သတင်းမှန်၊ မမှန် စစ်နိုင်ဖို့ အလွယ်ဆုံးနည်းလမ်းများ

“ဟဲ့ ရန်ကုန်ကို ရက် ၂၀ လော့ခ်ဒေါင်းချတော့မယ် တဲ့” ဆိုပြီး လာပြောပါလိမ့်မယ်။ နောက်က “…တဲ့” ဆိုတဲ့စကားလုံးပါကတည်းက တဆင့်ကြားတာ သေချာနေပြီ။ ဒါဆိုရင် “ဘယ်က ကြားတာလဲ” လို့ ပြန်မေးလိုက်ပါ။ “မသိဘူး တစ်ယောက်က တင်ထားတာပဲ” လို့ပြောရင် “ဘယ် တစ်ယောက်လဲ” လို့ ထပ်မေးပါ။

နောက်ဆုံး “ဒီမှာ သူ” ဆိုပြီး Facebook လာပြရင် ခဏလေး နားပါ။ လုံးဝ မရှဲပါနဲ့ဦး၊ ခဏလေး အချိန်ယူပါ။ ပထမဆုံး “နာမည်” ကို သေချာကြည့်ပါ။ ပြီးရင် သူ့ Timeline ကို ဝင်စစ်ပါ။ ဟိုးအရင်က အာဏာမသိမ်းခင်က Post တွေတင်ဖူးသလား၊ ဘယ်လိုစာတွေ ရေးခဲ့တာလဲ၊ သူက သတင်းထောက်လား၊ သတင်းထောက်ဆိုရင်ရော ဘယ်မှာလုပ်နေတာလဲ၊ သူက ဘာတွေရေးခဲ့တာလဲ ပြန်ရှာပါ။

သတင်းထောက်လည်း မဟုတ်ဘူး၊ ရုပ်အမှန်တင်ထားတယ်၊ အလုပ်အကိုင်လည်း တင်ထား တယ်ဆိုရင် “ဒီလူက ဘယ်ဌာနမှာ လုပ်တာလဲ” “အစိုးရအဖွဲ့ထဲကလား” “ခရိုနီတွေနဲ့ နီးစပ်တဲ့ လူလား”၊ သတင်းတင်မယ်ဆိုရင်ရော ဒီသတင်းကို “သူက ဘယ်ကရတာလဲ” ဆိုတာ ကိုယ့်ဘာသာ စဉ်းစားကြည့်ပါ၊ “ဒီလိုသတင်းမျိုး သူ ဘယ်ကရတာလဲ”၊ ပြီးရင် ဒီလူဟာ “ကိုယ်ပြောတာ ကိုယ်တာဝန်ယူနိုင်မယ့်သူလား” ဆိုတာ သက်သေရအောင်ရှာပါ။

မဟုတ်ဘူး၊ ရိုးရိုးလူပဲ၊ ဘယ်မှာလုပ်မှန်းလည်း မသိဘူး၊ သူ့အကြောင်းလည်း တခုမှ မသိဘူးဆို ရင် သံသယနဲ့ စ ကြည့်ပါ။ ပြီးရင် သုံးနေတဲ့ စကားလုံးတွေ သတိထားပါ။ အကြီးအကျယ်၊ အလွန်အမင်း လန့်ဖြန့်စေနိုင်တဲ့ စကားလုံးတွေ သုံးထားရင် သတိထားရပါမယ်။

ဒါက မြင်နိုင်တဲ့ကိစ္စတွေ အတွက်ပါ။ ကိုယ့်ဘာသာ ပြန်မေးပါ၊ ဒီလူက ဒီသတင်းကို ဘယ်ကရ တာလဲ၊ ဘယ်လိုရတာလဲ၊ သူက ဘာမို့လို့ ဒီသတင်းကို ရတာလဲဆိုပြီး ပြန်မေးပါ။ ဒီအဖြေတွေ ကို သူ့ Timeline ကို ဝင်ကြည့် အဖြေရှာကြည့်လို့ မရရင် အဲ့သတင်းကို တခြားလူဆီ လုံးဝ ထပ်မဖြန့်ကြပါနဲ့။

