အကောင်းဆုံး ဒီမိုကရေစီကို ပိုင်ဆိုင်ထားတဲ့ နိုင်ငံများ

ဒီမိုကရေစီဟာနိုင်ငံရေးအတွေးအခေါ် အယူအဆ စနစ်တွေထဲမှာ လူသိအများဆုံး နဲ့ နာမည်အကြီးဆုံးဖြစ်ပါတယ်။ နိုင်ငံအများစုက နည်းလမ်း စနစ် အမျိုးမျိုး နဲ့ အုပ်ချုပ်ကြပေမယ့် မိမိတို့နိုင်ငံဟာ ဒီမိုကရေစီ နိုင်ငံဖြစ်ကြောင်းဆိုလေ့ရှိသလို ပြည်သူအများစုအနှစ်သက်ဆုံး စနစ်ဟာလည်း ဒီစနစ်ပဲ ဖြစ်ပါတယ်။ ဒီမိုကရေစီကိုအမျိုးမျိုး အဓိပ္ပါယ်ဖွင့်ကြပေမယ့်အဓိကအချက်ကတော့ ပြည်သူ့ထံမှဆင်းသက်လာတဲ့ အာဏာဟာပြည်သူတွေအတွက်ပြည်သူ့ထံသို့ ပြန်လည်စီးဆင်းစေခြင်းလို့သိရပါတယ်။

နိုင်ငံအလိုက် အကောင်းဆုံး ဒီမိုကရေစီ ညွှန်းကိန်းစာရင်းကို စီးပွားရေးဆိုင်ရာ သုတေသနအဖွဲ့အစည်းတခုဖြစ်တဲ့ EIU ကနေနှစ်စဉ်ဖော်ပြ လေ့ရှိပါတယ်။ နာမည်ကျော် The Economist သတင်းစာကို ထုတ်ဝေနေတဲ့ ကုမ္ပဏီရဲ့ အဖွဲ့တဖွဲ့ဖြစ်ပြီး ၂၀၀၆ ခုနှစ်ကစလို့ ဒီစာရင်းကို ဖော်ပြခဲ့တာဖြစ်ပါတယ်။ အဲဒီနှစ်ကတော့ဥရောပမြောက်ပိုင်း နိုင်ငံ တနိုင်ငံဖြစ်တဲ့ ဆွီဒင်နိုင်ငံကပထမချိတ်ခဲ့ပြီး အကောင်းဆုံး ဒီမိုကရေစီနိုင်ငံဖြစ်ခဲ့ပါတယ်။

ဒီစာရင်းကိုကောက်ခံရာမှာအဓိက ကဏ္ဍကြီး ၅ ခု ရှိပါတယ်။ ဒါတွေကတော့ လွတ်လပ်စွာ မဲပေးပိုင်ခွင့် နဲ့ အစိုးရတရပ်ရဲ့ အစီအစဉ်တွေကို ချမှတ်ရာမှာလုပ်ငန်းရှင်အလုပ်သမား သမဂ္ဂစတဲ့ အခြားအဖွဲ့အစည်းတွေကိုပါ ပူးပေါင်းပါဝင်ခွင့်ပေးမှု ၊ ပြည်သူတို့၏ အခွင့်အရေး ၊ အစိုးရရဲ့ ဆောင်ရွက်ပုံ ၊နိုင်ငံရေးရာဆုံးဖြတ်ချက်များတွင် ပြည်သူလူထုအားပူးပေါင်းပါဝင်စေမှု နဲ့ နိုင်ငံအလိုက်နိုင်ငံရေးဓလေ့စတာတို့ဖြစ်ပါတယ်။

ဒီကဏ္ဍ ၅ ခုအောက်မှာပညာရှင်တွေနဲ့အတူလူထုကို မေးခွန်း ၆၀ မေးပြီးရလာတဲ့အဖြေတွေအလိုက်အမှတ်တွေကိုပေးစေတာဖြစ် ပါတယ်။ဒီစာရင်းမှာနိုင်ငံပေါင်း ၁၆၇ နိုင်ငံ ပါဝင်နေပြီး စုစုပေါင်းအနေနဲ့ ၁၀ မှတ်ပေးထားတာဖြစ်ပါတယ်။ ၂၀၂၀ ခုနှစ်ရလာဒ်တွေအရ ဒီမိုကရေစီအထွန်းကားဆုံးထိပ်တန်းနိုင်ငံတွေကတော့ ရမှတ် ၉မှတ်ကျော် အထိရရှိနေပြီးအဆိုးရွားဆုံးနိုင်ငံတွေကတော့ ၁ မှတ် ဝန်းကျင်သာ ရရှိကြပါတယ်။

