ဘဝအိပ်မက် ပန်းအိပ်မက် အပိုင်း (၂)

အပိုင်း (၂)

သူသည် လူ့ဘဝသို့ ကံကောင်းခြင်းနှင့် ကံဆိုးခြင်း နှစ်မျိုးလုံးကို တစ်ပြိုင်နက်တည်း သယ်ဆောင်လာသူ ဖြစ်သည်။ သူ့ကို မွေးအပြီးတွင် မိခင်က သေဆုံးခဲ့သော်လည်း ဖခင်ကတော့ စီးပွားတွေ တရှိန်ထိုး တက်ခဲ့သည်။

“ကျွန်တော်လူပျိုပေါက်အရွယ်ရောက်တော့ အဖေကလဲ လေယာဉ်ပျံပျက်တဲ့အထဲ ပါသွားတာ အလောင်းတောင် မရတော့ဘူး၊ အဖေ ယူထား တဲ့ ကျွန်တော့်မိထွေး ငယ်ငယ်လေးကပါ အဖေနဲ့အတူ လေယာဉ်ပျံထဲ ပါသွားတာကတော့ ကျန်ခဲ့သမျှပစ္စည်း ကျွန်တော်အကုန်ရဖို့ ဖြစ်လာ တာ ပေါ့လေ။ အဖေဘက်ကလည်း ချမ်းသာ၊ အမေဘက်ကလည်း ချမ်းသာ ဆိုတော့ ဟိုဘက်ဒီဘက် ရလိုက်တဲ့ အမွေဆိုတာ မနည်းဘူးဗျ၊ အသက်ကလေးကလည်း ငယ်၊ ရုပ်ကလေးကလည်းဖြောင့်၊ ပစ္စည်းကလည်း ချမ်းသာ ဆိုတော့ အင်း ချိုတပ်ထားတဲ့ မြင်းလို ဖြစ်ခဲ့တာပေါ့”

ဦးဘပွားသည် သည်နေ့အတွက် ပထမဆုံးအကြိမ် ပြုံးမိသည်။ သူ၏ရွှေရောင်လွှမ်းသောနေ့ရက်များသည် ဟိုး အဝေးတွင် ကျန်ရစ်ခဲ့သော်လည်း ပြန်တွေးလျှင် ကြည်နူးရသေးသည်။

“အင်း နောက်ဆုံးတော့ ဒီငွေ၊ ဒီပစ္စည်း၊ ဒီစည်းစိမ်ချမ်းသာတွေကြောင့်ပဲ ကျွန်တော်ဟာ မေတ္တာစစ် မေတ္တာမှန်ကို မရခဲ့တာ ထင်ပါရဲ့”

သည်အပိုင်းကိုတော့ ဦးကံမြင့် သိပြီးသားဖြစ်သည်။ ဦးဘပွား၏ဇနီးသည် ပြစ်မျိုးမှဲ့ မထင်အောင် လှပတင့်တယ်သူဖြစ်သည်။ သူ့ကို အားကစားပွဲတစ်ခုတွင် တွေ့ပြီး၊ တွေ့လျှင်တွေ့ ချင်း ဦးဘပွားသည် “ဒီမိန်းကလေးကို ငါ ရအောင်ယူမယ်”ဟု ဆုံးဖြတ်ခဲ့လေသည်။ မိန်းကလေးတွင် ချစ်သူရှိနေကြောင်း သိခဲ့သော်လည်း သူက နောက်မဆုတ်ခဲ့။

အသိုင်းအဝိုင်း၊ အရှိန်အဝါ၊ ပစ္စည်းဂုဏ်ငွေဂုဏ်၊ ရာထူးဂုဏ် အကုန်လုံးကို အသုံးပြုကာ မိန်းကလေးအား အရယူခဲ့သည်။ မင်္ဂလာဦးညတွင် မိန်းကလေးက သူ့အား စေ့စေ့ကြည့်ကာ ….“ကျွန်မက ရှင့်ရဲ့ ဇနီးဖြစ်ပြီပဲ… ရှင်ထားရာမှာ နေ၊ စေရာကို သွားရတော့မှာပေါ့။ စိတ်ချပါ ကိုကိုရယ် …. ကျွန်မလေ အချစ်ဟောင်းကိုလည်း တမ်းတမနေပါဘူး၊ ဘယ်တော့မှလဲ မဖောက်ပြားပါဘူး၊ ကျွန်မရဲ့ ကိုယ်ခန္ဓာကို ရှင်ပဲ ပိုင်ပါတယ်”ဟု ပြောခဲ့သည်။ သူပြောသည့်အတိုင်းလည်း ဇနီးကောင်း ပီသစွာ နေသွားခဲ့သည်။

သူ ရေချိုးလျှင် မျက်နှာသုတ်ပဝါကိုင်ကာ စောင့်နေတတ်သည်။ သူထမင်းစားလျှင် ဘေးတွင် ထိုင်ကာ ငါးရိုးထွင်ပေးတတ်သည်။ သူရုံးမှပြန်လာလျှင် သနပ်ခါးနံ့ သင်းသင်းလေးနှင့် အိမ်ဝမှ ဆီးကြိုတတ်သည်။ သူ မအိပ်သေးလျှင် မည်မျှပင် ညဉ့်နက်ပါစေ၊ မအိပ်ဘဲ စောင့်နေတတ်သည်။