အသံဖိုင် ကိစ္စ

“သားရေ…. တမာရွက်စားပေးရတယ်တဲ့” ဆိုတာ ကြားဖူးမှာပါ။ ဘယ်က ဘွားတော်ကြီး ပြောထားတာမှန်း မသိရပါ။ တဖက်မှာ “ရန်ကုန်ကို ပဲခူးက တပ်တွေ လွှတ်လိုက်ပြီ အမေရေ၊ သတိထားနေပါ၊ အေးပါ သားလေးရေ၊ အမေစိတ်ပူလိုက်တာ” ဆိုပြီး ကြားဖူးကြပါလိမ့်မယ်။​

ကိုယ့်ဆီကို သူငယ်ချင်းတယောက်ယောက်က လာပို့ရင်၊ ဒါမှမဟုတ် ကိုယ်ဝင်ထားတဲ့ Group Chat တွေထဲ တယောက်ယောက်က လာပို့ရင် အရင်ဆုံး မေးရမှာက “အဲ့ဒီအသံဖိုင်ကို ဘယ်က ရတာလဲ” ဆိုတာပါပဲ၊ ပြန်ကြားရမှာက “မသိဘူး၊ ငါ့ဆီ တယောက်ပို့ပေးတာ” လို့ ပြောပါလိမ့် မယ်။ “အဲ့ဒီပို့ပေးတဲ့ တယောက်ကို သူ ဘယ်ကရတာလဲဆိုတာ ထပ်မေးပေး” လို့ ပြောလိုက်ပါ။ နောက်ဆုံး ဘယ်သူက စပြောမှန်း မသိရဘဲ ပျောက်သွားပါလိမ့်မယ်။ 

“အဲ့ဒါက ဘယ်ကရတာလဲ”  “ပို့ပေးတဲ့လူကို ပြော”  “စပြီးပြောတဲ့လူကို ပြ”၊ လို့ ပြောတာဟာ အရင်းအမြစ်ကို ရှာတာပါပဲ။ တစ်ဦးချင်းတစ်ယောက်ချင်းက အဲ့လိုသာ လိုက်မေးနေမယ်ဆိုရင် အဲ့ဒီအသံဖိုင် သတင်းမှားတွေဟာ ပျောက်ချင်းမလှ ပျောက်သွားပါလိမ့်မယ်။ ကိုယ့်ဆီရောက်လာသမျှ၊ ကိုယ့်သူငယ်ချင်းတွေ ရှဲသမျှကို မေးနေရမယ့် အဓိက မေးခွန်းက “အဲ့ဒါ ဘယ်ကရတာလဲ” “နင်က၊ သူက ဒါကို ဘယ်လိုသိတာလဲ” ဆိုတာပါပဲ။ 

ဒီနည်းကို စမ်းကြည့်ပါ၊ အစပိုင်းမှာ မေးခွန်းတွေ မေးရတာ နည်းနည်း ကသိကအောက် ဖြစ်နိုင် ပေမယ့် နောက်ပိုင်းကျရင် အသားကျသွားပါလိမ့်မယ်။ သတင်းမှားတွေ တောက် လျှောက် ပို့နေတဲ့လူတွေလည်း လျော့သွားပါလိမ့်မယ်။ ကျနော်ကိုယ်တိုင်လည်း ဘယ်လောက်ပဲ ရင်းနှီးတဲ့လူဖြစ်ဖြစ် ဒီနည်းကိုပဲ သုံးပါတယ်။

“ခင်ဗျားကိုယ်တိုင် သိရ၊ မြင်ရ၊ ကြားရတာလား”

မဟုတ်ဘူးဆိုရင်

“ခင်ဗျား ဘယ်ကကြားတာလဲ”

Credit : The Mratt’s Blog

Likes:
0 0
Views:
717
Article Categories:
KNOWLEDGE

Leave a Reply

Your email address will not be published. Required fields are marked *