နေမျိုးသီဟသူရဘွဲ့ခံ ကျောင်းသားအာဇာနည် ဗိုလ်အောင်ကျော်

ဗိုလ်အောင်ကျော် သည် ၁၃ဝဝ ပြည့်အရေးတော်ပုံခေတ်က တိုင်းပြည်နှင့်လူမျိုးအတွက်အသက်နှင့် လဲသွားသောကျောင်းသားခေါင်းဆောင် ဖြစ်သည်။ အမည်ရင်းမှာကိုအောင်ကျော်ဖြစ်သော်လည်း အာဇာနည်ခေါင်းဆောင်တစ်ယာက် အနေနှင့်ဗိုလ်အောင်ကျော်ဟုခေါ်ကြ၍ထို အမည်နှင့်ပင် ကျော်ကြားသည်။

ကိုအောင်ကျော် ကို မြန်မာ သက္ကရာဇ် ၁၂၇၇ ခုနှစ် တပို့တွဲ လဆုတ် ၉ ရက်၊ ခရစ်နှစ် ၁၉၁၆ ခုနှစ်ဖေဖော်ဝါရီ ၂၇ရက်တနင်္ဂနွေနေ့တွင် ဟင်္သာတခရိုင်၊ မဲဇလီကုန်းမြို့၊ ရုံးဇင်ရွာတွင်အဖအလယ်တန်းကျောင်း ဆရာကြီး ဦးကျော်ဒင်၊ အမိဒေါ်ဆွေကျော့တို့မှ ဖွားမြင်သည်။ ညီအစ်ကိုမောင်နှမ တစ်ကျိပ်တစ်ယောက် ရှိသည့်အနက်အဋ္ဌမမြောက်မွေးဖွားခဲ့သူဖြစ်သည်။

မွေးချင်းပေါက်ဖော်များမှာ ဖခင်ကဆင်းသက်၍ ကျောင်းဆရာဆရာမများသာ ဖြစ်ကြသည်။ကိုအောင်ကျော်သည် ဖခင်ဖြစ်သူ၏ အလယ်တန်းကျောင်းတွင်သူငယ်တန်းမှစ၍ ခြောက်တန်း အထိပညာဆည်းပူးခဲ့သည်။ ထို့နောက်အမျိုးသားကျောင်းများ ပေါ်ပေါက် လာချိန်တွင်ဇာတိရုံးဇင်ရွာနှင့် တစ်မိုင်ခန့်ဝေးသောမဲဇလီကုန်းမြို့ရှိ အမျိုးသားအလယ်တန်းကျောင်းသို့ပြောင်းရွှေ့ကာ အင်္ဂလိပ် – မြန်မာနှစ်ဘာသာပညာသင်ယူသည်။

ထိုကျောင်းမှပင် ကိုအောင်ကျော်သည် အမျိုးသားစိတ်ဗီဇကို ရရှိခဲ့သည်ဟု ဆိုရပေမည်။မဲဇလီကုန်းမြို့။အမျိုးသားအလယ်တန်းကျောင်းမှ သတ္တမတန်းအောင်မြင်ပြီးနောက် ဟင်္သာတမြို့ရှိဒေါက်တာ ကမ်းမင်းအထက်တန်းကျောင်းတွင် မိဘဆွေမျိုးများ၏ဆန္ဒအရအထက်တန်း ပညာ များကို ဆက်လက်သင်ယူသည်။

ယင်းသို့ အနောက်တိုင်းဆန်သူများ နေလေ့ရှိသောကျောင်းတွင် ကိုအောင်ကျော်အတွက်မျက်စိနောက်စရာများနှင့်သာတိုး၍နေရာထို ဓလေ့အမူအယူများကို သရော်သည့် အနေနှင့် ကိုအောင်ကျော်သည် ခုံဖိနပ်စီး၊ ပင်နီတိုက်ပုံဝတ်၊ ကတုံး ဆံထောက်ညှပ်( ယခုအခါ အောင်ကျော် ဆံထောက်ဟုပင် တွင်နေသည်။)