သို့သော် ထိုအပြုအမူအားလုံးသည် သံပတ်ပေးထားသော အရုပ်တစ်ခုလို လှုပ်ရှားသွားခြင်းဖြစ်ကြောင်း သူသိနေသည်။ ဇနီးသည်၏မျက် လုံးများသည် ချစ်ခြင်းမေတ္တာနှင့် ရွှန်းလက်တောက်ပခြင်းမရှိဘဲ နက်ရှိုင်းသော ကန်ရေပြင်လို ငြိမ်သက် အေးစက်နေတတ်သည်ကို သူ အမြဲတမ်း သတိထားမိနေသည်။ မင်းပွဲ စိုးပွဲများတွင် သူ့ဘေး၌ လှပတင့်တယ်စွာ ယှဉ်တွဲပါလာသော ဇနီးကို လူတိုင်းက အံ့သြချီးမွမ်းကြ သည်။

“ဦးဘပွား ကံကောင်းတယ်ဗျာ”ဟု ပြောသံကြားလျှင် အပြင်မှ အလိုက်သင့် ပြုံးနေရသော်လည်း ဝမ်းတွင်းမှ ကျိတ်ပြီး ဒေါသဖြစ်နေတတ် သည်။ သူသည် လူသားတစ်ဦးကို ပိုင်ဆိုင်ခဲ့ရခြင်းမဟုတ်ဘဲ လှပသော အရုပ်တစ်ရုပ်ကိုသာ ပိုင်ဆိုင်ခဲ့ရခြင်းဖြစ်ကြောင်း သူ့ကိုယ်သူသာ အသိဆုံးဖြစ်လေသည်။

သူ၏ချစ်ဇနီးသည် အသက်လေးဆယ်ကျော်တွင် ဆုံးပါးသွားခဲ့သည်။ အိမ်ထောင်သက် အနှစ် နှစ်ဆယ်လောက်အတွင်းတွင် သူ့အတွက် ချစ်စဖွယ် သားသမီး သုံးယောက်ကို မွေးဖွားပေးခဲ့သော်လည်း သူ့အား… “ချစ်သည်” ဟူသော စကားကိုတော့ တစ်ခါမျှ ပြောမသွားခဲ့ဖူးချေ။ ဦးဘပွားသည် အပြင်ပန်းက အင်မတန် ကံထူးသူတစ်ဦးအဖြစ် ဟန်ဆောင်နေရင်း ရင်ထဲတွင် ကျိတ်ပြီး နာကြည်းကြေကွဲနေရသူတစ်ဦး ဖြစ်သည်။

“ကလေးတွေ မိထွေးလက်ထဲ ရောက်မှာစိုးလို့၊ မိထွေးနဲ့ မသင့်မမြတ်ဖြစ်မှာစိုးလို့ အစစအရာရာပေါ့လေ၊ သူတို့အတွက် ​တွေးပြီး ကျွန်တော် နောက်အိမ်ထောင် မပြုခဲ့ပါဘူး၊ လေးဆယ့်ရှစ်နှစ်ဆိုတဲ့ အသက်ဟာ ယောက်ျားတစ်ယောက်အတွက် အင်မတန်ကို ငယ်ပါသေးတယ် ဆရာရဲ့ ၊ နောက်အိမ်ထောင် ထူဖို့လဲ လွယ်ပါတယ်၊ အထူးသဖြင့် ကျွန်တော့်လို အစစအရာရာမှာ ပြည့်စုံတဲ့ လူတစ်ယောက်အနေနဲ့ပေါ့”

ဦးဘပွားက သူ့ဝသီအတိုင်း ခပ်ကြွားကြွား ပြောသည်။ ဇနီးသည် ဆုံးသွားပြီးသည့်နောက်ပိုင်းတွင် သူသည် ကျားနာကြီးလို ဖြစ်ခဲ့သည်။

“မိန်းမတစ်ယောက်ကို လက်ထပ်မှ ရတယ်ဆိုတာ မဟုတ်ဘူးဗျ”ဟု သရော်မော်ကား ပြောရင်း မိန်းမအတော်များများကို လက်မထပ်ဘဲ အရယူခဲ့သည်။ ရလည်းရခဲ့သည်။ သူ့ဇနီးသည် ဆုံးပြီးစ လေးငါးနှစ်ပိုင်းတွင် သူသည် အိမ်ပြန်အိပ်သောနေ့ပင် မရှိသလောက် နည်းပါးခဲ့သည်။ သားသမီး သုံးဦးကို ပြည့်စုံကြွယ်ဝစွာ ထားခဲ့ခြင်းအားဖြင့် သူ့ကိုယ်သူ ဖခင်တစ်ဦး၏တာဝန် ကျေပွန်ပြီဟူ၍ ယူဆထားခဲ့သည်။

“သားသမီး မွေးထားပြီး မချစ်တတ်တဲ့ အဖေဟာ အလကားပဲ ဖေဖေရဲ့”

သူ့ကို စတင်၍ တိုက်ခိုက်သူက သမီးကြီး ဖြစ်သည်။

“နင်တို့ ကို ငါမချစ်ဘူး ထင်လို့လား … ငါ့လောက် ပြည့်စုံအောင်ထားနိုင်တဲ့အဖေ နင်တို့ ရှာကြည့်စမ်း၊ တွေ့နိုင်မလား”

“သမီးတို့ကို အစစအရာရာ လိုလေသေး မရှိဘူးလို့ ဖေဖေက ထင်မှာပဲ၊ ဒါပေမယ့် သမီးတို့မှာမပြည့်စုံဘူးဖေဖေ၊ သမီးတို့ လိုချင်တာက ဖေဖေ့ဆီက မေတ္တာနဲ့ အချိန်ပါ”

“အောင်မယ်… ငါက နင်တို့ကို ချစ်တယ်၊ ချစ်တယ်နဲ့ ထိုင်အော်နေရမှာလား၊ ဒီအရွယ်ကြီးတွေကို ပုံပြောပြီး ပုတ်သိပ်နေရဦးမှာလားကွ…ဟေ…”

