ကိုယ့်ရင်ထဲက သူရဲကောင်း (သို့မဟုတ်) ပြည်သူ့စာဆို ဗန်းမော် တင်အောင်

ရာစုနှစ်တစ်ခုမှာ မျိုးဆက်လေးခု ရှိတယ်။ ၁၈၈၅ ခုနှစ်နောက်ပိုင်းကိုလိုနီ ခေတ်ကစပြီးတို့အဘိုးတွေဟာ နယ်ချဲ့ ကို တော်လှန်လာ ခဲ့ကြတယ်။ အဖေတို့ လက်ထက်ကျတော့ အမျိုးသားလွတ် မြောက်ရေးတာဝန်ကို ထမ်းဆောင်ခြင်း ပြုခဲ့ကြတယ်။ သားတို့ဟာ ဒီရာစု (၁၈၈၅-၁၉၈၅) ခုနှစ်ရဲ့နောက်ဆုံးမျိုးဆက်တွေပဲ၊ တချို့ က သမိုင်းတာဝန်ကို ရဲရဲရင့်ရင့်ထမ်းဆောင်ခဲ့ကြတယ်။

တချို့ကျတော့သမိုင်းတာဝန်ကို မကျေပွန်ကြဘူး၊ လူ တစ်ယောက်ရဲ့တန်ဖိုးဟာသူဖြတ်သန်းကျော်လွှားနေတဲ့ခေတ်ကြီးက သူ့ပခုံး ပေါ်တင်ပေးလိုက်တဲ့ သမိုင်းတာဝန်ကို သူဘယ်လောက်ကျေပွန်အောင်ထမ်းဆောင်ခဲ့တယ်ဆိုတဲ့ အချက်နဲ့ တိုင်းတာရမှာပဲ။( ဗန်းမော် တင်အောင်ကသူ့သားအား သူမကွယ်လွန်မီက ပြောခဲ့တဲ့စကား ကိုသူ့နာရေးယပ်တောင်ပေါ်မှာရိုက်နှိပ်ထားတဲ့စာစကားပဲဖြစ်ပါတယ်။ ။

ဗန်းမော်တင်အောင်ဟု ကလောင် အမည်ခံထားသော်လည်းဗန်းမော်ဇာတိ မဟုတ်ပါ။ အလယ်တန်းကျောင်းသား ဘဝက နေခဲ့ရတဲ့ ဗန်းမော်မြို့ကိုစိတ် အစွဲယူကာမှည့်ခေါ်ထားခြင်းဖြစ်ပါတယ်။ အထက်တန်းအောင်ပြီးနောက် ၁၉၃၈ ခုနှစ်တွင်မြန်မာ့အလင်းသတင်း စာတွင်အလုပ်သင်သတင်းထောက်စလုပ်ခဲ့ပြီးနောက်စတီးလ်ဘရားသားကုမ္ပဏီ သစ်ကိုယ်စားလှယ် ဗြိတိသျှစစ် တပ်မှတပ်စုမှူး၊

သစ်တောဌာနသစ်ဖြတ်ဝန်ထောက်၊ သစ်ကိုယ်စားလှယ် သစ်ကုန်သည်၊ သစ်အဝယ်တော်လုပ် ငန်းများလုပ်ကိုင်ခဲ့ပြီး သတင်းစာဆရာ၊ စာရေးဆရာ၊ အယ်ဒီတာဘဝများကို လုပ်ကိုင်ခဲ့ပြီး နိုင်ငံရေးသမားအဖြစ်ထောင် အကြိမ်ကြိမ်ကျကာ ပြည်သူ့ ဘက်တော်သား စာရေးဆရာအဖြစ် ကွယ်လွန်ချိန်အထိ နေထိုင်သွားခဲ့ပါတယ်။

