မင်းသားရွှေဘ ဆိုတာ

ရွှေဘကို ယနေ့ခေတ်လူငယ်များ သိချင်မှ သိကြတော့မှာဖြစ်ပေမယ့်သူ့နာမည်ကိုတော့ ကြားနေရတုန်းပင်။ အစပိုင်းရှုံး၍နောက်ဆုံးပြန် အနိုင်ရသွားသောသူများကို ရွှေဘကရွှေဘပါပဲကွာ ဟူသောစကားဖြင့်တင်စားလေ့ရှိသည်။ ရွှေဘကား မည်သူနည်း။ မသိသေးသူများ သိစေဖို့ဗဟုသုတအဖြစ်ပြန်လည်တင်ပြလိုက်ပါတယ်။

ယနေ့ခေတ်လူငယ်များရွှေဘကို မသိမီလိုက်ကြသော်လည်း အသက် ၄၀ ကျော် နှင့် အထက်များကတော့ ရွှေကို မသိသူမရှိပါ။ မရှိ လောက်အောင်လည်းရွှေဘက လျှမ်းလျှမ်းတောက်ကျော်ကြားခဲ့တာပဲကို။ မြန်မာ့ရုပ်ရှင်သမိုင်းမှာ အအောင်မြင်ဆုံးပရိတ်သတ် အားအပေးဆုံးမင်းသားကို ပြပါဆိုလျှင် ရွှေဘ ကိုပဲ ပြရမှာပါ။ တောရောမြို့ပါမကျန် ရွှေဘကိုအသည်းစွဲဖြစ်ခဲ့ဖူးပါတယ်။

ဘယ်လောက်အထိချစ်သလဲဆိုရင် ရုပ်ရှင်ထဲမှာ ရွှေဘ အညှင်းဆဲခံနေရတာကို မြင်လျှင် ပိတ်ကားကို ခဲနဲ့ပေါက်ကြသည်အထိပင်။ သူ့ခေတ် မင်းသားများထဲတွင် ဇာတ်ကားပေါင်းအများဆုံးရိုက်ကူးသူဖြစ်ပြီးအလွန်သရုပ်ဆောင်ကောင်းသူဖြစ်သော်လည်းရွှေဘမှာ အကယ်ဒမီမ ရခဲ့ပါပေ။ သူ့အကြောင်းကိုယနေ့တိုင် အချို့လူကြီးများက သတိတရပြောနေကြတုန်းပင်။ရွှေဘ ကို ၁၉၂၈ခုနှစ် မတ်လ ၃၀ ရက်နေ့တွင် ပုသိမ်မြို့မြို့ပတ်လမ်းမှာမွေးဖွားခဲ့ပါတယ်။

အမည်ရင်း အေးကြည်ဖြစ်ပြီး အလယ်တန်းအထိသာပညာသင်ဖူးသည်။ ရေကူး၊ လက်ဝှေ့ ၊ မြင်းစီး စသည့်အကြမ်းအရမ်းကစားနည်းများကို နှစ်သက်ပြီး စိတ်ဝင်စားလိုက်သင်လေ့ရှိပါတယ်။ အသက် ၁၇ နှစ်မှာ ရန်ကုန်ကိုရောက်လာပြီး သံဖြူဆရာအဖြစ်လုပ်တယ်။ တစ်ဖက်ကလည်း #ကျားဘညိမ်း ဆီမှာလက်ဝှေ့သင်တယ်။

မင်းသားဖြစ်ချင်သော်လည်း အခွင့်အရေးမရှိခဲ့။ တစ်ခါတော့ ဒါရိုက်တာဆရာခန့် ရိုက်တဲ့ “လက်နက်ပုန်း” အသံတိတ်ဇာတ်ကားတွင် သာမန်ဇာတ်ရံတစ်ဦးအဖြစ် ပါဝင်ခဲ့ရသည်။အခွင့်အရေးကိုစောင့်နေသော ရွှေဘဆီ ကံကောင်းမှုကရောက်လာပါတယ်။ ဖြစ်ပုံကသတ္တိဗျတ္တိ ဆိုတဲ့ဇာတ်ကားမှာ ဒါရိုက်တာဖေကြိုင်ကမင်းသားဖြစ်တဲ့ ကျော်ရွှကိုဇာတ်လမ်းအရဆိုင်ကယ်စီးကာစော်ဘွားကြီးကုန်း တောင်ကုန်းပေါ်မှ ခုန်ချတဲ့အခန်းကိုလူစားမထိုးပဲသရုပ်ဆောင်ခိုင်းတယ်။

