ဘဝအိပ်မက် ပန်းအိပ်မက်

အပိုင်း (၁)

ကွယ်လွန်အနိစ္စရောက်ခြင်းသည် ဤကမ္ဘာ၊ ဤလောက၊ ဤသံသရာကြီးတွင် သက်ရှိသတ္တဝါတိုင်း မလွဲမသွေ ရင်ဆိုင်ရမည့် အရိုးစင်း ဆုံးသော ကိစ္စတစ်ရပ် ဖြစ်လေသည်။ အရေးကြီးသည်ကား လူ့ကမ္ဘာရောက်လာသော လူသားတစ်ဦးသည် သူအသက်ရှင် စဉ်ကာလတွင် ဘာတွေကိုတွေး၍ ဘယ်လိုခံယူကာ ဘယ်လိုပြောဆိုလှုပ်ရှား နေထိုင်သွားသည်ဟူသော အချက်သာဖြစ်သည်။ လူတစ်ဦးချင်းသည် သူ၏တန်ဖိုးကို သူ၏လုပ်ရပ်ဖြင့် ဘ၀ဇာတ်ခုံတွင် တင်ဆက်၍ သက်သေပြသွားကြမြဲ ဖြစ်လေသည်။

(((မစန္ဒာ)))

ဘဝအိပ်မက် ပန်းအိပ်မက် (မစန္ဒာ)

သပ်သပ်ရပ်ရပ်ရှိသော သာမန် ကန်ထရိုက်တိုက်ကလေးတစ်လုံးတွင်ဖြစ်သည်။ ရန်ကုန်မြို့ စမ်းချောင်းရပ်ကွက်၊ ဦးဖီးလမ်းထဲတွင် ရှိသည်။ အိမ်နံပါတ်က (၅၂) ဖြစ်သည်။

ဘယ်ဘက်ခြမ်း အောက်ထပ်တွင်နေသူက ဦးဘပွား၊ သူ့အပေါ်ထပ်တွင်ကား ကိုရန်ဝေးတို့မိသားစု၊ ညာဘက်ခြမ်း အောက်ထပ်တွင် အိမ်ရှင်ဖြစ်သော မမွှေးကြူတို့သားအမိ၊ အပေါ်ထပ်တွင် ကိုကောင်းထက်တို့သားအဖ နေထိုင်ကြသည်။ သူတို့အားလုံးသည် သာမန်လူသားများ ဖြစ်ကြသည်။ လူသာမန်တို့တွင် ရှိတတ်သော လောဘ၊ ဒေါသ၊ မောဟနှင့် မာနတို့ရှိကြသည်။ လူသာမန်တို့တွင် ရှိတတ်သော ကရုဏာတရားနှင့် အကြင်နာတရားတို့လည်း ရှိကြလေသည်။

အခန်းကလေးက ကျဉ်းသော်လည်း လင်းလင်းချင်းချင်းရှိလေသည်။ ခါတိုင်းလိုပင် နှင်းဆီနံ့ ပျံ့သင်းနေသည်။ နက်(စ်)ကော်ဖီအနံ့လည်း မွှေးနေသည်။ တိုးတိုးလေး ဖွင့်ထားသော ကက်ဆက်မှ “ရစ်ချတ်ကလေဒါမင်”၏ စန္ဒရားသံလေးကလည်း ခါတိုင်းလိုပင် စိတ်နှလုံးညွတ်ပျောင်းဖွယ် ငြိမ့်ညောင်းသာယာလှသည်။