သူက ဒေါသတကြီးနှင့် အော်တော့ သမီးကြီးက ဘာမှမပြောတော့ဘဲ သူ့ကို ငြိမ်သက်တိတ်ဆိတ်စွာ ကြည့်နေခဲ့လေသည်။ ဦးဘပွားသည် အတိတ်ကို ပြန်တွေးရင်း အရက်မသောက်ဘဲ မူးဝေချင်လာသည်။ ခြောက်နှစ်ကျော်ကျော်ခန့် စိတ်လွှတ်ကိုယ်လွှတ်နှင့် စိတ်၏အလိုကို လိုက်ပြီးသောအခါတွင်ကား သူသည် အတန်ငယ် တည်ငြိမ်မှုရခဲ့သည်။

သမီးကြီး ပြောသလို မေတ္တာနှင့်အချိန်ကို သားသမီးများဆီသို့ ဖြန့်ဝေပေးရန် အသိတရားရခဲ့သည်။ သို့သော် ထိုအချိန်တွင် သားသမီးများ သည် သူ့ကို မလိုကြတော့ပေ။ အတောင်အလက်လည်း စုံကြပြီမို့ ဝေဟင်တွင် ပျံဝဲရန် အရှိန်ယူနေကြလေပြီ။

“အတောင်စုံတော့ အသိုက်ကို ခွာကြတာပေါ့လေ။ နောက်ဆုံးတော့ ငါတစ်ယောက်တည်း”

ဦးဘပွား၏မျက်လုံးများသည် နီရောင်သမ်းပြီး ရီဝေဝေ ဖြစ်လာသည်။ ပထမဆုံး စ၍ခွာသူက သားလတ်ဖြစ်သည်။ အင်ဂျင်နီယာဘွဲ့ရပြီး မကြာမီပင် စင်္ကာပူနိုင်ငံသို့ သွားရောက်အလုပ်လုပ်သည်။ အလုပ်လုပ်ရင်း အမေရိကန်မလေး တစ်ယောက်နှင့် တွေ့ဆုံချစ်ကြိုက်ကာ ဟိုမှာပင် လက်ထပ်လိုက်ကြသည်။ အခုတော့ ဇနီးသည်နှင့်အတူ ကနေဒါတွင် ရောက်နေပေပြီ။ ဆောက်လုပ်ရေး ကုမ္ပဏီတစ်ခုတွင် အလုပ်လုပ်ပြီး လခလည်း ကောင်းသည် ဆိုသည်။

နောက်ပြီးတော့ သမီးကြီး၊ သူ အိမ်ထောင်ကျ၍ မကြာမီ ကြိုတင်စီစဉ်ထားသည့်အတိုင်း သူ့ခင်ပွန်းသည်က ဂျပန်နိုင်ငံသို့ သွားရောက်၍ အလုပ်လုပ်သည်။ “သမီး သွားမယ်နော် ဖေဖေ”ဟု နှုတ်ဆက် ကန်တော့ကာ ယောက်ျားနှင့် တပါတည်း လိုက်သွားသည်။ ထိုမှတစ်ဆင့် အဆက်အသွယ်ရကာ သြစတြေးလျသို့ ပြောင်းသွားကြသည်။ အခုတော့ သူတို့မိသားစု ဟိုမှာပင် အခြေကျနေကြပေပြီ။

နောက်ဆုံးတော့ သားငယ်၊ သူကတော့ ယူအင်ဒီပီ အလုပ်ဖြင့် ဒိုမီနီကန်ကျွန်းက သစ်တောများကြားထဲသို့ ရောက်သွားသည်။ ထိုမှတစ်ဆင့် ဘယ်နိုင်ငံကို ရောက်သွားဦးမလဲ သူလည်း မခန့်မှန်းနိုင်။ အသိုက်အမြုံကို စွန့်ခွာကာ ဝေးလံသောအရပ်သို့ ခြေဆန့် ပျံသန်းကြသော သားသမီးတို့အတွက် သူက အစစအရာရာ ပူပင်နေပါသည်။

သို့သော် သူတို့ကမူ သူ့အတွက် ပြန်လှန်ပူပန်ခြင်း လုံးဝမရှိခဲ့ကြပေ။ သူတို့ မရှိတော့သောဘဝတွင် သူတို့၏ဖခင်သည် အချိန် နာရီပေါင်းများ စွာကို တစ်ဦးတည်း တိတ်ဆိတ်ခြောက်ကပ်စွာ အထီးကျန် ဖြတ်သန်းရတော့မှာပါလားဟု ယောင်ယမ်း၍ပင် မတွေးတောခဲ့ကြပေ။ သူတို့၏ ဖခင် ဦးဘပွားဟူသည့် ပုဂ္ဂိုလ်ကြီးသည် အစစအရာရာ ပြီးပြည့်စုံနေသူမို့ ဖခင်၏အနားတွင် သူတို့ရှိနေရန်လည်း မလိုအပ် ဟူ၍သာ ယုံကြည် နေကြဟန်တူသည်။ သားသမီးတွေက သူ့ကို လိုနေသောအချိန်တွင် သူက ဝေးကွာနေခဲ့ရာ၊ သူက သားသမီးတွေကို ပြန်ပြီးအလိုရှိသော အခါတွင်ကား တစ်ဦးတစ်ယောက်ကိုမျှ မရရှိခဲ့တော့ပေ။

နောက်ဆုံးသွားသူ သားငယ်ကို လေယာဉ်ပျံကွင်း လိုက်ပို့ပြီး ပြန်လာတော့ သူသည် ရွှေတောင်ကြားလမ်းက အိမ်တွင် နေချင်စိတ် လုံးဝမရှိ တော့ပေ။ ခမ်းနားကျယ်ဝန်းသော အိမ်ထဲတွင် ချစ်သောဇနီးနှင့် သားသမီးတို့၏ အသံနှင့်အရိပ်တို့သည် တိတ်ဆိတ်ကွယ်ပျောက်ခဲ့လေပြီ။