ဘုကျကျ၊ ဂွကျကျနေခဲ့လေသည်။ သို့ရာတွင် ကိုအောင်ကျော်ကား ပညာရေးဘက်၌မူ ထိပ်ကပင်အောင်ပန်းကိုအမြဲဆွတ်ခူးနိုင်ခဲ့ရာ ၁၉၃၄-ခုနှစ်တွင် ဆယ်တန်းစာမေးပွဲကို ကောင်းစွာ အောင်မြင်ခဲ့သည်။ဗိုလ်အောင်ကျော်။အစဉ်သဖြင့် ဆရာသမား၏စကားကို နားထောင် လာခဲ့သော ကိုအောင်ကျော်သည်ဟင်္သာတကျောင်းမှဆရာများညွှန်ကြားချက် အရ ၁၉၃၄-၃၅ ခု ပညာသင်နှစ်တွင် ဂျပ်ဆင်ကောလိပ်သို့ တက်ရောက်သင်ယူသည်။

မြန်မာဘာသာ၊ စီးပွားရေးပညာတို့ကို ယူ၍ တက္ကသိုလ်ပညာကို ဆက်လက်သင်ယူ ခဲ့ရာ မြန်မာစာပေတွင် ထူးချွန်သဖြင့် မြန်မာစာ ကထိက ဦးထွန်းဖေက မြန်မာစာ ဂုဏ်ထူးယူရန် ပင် တိုက်တွန်းခြင်း ခံရဘူးသည်။ အမျိုးသား စိတ်ဓာတ်ပြင်းထန်သော ကိုအောင်ကျော် သည် ကောလိပ်ကျောင်းမှ အနောက်တိုင်းဆန်ဆန် ပွဲသဘင်များကို မျက်စိ စပါးမွေး စူးရပြန်လေသည်။ကပွဲသဘင် အခမ်းအနားများကို တွေ့ရှိက ခုံဖိနပ်စီး၍ ဝင်ခြင်း၊ ပွဲသဘင်ခန်းမှ တစ်ယောက်တည်း ဆန့် ကျင်၍ ထွက်ခဲ့ခြင်းများကို ပြုလေသည်။

အမျိုးသားစိတ်ဓာတ်ကို ကိုအောင်ကျော်သည် အမူအရာနှင့် သာမက အဟောအပြောတို့နှင့်လည်း ပြသခဲ့သည်။ပါတော်မူနေ့နှင့် အမျိုးသားအောင်ပွဲနေ့ များသို့ ရောက်တိုင်းလိုလိုပင် ကိုအောင်ကျော် သည် မိမိမြို့နယ်သို့ အမျိုးသားရေး လှုံ့ဆော်မှု တရားများ သွားရောက်ဟောပြောခြင်း၊ စာကြည့်တိုက်များ ဦးစီးဖွင့်လှစ်ပေးခြင်း၊ စကားရည်လုပွဲများ၊ ဟောပြောပွဲများကို လုပ်ကိုင်ကြရန် စီစဉ်ပေးခြင်းများ ပြုလုပ်လေသည်။

တစ်ခါ တစ်ရံ ကျောင်းပိတ်ရက်အတွင်း ခရမ်း၊ သုံးခွဘက်သို့ စည်းရုံးရေးဆင်းနေ ပါက နေရင်း ရပ်ရွာရှိ မိတ်ဆွေများထံ သူ ကိုယ်တိုင် မလာရောက်နိုင်သဖြင့် မည်သည့် လုပ်ငန်းစဉ်များ လုပ်ဆောင်သင့်ကြောင်း လှုံ့ဆော်သည့်အနေဖြင့် စာရေးတတ်သည်။

ပါတော်မူနေ့ တစ်နေ့တွင် ကိုအောင်ကျော်သည် ဂျပ်ဆင်ကောလိပ်ကြော်ငြာဘောင်တွင် နယ်ချဲ့တော်လှန်ရေးဆောင်းပါး အနေဖြင့် ဤနေ့ သို့ရောက်တိုင်း နိုင်ငံခြားသားများကို စိတ်နာသည်၊ ဤနေ့တွင် နိုင်ငံခြားသားများနှင့် အလိုတော်ရိများကို စကားမပြောလို စသည်ဖြင့် မင်နီ စာလုံးကြီး များဖြင့် ရေးသားကပ်ထားသဖြင့် သူငယ်ချင်းတစ်ဦးက စာတမ်းကို ဆုတ်ခွာ၍ ယင်း၏ ဖခင်ထံ ပေးပို့ တိုင်တန်းခြင်း ခံရဖူးသည်။ယင်းသို့ မျက်နှာလိုအားရ လုပ်သော အပြုအမူမျိုးကို ကိုအောင်ကျော်သည် အလွန် စက်ဆုပ်သူ ဖြစ်သည်။