သို့သော် ဦးဘပွားသည် မွှေးပျံ့သော နှင်းဆီရနံ့ကို ခါတိုင်းလို ခုံမင်နှစ်ခြိုက်စွာ မရှုရှိုက်မိပေ၊ သူ အလွန်နှစ်သက်သော စန္ဒရားသံကိုလည်း ယခင်တုန်းကလို စိတ်ဝင်တစား နားမထောင်နိုင်၊ သူ့ရှေ့မှ ကော်ဖီပန်းကန်ကိုလည်း တစ်ကျိုက်တလေပင် ကောက် မမော့ချင်၊ သာယာလှပမှုအပေါင်းသည် သူနှင့် လုံးဝမသက်ဆိုင်တော့ဘဲ အဝေးကြီး ဝေးသွားသည်ဟု ခံစားနေရသည်။ ပုံမှန် လည်ပတ်နေသော ကမ္ဘာကြီးသည် ရုတ်တရက် အသွင်ပြောင်းပြီး အရုပ်ဆိုး အကျည်းတန်သွားသည်ဟု ထင်မှတ်နေမိသည်။

“ကိုယ့်ကိုယ်ကို မကြာခင် သေရတော့မယ်လို့ သိနေရတဲ့ လူတစ်ယောက်အနေနဲ့ မသေခင်အချိန်ကလေးမှာ ဘယ်လို နေသင့်သလဲ၊ ဘာကို လုပ်သင့်သလဲ”

စစ်တုရင်ရုပ်ကလေးများကို နေရာချနေသော ဆရာဝန် ဦးကံမြင့်အား ကြည့်ရင်း ဦးဘပွားက စဉ်းစားသည်။ မနေ့ညက တစ်ညလုံး တလူးလူး တလိမ့်လိမ့်နှင့် တရေးမျှ အိပ်မပျော်၊ ညနှစ်ချက်တီးလောက်ရှိခါမှ အိပ်ဆေးထသောက်ခဲ့ရသည်။ ထို့ကြောင့် အိပ်ဆေးအရှိန်က ယခုထိ မပြေသေးဘဲ ခေါင်းထဲတွင် နောက်ကျိကျိ ဖြစ်နေသည်။ မျက်ခွံတွေလေးကာ မောဟိုက်ဟိုက်နှင့် အသက်ရှူ၍လည်း မဝချင်။

“ငါ ဘယ်လိုနေရမလဲ”

ဦးဘပွားက ပင့်သက်ကို မသိမသာ ရှိုက်လိုက်မိသည်။ ထိတ်လန့်တုန်လှုပ်နေသော စိတ်ကို ထိန်းချုပ်ပြီး ဘုရားရှိခိုး၊ ပုတီးစိပ်၊ တရားထိုင်ခြင်းအမှုတို့ကို အချိန်ပြည့် လုပ်နေရလျှင် ကောင်းလေမလား။

သို့သော်လည်း သူ့တစ်သက်တာလုံး ဘုရား တရားကို ​မေ့​မေ့လျော့လျော့နှင့် ခပ်ပေါ့ပေါ့ နေလာသူမို့ သူ့ရင်ထဲတွင် ဘုရားစိတ်၊ တရားစိတ်များ ကိန်းအောင်းခြင်း၊ ညွှတ်နူးခြင်း မရှိသေးပေ။ ခြိုးခြံခြင်း၊ ရောင့်ရဲတင်းတိမ်ခြင်း၊ သူတစ်ပါးအား မေတ္တာထားခြင်း၊ စိတ်နှလုံးအေးချမ်းသာယာခြင်း စသည်တို့သည် သူနှင့်အလွန်ဝေးကွာသောနေရာတွင် ရှိနေသည်ကို သူ့ကိုယ်သူ သိနေသည်။

သည်တော့ သေနေ့ကို ကြိုးစားကာ မေ့ထားလိုက်ပြီး၊ စိတ်လွတ်ကိုယ်လွတ် လျှောက်လည်ကာ သုံးဖြုန်း ပျော်ပါးပစ်လိုက်ရလျှင် ကောင်းလေမလားဟု တွေးမိပြန်သည်။ သို့သော် သုံးဖြုန်း၊ ပျော်ပါး၊ လည်ပတ်ခြင်းများက သူ့ကိုပျော်ရွှင်မှု ပေးနိုင်တော့မည် မဟုတ်ကြောင်းကိုလည်း သူ သိ​နေပြန်သည်။ သည်လိုဆိုတော့လည်း သားသမီးတွေ​ရောက်​နေ​သော နိုင်ငံရပ်ခြားတိုင်းတစ်ပါးသို့ လိုက်သွားကာ ဆေးကုသရင်း လူမမာကြီးလုံးလုံးလုပ်ကာ ​သေ​နေ့ကို လက်ချိုး​ရေတွက်ပြီး ​စောင့်​နေရမည်လား။