ကျော်ရွှေကမလုပ်နိုင်လူစားထိုးပေးရန် ဆိုသည်။ ဒါရိုက်တာနဲ့မင်းသားအငြင်းအခုံဖြစ်ကာ အစီအစဉ်ပျက်သွားသည်။ဒါရိုက်တာဖေကြိုင်က ကျော်ရွှေအား “မင်းမလုပ်နိုင်ရင် မင်းအဘလာလိမ့်မယ်” ဟု ရင့်ရင့်သီးသီး ပြောဆိုနှင်လွှတ်ခဲ့သည်။အဲဒီတုန်းကယနေ့ခေတ်လိုမဟုတ်ပဲ ဒါရိုက်တာကရိုက်ကွင်းရဲ့ ဘုရင်ပဲကို.။ ဒါနဲ့ မင်းသားရှာပုံတော်ဖွင့်တော့သံဖြူလုပ်နေတဲ့အေးကြည်ကိုသွားတွေ့တယ်။

ဇာတ်ရံ အဖြစ်လည်းသရုပ်ဆောင်ဖူးတယ်၊ အကြမ်းအရမ်းတွေလည်းတတ်ပြီးသားဆိုတော့စမ်းသပ်ကြည့်တယ်။ ကြိုက်သွားတော့ မင်းသား တင်ရိုက်တယ်။ အဲဒီကားဝက်ဝက်ကွဲအောင်မြင်ပြီးရွှေဘကိုအားလုံးသိသွားတယ်။ (ဒါပေမယ့်တောင်ကုန်းပေါ်ကခုန်ချတဲ့အခန်းမှာလူစားမ ထိုးပဲ ခုန်ချတော့ခါးဆစ်ရိုးကြိုးသွားတယ်)ရုပ်ရှင်လုပ်ငန်းပိုင်ရှင်ပဲရော့ ဦးဆန်နီရောသားဖြစ်သူဒါရိုက်တာဖေကြိုင်ရာ အမျိုးသားရေးစိတ် ဓာတ်ပြင်းထန်သူတွေဖြစ်တာကြောင့် ပြည်သူများမဟုတ်မခံစိတ် ၊ တရားမျှတမှုကိုလိုချင်တဲ့စိတ်တွေရှိလာအောင် ရုပ်ရှင်ကားတွေနဲ့ ဆွဲဆောင်လိုတယ်။

ဒီအချိန်မှာရွှေဘနဲ့တွေ့တော့ အဆင်သင့်ဖြစ်ပြီအတိုက်အခိုက်ကားတွေတော်လှန်ရေးကားတွေ ချည်းရိုက်တော့တယ်။ အဲဒီက စလို့ ဇာတိသွေး ၊ ပျံလေသည့်ငှက်ခါး ၊စခန်းအောင်မြေ စတဲ့ကားတွေနဲ့ ရွှေဘတောက်လျှောက်အောင်မြင်ခဲ့တယ်။ ရုပ်ရှင်မင်းသားကနေ တစ်ဆင့်တက်ပြီး ကိုယ်ပိုင်ရုပ်ရှင်ထုတ်လုပ်သူအဖြစ်လုပ်ခဲ့ပေမယ့် အသံတိတ် ၃ ကားသာ ရိုက်ပြီး ငွေကြေးမတတ်နိုင်တာကြောင့် ဖျက်သိမ်းခဲ့ရတယ်။

နောက်တစ်ဖန်ထပ်ကြိုးစားတော့ ရွှေဘတစ်ဦးတည်းပိုင် “သမ္မတ” ရုပ်ရှင်ထုတ်လုပ်ရေးကို ထူထောင်နိုင်ခဲ့တယ်။ ကိုယ်တိုင်မင်းသား ၊ ကိုယ်တိုင်ထုတ်လုပ်သူအဖြစ်လည်းအောင်မြင်တဲ့ဇာတ်ကားများစွာကို ရွှေဘရိုက်ကူးနိုင်ခဲ့တယ်။ ရွှေဘရဲ့သမ္မတထုတ်လုပ်ရေးက ပိုက်ဆံရဖို့ထက် ပီပြင်ဖို့ကို အဓိကထားခဲ့တယ်။ အဲဒီအတွက်ဆက်တင် နဲ့ရိုက်ကူးရေးအတွက် များစွာကုန်ကျခဲ့တယ်။

ငါးမန်းစွယ် နှင့် ကျွန်းသန္တာ ဇာတ်ကားမှာ ဆိုတကယ့်ကျွန်းအစစ်ကို သွားရိုက်ခဲ့တာကြောင့် ကုန်ကျစရိတ်များပေမယ့် အောင်မြင်ခဲ့တယ်။

ရွှေဘသည် ကရင်မြန်မာ ကပြားဖြစ်ပြီး အစ္စလမ်ဘာသာဝင် တစ်ဦးဖြစ်ပါတယ်။ ဇနီးဖြစ်သူ သင်းသင်းလဲ့ရဲ့တိုက်တွန်းမှုကြောင့် တရားတော်များ ကို နာယူပြီး တရားစာအုပ်များကို ဖတ်ပြီးတဲ့နောက်မှာ ဗုဒ္ဓဘာသာကို စိတ်ဝင်စားလာတဲ့အတွက် ဆရာတော် ကြီးများထံမှာ ဗုဒ္ဓဘာသာကို ကျကျနနလေ့လာစူးစမ်းခဲ့တယ်။ ၁၉၇၅ ခုနှစ်မှာတော့ ဗုဒ္ဓဘာသာဝင်အဖြစ်ခံယူကိုးကွယ်ခဲ့ပါတယ်။