၁၉၃၈ ခုနှစ် ဇူလိုင်လတွင် ကုလား-ဗမာ အဓိကရုဏ်းဖြစ်ပွားစဉ် အခါက ကိုအောင်ကျော် ၏ ဇာတိမြို့ ကလေးတွင်လည်း ဖြစ်ပွား၍ အဖမ်းခံရသူ အများအပြားရှိခဲ့လေသည်။ထိုစဉ်တွင် ကိုအောင်ကျော်သည် ဟင်္သာတသို့ ရောက်လာကာ ဟင်္သာတ ဦးမြ၊ ပါလီမန် အမတ် ဦးအိန် တို့နှင့် တိုင်ပင်၍ ဟင်္သာတထောင်သို့ ဝင်ရောက်ကြည့်ရှုလျက် အဖမ်းအဆီး ခံရသူများကို အားပေးစကား ပြောဆိုခဲ့လေသည်။

ထိုနောက် အခြေအနေအရပ်ရပ်ကို ဆွေးနွေးရန် ဇာတိချက်မြှုပ်ရာ ရုံးဇင်ရွာသို့ ဝင်ပြီးမှ ရန်ကုန်သို့ ပြန်သည်။ ၁၃ဝဝ-ပြည့် အရေးတော်ပုံ မတိုင်မီ ကိုအောင်ကျော်သည် ကျောင်းသားခေါင်းဆောင် သမဂ္ဂ ဒုတိယ ဥက္ကဌ ကိုလှရွှေ၊ ကိုသိန်းအောင်တို့နှင့်အတူ မဲဇလီကုန်းမြို့သို့ ရောက်ရှိလာကာ ကျောင်းသားများ သပိတ်မှောက်ရေးကို လှုံ့ဆော်ပေးခဲ့သည်။

၁၃ဝဝ ပြည့် အရေးတော်ပုံ တွင် ကိုအောင်ကျော်သည် ကျောင်းသား သမဂ္ဂ အမှုဆောင် အဖွဲ့တွင် ပါဝင် သည့် အလျောက် အရေးတော်ပုံ အတွက် အစီ အစဉ်များဖြင့် မအားမလပ် ဖြစ်နေလေသည်။

ရေနံမြေသပိတ်သမားများအား ဆူပူအောင်လှုံ့ဆော်ရေးတရားဟောမှုဖြင့် တက္ကသိုလ်သမဂ္ဂဥက္ကဌ ကိုဗဟိန်းနှင့် အတွင်းရေးမှူး ကိုဗဆွေ တို့အား အစိုးရက ဖမ်းဆီးလိုက်သောအခါ ၁၉၃၈ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက် ၊ မြန်မာသက္ကရာဇ် ၁၃ဝဝ ပြည့်နှစ် နတ်တော်လဆုတ် (ရ)ရက်နေ့ ညဉ့်တွင်ရန်ကုန်တက္ကသိုလ်သမဂ္ဂအသင်းတိုက်၌ ကိုအောင်ကျော် အပါအဝင် သမဂ္ဂအမှုဆောင် အဖွဲ့က ရန်ကုန်နှင့် မကွေး၌ အစိုးရက ထုတ်ထားသော ပုဒ်မ ၁၄၄ ရုပ်သိမ်းရန်နှင့် ဖမ်းဆီးထားသော ကျောင်းသားခေါင်းဆောင်များကို အမြန်လွှတ်ရန် အစိုးရထံ တောင်းဖို့ ဆုံးဖြတ်ချက် ချကြသည်။

သို့ရာတွင် တောင်းဆိုချက်များ မရရှိသည့် အတွက် ဒီဇင်ဘာ ၁၅ ရက်နေ့တွင် ရန်ကုန်မြို့ရှိ ကျောင်းပေါင်းစုံမှ ကျောင်းသားများနှင့် မြို့မကျောင်းသားများသည် မြို့မ အထက်တန်းကျောင်း၊ ရန်ကုန်ဝင်းအတွင်း စုရုံးပြီးနောက် ပုဒ်မ ၁၄၄ ကန့်ကွက်သည့် အနေနှင့် စီတန်း လမ်းလျှောက်ဆန္ဒပြကြရာ ကိုအောင်ကျော်က ကြွေးကြော်သံများကို ရှေ့မှ တိုင်၍ လိုက်ရသည်။