“သူတို့က ပစ္စည်းဥစ္စာရယ်၊ ပညာရယ်ကို လောဘတကြီးရှာနေကြတဲ့သူတွေ၊ ဘဝလှေကားကို အဆင့်ဆင့် ထောင်ပြီး မြင့်သည်ထက် မြင့်အောင် ကြိုးစားပြီး တက်နေကြတဲ့သူတွေ၊ ငါလိုက်သွားတော့ရော ငါ့အတွက် ဘယ်သူက အလုပ်အကိုင် အပျက်ခံပြီး အချိန်ပေးချင်မှာတဲ့လဲ။ ဝန်ထုပ်ဝန်ပိုးကြီးတောင် ဖြစ်ချင်ဖြစ်နေမှာ။ အင်း ဖြစ်ချင်ဖြစ်နေမှာ မဟုတ်ဘူး၊ ဖြစ်ကိုဖြစ်နေမှာပါ”

ဦးဘပွားက သက်ပြင်းချသည်။

“ကဲ ဦးဘပွား စလေဗျာ”

ဦးကံမြင့်က စစ်တုရင်ခုံကို ဦးဘပွားဘက်သို့ တွန်းပေးသည်။ ဦးဘပွားက စစ်တုရင်ရုပ်ကလေးများကို တစ်ခါမျှမမြင်ဖူးသလို ငေးစိုက်၍ ကြည့်နေမိသည်။ သူ့ဘက်က အရုပ်များက အနက်ရောင်၊ ဦးကံမြင့်ဘက်မှ အရုပ်များက အဖြူရောင်ဖြစ်သည်။

“အင်း ငါ့ဘက်က အရုပ်တွေဟာ အနက်ရောင်တွေပါလား၊ အနက်ဆိုတာ မင်္ဂလာမရှိတဲ့အရောင်ပဲ။ သေမင်းရဲ့ နိမိတ်ပဲ”

ယခင်က တစ်ခါမျှ မတွေးခဲ့ဖူးသော အတွေးကို တွေးမိပြီး ကျောရိုးထဲတွင် စိမ့်တက်သွားသလို ခံစားရသည်။ အသက် ခြောက်ဆယ်ပြည့်ရန် လပိုင်းမျှသာ လိုတော့သော်လည်း သူသည် သေခြင်းတရားအကြောင်းကို တစ်ခါမျှ ရေရေရာရာ မတွေးတောခဲ့မိချေ။ သေခြင်းတရား ဟူသည်မှာ ရှောင်လွှဲ၍မရကောင်းဟုသာ ယေဘူယျအားဖြင့် လက်ခံထားသော်လည်း သူနှင့် ဝေးလံသော နေရာတစ်နေရာတွင် သီးသန့်ရှိ နေသော အရာတစ်ခုသာ ထင်မှတ်နေခဲ့မိသည်။ အခုတော့ သူကပင် သေခြင်းတရားဆီသို့ ပြေးသွားမိလေလား၊ သေခြင်းတ ရားကပင် သူ့ဆီသို့ ပြေးလာလေသလားမသိ၊ ဗြုန်းခနဲ နီးကပ်သွားသည်ကတော့ အမှန်ပင်။

“ဒီမှာ ဆရာ”

“ဟုတ်ကဲ့ ”

ဦးကံမြင့်က သူ့ကို မော်ကြည့်သည်။ သူက တည်ငြိမ်အေးဆေးစွာ ပြုံးပြရန် ကြိုးစားသော်လည်း မအောင်မြင်ချေ။