အထီးကျန်နေရသောဘဝတွင် အလုပ်ထဲ၌ အမှားအယွင်း များလာသည်။ ထို့ကြောင့်အပြစ်မဖြစ်မီ ဆေးပင်စင် တင်ကာကြိုတင်ပြီး အနားယူ ခဲ့သည်။ အိမ်ကို ပြုပြင်ပြီး သံရုံးသို့ ငှားလိုက်သည်။ နှစ်ရှည်လများနေလာခဲ့သော အခြွေအရံများကို သုံးလခစီ ကြိုပေးကာ အလုပ်မှ ရပ်စဲခဲ့သည်။ ထိုနောက် စမ်းချောင်းရပ်ကွက်ထဲရှိ ယခု တိုက်ခန်းကလေးကို ဝယ်ယူကာ တစ်ဦးတည်း ပြောင်းလာခဲ့သည်။

လူတစ်ယောက်၊ တိုက်ခန်းတစ်ခန်း၊ အက်(စ်)အီးကား တစ်စီးနှင့် တိတ်ဆိတ်ငြိမ်သက်စွာ နေလာခဲ့သည်မှာ တစ်နှစ်ခန့် ရှိပေပြီ။ သူ့ဘဝတွင် လောကီစည်းစိမ် ချမ်းသာ ပျော်မွေ့ဖွယ်ရာ ဟူသမျှကို အခါခါ ခံစားဖူးခဲ့ပြီမို့ မည်သည့် လောကီချမ်းသာ သုခကိုမှလည်း ထပ်မံ ခံစားလိုစိတ် မရှိတော့ပေ။

မနက်ပိုင်း ဘုရားတက်၊ ညနေပိုင်း တီဗွီကြည့်၊ တစ်ခါတစ်ရံလည်း ဗွီဒီယိုခွေလေး ဘာလေး ငှားကြည့်၊ နေ့လယ်ပိုင်းတွင် ဦးကံမြင့်နှင့် စစ်တုရင်ထိုး၊ (ဦးကံမြင့်သည် နံနက်ပိုင်းနှင့် ညနေပိုင်းတွင်သာ ဆေးခန်းဖွင့်၍ နေ့လယ်ပိုင်းတွင် အချိန် အားရတတ်သည်။)မြို့ထဲထွက်ပြီး ဈေးဝယ်သောအခါဝယ်၊ ရုပ်ရှင်ကြည့်သောအခါ ကြည့်၊ သို့သော်လည်း သွားခဲလှသည်မို့ သူ့အတွက် ကားတစ်စီးလုံးသည် အပိုပစ္စည်းလို့ ဖြစ်နေသည်။

“တကယ်တော့လဲ ငါကိုယ်တိုင်လဲ လူပိုတစ်ယောက် ဖြစ်နေပြီပဲ၊ အချိန်တွေလဲ ပိုနေတယ်၊ ငွေတွေလဲ ပိုနေတယ်၊ ပစ္စည်းတွေလဲ ပိုနေတယ်၊ ငါ ဘာကိုမှလဲ မလိုချင်တော့ဘူး”

ဦးဘပွားက နာကျင်ကြေကွဲစွာ တွေးသည်။ သို့သော် သူသည် သားသမီးများ၊ မြေးများနှင့် သိုက်သိုက်ဝန်းဝန်း နေလိုကြောင်း၊ နွေးထွေးလှသော မိသားစုမေတ္တာကို တမ်းတ လိုချင်နေကြောင်း သူ့ကိုယ်သူ သိသည်။ သို့သော်လည်း သူ တိတ်တခိုး လိုချင်နေသော ထိုအရာကို မရနိုင်တော့ကြောင်း ဆက်၍ သိနေသည်ကတော့ ဆိုးလှသည်။

“အခုတော့ ကျုပ်သေရတော့မယ်လေ၊ သေခါနီးမှာ ငွေမက်တဲ့ကောင်မတစ်ကောင်လောက်ကို ထပ်ယူလိုက်ရင် ကောင်းမလား၊ သေခါနီး အဘိုးကြီးဖြစ်ပေမယ့်လဲ အမွေတွေ ရမယ်ဆိုရင် ယူချင်တဲ့ နုနုငယ်ငယ်လေးတွေတော့ ရှိမှာပါဗျ၊ ဟာ… ဟ”

ဦးဘပွားက သရော်သံနှင့် ပြောကာ မရယ်ချင်ဘဲ ရယ်နေပြန်သည်။ သူ တုန်လှုပ်ကြောက်ရွံ့ နေကြောင်းကို ဦးကံမြင့် သိသွားမှာလည်း တွေးတောစိုးရိမ်နေသောကြောင့်ဖြစ်သည်။

“ဦးဘပွား”

ဦးကံမြင့်က ခပ်တိုးတိုး ခေါ်သည်။

“သားတွေ သမီးတွေဆီ လိုက်သွားပြီး ကုကြည့်ပါလား”

ထိုအတွေးသည် မနေ့ညက သူ တစ်ညလုံး တွေးနေမိသောအတွေးဖြစ်သည်။ သားနှင့် ချွေးမဆီကို သွားဖို့တော့ စိတ်မသန်လှ။ သမီးဆီကို လိုက်သွားရကောင်းမလားဟု ချီတုံချတုံ စဉ်းစားနေမိသည်။ သို့သော် သမီးနှင့် သမက်က အလုပ်ကိုယ်စီနှင့်၊ ကလေးများကလည်း ကျောင်းကိုယ်စီနှင့်မို့ သူလိုက်သွားလျှင်လည်း သူ့နားမှာ ဘယ်သူမျှ ကြာရှည်ရှိမည်မဟုတ်၊ နေ့ခင်းတိုင်ကျလျှင် တစ်ဦးတည်း တိတ်ဆိတ်ခြောက်ကပ်စွာ နေခဲ့ရမည်ကို သူသိနှင့်နေသည်။