ထိုသို့ ဆန္ဒပြ၍ မရသောအခါ အစိုးရ ၏ အုပ်ချုပ်ရေး ကြိုးကိုင်ရာဖြစ်သော အတွင်းဝန်ရုံးကြီးကို ဝိုင်း၍ အာဏာဖီဆန်သည့် သဘောနှင့် ဆန္ဒပြရန် ဆုံးဖြတ်ကြလေသည်။ ဆုံးဖြတ်ချက်အတိုင်း ဒီဇင်ဘာလ ၂ဝ ရက်နေ့၊ နတ်တော်လဆုတ် ၁၄ ရက်နေ့နံနက်တွင် ကျောင်းပေါင်းစုံမှ ကျောင်းသားတစ်သောင်းကျော်နှင့် အတွင်းဝန်ရုံးကို ဝိုင်းဝန်း ဆန္ဒပြရာ ကိုအောင်ကျော်က သူရိယသတင်းစာတိုက်ဘက်အဝင်ဝတွင် တာဝန်ယူ၍ ကျောင်းသူကျောင်းသားများကို အုပ်ချုပ်ရသည်။

ယင်းသို့ ဝိုင်းဝန်းထားရာ နာရီပြန် ၁ ချက်ခန့်ရောက်သော အခါ အတွင်းဝန်ရုံးကြီးသည် ဘာမျှ လုပ်မရအောင်ဖြစ်နေသဖြင့် ရုံးကြီးကို ပိတ်လိုက်ရလေသည်။ထိုအခါ ကျောင်းသားများ တပ်ခေါက်၍ ပြန်မည်အပြုတွင် လက်နက်ဟူ၍ အပ်တစ်ချောင်းမျှ မပါသော ကျောင်းသားများအား နယ်ချဲ့လက်ပါးစေ ပုလိပ်များက နံပါတ်တုတ်ဖြင့် အတင်းဝင်ရောက် ရိုက်နှက်ရာ ကိုအောင်ကျော် အပါအဝင် ကျောင်းသူကျောင်းသား ၂ဝဝ ကျော် ဒဏ်ရာ ရရှိခဲ့လေသည်။

ကိုအောင်ကျော်၏ ဒဏ်ရာသည် ပြင်းထန်လှရကား ဒီဇင်ဘာလ ၂၂ ရက် ပြာသိုလဆန်း ၂ ရက်နေ့မွန်းလွဲ ၂ နာရီ အချိန်တွင် ရန်ကုန်ဆေးရုံကြီးဝယ် အသက် ၂၃ နှစ် အရွယ်၌ သူမြတ်နိုးသော တိုင်းပြည်ကို စွန့်ခွာ သွားရရှာလေသည်။ကွယ်လွန်ကြောင်း သိသည်နှင့် မိဘဆွေမျိုးများ ဝမ်းနည်းကြေကွဲစွာ ရောက်ရှိလာကာ အလောင်းကို ဇာတိချက်မြေသို့ ယူခွင့်ပြုရန် တောင်းသော်လည်း ကျောင်းသားများ၏ ဆန္ဒအရ ရန်ကုန်မြို့တွင်ပင် ခုနစ်ရက်ထားပြီးလျှင် ပြာသိုလဆန်း ၈ ရက်နေ့တွင် ဂူသွင်းသင်္ဂြိုဟ်ရာ မကြုံစဖူး အထူးစည်ကား သိုက်မြိုက်လှလေသည်။

ကျောင်းသားခေါင်းဆောင် ကိုအောင်ကျော် သွေးမြေကျခဲ့ရသည့် အစိုးရ၏ အပြုအမူကို ကန့်ကွက်သည့် အနေဖြင့် မြို့မ-ဦးဘလွင်သည် လွှတ်တော်အမတ်အဖြစ်မှ နုတ်ထွက်ခဲ့သည်။ ကေအိုင်အိခ်ျ ဘွဲ့ကိုလည်း အစိုးထံ ပြန်လည် ပေးအပ်ခဲ့သည်။ကိုအောင်ကျော်၏ ဂူကို ကြံတော သုဿာန် ရှိ နိုင်ငံရေးခေါင်းဆောင်ကြီး ဦးထွန်းရှိန် ဂူနှင့်ယှဉ်၍ သီးသန့် ပြုလုပ်ထားလေသည်။