၁၆၇ နိုင်ငံရှိတဲ့ အနက်အောက်ဆုံး ၃ နိုင်ငံကတော့ဗဟိုအာဖရိကပြည်ထောင်စု ၊ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံနဲ့မြောက်ကိုရီးယား နိုင်ငံတွေဖြစ်ပါတယ်။မြောက်ကိုရီးယားကတော့ ၁၀ မှတ်မှာ ၁.၀၈ မှတ်သာ ရရှိပြီး လွတ်လပ်မှု အဆိုးရွားဆုံးနိုင်ငံအဖြစ်သတ်မှတ်ခံရ ပါတယ်။ အမေရိကန်နိုင်ငံကတော့အဆင့် ၂၅ သာရရှိပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံကတော့ အမှတ် ၁၀ မှတ်မှာ ၃.၀၄ မှတ်သာ ရရှိပြီး အဆင့် ၁၃၅ နေရာမှာရှိနေပါတယ်။

၂၀၂၀ ခုနှစ်အရအကောင်းဆုံး ဒီမိုကရေစီ ညွှန်းကိန်းပိုင်ဆိုင်ထားမှုစာရင်းရဲ့ထိပ်တန်း ၁၀ နိုင်ငံအနက် ၇ နိုင်ငံက ဥရောပက ဖြစ်ပါတယ်။ နံပါတ် ၉ နေရာမှာတော့နယ်သာလန် နိုင်ငံ နဲ့ သြစတြေးလျနိုင်ငံတွေကပူးတွဲရပ်တည်နေပါတယ်။ နံပါတ် ၈ မှာတော့အိုင်ယာလန် ၊ နံပါတ် ၇ မှာ ဒိန်းမတ် ၊ နံပါတ် ၆ မှာဖင်လန်နိုင်ငံတွေအသီးသီးရပ်တည်နေပါတယ်။

နံပါတ် ၅ နေရာမှာတော့မြောက်အမေရိကတိုက်ကကနေဒါနိုင်ငံရှိနေပြီး ကနေဒါဟာ ငြိမ်းချမ်းမှု နဲ့ လွတ်လပ်မှုအရထင်ရှားတဲ့နိုင်ငံတနိုင်ငံ လည်းဖြစ်ပါတယ်။ဒီစာရင်းရဲ့ထိပ်တန်း ၄ နိုင်ငံကတော့ ၂၀၁၄ ခုနှစ်ကစလို့ ၂၀၂၀ ခုနှစ်စာရင်းထိတိုင်အောင်အဆင့်မပြောင်းလဲပဲရပ်တည် နေပါတယ်။ ဒီနိုင်ငံတွေကတော့ နံပါတ် ၄ နယူးဇီလန် ၊ နံပါတ် ၃ အိုက်စလန် ၊ နံပါတ် ၂ ဆွီဒင်နိုင်ငံတွေဖြစ်ပါတယ်။ နှစ်စဉ်နှစ်တိုင်း ဒီမိုကရေစီနိုင်ငံတွေအနက်မှာပထမနေရာကိုရရှိတဲ့နိုင်ငံကတော့နော်ဝေနိုင်ငံပဲဖြစ်ပါတယ်။

အေးချမ်းတိုးတက်မှုအပြင်ပြည်သူတွေအတွက်အလုပ်အကိုင်အခွင့်အလမ်း ၊ ကျန်းမာရေးစောင့်ရှောက်မှု နဲ့ ကဏ္ဍအသီးသီးမှာ ပြည်သူကိုသာအဓိကဦးစားပေးထားတာကြောင့်နော်ဝေဟာရမှတ် ၉.၈၁ အထိ ရရှိကာအကောင်းဆုံးဒီမိုကရေစီနိုင်ငံအဖြစ် သတ်မှတ်ခံထားရပါတယ်။

credit : thutazone

Likes:
0 0
Views:
770
Article Categories:
KNOWLEDGE

Leave a Reply

Your email address will not be published. Required fields are marked *