ရွှေရိုးအက တီထွင်ခဲ့သူ မြန်မာမွတ်စလင် ကာတွန်းပညာရှင် ဦးဘကလေး

by ပသီဝိုင်းဝတ်ရည်မြင့်တိုင်းရင်းသား

အစ္စလာမ်သာသနာ၀င် ဦးရွှေရိုးရွှေတလေး ကာတွန်းအနုပညာရှင် ဦးဘကလေးကာတွန်းဦးဘကလေးဦးဘကလေးဆိုတဲ့ ရွှေတလေး အကြောင်းကိုသိရှိဖတ်ရှုခဲ့ရပြီးနောက်အခြားလူငယ်တွေကိုလည်း သူ့အကြောင်းတွေသိစေချင်ခဲ့ပါတယ်။

အခုနောက်ပိုင်း စာစောင်တွေ မဂ္ဂဇင်းတွေမှာ ဦးဘကလေးအကြောင်းကို ရေးသားတာ မတွေ့ရ တော့ တတ်နိုင်သလောက် လေ့လာဖတ်ရှု မေးမြန်းပြီး ဦးဘကေလေးအကြောင်း အနည်းငယ်ကိုရေးသားလိုက်ခြင်းပါ။

ကာတွန်းဆရာကြီး ရွှေတလေး၊ ရုပ်ရှင်လူရွှင်တော်ကြီးဦးရွှေရိုးဆိုတာ ဟိုလွန်ခဲ့တဲ့ နှစ်ပေါင်း(၈၀)ကျော် (၁၀၀) အတွင်းကမြန်မာစာနယ်ဇင်း တွေနဲ့ မြန်မာရုပ်ရှင်လောကမှာ လှုပ်ရှားခဲ့တဲ့ မြန်မာ(တိုင်းရင်းသားအစ္စလာမ်သာသနာ၀င်) အနုပညာသည်ကြီးဖြစ်ပါတယ်။

ဦးဘကလေး ကာတွန်းတွေဟာနိုင်ငံရေးကာတွန်း၊ လူမှုရေး စီးပွားရေးကာတွန်း၊ ကြော်ငြာ ကာတွန်းဆိုပြီး အကြမ်းအားဖြင့် (၃)မျိုး (၃)စား တွေ့ရှိရပါ တယ်။ ဦးဘကလေးဟာကာတွန်း ဆရာကြီးအပြင်ရုပ်ရှင်နယ်မှာလဲ (၁၀)နှစ်ကျော်ကျင်လည်ကျက်စားပြီးရုပ်ရှင်ဆိုင်ရာ သဘင်မှုအနုပညာမှာ တီထွင်ဖန်တီးမှုတွေ အများကြီးပြုလုပ်သွားခဲ့ပါတယ်။

photo wikipedia

မြန်မာနိုင်ငံမှာ စာနယ်ဇင်းတွေ စတင်ပေါ်ပေါက်လာတာနဲ့ တစ်ပြိုင်တည်း ကာတွန်းဆိုတဲ့ အနုပညာတစ်ရပ်လဲ မြန်မာ စာနယ်ဇင်း လောကထဲမှာ ပေါက်ဖွားလာပါတယ်။ကာတွန်းကို မြန်မာစာပေ လောကအတွင်းရောက်အောင် ဦးဘကလေးက သွတ်သွင်းလာခြင်း ဖြစ်ပါတယ်။ ကာတွန်းကို ရွှေတလေးအမည်ခံ ဦးဘကလေးက ၁၉၁၅-ခုနှစ်မှာ စတင်မွေးထုတ်ခဲ့ပါတယ်။