မြန်မာတစ်နိုင်ငံလုံးလည်း ဝမ်းနည်းကြေကွဲသော အထိမ်းအမှတ်ဖြင့် တစ်ချိန်တည်းလိုပင် ဆွမ်းသွတ် အမျှဝေခြင်း ပြုကြသည်။အာဇာနည် ကိုအောင်ကျော်အကြောင်း ဖွဲ့နွဲ့ စပ်ဆိုသော သီချင်းများလည်း အတော်များများ ပေါ်ပေါက်ခဲ့လေသည်။

ကိုအောင်ကျော်၏ အသုဘသည် မြန်မာတစ်နိုင်ငံလုံးအားတပ်လှန့်နှိုးသကဲ့သို့ နိုးကြားမှု ကို ဖြစ်စေသည်။ အသက်သေချင်သေပါစေ၊ နောက်လူများ အတုယူဖွယ်အလုပ်တစ်ခုကိုလုပ်ပြချင်သည်ဟူသောစကားကို ၁၉၃၅ ခုနှစ်ခန့် ကကမ္မမြို့နေသူ၏ မိတ်ဆွေကျောင်း ဆရာကြီးတစ်ဦးအားပြောခဲ့ဖူးသော ကိုအောင်ကျော်ကားသူ၏ဆန္ဒ ပြည့်ဝခဲ့ရသည်ဟုဆိုရပေမည်။

ကိုအောင်ကျော် သည် စိတ်နေသဘောထား ပြည့်ဝသူဖြစ်ရုံမက အပျော်အပါးကင်းစင်သူလည်းဖြစ်သည်။ကွမ်းဆေးပင် မစားမသောက် တတ်ချေ။ကိုအောင်ကျော်သည် အမျိုးသားစိတ်ဓာတ် ပြင်းထန်ရုံသာမက စာပေဘက်၌လည်း ဝါသနာ ထုံသူဖြစ်သည်။ ကောလိပ်ကျောင်း ရောက်၍ မကြာမီပင်စာရေးဆရာကြီး မဟာဆွေထံကိုယ်တိုင်သွားရောက်မိတ်ဖွဲ့သည်။ ကိုယ်တိုင်လည်း ဂန္တလောက မဂ္ဂဇင်းတွင် စာတိုပေစများကိုအောင်ကျော်ဟူသော အမည်နှင့်ပင် ရေးလေ့ရှိသည်။

နယ်ရှိ ပညာရင်နို့ သောက်စို့ခဲ့ဖူးသည့်ကျောင်းများမှ ကျောင်းသားမဂ္ဂဇင်းများသို့လည်းဆောင်းပါးများ၊ စာညွန့် ကဗျာများ၊ နိုင်ငံရေးနှိုး ဆော်စာများ ရေးသားပေးပို့လေ့ရှိသည်။ယင်းတို့အနက် ကိုအောင်ကျော်နေခဲ့ဘူးသော ကျေးရွာရှိ ကျောင်းသားလက်ရေးမဂ္ဂဇင်းသို့ ရေးသားပေးပို့ လိုက်သော ကဗျာကလေး တစ်ခုကား-“စည်းသံက ချွင်၊ ဘင်သံက ဒိန်း။ ။မောင်းသံမှာ ဒီဟီနှောတယ်၊ဗြောသံကဗြိန်း ။ ။”ဟူသောတူရိယာသံစုံကဗျာကလေးပင် ဖြစ်သည်။

ကိုအောင်ကျော်သည်နိုင်ငံရေး စာပေများကိုလည်း လေ့လာသူဖြစ်သည်။ အထူးသဖြင့် လက်ဝဲစာပေများ ကို လေ့လာခဲ့လေသည်။ ကျဆုံးရခြင်းအကြောင်းရင်း။၁၃ဝဝပြည့် အရေးတော်ပုံ၊ ချောက်မြို့ ရေနံမြေ အလုပ်သမားသပိတ်ကြီးနှင့်ဆက်သွယ်ပတ်သက်နေလေ သည်။