ရွှေဘ၏သမ္မတရုပ်ရှင်ထုတ်လုပ်ရေးမှမြန်မာ့ရုပ်ရှင် ခေတ်လယ်မင်းသားများဖြစ်လာမယ့်စိုးသူ ၊ ကျော်သူ တို့ကိုလည်း စင်တင်ရိုက်ကူး ပေးခဲ့ပါတယ်။အဲဒီနောက်မှာတော့ ရွှေဘပြဇာတ်လောကသို့ပြောင်းခဲ့ပါတယ်။ပြဇာတ်မှာလည်း အောင်မြင်ခဲ့တာပါပဲ။ ဒီလောက် ပရိတ်သတ်ချင်တဲ့မင်းသား ၊ သရုပ်ဆောင်တော်တဲ့မင်းသား ဘာလို့ အကယ်ဒမီမရခဲ့တာလဲ ဆိုတော့ ရွှေဘဟာ လူမှုရေးညံ့ဖျင်းလို့ပါ။

သူကိုယ်တိုင်က လူတိုင်းကို ဘွင်းဘွင်းရှင်းရှင်း ဆက်ဆံလေ့ရှိတယ်။ အထက်ဖားရမယ့် ကိစ္စကို ရွံမုန်းပြီး ရာထူးရာခံများအထူးသဖြင့် ရုပ်ရှင်အစည်းအရုံးလူကြီးများ နှင့်လည်း ပြေပြေလည်လည် မရှိတာကြောင့် ပြည်လုံးချစ်မင်းသား ဖြစ်ပေမယ့်တစ်ခါမှရွှေဘ အကယ်ဒမီမရခဲ့ပေ။ ရွှေဘကလည်း ဒါကို ဂရုမစိုက်ခဲ့ပါပေ။

တနိုင်ငံလုံးရဲ့ မေတ္တာကိုရပြီးမှ အရုပ်တစ်ရုပ်သည် သူ့အတွက် ဘာမှမဟုတ်တော့။အသက် ၅၀ အရွယ်မှာတော့ငယ်စဉ်က ပြင်းပြင်း ထန်ထန်တိုက်ခဲ့ခိုက်ခဲ့တဲ့ ဒါဏ်တွေကိုရွှေဘခံရပါတယ်။ ရောဂါမျိုးစုံကိုစတင်ခံစားခဲ့ရပြီး အသက် ၆၀ တွင်မျက်စိတိမ်ဖုံးလာပြီး နှလုံးရောဂါလည်း ဆိုးရွားလာခဲ့ပါတယ်။ အဲဒီနောက် ၁၉၈၈ ခုနှစ်ရန်ကုန်ပြည်သူ့ဆေးရုံမှာတက်ရောက်ခွဲစိတ်ခဲ့တယ်။

အဲဒီအချိန်က ၈၈ အရေးအခင်းကာလဖြစ်ပေမယ့်သတင်းစာမှာ ရွှေဘဆေးရုံတက်နေတဲ့ သတင်းက သာ ခေါင်းစီးနေရာယူထားခဲ့တယ်။ အဲဒီလောက်ပြည်သူချစ်တဲ့ မင်းသားပါ။ သို့ပေမယ့်သက်သာလာခြင်း မရှိပဲနှလုံးရောဂါမှာပိုမိုဆိုးရွားလာပြီး ၁၉၈၈ခုနှစ် ဒီဇင်ဘာ ၁ ရက် ည ၁၁ နာရီခွဲမှာတော့ရွှေဘကွယ်လွန်ခဲ့ပါတယ်။

နှစ်ပေါင်း ၄၀ ကျော် ရုပ်ရှင်ကားများရိုက်ကူးရင်း ပြည်သူကို အလုပ်အကျွေးပြုခဲ့သော ၊ တစ်တိုင်းပြည်လုံး၏ နှလုံးကိုသိမ်းကြုံးယူနိုင်ခဲ့သော ရွှေဘအကြောင်းကို အားလုံးသိစေဖို့ တင်ဆက်လိုက်ပါတယ်။

crd : winhlaingoo

Ref; မြန်မာ့စွယ်စုံကျမ်းပြည်တော်ချစ်မင်းသားရွှေဘ ၏ဘဝနှင့် အနုပညာရုပ်ပုံလွှာ – ကေမြူး

Likes:
0 0
Views:
2031
Article Categories:
HistoryKNOWLEDGE

Leave a Reply

Your email address will not be published. Required fields are marked *