“လောကမှာ လူ နှစ်မျိုးနှစ်စားရှိတယ် ဆရာရဲ့”

“ဟုတ်ကဲ့ ”

ဦးကံမြင့်က ဦးဘပွားအား မသိမသာ အကဲခတ်နေသည်။ ဦးဘပွားသည် သူ၏လူနာလည်းဖြစ်သည်။ ခင်မင်ရင်းနှီးသောမိတ်ဆွေလည်းဖြစ်သည်။ ဦးဘပွား၏ ကိုယ်ရေးကိုယ်တာကိစ္စများကို သူ အတော်များများသိသည်။ ဦးဘပွား ရင်ဖွင့်သမျှကိုလည်း အခါခါ နားထောင်ဖူးသည်။

“သူ့မှာ ရောဂါကြီးကြီးမားမား ဖြစ်နေပြီဆိုရင် သူ့ကို အသိမပေးဘဲ လျှို့ဝှက်ထားရမယ့်လူက တစ်မျိုးဗျ။ အဲဒီလိုလူမျိုးက စိတ်ပျော့ညံ့တယ်၊ ဘဝကို ခုန်မင်တယ်၊ သေရမှာလဲ သိပ်ကြောက်တယ်”

အခွေကုန်သွားပြီဖြစ်၍ ကက်ဆက်ထဲမှ စန္ဒရားသံက အလိုလို ရပ်သွားသည်။ ဦးကံမြင့်က ဘာမှ ပြန်မပြောဘဲ ငြိမ်နေသည်။ တစ်စုံတစ်ရာ စကားပြောမှားသွားမှာကိုလည်း ​တွေး​တော စိုးရိမ်နေမိသောကြောင့် ဖြစ်သည်။

“နောက်တစ်မျိုးကတော့ သူ့မှာ သေလောက်တဲ့ရောဂါ စွဲကပ်နေပြီဆိုရင် အသိပေးကို ပေးရမယ့် လူမျိုး၊ အဲဒီလိုလူမျိုးကတော့ သေခြင်းတရားကို ကြောက်ပေမယ့်လဲ မျက်နှာ တည့်တည့်မူပြီး သတ္တိရှိရှိ ရင်ဆိုင်ချင်တဲ့လူမျိုး၊ ဥပမာ ကျွန်တော့်လိုလူမျိုးဆိုပါတော့”

ဦးကံမြင့်၏မျက်နှာသည် ကွက်ခနဲ ပျက်သွားသည်။ “ဘုရားရေ သူ သိများ သိနေပြီလား”ဟု တွေးရင်း ထူထူပူပူ ဖြစ်သွားသည်။ စိုးရိမ်သွားသည်။ ပန်းအိုးထဲတွင် အတန်ငယ်ညှိုးကာ ငိုက်ကျနေသော နှင်းဆီပွင့်လေးကို ဦးဘပွားက လက်ညှိုးနှင့် မထိတထိတောက်ကာ ခြွေချလိုက်သည်။ ပဲ့ကြွေကျလာသော ပန်းနုရောင် ပွင့်ဖတ်ကလေးကို အသာကောက်ယူကာ လက်ဝါးပြင်ပေါ်တွင် တင်ကြည့်ရင်း ခြောက်သွေ့စွာ ရယ်သည်။

“လူက အလကားနေရင်း မောမောနေတတ်တယ်။ ကိုယ်အလေးချိန်ကလဲ တဖြည်းဖြည်း လျော့လာနေတယ်။ ရင်ဘတ်ထဲကလဲ တစ်ချက်တစ်ချက် အောင့်တယ်၊ စားလို့ သောက်လို့ကလဲ မကောင်းဘူး၊ ဒါကြောင့် ဆီး၊ ဝမ်း၊သွေး၊ သလိပ်တွေ အကုန်စစ်၊ ဓာတ်မှန်တွေ၊ အာလ်ထရာဆောင်းတွေ အပြန်ပြန် အလှန်လှန် ရိုက်၊ အားလုံးပြီးတော့ ဆရာက အားဆေးထိုးပေးပြီး ဆေးလိပ်တော့ အသောက်လျှော့ပါ ဦးဘပွားရယ်တဲ့ အဟက် … အဟက်”