ချောက်မြို့ဘီအိုစီရေနံကုမ္ပဏီမှမျက်နှာဖြူနယ်ချဲ့ အရာရှိတို့၏ မတရား ဖိနှိပ်ချုပ်ချယ်မှုများကို ရေနံမြေရှိ အလုပ်သမားထုခေါင်းဆောင် အာဠာဝကသခင် ဘိုးလှကြီးခေါင်းဆောင်သောအလုပ်သမားထုကြီးကအန်တုတော်လှန်ခဲ့ကြသည်။ရေနံမြေသပိတ်တပ်ကြီးသည် မိမိတို့ လိုလားချက်များကို တောင်းဆိုရန် ချောက်၊ ရေနံချောင်း၊ မကွေးမြို့ များသို့ ဖြတ်သန်း၍ ရန်ကုန်မြို့ အထိ ချီတက်ဆန္ဒပြကြရန် ချီတက်လာကြသည်။

မြန်မာသက္ကရာဇ် ၁၃ဝဝပြည့်နှစ်တွင်ဖြစ်ပေါ်ခဲ့သော ရေနံမြေသပိတ်တိုက်ပွဲကို မြန်မာ့ သမိုင်းတွင် ၁၃ဝဝပြည့် အရေးတော်ပုံဟုမော်ကွန်း တင်လေသည်။သခင်ဘိုးလှကြီးခေါင်းဆောင်သော ရေနံမြေ အလုပ်သမားထုကြီးသည် မကွေးမြို့မဲထီးဘုန်းကြီးကျောင်းအတွင်းစခန်းချ နားနေစဉ်ရန်ကုန်မြို့မှရောက်ရှိလာသောရန်ကုန် တက္ကသိုလ်ကျောင်းသားဥက္ကဋ္ဌ ကိုဘဟိန်းနှင့်ကိုဗဆွေတို့ကလှုံ့ဆော်စည်းရုံးရေး တရားပွဲများဟောကြသည်။ထိုအချိန်၌မဲထီးကျောင်းတိုက်ပြင်ပတွင်မကွေးမြို့ ပုလိပ်စခန်းမှတုတ်ကိုင်မြင်းစီးပုလိပ်များသည်ရေနံမြေ အလုပ်သမားများ၊ ကျောင်းဝင်းထဲမှထွက်လာလျှင်ရိုက်နှက်လူစုခွဲရန်တပ်ချီ၍စောင့်နေကြသည်။

ဤတွင် ကျောင်းသားခေါင်းဆောင်ကိုဘဟိန်းကရဲရဲတောက် တရားဟောရာတွင်ဒီမှာနယ်ချဲ့ပုလိပ်တွေကိုပြောလိုက်မယ်။ မြင်းစီးပုလိပ် တွေရဲ့ မြင်းခွာသံတစ်ချက်ပေါက်ရင်ဗမာပြည်ကြီး မီးဟုန်းဟုန်းတောက်မယ်ဟေ့ ဟုရဲ၀င့်စွာပြောဆိုခဲ့သည်။ မကွေးခရိုင်ပုလိပ်အဖွဲ့သည် ကျောင်းသားခေါင်းဆောင်ကိုဘဟိန်းနှင့် ကိုဗဆွေတို့ကို ဖမ်းဆီး၍မကွေးမြို့အကျဉ်းထောင်တွင်ချုပ်နှောင်ထားလိုက်လေသည်။

ထိုသို့ ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌကိုဘဟိန်း၊ အတွင်းရေးမှူးကိုဗဆွေတို့ကိုနယ်ချဲ့ အစိုးရကဖမ်းဆီးချုပ်နှောင်ခြင်းကို မကျေနပ်သဖြင့်တစ်ဗိုလ်ကျတစ်ဗိုလ်တက်စနစ်ဖြင့်ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂဥက္ကဋ္ဌသစ်ဖြစ်လာသူကျောင်းသားခေါင်း ဆောင် ကိုလှရွှေနှင့်ရန်ကုန်တက္ကသိုလ်ယုဒသန်ကောလိပ်ကျောင်းသားခေါင်းဆောင် ကိုအောင်ကျော်တို့ခေါင်းဆောင်သောကျောင်းသား ထုကြီးသည် ၁၉၃၈ခုနှစ်၊ ဒီဇင်ဘာ ၂ဝရက်တွင် ရန်ကုန်မြို့၊အတွင်းဝန်များရုံးကြီးကိုဝိုင်းဝန်းသပိတ်တား ဆန္ဒပြကြသည်။