၁၉၂၀-ခုနှစ်မှာ ရုပ်ရှင်ဆိုတဲ့အနုပညာတစ်ရပ် မြန်မာ ပြည်မှာ ပေါက်ဖွားလာတဲ့အခါမှာလည်း ဦးရွှေရိုးကြီးဆိုတဲ့ ရုပ်ရှင်လူရွှင် တော်မင်းသားအဖြစ်နဲ့ မြန်မာရုပ်ရှင်ကြည့် ပရိသတ်ရဲ့ အသည်းစွဲဖြစ်ခဲ့ပြန်ပါတယ်။ဦးရွှေရိုးကြီးကို စတင်ဖန်တီးခဲ့တာလည်း ဦးကလေးပဲဖြစ်ပါတယ်။

ဦးဘကလေးဟာ ၁၉၁၅-ခုနှစ်ကစပြီး ၁၉၃၉-ခုနှစ်အထိနှစ်ပေါင်း(၂၀)ကျော် ကာလအတွင်း မြန်မာ့ လူမှုရေး၊ နိုင်ငံရေးတွေကိုကာတွန်း တွေနဲ့ မှတ်တမ်းတင်သွားသလို၊ဦးရွှေရိုး ဆိုတဲ့ ပျော်ပျော်နေသေခဲ အဘိုးကြီးတစ်ယောက်ကိုလည်း မြန်မာရုပ်ရှင်နဲ့သဘင်လောကထဲမှာ ဖန်ဆင်းထားခဲ့ပါတယ်။

ဦးဘကလေးရဲ့ကြိုးပမ်းမှုတွေက သူ့တစ်သက်မှာအောင်မြင်ပြီး၊ ကာတွန်းဘက်မှာလဲ ဘကြီးမေတ္တာတုံး၊ ရွှေတလေး၊ ဘကလေးဆိုတဲ့ နာမည်(၂)မျိုး(၃)မျိုးနဲ့ ကျော် ကြားခဲ့သလို၊ ရုပ်ရှင်မှာလဲဦးရွှေရိုးဆိုပြီး ဟိုးလေးတကျော် ကျော်ကြားခဲ့တယ်။ အနုပညာရည်အနေနဲ့ သူလှုပ်ရှား ကြိုးစား ရုန်းကန်သွားခဲ့တဲ့ကာလအတွင်းက တီထွင်ဆန်းသစ်မှုတွေဟာအင်မတန်များပြားပြောင်မြောက်ပါတယ်။ဒါတွေဟာ မတိမ်မြုပ်မပျောက်ပျက်စကောင်းပါဘူး။

ကာတွန်း ပေါ်စက မြန်မာ စာဖတ်ပရိသတ်ဟာ ကာတွန်းကိုမကြည့်တတ်ကြပါဘူး။ ကာတွန်းဆိုတာ အစွမ်းသတ္တိကြီးတယ်။ ကာတွန်း တစ်ကွက်က ထိစရာမြင်စရာရှိလဲ ရှင်းရှင်းထိမြင်ရတယ်ဆိုတော့မြန်မာ့ပန်းချီနဲ့ စာပေလောကထဲကို ဦးဘကလေးရဲ့ ကြိုးပမ်းအားထုတ် မှုကြောင့် ၂၀-ရာစု နှစ်အစပိုင်းကတည်းကို ကာတွန်းပညာ ရောက်ရှိလာခဲ့ပါတယ်။

ဦးဘကလေးရဲ့ကာတွန်းဟာ Caricature လို့ခေါ်တဲ့ ရုပ်ပြောင်ပုံတူကောင်းတယ်၊ စာလုံးတွေအားရှိတယ်၊ သူ့ဟာသက အရည်ရွှမ်းနေတဲ့ ဟာသမျိုး၊ စိတ်ကူး စိတ်သန်းလည်း ကောင်းပါ တယ်။ Caricature လို့ခေါ်တဲ့ ရုပ်ပြောင် ပုံတူကောင်းတာနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံမှာ ပေါ်ဘူးတဲ့ ကာတွန်းဆရာတွေ ဦးဘကလေးကို လိုက်မမှီဘူးလို့ပြောခဲ့ကြပါတယ်။

