NUG ကို ကူညီဖို့ ဆွေးနွေးနေကြောင်း အမေရိကန် လွှတ်တော်အမတ် ပြောကြား 27 May 2021

“NUG ကို ကူညီဖို့ ဆွေးနွေးနေကြောင်း အမေရိကန် လွှတ်တော်အမတ် ပြောကြား”

“မြန်မာ့အရေး နဲ့ ပက်သက်ပြီး အတိုက်အခံ အင်အားစုတွေကို ဘယ်လို အကောင်းဆုံး ထောက်ပံ့ကူညီနိုင်မလဲ ဆိုတာကို ဂျိုးဘိုင်ဒင် အစိုးရနဲ့ အနီးကပ် တိုင်ပင်ဆွေးနွေးနေတယ်လို့ အမေရိကန် အထက်လွှတ်တော်အမတ် မစ်ချ်မက်ကော်နယ်က မနေ့က ပြောလိုက်ပါတယ်။

ဝါရှင်တန်ဒီစီအခြေစိုက် Heritage Foundation က မနေ့က ပြုလုပ်တဲ့မြန်မာ့အရေး ဆွေးနွေးပွဲမှာ NUG အစိုးရအဖွဲ့ဝင်တွေ ဖြစ်တဲ့ ဒေါ်ဇင်မာအောင် နဲ့ ဦးထင်လင်းအောင် တို့ တက်ရောက်ပြီး၊ အမေရိကန်နိုင်ငံအနေနဲ့ စစ်အစိုးရကို ဘယ်လိုနည်းလမ်းတွေနဲ့အရေး ယူနိုင်မလဲဆိုတာကို ဆွေးနွေးခဲ့ကြပါတယ်။

မေလ ၂၆ရက်က ဝါရှင်တန်ဒီစီ အခြေစိုက် Heritage Foundation က ပြုလုပ်တဲ့ မြန်မာ့အရေး နိုင်ငံရေး ဆွေးနွေးပွဲမှာအမေရိကန် နိုင်ငံလွှတ်တော်မှာ အရှိန်အဝါ အကြီးဆုံး အမတ်တစ်ဦးအဖြစ် အသိအမှတ်ပြုခံထားရတဲ့အထက်လွှတ်တော် အမတ်မစ္စတာမစ်ချ် မက်ကောနယ်ကတက်ရောက်ပြီးအဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။

စစ်တပ်က အာဏာသိမ်းမှုနောက်ပိုင်း မြန်မာနိုင်ငံဟာ နိုင်ငံတကာရဲ့ အာရုံစိုက်မှု အောက်ကို ပြန်ရောက်လာခဲ့ပြီးမြန်မာနိုင်ငံကအကြပ်အ တည်းဟာမြန်မာပြည်သူတွေတင်မကပဲ အမေရိကန်နိုင်ငံမှာပါ စိတ်ဝမ်းကွဲနေသူတွေကိုစုစည်းညီညွတ်မှုရသွားစေတယ်လို့ မစ္စတာ မစ်ချ်မက်ကော်နယ်ကပြောပါတယ်။

“စစ်တပ်က ကျူးလွန်တဲ့ မတရားမှုတွေကြောင့် မြန်မာနိုင်ငံက လူကြီးနဲ့ လူငယ်မျိုးဆက်တွေ အားလုံး လမ်းမပေါ်ထွက်လာပြီး ဆန္ဒပြနေ ကြသလိုပဲ၊ မြန်မာတိုင်းရင်းသား လူနည်းစုတွေနဲ့ လူများစု ဗမာတွေကြားမှာလည်းတစ်စိတ်တစ်ဝမ်းတည်း ဖြစ်သွားကြပါတယ်။ ကျွန်တော် တို့ အမေရိကန် နိုင်ငံမှာဆိုရင်လဲ မြန်မာနိုင်ငံအရေးဟာသဘောထား ကွဲပြားနေတဲ့ နိုင်ငံရေး ပါတီနှစ်ခုကို ညီညွတ်မှု ရသွားစေတဲ့အတွက် တစ်စုတစ်စည်းတည်းသောတုန့်ပြန်မှုတစ်ခု ဖြစ်လာပါတယ်။