အသားညိုညို၊ အရပ်အမောင်း ကောင်းကောင်း၊ ရုပ်ရည်ချောမောခန့် ညား၍ ဒါရိုက်တာများ၏ ရုပ်ရှင်မင်းသား လုပ်ရန် ကမ်းလှမ်းခြင်း အကြိမ်ကြိမ်ခံ ရသော်လည်း ဝါသနာမပါ၍ ရုပ်ရှင်မင်း သားမလုပ်ပါ။ ဒုတိယကမ္ဘာစစ်ပြီးနောက် ပထမ ဆုံးအဖမ်းခံရသော နိုင်ငံရေးစာရေး ဆရာဖြစ်ပါတယ်။ “သူပုန်ကြီး”၊ “ပြည် တွင်းစစ်”၊ “အမေ၊ “ပြည်တော်သာခင် ခင်ဦး” နှင့် “အညတြ” ဝတ္ထုများရေးခဲ့၍ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၇ နှစ် အပြစ်ပေးခံခဲ့ရပါတယ်။

ပဲခူးရွှေမော်ဓောဘုရားထီးတင်ပွဲ သာသနာ ၂၅ဝဝပြည့်ပွဲတော်နှင့်ဆဋ္ဌမ သင်္ဂါယနာတင်ပွဲတော်များကြောင့် ရန် ကုန်စံပြထောင်ကြီးမှာ ၄ နှစ်နှင့် ၅ လ သာသာခန့်မျှနေခဲ့ပြီး လွတ်ငြိမ်းချမ်း သာဖြင့် လွတ်ခဲ့ပါတယ်။ အကျဉ်းကျ ကာလ ထောင်ထဲမှာပင်“မြန်မာနိုင်ငံတော် သမိုင်း” စာအုပ်ကို ရေးသားနိုင်ခဲ့ပါ တယ်။

မိမိနိုင်ငံ၏သမိုင်းကို ဖတ်ရှုလေ့လာ ရစကောင်းမှန်းမသိသောလူမျိုးသည် အတိတ်က မိမိကျူးလွန်ခဲ့ပြီးသော အမှားအယွင်းများကို ထပ်မံကျူးလွန် ခြင်းပြုရန်အတွက် ကြမ္မာငင်လျက်ရှိ -လိမ့်မည်။ အဘိဓမ္မာပညာရှင်ကြီး ဂျော့စန် တာယာနာရဲ့အဆိုအမိန့်နှင့်ဖွင့်ထားတဲ့ ဗန်းမော်တင်အောင်ရဲ့ မြန်မာနိုင်ငံတော် သမိုင်းစာအုပ်အဖွင့်စာသားပါ။

၁၉၆ဝ ပြည့်နှစ်၊ စာပေဗိမာန်ဝတ္ထု ရှည်ဆုကို အောင်လင်းရဲ့ အရိုင်းစံပယ်” ဝတ္ထုနှင့် ဆရာရဲ့ မမကြီး”ဝတ္ထုကိုပူးတွဲ ဆုပေးသော်လည်း ဆရာက မယူဘဲ ငြင်းပယ်ခဲ့ပါတယ်။ စာပေလောကကို ၁၉၃၈ ခုနှစ်မှာ “မောင်တင်အောင်” ကလောင်အမည်နဲ့ ရေးထားတဲ့ “ဘုန်းမေ့နိုင်ဘူး” ဝတ္ထုဖြင့် အစပြုဝင်ရောက် ခဲ့ပြီး ၁၉၄၅ ခုနှစ်၊ နိုဝင်ဘာလထုတ် ဂျာ နယ်ကျော်တွင် “နော်မူဂေး”ဝတ္ထုတိုမှ စပြီး ဗန်းမော်တင်အောင်ကလောင် အမည်ယူခဲ့ပါတယ်။

လုံးချင်းဝတ္ထုပေါင်း ၄၅ အုပ်နှင့် ဝတ္ထုတို၊ ဆောင်းပါးများစွာ၊ မဂ္ဂဇင်း၊ အခန်းဆက်ဝတ္ထုရှည်များ၊ သိပ္ပံကျမ်း၊ နိုင်ငံရေးသဘောတ ရားကျမ်းများရေးသားခဲ့ပြီးနောက်ဆုံးပြုစုခဲ့သောစာအုပ် ကတော့ “လူ” ဟူသော စာအုပ်ဖြစ်ပါ တယ်။