ဦးဘကလေး က ရုပ်ပြောင်ပုံတူမှာကောင်းရုံမက၊ လျှပ်တပြက်အတွင်း ဆွဲ နိုင်စွမ်းလောက်အောင်လဲမြန်တဲ့သူတစ်ယောက်ပါ။ ဒါကြောင့် သူကအပျင်းပြေ သူ့လက်စွမ်းပြ ရေးဆွဲတာမျိုးလုပ်တာတွေလဲ အကြိမ်ကြိမ်ရှိခဲ့ပါတယ်။ သူ့ခေတ်မှာ သူ့ပညာသာမက လူကို အပြင်မှာမြင် ဖူးချင်တဲ့လူတွေကလည်းအများကြီးပါ။

ဒါကြောင့်ပဲ မြို့မကျောင်းက ရံပုံငွေရှာတဲ့ပွဲမှာ ဦးဘကလေးကိုယ်တိုင် ထွက်ပြီး ဇာတ်ခုံပေါ်မှာ ကာတွန်းဆွဲပြတဲ့ အစီအစဉ်ကိုလည်း ပွဲစီစဉ် သူတွေက ပါအောင်ကြိုးစားခဲ့ကြတယ်။ ဦးဘကလေးက မြန်မာစာကို စာဆန်တာ သိပ်ကြိုက်ပုံမရဘူး။ သူကာတွန်းဆိုတဲ့ အခါ နစ်အပြား ကြီးကိုင်ပြီး အားနဲ့မာန်နဲ့ တောင့်တောင့် တင်းတင်းရေးတယ်။ ဒါကြောင့် ဦးဘကလေးစာလုံးက မလှ ပေမယ့် အားရှိတယ်။ ဦးဘကလေးက မြန်မာစာလုံးပုံစံသစ် ကိုလဲထွင်ရေးပါတယ်။

ဦးဘကလေးလက်ရာများ ကောင်းမှန်းသိတော့ မဂ္ဂဇင်း တော်တော်များများက သူတို့ကိုယ်ပိုင် ကာတွန်းဆရာအဖြစ်နဲ့ လုပ်ဖို့ကမ်းလှမ်း ကြတယ်။ ဦးဘကလေးက အချုပ်အခြယ်ရှိမှာ စိုးလို့ လခစားမလုပ်ခဲ့ပါဘူး။ ဦးဘကလေးရဲ့ကာတွန်းကို အများဆုံး အသုံးပြုတဲ့ အင်္ဂလိပ် သတင်းစာကတော့ ရန်ကုန် Time သတင်းစာပါ။ Time အယ်ဒီတာတွေက ဦးဘကလေးကို Geniousတကယ့်ပါရမီရှင်လို့ မြင်ကြပါတယ်။

ဦးဘကလေးက အင်္ဂလိပ်စာကို မြန်မာစာထက် နိုင်နင်း တတ်ကျွမ်းပါတယ်။ ဒါကြောင့် သူ့ကိုယ်ပိုင်ကုမ္ပဏီက ရိုက်ထုတ်တဲ့ အသံတိတ် ခေတ်က ဇာတ်ကားတွေမှာ စာတန်းကို မြန်မာလိုရော အင်္ဂလိပ်လိုပါ သူကိုယ်တိုင်ရေးပြီး စာတန်းထိုး ပါတယ်။ အင်္ဂလိပ်စာတန်းလဲ ထိုးပြမယ် လို့ ရုပ်ရှင်ကြော်ငြာမှာ တစ်ခါတည်းထည့်ပါတယ်။

သူ့ရုပ်ရှင်ကြည့်တဲ့ ပရိသတ်က မြန်မာပရိသတ်တင်မက တရုတ်၊ အင်္ဂလိပ်နဲ့ အခြားအစုံရှိနေပြီး ရန်ကုန် Time သတင်းစာကဆိုရင် သူ့ကားလာကြည့်ပြီး ဝေဖန်ချက်များ ကောင်းကောင်းရေးပေးခဲ့ပါတယ်။ ဦးဘကလေး ဟာ သူ့ရုပ်ရှင်ကြော်ငြာများမှာ သူ့ကာတွန်းများ နဲ့ကြော်ငြာ ပါတယ်။ အဲဒီခေတ်က အဲဒီလိုလုပ်တာတွေမရှိခဲ့ပါဘူး။