ဆေးရုံတက်ရလျှင်ကော၊ သူက ခေါင်းကို ဖြည်းညင်းစွာခါရင်း သက်ပြင်းချမိသည်။ သူက သမီးကြီးဆီမှ မေတ္တာနှင့်အချိန်ကိုသာ လိုချင်သူ ဖြစ်သည်။ မေတ္တာကို အတိုင်းအတာတစ်ခုအထိ ရကောင်းရနိုင်မည် ဖြစ်သော်လည်း အချိန်ကိုတော့ သူလိုချင်သလို ရနိုင်မည်မ ဟုတ်သည် ကိုလည်း သူဆက်၍သိနေပြန်သည်ကတော့ ခက်လှသည်။

ဆေးရုံ လူနာမေးချိန်ရောက်မှ ပန်းစည်းလေးတစ်စည်းကိုင်ကာ သုတ်သီးသုတ်ပျာရောက်လာသည့် သမီးကို သူက လူနာခုတင်ပေါ်မှ ထိုင်ကာ မျှော်မနေချင်။ လူမှုရေး၊ စီးပွားရေး၊ ပညာရေးကိစ္စအဝဝကြောင့် သူ့နားတွင် ကြာရှည်မနေနိုင်ဘဲ ခပ်သုပ်သုတ် ပြန်သွားမည့် သမီးကို ငေးကြည့်ရင်းလည်း ရင်မနာချင်။ ထိုသို့ မဖြစ်ဘူးဟူ၍ရော မည်သူ ပြောနိုင်ပါမည်နည်း။

“တော်ပါပြီ ဆရာရယ်၊ ဘယ်ကို သွားပြီး ဘယ်လိုကုကု ကင်ဆာဆိုတာ ပျောက်ရိုးထုံးစံမှ မရှိဘဲ”

“သူတို့ဆီမှာ ဆေးကောင်းဝါးကောင်းတော့ ပိုပြီး စုံတာပေါ့ဗျာ”

“ဒါပေမယ့် မသေအောင်တော့ မတားနိုင်ပါဘူးမဟုတ်ဘူးလား၊ ဒီတော့လဲ သေချင်းသေရင် ကိုယ့်တိုင်းပြည်မှာပဲ ကိုယ်သေပါတော့မယ်ဗျာ”

“ဒါဆိုရင် သူတို့ကို အကြောင်းကြားမယ် မဟုတ်လား”

“ဟင့်… အင်း”

ရင်ထဲတွင် ပူပူဆာဆာကြီးဖြစ်လာသော ဦးဘပွားက အေးစက်နေသော ကော်ဖီပန်းကန်ကို ဆွဲယူကာ တရှိန်ထိုး မော့ချလိုက်သည်။

“သေခါနီးအချိန်မှာ ကိုယ်ရဲ့ ဘေးမှာ ဆွေမျိုးတွေ၊ သားသမီးတွေ ဝိုင်းဝိုင်းလည်နေသင့်တယ်လို့ ဆရာက ထင်တာကိုး၊ မလိုပါဘူး ဆရာရယ်။ ကျွန်တော့်အတွက်တော့ မလိုအပ်ပါဘူး”

စားပွဲပေါ်ရှိ မှန်ချပ်အောက်မှ ဓာတ်ပုံလေးများကို ငုံ့၍ကြည့်ရင်း ဦးဘပွားက ထီမထင်သောအသံနှင့် ပြောသည်။ ဂျပန်ရိုးရာအိမ် ကလေး ရှေ့တွင် ရယ်မော ပျော်ရွှင်နေကြသော သမီးကြီးတို့မိသားစု (ယခုတော့ သြစတြေးလျသို့ ရောက်နေကြပါပြီ)၊ ကနေဒါ ဆောက်လုပ်ရေး လုပ်ငန်းခွင်မှ သားလတ် (နောက်တစ်ပုံတွင် သူ၏ဇနီးသည်နှင့်အတူ နိုင်ရာဂရာရေတံခွန်ကို နောက်ခံထား၍ ရိုက်ထားသည်)။

ထို့နောက် မြန်မာပြည်မှ သစ်ပင်များနှင့် ဆင်ဆင်တူသော သစ်ပင်များကြားထဲတွင် လက်ပိုက်လျက် ရပ်နေသော သားငယ်၊ သားငယ်သည် သူ၏ဝါသနာအတိုင်း မပြုံးမရယ် ရှုတည်တည် မျက်နှာထားနှင့် သူ့ကို စူးစူးစိုက်စိုက် လှမ်း၍ ကြည့်နေဟန်ရှိသည်။

“သူတို့ မသိတာပဲ ကောင်းပါတယ်လေ၊ သူတို့ သိအောင် လှမ်းအကြောင်းကြားပြီးကာမှ သိလျက်နဲ့ ဘယ်သူမှ ပြန်မလာနိုင်ရင် ပိုမဆိုးပေဘူးလား၊ ငါ့ဘဝမှာ သူတို့ကို လိုအပ်တယ်လို့လဲ သူတို့က ဘယ်တုန်းကမှ ထင်ခဲ့တာ မဟုတ်ဘူး။ နောက်ပြီး တကယ်လို့ ပြန်လာကြပြန်တော့ရော”