သူ့ လက်ထဲမှ နှင်းဆီပွင့်ကလေးကို စားပွဲပေါ်သို့ အသာအယာ ပြန်ချလိုက်သည်။ တိတ်ဆိတ်ငြိမ်သက်စွာ ထိုင်နေသော ဆရာဝန် ဦးကံမြင့်အား မျက်လုံးချင်း တည့်တည့် ရင်ဆိုင်ကြည့်ကာ မေးသည်။

“ခုအချိန်မှာ ဆေးလိပ်ကို လုံးဝမသောက်တော့ဘဲ ဖြတ်လိုက်ရင်ကော ဆရာရယ်၊ အချိန်မီဦးမှာမို့တဲ့လား၊ ကျွန်တော့် အသက် ဘယ်နှစ်လ ပိုပြီးရှည်နိုင်မယ်လို့ ဆရာ ထင်သလဲ”

အဖြေခက်၊ အနေခက်ကာ ချွေးပျံလာသော ဦးကံမြင့်အား အရသာခံ၍ ကြည့်ရင်း ဦးဘပွားက မလိုတမာ ရယ်သည်။ မထိခိုက်၊ မလှုပ်ရှားဟန်နှင့် သူ့ကိုယ်သူ ကြိုးစားကာ တည်ငြိမ်ဟန်ဆောင်​နေ​သော်လည်း သူ့အသံက ပင်ကိုယ်သံမဟုတ်ဘဲ အက်ကွဲကာ ရှတတ ဖြစ်နေသည်။

“မနေ့တုန်းက ကနေဒါမှာရောက်နေတဲ့ သားအလတ်ကောင်ဆီက လူကြုံနဲ့ ပါဆယ်တစ်ထုပ်ရတယ် ဆရာ။ ရှပ်အင်္ကျီသုံးလေးထည်နဲ့ ချော့ကလက်တို့၊ အားဆေးတို့ပေါ့ ဆရာရယ်။ ဒါနဲ့ ရှပ်အင်္ကျီတစ်ထည်နဲ့ ​ချောကလက်နှစ်တောင့်ကို ဆရာ့အတွက် ခွဲပေးဦးမှပဲလို့ စိတ်ကူးပြီး မနေ့ညက ဆရာ့အိမ်ကို ကျွန်တော် လျှောက်လာသေးတယ်”

“ကျွန်တော့်အိမ်ကို”

ဦးကံမြင့်က အတန်ငယ် ခေါင်းရှုပ်သွားသည်။ မနေ့ညက ဦးဘပွားတစ်ယောက် သူ့ဆီသို့ ရောက်မလာခဲ့ပါ။

“ရောက်ခဲ့ပါတယ် ဆရာရယ်၊ လက်ထဲက အထုပ်ကို​တောင် ပန်းကန်စင်အောက်က အံဆွဲထဲ ထည့်ခဲ့ပါသေးတယ်၊ ဆရာ ပြန်တော့ ဖွင့်ကြည့်”

“ဘယ်အချိန်ကလဲ”

စိတ်ရှုပ်ထွေးနေဟန်ရှိသော ဦးကံမြင့်အား ခပ်မဲ့မဲ့ပြုံးကာ ကြည့်ရင်း ဦးဘပွားက စီးကရက်တစ်လိပ်ကို အေးအေးဆေးဆေး မီးညှိကာ ဖွာရှိုက်လိုက်သည်။ ဆေးလိပ်မသောက်ပါနဲ့ဟု တားမြစ်ထားသူ ဆရာဝန်၏ရှေ့တွင် ဆေးလိပ်ကို အရသာခံကာ အချိန်ဆွဲ၍ သောက်ပြရသည်မှာ အရသာတစ်မျိုးရှိနေသည်။