ရုပ်ရှင်တစ်ကားမှာဆို (၄)ကိုယ်ခွဲပြီး ခြားခြားနားနာ သရုပ်ဆောင်သွားရာမှာ တချို့က လွယ်တယ်လို့ထင်နိုင်ပေမယ့် လူတိုင်းလက်ဖျား ခါခဲ့ကြပါတယ်။ ဦးဘကလေးဟာ သူတို့ခေတ် က ရုပ်ပြောင်းရုပ်လွှဲနဲ့စမ်းသပ်တာ အောင်မြင်လာတော့ အင်မတန် အားတက်လာတယ်။

သူ့ကိုယ်သူလဲ ယုံကြည်မှုရှိလာပြီး နောက် ကားတွေမှာ အမျိုးမျိုးတိုးတက်တီထွင်လာပါတယ်။ဦးဘကလေးနဲ့အတူ တွဲဖက်ပြီး အလုပ်လုပ် ခဲ့တဲ့ ပုဂ္ဂိုလ်တွေက “ဒီလိုလူ မမွေးသေးဘူး၊ တကယ်ထူးတဲ့ ပါရမီရှင်ပဲ”လို့ ပြောကြရတဲ့ အနုပညာသည်တစ်ယောက်ပါ။ ဦးဘကလေးဟာ မြန်မာပြည်မှာ ပေါ်ပေါက်ခဲ အနုပညာသည် ကြီးဖြစ်ပါတယ်။တကယ်တော့ ဦးဘကလေးက သူလိုက်စားထားတဲ့ ပညာမှာ ဝါစာကမာအပေါ် ယံသဘောမဟုတ်ပါဘူး။

အနုပညာ အနေနဲ့ လေးလေးနက်နက် လိုက်စားခဲ့တာပါ။ ဦးဘကလေးမှာ တို့မြန်မာလူမျိုးလွတ်လပ်ရမယ်၊ ကမ္ဘာ့လူမျိုးကြီးတွေနဲ့ ရင်ဘောင် တန်းနိုင်ရမယ်။ ကိုလိုနီနယ်ချဲ့သမားကို ပြည်သူ့အားနဲ့ တိုက်ပွဲ၀င်ရမယ်ဆိုတဲ့အမြင် ခိုင်ခိုင်မာမာရှိပါတယ်။ ဒီလို တိုက်ပွဲ၀င်ရင် တစ်နေ့ အောင်ပွဲခံမှာဘဲဆိုတာကို သူကယုံကြည် တယ်။

ဒါကြောင့် သူ့လက်ရာတွေက ပြတ်သားပြောင်မြောက် နေပါတယ်။ဦးဘကလေးကို အလယ်တန်းပြဆရာ ဦးဘိုးသင်းနဲ့ ဒေါ်သဲမှုန်တို့က ပုသိမ်မြို့ ထောင်ကုန်းရပ် အရက်ဖိုလမ်း အိမ် အမှတ်(၃)တွင် ၁၈၉၃-ခုနှစ်မှာ မွေးဖွားခဲ့ပါတယ်။ ငယ်စဉ် ကတည်းက ဥာဏ်ထက်မြက်ပြီး ပျော်စရာ ရီစရာလုပ်တတ်၊ တယ်။ ပုံဆွဲဝါသနာပါခဲ့ပါတယ်။