အခု ကျွန်တော်ဟာ မြန်မာနိုင်ငံအရေး နဲ့ ပက်သက်ပြီး သမ္မတ ဂျိုးဘိုင်ဒင်နဲ့ အနီးကပ် ထိတွေ့ဆက်ဆံပြီးအတိုက်အခံ အင်အားစုတွေကို အကောင်းဆုံး ဘယ်လို ကူညီထောက်ပံ့နိုင်မလဲ ဆိုတာကို ဆွေးနွေးနေပါတယ်။အာဏာသိမ်း စစ်ခေါင်းဆောင်တွေရဲ့ ဝင်ငွေ အရင်းအမြစ် တွေကို ဖြတ်တောက်ပစ်ဖို့ ချမှတ်ထားတဲ့ ပစ်မှတ်ထားပိတ်ဆို့အရေးယူမှုတွေ နဲ့ ပြည်ပ ပို့ကုန် တင်ပို့ခွင့် လိုင်စင် တားမြစ်ချက်တွေကို ဆက်ထားမှာ ဖြစ်ပါတယ်။ အခုလိုဂျိုးဘိုင်ဒင် အစိုးရရဲ့ မြန်ဆန်တဲ့ လုပ်ဆောင်ချက်တွေကြောင့် အားတက်မိပါတယ်။”

ရီပတ်ဗလစ်ကန် ပါတီအမတ်တစ်ဦးဖြစ်တဲ့ မစ္စတာမစ်ချ်မက်ကောနယ်ဟာဒီမိုကရက်ပါတီကနေ ရွေးကောက်တင်မြောက်ခံထားရတဲ့ သမ္မတ ဂျိုးဘိုင်ဒင်အစိုးရရဲ့ လုပ်ဆောင်ချက်တွေကိုအစဉ်တစ်စိုက်ဝေဖန်ပြောကြားခဲ့သူဖြစ်ပြီး၊ မနေ့ကမြန်မာနိုင်ငံအရေးနဲ့ ပက်သက်လို့ ဂျိုးဘိုင်ဒင် အစိုးရရဲ့လုပ်ဆောင်ချက်တွေကို ချီးကျူးကြောင်းပြောလိုက်တာဟာ ပထမဆုံးအကြိမ်ဖြစ်တယ်လို့ အမေရိကန် သတင်းမီဒီယာတွေက ရေးသားဖော်ပြခဲ့ပါတယ်။

အစဉ်အလာအရ အမေရိကန် နိုင်ငံခြားရေး ကျွမ်းကျင်သူ တော်တော်များများဟာ မြန်မာနိုင်ငံ အရေးကို သိပ်ပြီးအာရုံစိုက်လေ့မရှိပေမယ့်၊ သူကိုယ်တိုင် မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီအရေး ကြိုးပမ်းအားထုတ်မှုတွေကို ဆယ်စုနှစ်နဲ့ ချီပြီး အာရုံစိုက် လေ့လာခဲ့ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ နှစ်ပေါင်းများစွာ သိကျွမ်းခဲ့ပြီး၊ နေအိမ်အကျယ်ချုပ် ကျနေစဉ်အတွင်း သူမနဲ့ ပုံမှန် စာရေးဆက်သွယ်ခဲ့ရာမှာ၊ မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်ရောက်လာအောင် ကူညီဖို့ အစဉ်တစိုက် ပြောကြားခဲ့ကြောင်း မစ္စတာ မစ်ချ်မက်ကောနယ်က ပြောပါတယ်။

