုးစုံနဲ့ကာကွယ်တားဆီးဖို့ ကြိုးစားခဲ့ပေမယ့် အောင်မြင်ခြင်းမရှိခဲ့ပါဘူး။

၂၀ ရာစုအစောပိုင်း ဒတ်ချ်မြို့ပြအင်ဂျင်နီယာ ကော်နယ်လစ် လီလီ စတင်ခဲ့တဲ့အကြံကတော့ ပင်လယ်အော်ရဲ့ အဝကို ပိတ်လိုက်ပြီး ရေကန်အဖြစ် ပြောင်းပစ်လိုက်ဖို့ ဖြစ်ပါတယ်။

ကော်နယ်လစ်လီလီ ဟာ သူ့ရဲ့အိုင်ဒီယာကိုတင်ပြပြီး တာဝန်ရှိသူတွေကခွင့်ပြုခဲ့တာကြောင့်ဇိုက်ဒယ်ဇီပင်လယ်အော်ဟာ Ijsselmeer အမည်ရ ရေကန်အဖြစ် ပြောင်းလဲသွားပါတော့တယ်။ အခက်အခဲပေါင်းများစွာ နဲ့ အတူနှစ်ပေါင်းများစွာအချိန်ယူခဲ့ရပြီး ၂၀၀၄ ခုနှစ် တန်ဖိုးနဲ့တွက်ရင် ဒီအတွက်ကုန်ကျစရိတ်ဟာ အမေရိကန်ဒေါ်လာသန်း ၇၁၀ ခန့် ရှိခဲ့ပါတယ်။

Delta Works မှာ မုန်တိုင်းနှင့် ဒီရေလှိုင်းအတားအဆီးများ၊ ရေကာတာများ၊ သော့ခလောက်များ၊ ရေကျင်းများနှင့် ရေလှောင်တမံများစွာ ပါဝင်နေပါတယ်။ တည်ဆောက်မှု ဒီဇိုင်းတွေမှာတော့ ကုန်းမြေကို ပင်လယ်ဘက်ဆီ ပိုမိုတိုးချဲ့ပြီး ကမ်းရိုးတန်းကို ချုံ့ဖို့ဦးစားပေးထားပါတယ်။

အလွန်ကြီးမားတဲ့ စီမံကိန်းဖြစ်ခဲ့ပြီး တည်ဆောက်ချိန်နှစ်ပေါင်း ၅၀ နီးပါး ကြာမြင့်ခဲ့ကာ ၁၉၉၇ ခုနှစ်မှ ပြီးဆုံးခဲ့ပါတယ်။ ၂၀၁၂ ခုနှစ် အချိန်က ငွေတန်ဖိုးနဲ့တွက်ရင် Delta Works စီမံကိန်းအတွက် ကုန်ကျစရိတ်ဟာအမေရိကန်ဒေါ်လာ ၁၂ ဘီလျံ ဖြစ်ပါတယ်။

Delta Works မှာ မုန်တိုင်နဲ့ ဒီရေကာ အတားအဆီး ဆည် စုစုပေါင်း ၁၃ခုပါဝင်ပါတယ်။ ဒီအထဲမှာ အကြီးဆုံးကတော့ Oosterscheldekering အော်စတာရှက်ဒယ်ကေဒင် ဆိုတဲ့ ဒီရေကာအတားအဆီး ဖြစ်ပြီး အလျားတင် ၅မိုင်ခွဲခန့် ရှိနေပါတယ်။ Delta Works စီမံကိန်းမှာအသုံးပြုခဲ့တဲ့ ကွန်ကရစ်တွေဟာနှစ်ပေါင်း ၂၀၀ ထက်မနည်း ခံနိုင်ရည် ရှိမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဒီစီမံကိန်းမှာ ပါဝင်တဲ့ တည်ဆောက်မှု ဧရိယာကတော့ စတုရန်းမိုင် ၉၀၀ နီးပါးခန့်ရှိတာကို ကြည့်ခြင်းအားဖြင့် မည်မျှ ကြီးမားတယ်ဆိုတာကို ခန့်မှန်းမိမှာဖြစ်ပါတယ်။

ဒီစီမံကိန်းရဲ့ မုန်တိုင်း နဲ့ရေကြီးမှုကာကွယ်ရေး အတားအဆီးတွေထဲမှာ ရေလှိုင်းတွေကိုလိုသပိတ်ပင်ဖွင့်လှစ်ပေးနိုင်တဲ့ရေကာတာတွေ ၊ အဆင့်မြင့်နည်းပညာ နဲ့အတူအလိုလျှောက်အာရုံခံကိရိယာတွေ ၊ ရေဝင်လမ်းကြောင်းကိုပိတ်ပေးနိုင်ဖွင့်ပေးနိုင်တဲ့ အရှည်ပေ ၈၀၀ နီးပါးရှိတဲ့ ဧရာမ သံမဏိလက်တံကြီးတွေပါဝင်နေပါတယ်။

မြစ်ဝတွေဟာကုန်သွယ်ရေးအတွက် အဓိကနေရာတွေဖြစ်တာကြောင့် လုံခြုံရေးအချိန်မှာ ပိတ်ထားပြီး ပုံမှန်အချိန်မှာ ဖွင့်ထားနိုင်ဖို့အတွက် အရှင်စနစ် နဲ့ ဖန်တီးထားရတာဖြစ်ပါတယ်။

၂၀၀၇ ခုနှစ် ကြီးမားတဲ့ ဆိုက်ကလုန်းမုန်တိုင်း ဧရာမရေကြီးမှုနဲ့ ထပ်ကြုံတဲ့အခါမှာတော့ အဆင်သင့်ဖြစ်ခဲ့ပြီး Delta Works ဟာနယ်သာ လန်နိုင်ငံအားရေလွှမ်းမိုးမှုကိုကာကွယ်ပေးနိုင်ခဲ့ပါတယ်။ စီမံကိန်းကြောင့် ဒီဒေသတခုလုံးရဲ့ရေကြီးမှုကိုသိသာစွာလျှော့ချ ပေးနိုင်ခဲ့ပြီး ကမ္ဘာ့ရေမျက်နှာပြင်မြင့်တက်လာမှုကြောင့် ထိန်းသိမ်းမှု နဲ့ တိုးချဲ့တည်ဆောက်မှုတွေကိုတော့ဆက်လက်လုပ်ဆောင် နေဆဲဖြစ်ပါတယ်။

ကမ္ဘာပေါ်ကရေလွှမ်းမှုဟန့်တားရေးခေတ်မီဆုံး နဲ့ နည်းပညာအမြင့်ဆုံး စီမံကိန်းကြီးဖြစ်ပြီးအခက်အခဲပေါင်းများစွာဆယ်စုနှစ်ပေါင်း များစွာ နဲ့ တည်ဆောက်ခဲ့ရတာကြောင့် Zuiderlee နဲ့ Delta Works ဟာ မြို့ပြအင်ဂျင်နီယာအသင်းရဲ့ ကမ္ဘာ့အံ့ဖွယ် ၇ ခုထဲမှာ ရွေးချယ်ထည့်သွင်း ခံခဲ့ရတာဖြစ်ပါတယ်။

credit : thutazone

Likes:
0 0
Views:
1107
Article Categories:
KNOWLEDGE

Leave a Reply

Your email address will not be published. Required fields are marked *