(၁၆)နှစ်မပြည့်ခင် အင်္ဂလိပ် မြန်မာ (၂)ဘာသာသင်ပုသိမ် အထက်တန်းကျောင်းက (၁၀)တန်း ကို အင်္ဂလိပ်စာနဲ့ ဂဏန်းသင်္ချာမှာ ဂုဏ်ထူးနဲ့ အောင်မြင်ခဲ့ပါ တယ်။ သူတို့ခေတ်က ကောလိပ်တက်ဖို့ Scholarshipရပေမယ့် အသက်မပြည့်လို့ တစ်နှစ်စောင့်နေရပါတယ်။ ကောလိပ်ရောက်တော့ ဥပစာတန်းအောင်ပြီး ဘီအေရောက်တဲ့ အခါ စာကျက်တာထက် အရုပ်ဆွဲနေတာကများတာကြောင့် စာမေးပွဲလဲက Scholarshipလည်း ပြုတ်ခဲ့ရပါတယ်။

မြို့အုပ်ဖြစ်ချင်တဲ့ကောလိပ်ကျောင်းသားအိပ်မက်ဆိုတဲ့ သူ့ရဲ့ ပထမဆုံးကာတွန်းကို ၁၉၁၅-ခုနှစ်ထုတ်တဲ့ကောလိပ်မဂ္ဂဇင်း မှာပါပြီး အဲဒီမဂ္ဂဇင်းအဖုံးကိုလည်းသူပဲဆွဲပေးခဲ့တယ်။ သူကောလိပ်တက်နေစဉ်ပုသိမ်မှာ ပလိပ်ရောဂါအကြီးအကျယ်ဖြစ်တဲ့နှစ် သူ့ဖခင်ဟာ ပလိပ်ရောဂါဖြစ်လို့ကွယ်လွန်ခဲ့ရတယ်။ ဦးဘကလေးမှာအစ်ကိုဦးဘကြီး တစ်ယောက်ပဲရှိတာကြောင့်အဖေဆုံးတော့အမေကို လုပ်ကျွေးဖို့လိုလာလို့ကောလိပ်ကထွက်ပြီးကျောင်းဆရာ၀င်လုပ်တယ်။

ဒါပေမယ့် ဒီအလုပ်မှာ မမြဲပါဘူး။ ကိုလိုနီခေတ်ဆိုတော့ ဘုရားမထူးချင်တာနဲ့ အစိုးရ လခစားဘ၀ကိုစွန့်ခဲ့ပါတယ်။ဦးရွှေရိုးအကနောက်တော့ သူဝါသနာပါတဲ့ကာတွန်းများဆွဲပြီး အသက်မွေးဖို့ ရန်ကုန်ရောက်လာတယ်။ အင်္ဂလိပ်သတင်းစာ ရန်ကုန်Time က ကောလိပ်မဂ္ဂဇင်းထဲ မှာပါတဲ့ မြို့အုပ်အိပ်မက် ကာတွန်းကို မြင်ကတည်းက အလားအလာရှိတဲ့ လူငယ်အနေနဲ့ မျက်စိကျနေတာကြောင့် ရန်ကုန်ရောက်လာတဲ့ အခါ ကာတွန်းနဲ့ အသက်မွေးဘို့ မခဲယဉ်းတော့ပါဘူး။ အဲဒီအချိန်က ကုန်ပစ္စည်း ကြော်ငြာများမှာ ပန်းချီ၊ ကာတွန်းများနဲ့ ကြော်ငြာကြ ပါတယ်။

ဦးဘကလေးဟာ ၁၉၁၇-ခုနှစ်က သူရိယမဂ္ဂဇင်းမှာဆွဲတဲ့ ကာတွန်းများအပြင်ကုန်ပစ္စည်းကြော်ငြာများလဲ ရေးဆွဲပေးလာရ ပါတယ်။ အဲဒီနှစ်မှာပဲမြန်မာအဆွေ သူဋ္ဌေးဦးဘညွန့်က သူလုပ်ချင်တဲ့သဘောကိုပြောပြရင် ဦးဘကလေးကအင်မတန် ကြိုက်နှစ်သက် စရာကောင်း တဲ့စိတ်ကူးစိတ်သန်းများနဲ့ အကောင်အထည်ဖော်ပေးတတ်လို့ သဘောကျတာကြောင့်ဦးဘကလေးကိုကြော်ငြာ မန်နေဂျာခန့်ခဲ့ပါတယ်။