အမေရိကန် အစိုးရအနေနဲ့ မြန်မာ စစ်အစိုးရကို ကမ္ဘာ တစ်ဝှမ်းက အာဏာရှင် နိုင်ငံတွေနဲ့ တန်းတူထားပြီး၊ အပြင်းထန်ဆုံး ပိတ်ဆို့အရေးယူ မှုတွေ ချမှတ်ထားပေမယ့်၊ မြန်မာ ပြည်သူတွေကတော့ စောင့်ဆိုင်းနေရဆဲဖြစ်တယ်လို့သူက ပြောပါတယ်။

“လက်ရှိအချိန်မှာ နိုင်ငံတကာက အာဏာသိမ်းစစ်အစိုးရကိုတစ်ညီတစ်ညွတ်တည်းပြစ်တင်ရှုံ့ချကြဖို့နဲ့ ပြည်သူကရွေးကောက် တင်မြောက် ထားတဲ့ NUG အစိုးရကို တရားဝင် အသိအမှတ်ပြုတာခံရဖို့ စောင့်ဆိုင်းနေရပါတယ်။တစ်ချိန်တည်းမှာ ကုလသမဂ လုံခြုံရေးကောင်စီမှာ သဘောတူညီချက်ရပြီး၊ စစ်အစိုးရအပေါ် ပြင်းထန်တဲ့ပိတ်ဆို့အရေးယူမှုတွေ နဲ့ လက်နက် ရောင်းချမှု ပိတ်ပင်တာတွေ လုပ်နိုင်ဖို့လည်း စောင့်ဆိုင်းနေရပါတယ်။

တစ်ချိန်တည်းမှာ ထိုင်းနိုင်ငံနဲ့ နယ်စပ်တစ်လျှောက်မှာ တစ်စထက်တစ်စ တိုးပွားလာတဲ့ နေအိမ်စွန့်ခွာ ထွက်ပြေးရတဲ့ စစ်ပြေးဒုက္ခသည် တွေအတွက်လိုအပ်နေတဲ့အကူအညီတွေ ရဖို့လည်း စောင့်ဆိုင်းနေရပါတယ်။ ဒါပေမယ့် ကံမကောင်းစွာနဲ့ပဲ မော်စကိုနဲ့ ဘေဂျင်းအစိုးရတွေ ရဲ့လုပ်ရပ်တွေဟာ နိုင်ငံတကာ စံနှုန်းတွေနဲ့ ဆန့်ကျင်နေရုံမကပဲသူတို့တွေရဲ့ပင်ကိုစရိုက်လို့ ပြောရမယ့် အနေအထားရောက်နေပါတယ်။

ဒါကြောင့်မို့ ကုလသမဂလုံခြုံရေးကောင်စီမှာဘုံသဘောတူညီချက် တရပ်ရအောင် မလုပ်နိုင်ရင်အမေရိကန်နဲ့ ဒီမိုကရေစီနိုင်ငံတွေ အားလုံးပူးပေါင်းပြီး၊ မြန်မာနိုင်ငံမှာဒီမိုကရေစီပြန်ရအောင် ကြိုးပမ်းမှုတွေကိုတရုတ်နဲ့ ရုရှားကမဖြစ်မနေ ပါဝင်လာအောင်တွန်းအား ပေးသင့်ပါတယ်။ ”

ဒါ့အပြင် NUG အစိုးရ အနေနဲ့လည်း ကြီးလေးတဲ့ တာဝန်တွေ ဆက်လက် လုပ်ဆောင်ရမယ့်အခြေအနေ ရှိနေတာကိုလည်း မစ္စတာ မကော်နယ်က ပြောသွားပါတယ်။

“အခုအချိန်မှာ NUG အစိုးရအနေနဲ့ ကြီးမားတဲ့ တာဝန်တွေကို ထမ်းဆောင်ရဖို့ ရှိနေပါတယ်။ NUG အစိုးရအနေနဲ့ပျံ့နှံ့နေတဲ့ အာဏာသိမ်း ဆန့်ကျင်ရေး အင်အားစုတွေကို စုစည်းပြီး၊ မြန်မာပြည်သူအားလုံးအတွက် ဒီမိုကရေစီအရေး အင်အားစုအဖြစ်အသွင်ပြောင်းလဲဖဖို့လိုပါ တယ်။