လွန်ခဲ့သောနှစ်က ကွယ်လွန်သွားသော မိတ်ဆွေတစ်ဦးကို သတိရသည်။ ထိုမိတ်ဆွေက သူ့လိုပင် သားသမီးများက နိုင်ငံရပ်ခြား အနှံ့အပြား သို့ ရောက်နေကြသည်။ ထို့ပြင် သူလိုပင် ချမ်းသာသည်။ ကွယ်လွန်ခါနီး အသည်းအသန်ဖြစ်တော့ သားသမီးများ စုရုံးပြီး ​ရောက်လာကြ သည်။ သူ မသေဆုံးမီပင် သားသမီးများက အမွေလုကာ သူ့ရှေ့တွင်ပင် စစ်ဖြစ်ကုန်ကြသည်။ အကယ်၍ သူ့သားသမီးတွေသာ ထိုသို့ဖြစ် လျှင်၊ သူ့ဆီသို့ မေတ္တာနှင့် လာခြင်းမဟုတ်ဘဲ ပစ္စည်းဥစ္စာများဆီသို့ လောဘနှင့် လာခြင်းဖြစ်ခဲ့လျှင်၊ ထိုသို့ မဖြစ်ဘူးဟူ၍ကာ မည်သူ ပြောနိုင်မည်နည်း။

ဦးဘပွား၏ရင်ထဲတွင် ပို၍ပူလောင်ကာ လှိုက်မော ဆို့နင့်လာသည်။ ထိုကဲ့သို့ဖြစ်မည်ကို သူကြောက်လှသည်။ ထိုသို့သောအဖြစ်သည် ကင်ဆာရောဂါ ဖြစ်ပွားရခြင်းထက်လည်းကောင်း၊ သေခြင်းတရားနှင့် ရင်ဆိုင်ရခြင်းထက်လည်းကောင်း၊ ပိုပြီး ကြေကွဲ ဝမ်းနည်းဖွယ်ကောင်းမည်ကို သူသိပါသည်။

“အနားမှာ ကူဖော်လောင်ဖက်၊ ဆေးပေးမီးယူလေး တစ်ယောက်လောက်တော့ ရှိသင့်တာပေါ့ ဦးဘပွားရယ်”

“လာမယ်လေ ဆရာရဲ့ လာပါလိမ့်မယ်၊ ကျွန်တော့်မှာ အဖေဘက်ကရော အမေ့ဘက်ကရော ဆွေမျိုးတွေမှ တစ်ပုံတစ်ပင်ကြီး”

သူသေတော့မည်ဟု သတင်းပျံ့သွားပါက ဝိုင်းအုံ စုပြုံလာမည့် ဆွေမျိုးများကို စိတ်ထဲမှ ရေတွက်ကြည့်ရင်း ဦးဘပွားက သရော်သလို ပြုံးသည်။

“ထွီ… အလကားလူတွေ၊ ချမ်းသာတာကလွဲလို့ ဘာမှ အဆံမရှိတဲ့သူတွေ။ ငွေကိုပဲ အထင်ကြီး၊ ငွေနောက်ပဲ လိုက်၊ ငွေကိုပဲ ကိုးကွယ်နေတဲ့လူတွေ”

ဦးဘပွားသည် သူ့ဆွေမျိုးများကို အထင်တကြီးမရှိလှပေ။ ချမ်းသာသောအမျိုးများကို ဘဝင်မြင့်ပြီး ကြွားဝါနေတတ်သူများဟု မြင်ပြင်းကပ် သည်။ နွမ်းပါးသော ဆွေမျိုးများကိုမူ အတောင်းအရမ်းထူသူများ၊ ရသမျှ လိုချင်နေသူများဟူ၍ အထင်အမြင်သေးပြန်လေသည်။ အိမ်ထောင် ရေး အဆင်မပြေသော မိဘမှ ပေါက်ဖွားကြီးပြင်းခဲ့ရသူ ဖြစ်သဖြင့် သူ၏အတွင်းစိတ်က အားငယ်ပျော့ညံ့သည်။ အတွင်းစိတ်က ပျော့သဖြင့် အပြင်ဘက်က ကြိုးစားဟန်ဆောင်ကာ မာကြောရင်း တင်းမာခက်ထန်သူတစ်ဦး ဖြစ်ခဲ့ရသည်။

သူ၏အပြောအဆို အမူအရာများသည် မောက်မာကြွားဝါသလို ဖြစ်နေတတ်ကြောင်းကိုလည်း သူ့ကိုယ်သူ သိသည်။ သို့သော် သူက အများ အမြင်တွင် အားငယ်ပျော့ညံ့သူ ဖြစ်ရသည်ထက် မောက်မာခက်ထန်သူ ဖြစ်ရသည်က တော်သေးသည်ဟု အထင်ရောက်သူ ဖြစ်သည်။ သူ့မှာ ပြည့်စုံချမ်းသာလေ၊ သူ့ကို ခင်မင်ပေါင်းသင်း ဆက်ဆံနေကြသူများကို ငွေမျက်နှာနှင့် မျက်နှာချိုသွေးနေကြတာပဲဟု သံသယကြီးမား လာလေ ဖြစ်နေသည်။ သူ၏ဇနီးသည်လည်းကောင်း၊ သားသမီးများသည်လည်းကောင်း၊ ဆွေမျိုးများသည် လည်းကောင်း၊ သူစိမ်းတရံစာများ သည်လည်းကောင်း သူ့ကို မည်သူကမှ စိတ်စေတနာ မှန်ကန်စွာနှင့် ချစ်ခင်ခြင်းမရှိခဲ့ကြဟု စွဲလမ်းယုံကြည်နေခဲ့လေသည်။

“ဘ… ဘ… ကြီး”

တံခါးဝမှ မရဲတရဲ ခေါ်သံလေးကို ကြားလိုက်ရသဖြင့် ဦးဘပွား၏အတွေးအမျှင်သည် ရုတ်တရက် ပြတ်သွားသည်။