ရုံးတက်ရန်လာကြသော အတွင်းဝန်ရုံးမှ အရာရှိ၊ အမှုထမ်း၊ စာရေးစာချီများသည် ကျောင်းသားထုသပိတ်တားပိတ်ဆို့ထားသောကြောင့် ရုံးမတက်နိုင်ဘဲအိမ်ပြန်သွားကြရသည်။ ကျောင်းသားခေါင်းဆောင်ကိုအောင်ကျော်သည်ကျောင်းသားထု၏ရှေ့ဆုံးမှချီတက်လာကာ ကြွေးကြော်သံများကိုအသံကုန်ဟစ်၍တိုင်လာသည်။

ဖမ်းဆီးထားတဲ့ ကျောင်းသားခေါင်းဆောင်များ အမြန်လွှတ်၊ အမြန်လွှတ်။ အရေးတော်ပုံအောင်ရမည် အောင်ရမည် ။ထိုသို့ ရန်ကုန် တက္ကသိုလ်ကျောင်းသား ထုကြီးက အတွင်းဝန်များရုံးကို သပိတ်တားပြီး၍ အစိုးရ အမှုထမ်းများ အိမ်ပြန်သွားကြသာအခါ သပိတ်တိုက်ပွဲ အောင်မြင်ပြီဖြစ်၍ ကျောင်းသားထုကို ပြန်လည် စုဝေးကာ ပြန်ကြရန် ပြင်ဆင်နေသည်။

ထိုအခိုက်တွင် ရန်ကုန်မြင်းစီးပုလိပ်တပ်ဖွဲ့ ချီတက်ဝင်ရောက်လာပြီး အင်အားရာချီသောပုလိပ်များက ကျောင်းသားထု လူအုပ်အတွင်း မြင်းစီး၍ တရကြမ်းဝင်၊ ကျောင်းသားကျောင်းသူများအား သားသမီးချင်းမစာမနာမြင်းနှင့်နင်း၊တုတ်နှင့် ရိုက်၊ လူစုခွဲကြသည်။မြင်းစီး ပုလိပ်များ၏ အကြမ်းဖက် ရိုက်နှက်မှုကြောင့် ကျောင်းသားကျောင်းသူ ၃ဝဝ ကျော် ဒဏ်ရာရရှိပြီး န်ကုန်ဆေးရုံကြီးသို့ တင်ပို့ဆေး ကုသရသည်။

ကျောင်းသားခေါင်းဆောင်ကိုအောင်ကျော်ကိုခေါင်းဆောင်ဟု သိထားသော မြင်းစီးပုလိပ်များကဝိုင်းဝန်း၍ ဦးခေါင်း ကို နံပါတ်တုတ်ဖြင့် အရှိန်ပြင်းစွာ ရိုက်နှက်ကြသည်။ကျောင်းသားခေါင်းဆောင် ကိုအောင်ကျော်သည် ၂၂-၁၂-၁၉၃၈နေ့ တွင် ရန်ကုန်ဆေးရုံကြီး ၌ ဒဏ်ရာပြင်းထန်စွာ ရရှိထားသည့် ဝေဒနာဖြင့်ပင် အသက်ပေး ကျဆုံးခဲ့သည်။

ကျောင်းသားခေါင်းဆောင်ကိုအောင်ကျော်ကိုကြံတောသုဿာန်တွင်ဂူသွင်းသင်္ဂြိုဟ်ပြီးရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂဝင်း အတွင်း၌ ဂုဏ်ပြုကျောက်တိုင်စိုက်ထူကာပြည်သူလူထုက ‘ဗိုလ်အောင်ကျော်’ ဟု ‘ဗိုလ်’ဘွဲ့တပ်၍ဂုဏ်ပြုခဲ့သည်။

အောင်ကျော် သို့မဟုတ် ဂျပ်ဆင်သူပုန် (နေမျိုးသီဟသူရဘွဲ့ရ ကျောင်းသားအာဇာနည် ဗိုလ်အောင်ကျော် ရာပြည့်အကြို) PDF Free download here

crd#

winhlaingoo

Likes:
0 0
Views:
1159
Article Categories:
HistoryKNOWLEDGE

Leave a Reply

Your email address will not be published. Required fields are marked *