“ဒီလိုဆရာရဲ့၊ ကျွန်တော် ရောက်တဲ့အချိန်က ကိုးနာရီကျော်လောက်ရှိပြီ၊ ဆရာ့ဆေးခန်းထဲမှာ နော်ဆဲလာက ရှင်းလင်းနေတယ်ထင်ပါရဲ့၊ ဆရာက လူနာပါးလာပြီမို့ အိမ်ထဲဝင်သွားပြီတဲ့၊ ဒါနဲ့ ကျွန်တော်လဲ ဘေးပေါက်ကနေ လှည့်ပြီး ထမင်းစားခန်းထဲ ဝင်ခဲ့တယ်၊ ပထမတော့ ဧည့်ခန်းထဲ ဝင်လာမလို့ပဲ၊ ဒါပေမယ့် ဆရာတို့ဇနီးမောင်နှံ စကားပြောနေသံ ကြားရတာနဲ့”

ဦးကံမြင့်သည် ကုလားထိုင်လက်ရန်းကို ယောင်ယမ်းပြီး ခပ်တင်းတင်း ဆုပ်ကိုင်လိုက်မိသည်။ ထိုစဉ်က သူ၏ဇနီးသည်အား ဦးဘပွား၏အကြောင်းကို ပြောပြနေမိသည်ဟု ထင်သည်။ ဟုတ်သည်။ သူပြောနေခဲ့ပါသည်။

“စိတ်မကောင်းစရာပဲ ခင်မရယ်၊ ဦးဘပွားက လူပေကြီး၊ သူ့ရောဂါအကြောင်း သူသိရင် ပြန်ပြီး ပေပေတေတေ လုပ်ချင်လုပ်နေမှာ” ဟု သူ ပြောနေခဲ့ပါသည်။

သူ့ဇနီးက “ရေဒီရေးရှင်း ပေးရင်ကော”ဟု ပြောတော့ သူက “ဟာ ဦးဘပွားက လူပါးပဲ၊ နောက်ပြီး ပညာတတ်ပဲဟာ၊ စီအေကေ့(စ်) မှ ရေဒီရေးရှင်း ပေးရတယ်ဆိုတာ မသိဘဲနေပါ့မလား၊ နောက်ပြီး ဒါကလဲ ရေဒီရေးရှင်း ပေးလို့မရပါဘူးကွာ၊ ဒီလို ကေ့(စ်)မျိုးက သိတာနဲ့ စိတ်ဓာတ်ကျပြီး လူက လုယူပစ်လိုက်သလို ချုံးကျသွားတတ်တယ်ဆိုတော့ ဘယ်လိုလုပ်ရမလဲတောင် မသိတော့ပါဘူး၊ သူ့သားသမီး တွေဆီကို လှမ်းပြီး အကြောင်းကြားရရင် ကောင်းမလား၊ စဉ်းစားပါဦး၊ ကိုယ့်စိတ်ထင်တော့ သိပ်လဲ ကြာကြာခံမှာ မဟုတ်ပါဘူး၊ စီအေလန်း(ခ)စ် ဆိုတာ သိပ်မြန်တာ”ဟု ပြောနေခဲ့ပါသည်။

“ဆေးပညာ ဝေါဟာရတွေကို သိပ်မကျွမ်းကြပေမယ့် စီအေဆိုတာ ကင်ဆာကိုပြောမှန်း လူတော်တော်များများက သိကြပါတယ် ဆရာ”

သူတို့နှစ်ဦး တစ်ဦးကိုတစ်ဦး တည့်တည့်ရင်ဆိုင်ကာ ကြည့်မိကြသည်။ ဦးဘပွား၏မျက်လုံးများက သေဒဏ်အပေးခံလိုက်ရသူ၏ မျက်လုံးများလို မှုန်မှိုင်းရီဝေနေပြီး ဦးကံမြင့်၏မျက်လုံးများကမူ မည်သို့မည်ပုံ အားပေး နှစ်သိမ့်ရမည်ကို မသိတတ်နိုင်ဘဲ အားတုံ့အားနာ ဖြစ်နေသော မျက်လုံးများဖြစ်လေသည်။