အပေါ်ထပ်မှာ ကလေးနှစ်ဦးက ချိုင့်ကလေးဆွဲကာ တံခါးဝတွင် ရပ်နေကြသည်။

“မုန်ဟင်းခါး လာပို့တာပါ ဘဘကြီး”

“ဘာအတွက်လဲကွာ”

အပေါ်ထပ်မှကလေးများကို ဦးဘပွားက သိပ်ပြီး ကြည့်၍မရပေ။ တိတ်ဆိတ်အေးချမ်းစွာနေလိုသော သူ့အဖို့ ကလေးများ၏စာကျက်သံ၊ စကားပြောသံ၊ ကျယ်လောင်စွာ ရယ်မောသံ၊ တစ်ခါတစ်ရံ ပြေးလွှားဆော့ကစားသံများသည် အနှောင့်အယှက် ဖြစ်ရသည်။

“ဒီနေ့ သမီးမွေးနေ့လေ ဘဘကြီးရဲ့၊ ဒါကြောင့် မေမေက မုန့်ဟင်းခါး ချက်ပေးတာ”

ရှစ်နှစ်ခန့် ရှိသော အငယ်မလေးက သွက်လက်ချက်ချာစွာ ပြောသည်။

“များများတော့ မပို့နိုင်ပါဘူး ဘဘကြီးရယ်၊ ဘုန်းကြီးကျောင်းနဲ့ ဒီအခန်း လေးခန်းပါပဲ”

ဆယ့်သုံးနှစ်ခန့်ရှိပြီဖြစ်သော အကြီးကောင်လေးက ဆက်လက်၍ ရှင်းပြသည်။ နေရာမှ ထလာသော ဦးဘပွား၏လက်ထဲသို့ မုန့်ဟင်းခါးချိုင့်ကို ရိုရိုသေသေ လှမ်းပေးသည်။

ချောင်ထဲတွင် ပိတ်ပြီး အလှောင်ခံထားရသလို မွန်းကျပ်နေသော ဦးကံမြင့်သည် ယခုမှ ထွက်ပေါက်ရသွားပြီး အသက်ကို တစ်ဝကြီး ရှိုက်၍ ရှူလိုက်သည်။

“မင်းတို့မုန့်က တစ်ယောက်စာပဲလားကွာ ဟေ…”

“အများကြီးပါ ဘဘကြီးရဲ့၊ မေမေက ဆရာဝန်ဘဘကြီးအတွက် ယူသွားဆိုပြီး အများကြီး ထည့်​ပေးလိုက်တာပါ”

“ကျုပ် တကယ်စားရင် အဲဒီတစ်ချိုင့်လုံးတောင် လောက်မှာမဟုတ်ဘူး”

“ဒီလိုဆို အခုသွားပြီး ထပ်ယူလိုက်မယ်လေ ဘဘကြီးရဲ့၊ ခဏလေး စောင့်နော်”

“နေပါစေဗျာ၊ ဘဘက စ,တာပါ”

ဦးကံမြင့်က စကားရော ဖောရောပြောရင်း နေရာမှ ထသည်။ မည်သို့မည်ပုံ ဖြေသိမ့်ရမည်၊ အားပေးရမည်ကို မသိဘဲ ကြာရှည် ဆက်ပြီး စကားပြောရန် ဝန်းလေးနေသောကြောင့်ဖြစ်သည်။ ဦးဘပွားလို လူကို “ကင်ဆာ ဆိုပေမယ့်လဲ ကြောက်စရာမရှိပါဘူး၊ ပျောက်သွားတဲ့ လူတွေမှ အများကြီးပါ”ဟု ပြော၍လည်း ရနိုင်စရာအကြောင်းမရှိချေ။ ခဏနေတော့ မုန့်ဟင်းခါးချိုင့်ကို လှယ်ပြီး ဦးဘပွား ပြန်ထွက် လာသည်။ လက်ထဲတွင် တစ်ထွာရှည်သော ချော့ကလက်ဘူးတစ်ဘူးကို ကိုင်ထားသည်။

“ဒါကတော့ သူ့အကျင့်ပဲ၊ မုန့်ဟင်းခါးကို ချော့ကလက်နဲ့ပြန်ပြီး တန်ဖိုးဖြတ်လိုက်ပြန်တာပေါ့”

ဦးကံမြင့်က တွေးသည်။ ဦးဘပွား ဆိုသည့် လူသည် သူ့ကို ငါးကျပ်ဖိုးလောက်ပေးလျှင် သူက တစ်ဆယ်၊ ဆယ့်ငါးကျပ်ဖိုးလောက် ပြန်ပေးရမှ ကျေနပ်တတ်သူ ဖြစ်သည်။ စိတ်စေတနာရှိလွန်း၍ ပြန်ပေးသည်တော့ မဟုတ်ပေ။“ငါက ဘယ်သူ့ဆီကမှ ဘာကိုမှ အလကားယူတာ မဟုတ်ဘူး” ဆိုသော မာန်မာနကြောင့် ဖြစ်လေသည်။

“ငါက တစ်ကျပ်ဖိုးယူရင် နှစ်ကျပ်ဖိုးပြန်ပေးတတ်တဲ့​ကောင်”ဟု တွေးတော ကျေနပ်ချင်သောကြောင့် ဖြစ်လေသည်။