အဲဒီမှာလုပ်နေရင်း ၁၉၁၉-ခုနှစ် ဇွန်လမှာ သူဋ္ဌေးဦးဘညွန့်ရဲ့ သမီးဒေါ်ခင်ခင်နဲ့ အိမ်ထောင်ကျခဲ့ ပါတယ်။ သူတို့အိမ်ထောင်ရေးဟာ ချောချောမွေ့မွေ့နဲ့အကြင်လင်မယားအဖြစ်ရောက်ရတာမဟုတ်ပါဘူး။ ဦးဘကလေးကမွတ်စလင်၊ဒေါ်ခင်ခင်ကဗုဒ္ဓဘာသာဆိုတော့ အခက်အခဲတွေအများကြီးကျော်လွှားခဲ့ရပါတယ်။ (၇)နှစ်လောက်ပေါင်းကြရပြီးနောက် ကွဲသွားကြပါတယ်။နှစ်ယောက်စလုံးအသီးသီး အိမ်ထောင်ပြုခဲ့ကြပါတယ်။ဦးဘလေးကဒေါ်ခင်ထားနဲ့ဒုတိယအိမ်ထောင်ပြုပါတယ်။

ဦးဘကလေးဟာ ဒေါ်ခင်ထားနဲ့ အသက်ထက်ဆုံးပေါင်းသင်းသွားပြီး ဒေါ်ခင်ထား လက်ပေါ်မှာပဲ ကွယ်လွန်ခဲ့ပါတယ်။ ဒေါ်ခင်ထား နဲ့လက်ထက်တဲ့ အချိန်ရောက်တော့ ဦးဘကလေးက အရက်သောက်တတ်လာတယ်။ ပထမ နဲနဲ သောက်ရာက များများသောက်လာပြီး အရက်ထဲနစ်နေတဲ့ ဘ၀ ဆိုက်သွားပါတယ်။

ဦးဘကလေးဟာ စိတ်နေစိတ်ထားကချစ်စရာကောင်းပြီးသဘောကောင်းတယ်၊ ပျော်တတ်တယ်၊ရီစရာမောစရာလေးတွေလုပ်မယ်၊ ပုံတိုပတ်စကလေးတွေ ပြောမယ်၊ စိတ်ဆိုးတယ်ရယ်လို့ရှိခဲပါတယ်။လူတစ်ဖက်သား ကို သနားတတ်တယ်၊ကြင်နာတတ်တဲ့စိတ်ရှိတယ်။ အားနာ တယ် စိတ်နေစိတ်ထားလဲ မြင့်မြတ်ပါတယ်။

သူအရက်မသောက်ခင်က ကာတွန်းတွေဆွဲပြီး အရက်သောက်တာကိုပြစ်တင်သတိပေးခဲ့တာအများကြီးရှိပါတယ်။ သူ့ဘ၀မှာလူမှုရေး မကျေနပ်မှုတွေများလာတဲ့အခါ နည်းမှန်လမ်းမှန်မဖြေရှင်းတတ်ဘဲအရက်ကိုအဖော်လုပ်မိရာက အရက်ကလူကို၀ါးမျိုပစ်လိုက်လို့ နှမျောစရာကောင်းလှတဲ့လူတစ်ယောက်ဟာအရက်ထဲမှာပဲနစ်မြုပ်ပျက်စီးသွားရပါတယ်။

၁၉၃၈-ခုနှစ် (၆)လပိုင်းလောက်မှာသူတို့နေတဲ့တိုက်ရဲ့ နောက်ဖေးဆောင် ပြိုကျလို့ဦးဘကလေး ခါးနဲ့ခေါင်းမှာ ထိခိုက် မိပြီး ဒဏ်ရာအကြီး အကျယ်ရသွားတယ်။ ဆေးရုံပေါ်မှာ (၃)လနဲ့ (၈)ရက်နေပြီးဆင်းခဲ့တယ်။ ဆရာ၀န်တွေက (၆)လလောက် အနားယူဖို့ပြောပေမယ့် (၃)လလောက်ပဲနေပါတယ်။