ဗန်းမော်တင်အောင်ကို ၁၉၂၀ ပြည့်နှစ်၊ ဇွန်လ ၉ ရက်နေ့မှာ အဖကျောင်းဆရာ ဦးနေ၊ အမိဒေါ်စောမြိုင်တို့မှပဲခူးမြို့မှာ မွေးဖွားခဲ့ပြီးမွေးချင်း၊ သုံးဦးမှာအကြီးဆုံးဖြစ်ကာ နာမည်ရင်း မှာလည်း မောင်တင်အောင်ဖြစ်ပါတယ်။ ၁၉၅၂ မှာ ပထမအကြိမ်၊ ၁၉၅၈ မှာဒုတိယအကြိမ်ထောင် ကျခဲ့ပြီး ( ၁၉၆၃ ခု၊ တော်လှန်ရေးကောင်စီနှင့်တောတွင်းလက်နက်ကိုင်အင်အားစုများ ငြိမ်းချမ်းရေးဆွေးနွေးပွဲပျက်သွားပြီးနောက်ဗန်းမော် တင်အောင်ကိုကိုကိုးကျွန်းအထိ အပို့ခံခဲ့ရပါတယ်။ ၁၉၇၂) ( မတ်လမှထောင်ကလွတ်ပါတယ်။ ။

လူထုဒေါ်အမာက ဗန်းမော်တင် အောင် ထောင်ကလွတ်တဲ့အခါငွေအချို့ ကူညီသော်လည်း လက်မခံပါ။ဒေါ်အမာက “ကိုတင်အောင်က လူတော်လူကောင်း၊တစ်ခေတ်မှာ တစ်ယောက်ထွန်းတောက်တဲ့ ပုဂ္ဂိုလ်ပါ။တိုးတက်ခေတ်မီတဲ့အယူအဆရှိတဲ့သူ့စာတွေကိုလူကြိုက် များတာ မို့ လူထုစာရေးဆရာလို့ပြောနိုင်တယ်။ စစ်ပြီးခေတ်မှာ လူငယ်တွေကိုဩဇာအလွှမ်းမိုးဆုံး စာ ရေးဆရာဖြစ်တယ်” လို့ ပြောခဲ့ဖူးပါတယ်။

ဆရာပါရဂူကတော့ ဗန်းမော်တင် အောင်ကို အိန္ဒိယစာရေးဆရာကြီး ရာ ဟုလာသံကိစ္စည်းနှင့် တူတယ်လို့ ပြော ပါတယ်။ စာတွေမာသ လောက်၊ လူတွေ က အစဉ်ချိုပြုံးနှစ်လိုဖွယ်ရှိတဲ့လူလို့ ပြောပါတယ်။

ကဗျာဆရာကြီး ဒေါင်းနွယ်ဆွေ ကတော့ –သေခြင်းသည် မဆန်း၊ ပန်းတစ်ပွင့် လေတစ်ဝှေ့တိုက်၊ နှင်းတပြိုက်ကျ၊ တစ်ဘဝလျှင်၊ ခဏပင်တည့်၊ အသင်ထာဝရ၊ လူ့လောကမှလုံးဝပျောက်ဆုံးသွားခြင်းမဟုတ် ပါ လို့ ကဗျာရှည်ကြီးရေးပြီး ဂုဏ်ပြုခဲ့ ပါတယ်။