“ကဲ ဒီတော့ ကျွန်တော့်အတွက် အချိန်ဘယ်လောက်ကျန်သေးလဲ မသိရဘူးလား ဆရာ၊ အဆုပ်ကင်ဆာဆိုတာ အင်မတန်မြန်တာပဲဆို ဆရာရဲ့”

ဦးဘပွားက အက်ကွဲ ကြမ်းရှနေသောအသံနှင့် မလိုတမာ ရယ်သည်။

“မဟုတ်သေးဘူးလေ ဦးဘပွားရဲ့”

ဦးကံမြင့်က ချောင်းဟန့်သည်။

“အဲဒါကို အဟမ်း ဒါကို တစ်ထစ်ချဖြစ်တော့မယ်ရယ်လို့ စိတ်ထဲမှာ ပုံသေစွဲမထားနဲ့လေ၊ ဘယ်သူ့ကို ဘယ်တော့သေမယ်ဆိုတာ ဘယ်သူကမှ ကံသေကံမ ပြောလို့ရတာမဟုတ်ဘူး၊ ဆေးပညာ ရှုဒေါင့်အရက ဘာပဲပြောပြော ဘာပဲမြင်မြင် ကံတရားဆိုတာက ရှိသေးတာပဲ”

“အဟက် ဟက် ဟက် ဟား”

သည်တစ်ခါတော့ ဦးဘပွားက ပြက်လုံးကောင်းကောင်းတစ်ခုကို ကြားလိုက်ရသလို ဟက်ဟက်ပက်ပက် ရယ်သည်။

“ကိုယ်ပြောတဲ့စကားကို ကိုယ်ဟာကိုယ်တောင် မယုံဘဲနဲ့ လာမပြောပါနဲ့ ဆရာရယ်၊ ဘပွားဆိုတဲ့ အကောင်ဟာ ဘယ်တုန်းကမှ ကံကောင်း ခဲ့တဲ့ကောင် မဟုတ်ဘူးဆိုတာကိုလဲ သိသားနဲ့”

အိုက်စပ်စပ်ဖြစ်ကာ ချွေးပျံလာသဖြင့် ဦးကံမြင့်သည် စားပွဲတင်ပန်ကာလေး၏ခလုတ်ကို လှမ်း၍ နှိပ်လိုက်သည်။ ညင်သာသော လည်ပတ်သံနှင့်အတူ လေပြည်လေညင်းကလေး တိုက်ခတ်လာသည်။ ပန်းအိုးထဲမှ နှင်းဆီပန်းကလေးများ ယိမ်းယိုင် လှုပ်ရှားသွားကြသည်။ စားပွဲပေါ်မှ နှင်းဆီပွင့်ဖတ်ကလေးသည်လည်း လျောလိုက်ပြီး လွင့်သွားသည်။

“ကျွန်တော့် မွေးပြီးတော့ ဘာမှမကြာဘူး၊ ကျွန်တော့်အမေသေတာပဲတဲ့ဗျာ။ အဟား ဟား ကျွန်တော်က မွေးလာကတည်းက အဲဒီလို ကံကောင်းခဲ့တဲ့အကောင်”

ဦးဘပွားက သူ့ကိုယ်သူ သရော်သောအသံနှင့် ပြောသည်။ ပစ္စုပ္ပန်အခြေအနေကို ခေတ္တမျှ မေ့သွားပြီး သူ့စိတ်က အတိတ်ဆီသို့ ဝဲပျံသွားသည်။

အပိုင်း (၂) ဆက်ရန်


Credit : မစန္ဒာ

Likes:
0 0
Views:
724
Article Categories:
Books

Leave a Reply

Your email address will not be published. Required fields are marked *