နောက် ၁၉၃၉-ခုနှစ်မှာ ပုသိမ်ကိုပြောင်းသွားကြပြီး အစ်ကို၀မ်းကွဲ တော်တဲ့ ဦးအီစာတို့အိမ်မှာနေခဲ့ကြတယ်။ ပုသိမ်ရောက်လို့ (၃)လောက် လဲနေရော ဦးဘကလေး စိတ်နောက်သွားရှာပါတယ်။ စိတ်ဝေဒနာဖြစ်တယ်ဆိုပေမယ့် ကြမ်းကြမ်းတမ်းတမ်း မဟုတ်ပါဘူး။ ယဉ်ယဉ်က လေးပဲ။ မသိတဲ့လူမြင်ရင်နေကောင်းတယ်ပဲထင်ရတယ်။

စိတ်ဝေဒနာဖြစ်နေပေမယ့် နမားဇ်ဖတ်တယ် (ဝတ်ပြုသည်) ၊ တစ်ခါတစ်ရံသီချင်းဆိုတယ်။ သီချင်းဆိုရင် သူများရေးထားတဲ့ သီချင်းမဟုတ် ဘဲ သူ့ရှေးဟောင်းနှောင်းဖြစ်တွေကိုသူ့ဖာသာလက်တမ်းစပ်ဆိုတာ။ စာရေးချင်ရေးနေတယ်။ ဆေးပေါ့လိပ်ကြီးလက်ကြားညှပ်လက်ကို နောက်ပစ်ပြီး လမ်းထွက်ပြီး လျှောက်ချင်လျှောက်နေတယ်။ ဒုတိယကမ္ဘာ စစ်ကြီးဖြစ်လာတော့ ဟင်္သာတကိုပြောင်းေ့ရွှကြရပါတယ်။

ဟင်္သာတကတဆင့် ဒမ္ဘီကိုေ့ရွှကြရတယ်။ ဒမ္ဘီမှာပဲဦးဘကလေးကွယ်လွန်သွားခဲ့ပါတယ်။လူကြီးအများစုကဦးဘကလေးအကြောင်းကို ကြားဖူးပြီးသားဖြစ်နိုင်ပါတယ်။ မြန်မာ့နယ်ပယ်မှာအောင်မြင်ထင်ရှား ကျော်ကြားခဲ့သောဦးဘကလေးဆိုတဲ့တိုင်းရင်းသားအစ္စလာမ် သာသနာ၀င်တစ်ဦးရဲ့သူမတူတဲ့အောင်မြင်မှုတွေ၊ကြေကွဲဖွယ်ကျဆုံးမှုတွေရောထွေးနေတဲ့သူ့ဘ၀ဟာ ကျွန်မတို့လူငယ်များအတွက် ဂုဏ်ယူဖွယ်အတုယူဖွယ်၊သင်ခန်းစာယူဖွယ်ရာများဖြစ်ပါတယ်။

ဦးဘကလေးအကြောင်းကို ပြည့်ပြည့်စုံစုံသိရှိစေဖို့ လူထုဒေါ်အမာရေးသားပြုစုခဲ့သော “ရွှေရိုး ဘကလေး”ဆိုတဲ့ စာအုပ်ကို ညွှန်းဆိုချင် ပါတယ်။ ဒီစာမူကို ရေးသားခွင့်ပြုတဲ့ ဘွားဘွားလူထု ဒေါ်အမာကိုလည်း ကျေးဇူးအထူးတင်ပါတယ်။

#winhlaingoo

Likes:
0 0
Views:
1198
Article Categories:
KNOWLEDGE

Leave a Reply

Your email address will not be published. Required fields are marked *