ဆရာ ၁၉၇၈ ခုနှစ်၊ အောက်တိုဘာ လ ၂၃ ရက်ည (အသက် ၅၈ နှစ် ) မှာ ကွယ်လွန်ခဲ့ပါတယ်။ ဇနီး ဒေါ်ခင်ဦးနှင့်သားသမီးခြောက်ဦးကျန်ရစ် ခဲ့ပါတယ်။ ဆရာ့နာရေး ရန်ကုန်ဆေးရုံ ကြီးရေခဲတိုက်မှ ကြံတော သုသာန်အထိ လူတန်းစားပေါင်းစုံလိုက် ပို့ကြပါတယ်။ မီးသင်္ဂြိုဟ် ပြီး အရိုးအိုးကို လူတွေကလက်ဆင့်ကမ်းသယ်ဆောင် ကြစဉ် ခရစ်ယာန်ဓမ္မတေးများထွက်ပေါ် လာစဉ် ဘာသာနှစ်ခုဆုံ စည်းခြင်းလို့ ပြောကြပါ တယ်။ နာရေးကိုပို့တဲ့ ပန်း ခြင်း၊ ပန်းခွေတွေက ပန်းနီနီလေးတွေကို ဖြုတ်ယူပြီး မိမိရင်ဘတ်မှာ ထိုးကြခြင်း ကလည်း ထူးခြားပါတယ်။

သုသာန်မှအပြန် ကားရှေ့ခန်းက ဒဂုန်တာရာနဲ့ ဆရာပါရဂူတို့ ထိုင်ကြပြီးနောက်ခန်းကဆရာ့ဇနီးဒေါ်ခင်ဦး လိုက် ပါလာပြီး လမ်းမှာ ပြောတာက -“ကျွန်မ သူ့ကို စောစောပိုင်းက အတော်လေး အထင်သေးခဲ့တယ်။ သူ့ ကို ပွင့်ပွင့်လင်းလင်းလည်း ဝေဖန်ခဲ့ တယ်။ သူဟာ သူ့သားမယား၊ သူ့အိမ်ထောင်ကို ဂရုမစိုက်ဘူး။

သူ့နိုင်ငံရေး၊ သူ့စာပေနဲ့သာ ပျော်မွေ့နေခဲ့တယ်။ စီး ပွားရေးတို့ဘာတို့ဆိုတာကိုလုံးဝထည့် မတွက်ဘူး။ ကျွန်မကတော့ငတ်တစ်လှည့်၊ ပြတ်တစ်လှည့်ပဲ။ ကျွန်မ သူ့အပေါ်ကိုအတော်မကျေမနပ်ဖြစ်ခဲ့တယ်။ အခုတော့ ကျွန်မမှားမှန်းသိရပါပြီ။ သူ့ကို အခုလိုပြည်သူလူထုက လေးစားကြည်ညိုမှန်းသိရတော့ ကျွန်မကြက်သီးထမိတယ်။ ဒီလို ပြည်သူလူထုရဲ့ လေးစား ကြည်ညိုမှုကို ကျွန်မ အရင်ကအထင် ကြီးခဲ့တဲ့ငွေကြေးနဲ့စီးပွားရေးနဲ့ ဝယ်လို့ မရဘူးဆိုတာကျွန်မအခုသဘောပေါက် ပါပြီ။ သူ့အပေါ်လည်း အမြင်မှန်ရပါပြီ” လို့မျက်ရည် တွေကျပြီးပြောခဲ့ပါတယ်။

ဗန်းမော်တင်အောင်ပြောခဲ့တဲ့ စကားကလည်း “ကျွန်တော့်ဘဝမှာ အတ္တဆိုလို့မခင်ဦးကိုချစ်တဲ့ အချစ်တစ် ခုပဲရှိပါတယ်ဗျာ” တဲ့။ ၂၀၂၀ ဇွန်လ ၉ ရက်ဆိုဗန်းမော်တင်အောင်နှစ်(၁၀၀) ပြည့်ပါပြီ။ကိုယ့်ရင်ထဲက သူရဲကောင်းကို သားစဉ်မြေးဆက်ပြောနေရဦးမှာပါ။

ကြည်ကိုလွင်(ကျောက်ဆည်)

ရေးသားသူ – ကြည်ကိုလွင်( ကျောက်ဆည်)

credit : Thutazone

Likes:
0 0
Views:
981
Article Categories:
HistoryKNOWLEDGE

Leave a Reply

Your email address will not be published. Required fields are marked *