ပြောင်းလဲဖို့ အချိန်တန်တာကြာလှပြီ ဖြစ်တဲ့မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းပုံ အြခေခံဥပဒေ၊ စီးပွားရေး နဲ့ လုံခြုံရေး တပ်ဖွဲ့တွေရဲ့ အခန်းကဏ္ဍ အာလုံးကိုပြင်ဆင်ပြောင်းလဲဖို့ လည်း ရှိနေပါတယ်။ ဒါ့အပြင်တစ်နိုင်ငံလုံးအတိုင်းအတာနဲ့အမျိုးသားပြန်လည် ရင်ကြားစေ့ရေးဟာ မြန်မာနိုင်ငံရဲ့ဒီမိုကရေစီ အနာဂတ်အတွက် တစ်ခုတည်းသောနည်းလမ်းဖြစ်ကြောင်းသက်သေပြနိုင်ဖို့လည်းလိုအပ်ပါတယ်။ ”

အဲဒီနောက် Heritage Foundation က အာရှရေးရာလေ့လာရေးဌာနညွှန်ကြားရေးမှုးဝေါ်လတာ လိုမန်ကဦးဆောင်ပြီး၊ NUG အစိုးရ နိုင်ငံခြားရေး ဝန်ကြီး ဒေါ်ဇင်မာအောင် နဲ့ အထူးကိုယ်စားလှယ် ဦးထင်လင်းအောင်တို့ကစစ်အစိုးရကို ထိရောက်တဲ့ပိတ်ဆို့ အရေးယူမှု တွေကို ဘယ်လို လုပ်နိုင်မလဲဆိုတာကို ဆွေးနွေးသုံးသပ်ခဲ့ပါတယ်။

NUG အစိုးရ တာဝန်ရှိသူတွေအနေနဲ့ အရေးယူ ပိတ်ဆို့မှုတွေ လုပ်ဖို့ အမေရိကန်အစိုးရကို တွန်းအားပေးနေပေမယ့်မြန်မာနိုင်ငံရဲ့စီးပွားရေး ပုံမှန် ပြန်လည်လည်ပတ်နိုင်ဖို့ကို အားပေးကြောင်း နဲ့ စစ်တပ်ရဲ့ ဝင်ငွေလမ်းကြောင်းတွေကို ဖြတ်တောက်နိုင်မယ့် လုပ်ငန်းတွေကိုသာ ပစ်မှတ်ထားပြီး အရေးယူဖို့တောင်းဆိုနေတာဖြစ်တဲ့အကြောင်း၊

အထူးသဖြင့် စင်္ကာပူ နိုင်ငံကို တစ်ဆင့်ခံပြီးလုပ်ကိုင်နေတဲ့ဝင်ငွေရင်းမြစ်တွေကိုဖြတ်တောက်ဖို့ လိုတဲ့အကြောင်းနဲ့မြန်မာ စစ်တပ်ကို တကမ္ဘာလုံး အတိုင်းအတာနဲ့ လက်နက်ရောင်းချမှုပိတ်ပင်တာ မလုပ်နိုင်သေးခင်မှာ လက်နက်ရောင်းချမှုအတွက်ငွေကြေး လွှဲပြောင်းမှု တွေကို ပစ်မှတ်ထား ပိတ်ဆို့ဖို့လိုတဲ့အကြောင်းတိုက်တွန်းပြောကြားသွားခဲ့ပါတယ်။

MC (27 May 2021)

Likes:
0 0
Views:
860
Article Categories:
NEWS

Leave a Reply

Your email address will not be published. Required fields are marked *