ဘာကြောင့် ကမ္ဘာမှာ လ တစ်စင်းပဲ ရှိရတာလဲ

ကမ္ဘာရဲ့ ခြောက်ပုံ တစ်ပုံသာရှိတဲ့ ပလူတိုဂြိုဟ်သိမ်မှာ ဂြိုဟ်ရံလ ၅ စင်းရှိတယ်။ နေအဖွဲ့အစည်းထဲက အကြီးဆုံး ဂျူပီတာမှာ ဂြိုဟ်ရံလ ၆၇ စင်းရှိတယ်..။ ဘာဖြစ်လို့ ကမ္ဘာမှာ လတစ်စင်းထဲ ရှိရတာလဲ…။

နေအဖွဲ့အစည်းအတွင်းက ဂြိုဟ်တွေကို အတွင်းပိုင်း ဂြိုဟ်များ(မာကျူရီ၊ ဗီးနပ်စ်၊ ကမ္ဘာ နှင့် မားစ်)နဲ့ အပြင်ပိုင်း ဂြိုဟ်များ (ဂျူပီတာ၊ စေတန်၊ ယူရေးနပ်စ်၊ နပ်ပကျွန်း) စသည်ဖြင့် ခွဲခြားကြည့်မယ်ဆိုလျှင်…အတွင်းဂြိုဟ် ၄ ခုပေါင်းမှ ဂြိုဟ်ရံလ ၃ စင်းပဲ ရှိတာကို တွေ့ရမှာဖြစ်ပါတယ်။ မာကျူရီနဲ့ ဗီးနပ်စ်မှာ ဂြိုဟ်ရံလ မရှိပါဘူး။ ကမ္ဘာမှာ တစ်ခု၊ အင်္ဂါဂြိုဟ် (မားစ်) မှာ ၂ ခု ရှိပါတယ်။

အပြင်ဂြိုဟ်တွေကို ကြည့်လိုက်လျှင်.. ဂျူပီတာမှာ ၆၇ စင်း၊ စေတန်းမှာ အစင်း ၆၀၊ ယူရေးနပ်စ်မှာ ၂၇ စင်း နဲ့ နက်ပကျွန်းမှာ ၁၄ စင်း ရှိတာကို တွေ့ရပါတယ်။ ပလူတို ဂြိုဟ်သိမ်လေးမှာတောင် ဂြိုဟ်ရံလ ၅ စင်းရှိနေပါတယ်။

ဂြိုဟ်ရံလတွေ ဖြစ်ပေါ်ပုံကို သုံးသပ်ကြည့်တဲ့အခါမှာ ဖြစ်ပေါ်လာနိုင်ချေ သီအိုရီ (၃) မျိုးကို သွားတွေ့ရပါတယ်။

(၁) အခြား ဂြိုဟ်သိမ် တစ်ခုခုနှင့် တိုက်မိရာက ဂြိုဟ်ရံလ ဖြစ်လာနိုင်ပါတယ်။

(၂) ဂြိုဟ်ရဲ့ ဆွဲငင်အားကြောင့် ဂြိုဟ်ရံလကို ဖမ်းယူလိုက်တာ ဖြစ်နိုင်ပါတယ်။

(၃) ဂြိုဟ်တွေဖြစ်ပေါ်ချိန်မှာလှည့်ပါတ်မှု အရှိန်ကြောင့် အနီးတဝိုက်ကကျောက်သားတွေ စုဝေးရာကဖြစ်ပေါ်လာနိုင်ပါတယ်။

ကျနော်တို့ ကမ္ဘာရဲ့ လဟာ လွန်ခဲ့သော နှစ်ပေါင်း ၄.၅ ဘီလီယံက အင်္ဂါဂြိုဟ်အရွယ်အစားလောက်ရှိတဲ့ သီယာ (Theia) ဆိုတဲ့ ဂြိုဟ်တစ်ခုနဲ့ တိုက်မိခဲ့ရာက လွင့်ထွက်သွားတဲ့ အစိတ်အပိုင်းတွေစုစည်းပြီးဖြစ်လာတာပါ။ ပထမသီအိုရီနဲ့တိုက်ဆိုင်ပါတယ်။

အင်္ဂါဂြိုဟ်ရဲ့ ဂြိုဟ်ရံလ ၂ စင်းဖြစ်တဲ့ ပိုဘော့စ်နဲ့ဒီမော့စ် ကတော့ အင်္ဂါဂြိုဟ်အနား လာကပ်တဲ့ ဥက္ကာခဲ ၂ လုံးကို ဂြိုဟ်ကဖမ်းယူထား တာဖြစ်ပါတယ်။ အင်္ဂါဂြိုဟ်အနောက်မှာကဂြိုဟ်ပတ်ကွင်း (Asteroid Belt) တစ်ခုရှိတော့ ဂြိုဟ်သိမ် ဂြိုဟ်ပဲ့တွေလွင့်လာနိုင်တာပေါ့။ ပလူတိုဂြိုဟ်လည်း ထိုနည်း၎င်းပါပဲ..။ ဒုတိယ သီအိုရီနဲ့ ကိုက်ညီပါတယ်။

တတိယ သီအိုရီကတော့ ဂျူပီတာ တို့ စေတန်ဂြိုဟ်တို့ရဲ့ လတွေ ဖြစ်ပေါ်လာတာနဲ့ တူပါတယ်။ သူတို့ရဲ့ ကြီးမားတဲ့ ဖြစ်ထွန်းမှုကြောင့်ပဲ များပြားလှတဲ့ ဂြိုဟ်ရံလတွေ ပိုင်ဆိုင်နိုင်ကြတာပါ။

နေအဖွဲ့အစည်းအတွင်းက ရာနဲ့ ချီတဲ့ ဂြိုဟ်ရံလတွေထဲမှာ ကမ္ဘာနဲ့ ဘူမိဗေဒ အနေအထား တူညီနိုင်တဲ့ လတွေရှိပါတယ်။ ဥပမာ ပြောရရင် ဂျူပီတာရဲ့အကြီးဆုံးလဖြစ်တဲ့ ဂန်မီဒီး မှာပင်လယ်သေလို ဆားငန်ရေတွေရှိတယ်။ ယူရိုပါမှာဆိုရင်ကျနော်တို့ကမ္ဘာထက်တောင် များပြား တဲ့ရေတွေရှိနေပါတယ်။

ထိုနေရာတွေမှာသက်ရှိတွေ ရှိနေနိုင်မယ်ဆိုလျှင်တော့…..ကျနော်တို့လူသားတွေဟာ တစ်ချိန်ချိန်မှာ ဂြိုဟ်ရံလတွေအပေါ်ဆင်းသက်ပြီး လေ့လာစူးစမ်းမှုတွေ ပြုလုပ်သွားမှာပဲ ဖြစ်ပါတော့တယ်…။

အနာဂတ် ပညာရေးအတွက်.. သန့်ဦး (အာကာသနှင့် စကြဝဠာ)

Likes:
0 0
Views:
816
Article Categories:
KNOWLEDGE

Leave a Reply

Your email address will not be published. Required fields are marked *