ခင်မင်ရင်းနှီးစွဲရှိသော မိတ်ဆွေချင်းဖြစ်၍ ဦးဘပွားအား ဆေးကုသပေးရခြင်းများအတွက် သူက ဆေးဖိုးဝါးခ မယူလိုခဲ့ပေ။ သို့သော်လည်း ဦးဘပွားက “သူ ဒီလောက် လုပ်ပေးရတာ ဒီလောက်တော့ တန်မှာပဲ” ‘ ဟု ပစ္စည်းနှင့် တန်ဖိုးဖြတ်ကာ မကြာခဏ အကြောင်းရှာပြီး လက်ဆောင်ပေးလေ့ရှိသည်။

“ရော့… ကလေးဖို့”

“ဟင်.. ချော့ကလက်”

အညိုရောင်ကိုးကိုးသီး ပုံလေးများပါသော ချော့ကလက်ဘူးလှလှကို ကလေးမက တအံတသြ လှမ်းကြည့်သည်။ သို့သော် နောက်ဘက်သို့ ခြေတစ်လှမ်းဆုတ်ကာ ခေါင်းကို ဖျတ်ခနဲ ယမ်းခါလိုက်သည်။

“နေပါစေ ဘဘကြီးရဲ့ ”

“ဘာလဲ ကလေးက ချော့ကလက် မကြိုက်ဘူးလား”

“ဟာ… ကြိုက်တာပေါ့”

ကလေးမလေးက သွားကျိုးပေါက်ကလေး ပေါ်အောင် ရယ်သည်။

“အဲဒီလို အကောင်းစားမျိုးဆိုရင် တစ်ခါမှတောင် မစားဖူးပါဘူး၊ ဘာလဲ ကိုဦးက အဟုတ်ပြောတာပဲဟာ၊ သူလဲ စားဖူးတာ ဟုတ်ပဲနဲ့ ဟွန်း…”

သူ့ကို ဟန့်တားသလို မျက်နှာထားနှင့် လှမ်းကြည့်သော အစ်ကိုဖြစ်သူအား မေးကလေး​ငေါ့ကာ ပြုံးကျဲကျဲနှင့် လှမ်းကြည့်သည်။

“ဒါဆို အခု စားကြည့်လေ”

“ဟင့်အင်း…”

ကလေးမလေးက ချော့ကလက်ဘူးလှလှကို အံ့ဩ ချီးမွမ်းဟန်နှင့် သဘောကျစွာ ကြည့်နေသော်လည်း မုန့်ဟင်းခါးချိုင့်ကို လှမ်းယူသည်။ ထို့နောက် မျက်မှောင်ကြီး ကုတ်နေသော ဦးဘအား မရဲတရဲလေး တောင်းပန်သည်။

“မယူပါရစေနဲ့ ဘဘကြီးရယ်။ သမီးက ချော့ကလက် စားချင်လို့ မုန့်ဟင်းခါး လာပို့တာမှမဟုတ်ဘဲ”

သူ့အသံလေးက တိုးသော်လည်း ဦးဘပွား၏နားထဲတွင်မူအကျယ်ကြီးမြည်ဟည်းသွားသည်။ အံ့သြစိတ်တွေ ကဲပြီး သူ့အတွေးကို ဖိစီးနှိပ်စက် နေ သော သေခြင်းတရားကိုပင် ခေတ္တ မေ့သွားသည်။ သူက မုန့်ဟင်းခါးချိုင့်လှယ်ရင်း ဘာပြန်ပေးလိုက်ရပါမလဲဟု စဉ်းစားသည်။ မုန့်ဟင်းခါးပမာဏကို မှန်းကြည့်ရင်း ငွေအစိတ် သုံးဆယ်လောက် ရှိလိမ့်မည်ဟု တန်ဖိုးဖြတ်သည်။

ဒီတော့ ငါက ရာကျော်တန်ပြန်ပေးလိုက်မည်ဟူသော စိတ်နှင့် ချော့ကလက်ဘူးကလေးဆွဲကာ ပြန်ထွက်လာခြင်း ဖြစ်သည်။ သူ၏လက်ထဲမှ ချော့ကလက်ဘူးကို မြင်လျှင် ကလေးနှစ်လုံး ဝမ်းသာအားရဖြစ်သွားလိမ့်မည်။ တအံ့တဩဖြစ်သွားလိမ့်မည်။ ကျေးဇူးတတင် လှမ်းယူလိမ့်မည်ဟုပင် သူ ယုံကြည်ထားခဲ့မိသည်။

“ခုတော့ ချော့ကလက်စားချင်လို့၊ မုန့်ဟင်းခါး လာပို့တာ မဟုတ်ပါဘူးတဲ့”

“ဟွန်း…..လက်တောက်လောက် ကောင်မလေးကများ”

ဦးဘပွားက တွေးရင်း တွေးရင်း မခံချင်ဖြစ်လာသည်။ မုန့်ဟင်းခါးချိုင့်လေး ဆွဲကာ ပြန်ထွက်သွားကြသော ကလေးနှစ်ဦး၏နောက်ကျောကို မကျေမနပ် လှမ်းကြည့်ရင်း ဒီချော့ကလက် ဘယ်လောက် စားကောင်းသလဲဆိုတာ သင်းကလေးတို့ မသိလို့ပဲ ဖြစ်ရမည်ဟု တွေးသည်။

ထိုစဉ်တွင် ဦးကံမြင့်က သူ၏ပခုံးကို ခပ်သာသာ ဆုပ်ကိုင်လိုက်သည်။

“ခင်ဗျားကို တစ်ခုခု လာပေးပေမယ့်လဲ ခင်ဗျားဆီက ဘာကိုမှ ပြန်မလိုချင်တဲ့သူ၊ မမျှော်လင့်တဲ့သူတွေလဲ ဒီလောကမှာ ရှိပါသေးတယ် ဦးဘပွားရယ်”

#မစန္ဒာ

Likes:
0 0
Views:
1042
Article Categories:
Books

Leave a Reply

Your email address will not be published. Required fields are marked *